အသက်ဝင်လာသည့်မှတ်ဉာဏ်များ
Vol. 62 Ch. 864
“ငါ နောက်ကျလွန်းသွားခဲ့ပြီ”
ဝမ်ဝေ့က ထိုစကားများကိုသာ ကြားလိုက်ပြီး သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုတို့က ချက်ချင်းဆိုသလို ပျက်သုဉ်းသွားသည်။ သို့သော်လည်း စွမ်းအားတစ်ခုက သူ့တည်ရှိမှု၏ နောက်ဆုံးအကြွင်းအကျန်ကို ထိန်းသိမ်းထားပြီး အချိန်အနည်းငယ် ဆွဲထားဟန်ပေါ်၏။
သို့သော်လည်း ထိုအရာက ကိစ္စကောင်း ဟုတ်ရဲ့လား မသိပေ။ ယနေ့ တွေ့ကြုံခဲ့ပြီးသည့်နောက်တွင် အသက်ရှင်ရသည့် စက္ကန့်ပိုင်းက သူ့အတွက် အဆိုးဆုံး နှိပ်စက်မှုတစ်ခုသာ ဖြစ်နေ၏။
ကမ္ဘာက ကျိုးပျက်သွားကာ ဝမ်ဝေ့က မျက်လုံးပွင့်လာသည်။
“ငါက ဘယ်မှာလဲ။ ဘာတွေ လုပ်နေတာလဲ”
သူက ကျင့်ကြံရေးအခန်းကို ကြည့်ကာ သူ့ခန္ဓာကိုယ်နှင့် လက်ကို စစ်ဆေးကြည့်လိုက်သည်။ သူက ဖြစ်ခဲ့ဖူးသလိုမျိုး ခံစားနေရ၏။ သို့သော်လည်း သူက အခြေအနေကို မသုံးသပ်နိုင်ခင် အပြင်ဘက်တွင် တစ်ယောက်ယောက် ရှိနေကြောင်း အသိပေးချက်ကို လက်ခံရရှိလိုက်သည်။
“ကိုယ်ရဲ့ ဟုန်အာ … ” သူက ချစ်မြတ်နိုးသည့် အပြုံးဖြင့် ရေရွတ်လိုက်ပြီး သူမက မကြာခင် အမှန်တကယ် ပြီးပြည့်စုံလာတော့မည်ဖြစ်ကြောင်း အမှတ်ရသွားသည့်အခါ အကြည့်များ တောက်ပလာသည်။ သူက အခန်းအပြင်သို့ ထွက်လာလိုက်၏။
“ဟုန်အာ ဘာလို့များ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ”
“လောင်ကုန်း ရှင့်အစီအစဉ် အလုပ်ဖြစ်တယ်” ဝူဟုန်က သူမ၏ စိတ်လှုပ်ရှားမှုကို ဝှက်မထားပေ။
“အစီအစဉ်လား” ဝမ်ဝေ့က အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း မေးလိုက်သည်။
“အော် တစ်ယောက်ယောက်ကို ဖမ်းမိပြီလား”
“ဟုတ်တယ်”
“အဲဒါဆိုရင် ဘယ်သူလဲဆိုတာကို သွားကြည့်ရအောင်”
ဝမ်ဝေ့က မကောင်းဆိုးဝါးမျက်လုံးဧကရာဇ်နှင့် သွားရောက်တွေ့ဆုံလိုက်ပြီး အဖြူရောင်အရိပ်ကြောင်အကြောင်းကို သိခဲ့ရသည်။ ထို့နောက် သူက ထိုနေ့ရက်ကို တဖန်နေထိုင်ပြီး သူ၏ ချစ်ရသူ ဆုံးရှုံးသွားရသည့် နာကျင်မှုကို ပြန်လည်ခံစားခဲ့ရသည်။ တိထျန်း၏ ပုံရိပ်ယောင်၏ ယန္တရားအရ သူ အသက်ပြန်ရှင်လာသည့် အကြိမ်တိုင်းတွင် သူ၏ နာကျင်မှုနှင့် စိတ်ပျက်မှုတို့က ဆယ်ဆမက တိုးပွားလာလိမ့်မည်။
သို့သော်လည်း ဝမ်ဝေ့ တတိယအကြိမ်မြောက် အသက်ပြန်ရှင်လာသည့်အခါ တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့၏။ ကောင်းကင်ဖွင့်လှစ်ခြင်း ဧကရာဇ်က သူ့ကို ကယ်တင်ပြီးသည့်အစား ဝူဟုန် သေဆုံးသွားသည်ကို ကြည့်နေပြီးသည့်နောက်တွင် ပုံရိပ်ယောင်က ကျိုးပျက်သွားခဲ့သည်။
ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ဆန္ဒတစ်ခု ထွက်ပေါ်လာကာ ပုံရိပ်ယောင်ကို အစိတ်စိတ်အမြွာမြွာ ကြေမွသွားစေ၏။ နှမြောစရာကောင်းလှသည်က သူ့ကို နိုးထစေဖို့ မလုံလောက်သေးပေ။ အနည်းဆုံးတော့ ယခု မဟုတ်သေးပေ။ အမြီးဆယ်ချောင်း ဧကရာဇ်၏ ကျမ်း နာမည်အတိုင်း သူမ၏ ပုံရိပ်ယောင်တွင် အဆုံးမဲ့အလွှာများစွာ ပါဝင်နေသည်။
တစ်စုံတစ်ယောက်က ချိုးဖောက်လိုက်လျှင်ပင် သူတို့က နောက်ထပ် တစ်လွှာဆီ ရောက်ရှိသွားလိမ့်မည်။ ထိုအလွှာတိုင်းက ယခင်ထက်ပိုပြီး ကောင်းမွန်ကာ ပုံရိပ်ယောင်က ဘယ်သူမှ မလွတ်မြောက်စေဖို့အတွက် ဆင့်ကဲပြောင်းလဲကာ ပြင်ဆင်နိုင်သည်။
ထို့အပြင် မေ့လျော့မှတ်ဉာဏ်များ မြစ်ကြောင်းကလည်း ဝမ်ဝေ့၏ မှတ်ဉာဏ်များကို အတင်းအကြပ် စည်းပိတ်ကာ သူက ပုံရိပ်ယောင်အတွင်း ရောက်ရှိနေသည်ကို နားလည်ဖို့ အခက်တွေ့စေသည်။
ကံကြမ္မာက စီစဉ်ထားသည့်အတိုင်း ၅ကြိမ်မြောက်တွင် အနက်ရောင်မြစ်ကြောင်းနှင့် ဝမ်ဝေ့၏ ဝိညာဉ်ကြားမှ တုံ့ပြန်မှုက ဖြစ်ပေါ်လာခဲ့သည်။ ထိုပင်လယ်ထဲတွင် ပါဝင်နေသည့် သံသရာအငွေ့အသက်က ဝမ်ဝေ့၏ ဝိညာဉ်အတွင်း ကိန်းအောင်းနေသည့် မှတ်ဉာဏ်တချို့ကို နိုးထလာစေခဲ့သည်။
ထို့ကြောင့် ဝမ်ဝေ့က သူ့စိတ်ထဲ သူ့ကို ကာကွယ်ဖို့ရာအတွက် ပုန်းအောင်းဖို့ ကြိုးစားနေသည့် အရာတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာက ကမ္ဘာမြေတွင် ဝါးမျိုခံရပြီးသည့်နောက် အာကာပြင် အက်ကြောင်းအတွင်း ကျရောက်သွားပြီးသည့်နောက်တွင် မှတ်ဉာဏ်များစွာ ဖြစ်၏။
ထိုစဉ် ဝမ်ဝေ့က ထိုမှတ်ဉာဏ်များသည် သူ့စိတ်အတွင်း ဝင်ရောက်လာကာ အသိစိတ်ပြန်ရလာခဲ့သည်။ သူက ထိုမှတ်ဉာဏ်များကို ချက်ချင်း မစုပ်ယူဖို့ ဆုံးဖြတ်လိုက်၏။ သူသာ ထိုအရာအားလုံးကို တစ်ခါတည်း စုပ်ယူလိုက်ပါက သူ့ဝိညာဉ်သည် ထုံထိုင်းသွားပြီး ဒဏ်ရာရရှိသွားနိုင်ကြောင်း သိထားသည်။
သူက တိုက်ပွဲအလယ်တွင် ရှိနေသည့်အတွက် ထိုအရာက ဉာဏ်ရှိသည့် ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ သို့သော်လည်း သူက ပင်မမှတ်ဉာဏ်တချို့ကို ကြည့်ရှုနိုင်သည်။ အတိအကျပြောရလျှင် သူ ဧရာမဝိညာဉ်တစ်ခု ဖြစ်စဉ်အခါက နောက်ဆုံးမှတ်ဉာဏ်ကို ဖြစ်၏။
နောက်ဆုံး သူ မှတ်မိသည့်အရာက အဖြူရောင်အလင်းအတွင်း ဝင်ရောက်သွားသည့် အခြေအနေ ဖြစ်သည်။ ထို့နောက် သူက ဧရာမလူသားကြီးများဆီမှ စိုက်ကြည့်ခြင်းခံနေရသည့် ကလေးလေး ဖြစ်လာခဲ့၏။ သို့သော်လည်း ဝမ်ဝေ့က နောက်ဆုံးတွင် ထိုဖြစ်ရပ်နှစ်ခုကြားမှ ကိစ္စရပ်ကို သိလိုက်ကြသည်။
သူက သူ့ဝိညာဉ်သည် အတင်းအကြပ် သံသရာသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရ၏။ သို့သော်လည်း သူက မှတ်ဉာဏ်များ စည်းပိတ်ရမည့် ဖြစ်စဉ်ကို မဖြတ်ကျော်ခဲ့သလို ကံကြွေးအလေးချိန်ခြင်း၊ သင့်တော်သည့် ဇစ်မြစ်တစ်ခု ရယူခြင်းနှင့် ဘဝသစ်တို့ ပြန်လည်ဝင်စားခြင်းတို့ကို မလုပ်ဆောင်ခဲ့ပေ။
ထိုအစား သူက သူ့စွမ်းအားကို သုံးကာ ထိုအဆင့်အားလုံးကို ကျော်လွန်ပြီး သူ့လမ်းတွင် ရှိသမျှလူအားလုံးကို အနိုင်ပိုင်းကာ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းဆီ အတင်းအကြပ် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း သူ့ဧရာမဝိညာဉ်ကြီးက သာမန်ခန္ဓာကိုယ်တွင် ပြန်လည် မဝင်စားနိုင်ကြောင်း သဘောပေါက်သွားခဲ့ကာ သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး မှတ်ဉာဏ်နှင့် စွမ်းအားများကို စည်းပိတ်ခဲ့သည်။
မဟုတ်သေးဘူး။ ငါက ကမ္ဘာမြေက မှတ်ဉာဏ်တွေတချို့ကို ထိန်းသိမ်းထားနိုင်တဲ့ပုံပဲ…
သူက သုံးသပ်လိုက်သည်။ လေဟာနယ်တွင် အချိန်အတော်ကြာ နေထိုင်ပြီးသည့်နောက်တွင် ကမ္ဘာမြေမှ မှတ်ဉာဏ်များအပေါ် မူတည်၍ ထိုအရာက ထူးဆန်းလာသည်။ ထို့ကြောင့် သူ့အကျင့်စရိုက်က ကြုံရာကျပန်းဖြစ်ရပ် တစ်ခုမဟုတ်ဘဲ သူတမင်လုပ်ဆောင်ခဲ့သည့် အသိစိတ်ရှိရှိ ရွေးချယ်မှုတစ်ခု ဖြစ်ကာ ထိုအကျင့်စရိုက်သည် အဓိကဖြစ်လာဖို့ရာ သေချာအောင် လုပ်ဆောင်ထားခဲ့သည်ဟု ကောက်ချက်ချလိုက်သည်။
ဒါက အရေးမကြီးသေးဘူး။ တစ်ခုခုတော့ လိုနေတယ်…
ဝမ်ဝေ့က တွေးလိုက်မိသည်။
သူ့ပြန်လည်ဝင်စားခြင်း ဖြစ်စဉ်ကို သုံးသပ်ပြီး လက်ရှိဗဟုသုတနှင့် ကမ္ဘာ၏ နားလည်နိုင်စွမ်းကိုပါ ထည့်ပေါင်းလိုက်သည့်အခါ မူမမှန်မှုများစွာကို တွေ့ရှိခဲ့ရ၏။
ငါ ကမ္ဘာထဲရောက်လာတဲ့ ပုံစံဆိုရင် ကောင်းကင်တာအိုက သင့်တော်တဲ့ ဇစ်မြစ်မရှိဘဲ ငါ့ကို အာရုံခံမိသွားမှာပဲ။ ဒါပေမဲ့ ငါက စံပြအဆင့်ဝိညာဉ် အငွေ့အသက်ကို ကောင်းကောင်းမွန်မွန် မဖုံးကွယ်နိုင်သေးတဲ့အချက်အရ အစစ်အမှန်တာအိုကတောင် ဝင်ရောက်စွက်ဖက်လာနိုင်တယ်။ အဲဒါဆိုတော့ ငါက ငါ့ရဲ့တည်ရှိမှုကို သတိပေးသလို ဖြစ်သွားခဲ့မှာပဲ…
ဝမ်ဝေ့အနေနှင့် အစစ်အမှန် ကောင်းကင်တာအိုသည် စံပြတစ်ယောက်က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် ပြန်လည်ဝင်စားသွားမည်ကို ဂရုစိုက်မည် မဟုတ်ကြောင်း သိထားလေသည်။ သို့သော်လည်း ပြန်လည်ဝင်စားခြင်းကို ကျူးကျော်ပြီး ဒိုင်မေးရှင်းအနိမ့်တွင် ပြန်လည်မွေးဖွားလာသည်က သူ့အား မူမမှန်မှုအဖြစ် သတ်မှတ်ခံရနိုင်ပြီး ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှတ်ယူခံလိုက်ရနိုင်ချေ ရှိသည်။
ပြီးတော့ ကပ်ပါး၇ကောင်နဲ့ နေမင်းနှစ်စင်းက ငါ့ရဲ့ ပြန်လည်ဝင်စားခြင်းကို အာရုံခံမိတာက ငါ့ရဲ့ဝိညာဉ်ကြောင့်ပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ငါ့ဆီမှာ အပြီးပြည့်စုံတဲ့ ဇစ်မြစ်တစ်ခု ရှိနေတယ်…
ငါ ဘယ်လိုအသက်ရှင်ခဲ့တာလဲ။ ငါ ဘာလို့ မိမသွားတာလဲ။ ဘယ်သူက ငါ့ကို ဇစ်မြစ် ပေးလိုက်တာလဲ…
သူက နက်နက်နဲနဲစဉ်းစားကာ ဖြစ်နိုင်ချေအများကြီးကို တွေးကြည့်နေသည်။ သူက စိတ်ဝိညာဉ်အမှုန် ထရီလီယံများစွာကို အသုံးပြု၍ အတွေးအခေါ်နှုန်းကို မြှင့်တင်လေ၏။
အဲဒီလူအိုကြီး ဟုန်ကျွင်းလား…
ဝမ်ဝေ့က သူ့မှတ်ဉာဏ်များထဲတွင် တစ်စုံတစ်ခု တွေ့ရှိသွားမလားဟု စစ်ဆေးကြည့်မိသွားသည်။
အသင်္ချေဝါးမျိုသူ
သူတို့က ငါ့ကို ခေါ်တာလား…
သူက လူတချို့သည် သူ့ကိုသတ်ဖြတ်ဖို့ ကြိုးစားနေသည့် မှတ်ဉာဏ်တချို့နှင့် သူတို့က သူ့အား ခေါ်သည့် နာမည်ကို မြင်လိုက်ရသည်။
တစ်ယောက်ယောက်က ငါ့နောက်ကို လိုက်ပြီးတော့ အားကောင်းတဲ့လူတွေ ငါ့ကို သတ်ဖို့ ကြိုးစားတာကို ကူညီရင်ဆိုင်ပေးနေခဲ့တယ်ဆိုတာ သေချာတယ်…
အကြမ်းဖျင်းကြည့်ရှုရုံမျှဖြင့် သူက အရာများစွာကို သင်ယူလိုက်ရသည်။
အဲဒီလူက ဟုန်ကျွင်း ဖြစ်နေနိုင်ချေရှိတယ်။ ဒါပေမဲ့ ပြန်လည်ဝင်စားခြင်းကနေတဆင့် ငါ့ကို ကူညီနိုင်ချေကတော့ သိပ်မမြင်ဘူး…
ဝမ်ဝေ့က သူ့ဝိညာဉ်သည် စံပြအဆင့်သို့ မည်သို့ရောက်သွားကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် မည်သူကမှ သူ့ကို ကာကွယ်မပေးခဲ့ပေ။ ထို့နောက် သူက တိုက်ပွဲအတွင်း ဒဏ်ရာများစွာ တွေ့ကြုံခဲ့ရပြီး မကြာခဏ ထွက်ပြေးရသည်။ အကြိမ်ရေတချို့တွင် သူက သေလုနီးပါး ဖြစ်ခဲ့ရ၏။
ထို့ကြောင့် သူ့လက်ရှိ ကောက်ချက်ချမှုအရ ဟုန်ကျွင်းသည် ဝမ်ဝေ့က သူ့ကိုယ်သူ ကာကွယ်နိုင်သည့် အနေအထားရောက်သွားသည်နှင့် ကူညီခြင်းကို ရပ်တန့်လိုက်ခြင်းသာ ဖြစ်ရမည်။
ဟုန်ကျွင်း မဟုတ်ဘူးဆိုရင် ဘယ်သူလဲ…
အရိုးသားဆုံးပြောရလျှင် ဝမ်ဝေ့က ဟုန်ကျွင်းဖြစ်ဖို့ရာ မျှော်လင့်မိ၏။ ထိုသူ့အပေါ် ကံကြွေးအမြောက်အများ တင်ရှိထားပြီဖြစ်ကာ အပိုထပ်တင်၍လည်း ကိစ္စမရှိပေ။ ထို့အပြင် ယခုအခါ ဟုန်ကျွင်းက ရန်သူတစ်ယောက်အစား မဟာမိတ် ဖြစ်ဟန်ပေါ်၏။
သို့သော် ယခုတွင် သူ့ဘဝ၌ တစ်စုံတစ်ယောက် ပါဝင်နေပြီး သူ့ကံကြမ္မာကို ဆုံးဖြတ်ပေးနေဟန်ပေါ်သည်။ သူက ထိုအရာကို မကြိုက်ပေ။ အထူးသဖြင့် ထိုသူက ဘယ်သူလဲဟု မသိရသည့်အချိန်တွင် ဖြစ်သည်။
သူ့လိုလူတစ်ယောက်အတွက် သတင်းအချက်အလက် မရှိထားသည့် အမည်မသိ ရန်သူတစ်ယောက်ထက် ပိုမိုခြိမ်းခြောက်နိုင်သည့် အရာမရှိပေ။
သတင်းကောင်းတစ်ခုက ငါက အဲဒီလူရဲ့ တည်ရှိမှုကို သိနေတယ်။ အဲဒါဆိုတော့ စပြီးတော့ ရှာဖွေလို့ရပြီ…
ဝမ်ဝေ့က အသက်ပြင်းပြင်းရှူကာ ထိုရှာဖွေတွေ့ရှိမှုအသစ်ကို ထိပ်ဆုံးဦးစားပေးအဖြစ် သတ်မှတ်ထားလိုက်သည်။ ထို့နောက် သူက တိုက်ပွဲကို အာရုံစိုက်လိုက်၏။
ငါ သတိလက်လွတ် ဖြစ်သွားတယ်။ ငါ့ရဲ့ ဝိညာဉ်ကနေတဆင့် တန်ပြန်တိုက်ခိုက်လာပြီးတော့ အောင်မြင်သွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး…
သူ့ဝိညာဉ်က အမြဲတမ်း အားအကောင်းဆုံး ဖြစ်ခဲ့လေသည်။ သူ့အစောပိုင်းနှစ်များတွင် ထိုအရာကို ကျင့်ကြံဖို့ မလိုသည့်အတွက် လျစ်လျူရှုခဲ့မိ၏။ နောက်ပိုင်းတွင် သူ့ဇနီးနှင့် အကြီးအကဲများဆီမှ သတိပေးချက်နှင့် အတွေ့အကြုံများကြောင့်သာ ထိုအရာကို ပိုမိုကောင်းမွန်စွာ အသုံးပြုဖို့ သင်ယူခဲ့သည်။
သို့သော်လည်း သူ့တွင် ရှိနေသည့် စိတ်ကြီးဝင်မှုက အပြီးတိုင် ပျောက်ကွယ်မသွားခဲ့ပေ။ ရလဒ်အနေဖြင့် သူက ဒုက္ခတွေ့လုနီးပါး ဖြစ်ခဲ့ရ၏။
သူက မျက်လုံးဖွင့်ကာ တိထျန်းသည် ဒူးတစ်ဖက်ထောက်လျက် သွေးထွက်နေသည်ကို မြင်လိုက်ရသည်။ သူ့မျက်ဝန်းမှ စိတ်ခံစားချက်များက စိတ်ပျက်မှု၊ မပြောပြတတ်လောက်အောင် အထီးကျန်မှုနှင့် သေခြင်းတရားကို လိုလားမှုတို့ ကိန်းအောင်းနေ၏။
ဝမ်ဝေ့၏ မျက်ဝန်းက အချိန်စွမ်းအားဖြင့် တောက်ပသွားကာ ယခင်စက္ကန့်ပိုင်းလေးအတွင်း ဘာဖြစ်သွားသည်ကို မြင်လိုက်ရသည်။
ပုံရိပ်ယောင် အစီအရင်အောက် ထားရှိပြီးသည့်နောက်တွင် တိထျန်းက သူ့ကို ချက်ချင်း မတိုက်ခိုက်ခဲ့ပေ။ ထိုအစား သူက ဆေးလုံးတစ်လုံးကို သောက်သုံးကာ ယခင် ဒဏ်ရာများကို ကုစားဖို့ ကြံရွယ်လိုက်သည်။ ထိုသူက သူသည် ဝမ်ဝေ့အား ပုံရိပ်ယောင်အောက်တွင် ကြာရှည်စွာ မထားနိုင်ကြောင်း သိထားဟန်ပေါ်၏။
ထို့ကြောင့် သူက မြန်မြန်ဆန်ဆန် ကုစားလိုပြီး တစ်ဖက်လူနှင့် လက်ရည်တူ တိုက်ခိုက်လိုသည်။ သူ့အစီအစဉ်က ပထမပိုင်းတွင် အလုပ်ဖြစ်ခဲ့ပြီး ဒဏ်ရာများက ကောင်းမွန်လုနီးပါး ဖြစ်လာလေ၏။
ကံဆိုးစွာဖြင့် ဝမ်ဝေ့၏ မှတ်ဉာဏ်များက အသက်ဝင်လာသည့်အခါ ပုံရိပ်ယောင်က သူ့ကို တန်ပြန်ထိရောက်စေခဲ့သည်။ အချုပ်အားဖြင့် သူသည် ဝမ်ဝေ့၏ အသင်္ချေဝါးမျိုသူအနေဖြင့် ကမ္ဘာဦးဟွင်သွမ်းအတွင်း ရှိခဲ့ရသည့် ဝမ်ဝေ့၏ အချိန်များကို မြင်ခဲ့ရ … မဟုတ်သေးဘူး … တွေ့ကြုံခဲ့ရသည်။
အဆုံးမဲ့လေဟာနယ်အတွင်း ခေတ်ကာလများစွာ ကျော်ဖြတ်ပြီးသည့်နောက်တွင် သေမျိုးတစ်ယောက်၏ ဝိညာဉ်နှင့် စိတ်တို့ဖြင့် သူ့စိတ်သည် အထီးကျန်မှုနှင့် မျှော်လင့်ချက် ကုန်ခမ်းမှုတို့ကြောင့် ပြိုလဲလုနီးပါး ဖြစ်သွားခဲ့၏။ အကယ်၍ တိထျန်းသာ သူ့စိတ်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒတို့ကို လေ့ကျင့်ပေးဖို့ ပြန်လည်ဝင်စားခြင်းများစွာကို ဖြတ်ကျော်ခဲ့ရသည့် အချက်ကြောင့်သာမဟုတ်လျှင် သူ့ဝိညာဉ်က ထိုမှတ်ဉာဏ်များအောက်တွင် ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလိမ့်မည်။
အခု သူ့စိတ်စွမ်းအားက ဘာလို့ ကြောက်ဖို့ကောင်းလဲဆိုတာကို နားလည်သွားပြီ…
တိထျန်းက သူ့အပေါ်ရှိနေသည့် ထိုမှတ်ဉာဏ်များ၏ လွှမ်းမိုးမှုကို ဖယ်ရှားလိုက်သည်။ ထို့အပြင် သူက ဆေးလုံး၏ ကျန်ရှိနေသည့် စွမ်းအားကို အသုံးပြု၍ သူ့ဝိညာဉ် အကောင်းအတိုင်းရှိဖို့ရာ လုပ်ဆောင်လိုက်သည်။