← Chapters

နည်းလမ်းတော့ ရှိတယ်

Vol. 62 Ch. 865

နည်းလမ်းတော့ ရှိတယ်

Vol. 62 Ch. 865

တိထျန်းက ဝမ်ဝေ့ ပြန်ဝင်စားလာသည့် အချက်ကို အံ့ဩခြင်း မရှိပေ။ သူတို့ကျောင်းတော်တွင် ပထမဦးဆုံး တွေ့ဆုံစဉ်အခါက သူ့ဝိညာဉ်မှ ပြန်လည်ဝင်စားခြင်း စွမ်းအားကို ခံစားမိခဲ့ပြီး သူသည် ဝိညာဉ်အသစ် မဟုတ်ဘဲ အတိတ်ဘဝက မှတ်ဉာဏ်များရှိသည့် အင်အားကြီး ပုဂ္ဂိုလ် ဖြစ်နိုင်ကြောင်း သိခဲ့သည်။

ထို့အပြင် တာအိုအခွင့်အလမ်းဂိုဏ်း၏ သေမျိုးများဆီ သူ ယူဆောင်လာသည့် အပြောင်းအလဲများက လူများစွာအတွက် မျက်စိပွင့်၊ နားပွင့် ဖြစ်စေခဲ့၏။ အပြောင်းအလဲများကို သုံးသပ်ပြီးသည့်နောက်တွင် လူများစွာက ဝမ်ဝေ့သည် တခြားလူမှုအဖွဲ့အစည်း၏ ဗဟုသုတများရှိနေပြီး ထိုအရာကို ဤကမ္ဘာတွင် ပြန်လည်ဖန်တီးခဲ့ကြောင်း ကောက်ချက်ချခဲ့ကြသည်။

သို့သော်လည်း တိထျန်းက ဝမ်ဝေ့၏ အတိတ်ဘဝတွင် ဤမျှဆိုးဆိုးရွားရွား အတွေ့အကြုံမျိုး ရှိလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ဤသို့ အထီးကျန်မှုမျိုးက လူတိုင်းတောင့်ခံနိုင်သည့် အရာမျိုး မဟုတ်ပေ။ အဆင့် ၁၀နှင့်အထက် မသေမျိုးကျင့်ကြံသူများက ကြာရှည်လှသည့် သက်တမ်းကို ပိုင်ဆိုင်ထားကြသည်။ သို့သော်လည်း သူတို့က ကျင့်ကြံခြင်းနှင့် မဟာတာအိုအပေါ် နားလည်အောင် လုပ်ခြင်းတို့ဖြင့်သာ အချိန်ကုန်ဆုံးကြလေ့ ရှိ၏။ သူတို့၏ ပြင်းထန်သည့် အာရုံစူးစိုက်မှုတို့၊ တရားထိုင်မှုတို့၏ ရလဒ်အနေဖြင့် သူတို့သည် အချိန်ကုန်ဆုံးသွားသည်ဟု မခံစားမိကြပေ။

သူတို့အတွက် နှစ်သန်းချီက သူတို့ကျင့်ကြံရေး ပြီးမြောက်သွားသည်နှင့် အခိုက်အတန့်မျှသာ ကြာမြင့်သည်ဟု ခံစားကြရလိမ့်မည်။ သူတို့ စိုးရိမ်သည်က မဟာတာအိုအရင်းအမြစ်အပေါ် နားလည်မှု ခက်ခဲခြင်းနှင့် သူတို့၏ ကျင့်ကြံနှုန်းအလွန်တရာ နှေးကွေးနေခြင်းတို့သာ ဖြစ်သည်။

မဟာဧကရာဇ်နှင့်အထက် ကျင့်ကြံသူများက ဝမ်ဝေ့ တွေ့ကြုံခံစားခဲ့ရသည့် အထီးကျန်မှုမျိုးတွင် ရှင်သန်နိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ထိုသူက သူ့တာအိုနှလုံးသား သို့မဟုတ် စိတ်အခြေအနေကို မလေ့ကျင့်ပေးရသေးသည့် သေမျိုးတစ်ယောက်သာ ဖြစ်နေလေ၏။

တိထျန်းက ထိုမှတ်ဉာဏ်အများစုကို ဖယ်ရှားပြီးသည့်နောက်တွင် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့အပြင် ဆေးလုံးဆီမှ အကြွင်းအကျန် စွမ်းအားက ယခင် တန်ပြန်သက်ရောက်မှုကို ကုစားပေးနေသည်။ သူက မတ်တတ်ရပ်ကာ တစ်ဖက်လူကို ကြည့်လိုက်၏။

သူ့မျက်ဝန်းအထက် လေးစားသည့် အငွေ့အသက်မျိုး ကိန်းအောင်းနေသည်။ သို့သော်လည်း သိပ်မကြာခင် ဝမ်ဝေ့၏ မျက်ဝန်းမှ သနားသည့် အရိပ်အယောင်ကို မြင်သည့်အခါ ဒေါသထွက်သွားမိ၏။

“မင်းရဲ့အကြည့်က ဘာလဲ။ ငါက မင်းရဲ့သနားတာကို လိုမယ်များ ထင်နေလား”

“မင်း တစ်ခုခု နားလည်မှု လွဲနေသလိုပဲ”

တိထျန်းက အေးစက်စက် ပြန်ဖြေလိုက်သည်။

“မင်းရဲ့ ချစ်ရသူက နယ်ရုပ်တစ်ရုပ်အနေနဲ့ အသုံးချမခံရအောင် အားကောင်းနေတာ မင်း ကံကောင်းတယ်။ မဟုတ်ရင် မင်းရဲ့ ကံကြမ္မာက ငါနဲ့အတူတူ ဖြစ်နေမှာပဲ”

“မင်း မှားတယ်။ သူမက အဲ့လိုဖြစ်ရင်တောင် ငါက စစ်ဆေးမှုကို အောင်မြင်ဦးမှာပဲ။ တကယ်လို့ သူမဆီ တစ်စုံတစ်ခု ဖြစ်ပျက်သွားမယ်ဆိုရင် ကောင်းကင်တာအိုနဲ့ တစ်ကမ္ဘာလုံး ငါ့ရဲ့ အမျက်ဒေါသကို ခံစားရစေမယ်”

ထိုဒဏ္ဍာရီလာ တိုက်ပွဲကို ကြည့်ရှုနေကြသည့် လူအားလုံးက ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားစေကြ၏။ သူတို့က ထိုအမျိုးသားသည် မိစ္ဆာဖြစ်လာပါက မည်မျှပင် ဆိုးရွားသွားမည်ဖြစ်ကြောင်း တွေးမိသွားကြ၏။

တိထျန်းက တိတ်ဆိတ်သွားသည်။ တာအိုနယ်ရှင်များက ကြောက်ဖို့ကောင်းသည်မှာ သူတို့၏ အသိဉာဏ်ကြောင့်သာမကဘဲ သူတို့၏ အားနည်းချက် ကင်းမဲ့မှုကြောင့်လည်း ဖြစ်ပေသည်။ အတိအကျပြောရလျှင် သူတို့က သူတို့၏ အားနည်းချက်ကို ကောင်းကောင်းသိထားကြပြီး တခြားသူက အခွင့်ကောင်း မယူနိုင်အောင် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်ကြသည်။

အဓိကအချက်အနေနဲ့ ထိုသူများသည် သူတို့ကိုယ်တိုင်၊ ရန်သူနှင့် သူတို့နားရှိလူများအပေါ်ကိုပါ အင်မတန် ရက်စက်ကြသည်။ သူတို့ချစ်ရသူကို ထိခိုက်အောင် လုပ်ခြင်းဖြင့် တာအိုနယ်ရှင်၏ ဒေါသတရားကို ရယူခြင်းသည် မိုးမြေကြားတွင် အကြီးမားဆုံး အမှားကြီး ဖြစ်သွားလိမ့်မည်။

ဟွင်သွမ်းစကြဝဠာတစ်လျှောက်တွင် တာအိုနယ်ရှင်များကြောင့် ပျက်သုဉ်းသွားသည့် ကမ္ဘာများနှင့် ကောင်းကင်တာအိုများ ရှိလေသည်။ မဟာတာအိုက စကြဝဠာ၏ အားကြီးသော အုပ်ချုပ်သူ ဖြစ်နေပြီး တည်ရှိလာစဉ်ကတည်းက ၆ ကြိမ်မျှသာ သွေးထွက်ခဲ့ဖူးသည်။ နှစ်ကြိမ်က လက်စားချေဖို့ ကြိုးစားသည့် တာအိုနယ်ရှင်များ၏ လက်ချက်ကြောင့် ဖြစ်၏။

“တကယ်လို့ မင်းသာ ငါ့နေရာမှာဆိုရင် မင်းက ဘာလုပ်မှာလဲ” တိထျန်းက ဝမ်ဝေ့သည် ထိုစစ်ဆေးမှုကို ဘယ်လိုအောင်မြင်အောင် လုပ်မလဲဟု သိချင်နေသည်။

“ မင်းက ငါ ဘယ်တော့မှ မလုပ်မဲ့ အမှားတွေ အများကြီး လုပ်ခဲ့တယ်” ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

“မင်းက နောက်ဆုံးအချိန်ကျမှ မင်းရဲ့ စစ်ဆေးမှုကို သတိထားမိခဲ့တာ။ ငါက အဲ့လိုအမှားမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး” ဝမ်ဝေ့က သက်ပြင်းချလိုက်ပြီး တိထျန်း၏ မသိတတ်မှုကို ခေါင်းအသာယမ်းလိုက်သည်။ သူက ယခုတိထျန်းသည် ငယ်ရွယ်စဉ်နှင့် ကွဲပြားကြောင်း နားလည်ထားသော်လည်း ထိုသူနှစ်ဦး၏ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များက အင်မတန် ကွာခြားလွန်းလှ၏။

“ငါသာ ကောင်းကင်တာအိုဆီကနေ ကင်းလွတ်ခွင့် ရှိနေမှတော့ စစ်ဆေးမှုအကြောင်းဘာလို့ စဉ်းစားနေရဦးမှာလဲ” တိထျန်းက ပြီးပြည့်စုံမှုနောက်လိုက်သည့် လမ်းစဉ်သည် တားမြစ်ချက်ဖြစ်ကြောင်း တခြားသူများက အရိပ်အမြွက်များ‌ ပေးခဲ့သည်ကို သိသော်လည်း ငြင်းခုန်လိုက်သည်။

“မင်းကို မေးပါရစေဦး။ အဲဒီအချိန်တုန်းက အစစ်အမှန် ကောင်းကင်တာအိုနဲ့ မဟာတာအိုရဲ့ တည်ရှိမှုအကြောင်းကို သိထားလား”

တိထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိုမေးခွန်း၏ အကြောင်းအရင်းကို နားမလည်ခဲ့ပေ။ သို့သော် သူက ဖြေလိုက်၏။

“ငါ သိတယ်”

သူ့အဆင့်အတန်းက လူသားဘက်အခြမ်းတွင် အင်မတန်မြင့်မားသည့် လျှို့ဝှက်ချက်များစွာကို တွေ့ရှိနိုင်သည်။ ထို့အပြင် ပြီးပြည့်စုံမှုလမ်းစဉ်နောက် လိုက်မှုကြောင့် သူက ကိစ္စအမျိုးမျိုးကို သင်ယူခဲ့ရပြီး ဗဟုသုတကြွယ်ဝသည့် ပညာရှင်တစ်ယောက်အနေနှင့် ဝိဇ္ဇာဟုပင် အခေါ်ခံရခဲ့ရသည်။

“အဲဒါဆိုရင် မင်းရဲ့ ကံကြမ္မာကို သိသင့်တာပေါ့” ဝမ်ဝေ့က ပြောလိုက်သည်။

“အထွတ်အထိပ် တားမြစ်ခံ စစ်ဆေးမှုဆိုတာက မိုးမြေရဲ့ အခြေခံစည်းမျဉ်းတွေထဲက တစ်ခုဖြစ်ပြီးတော့ အားအကောင်းဆုံး တာအိုတွေ အသုံးပြုမှု လွန်ကဲတာကို တားဆီးပြီးတော့ မျှခြေကို ထိန်းသိမ်းတာပဲ။ မဟာတာအိုကိုယ်တိုင်က လက်ခံထားတဲ့အရာပဲ။ အဲဒါဆိုတော့ ကောင်းကင်တာအိုက ဒိုင်မေးရှင်းအနိမ့်မှာရှိတဲ့ ကမ္ဘာတစ်ခုရဲ့ ကောင်းကင်တာအိုက မင်းကို လွတ်ကင်းခွင့်ပေးမယ်လို့ ဘာကြောင့်များ ထင်နေတာလဲ”

တိထျန်း၏ အမူအရာက ရုတ်ချည်းပျက်ယွင်းသွားသည်။

“မင်း သိသွားပြီလား” ဝမ်ဝေ့က နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်၏။

“ဟော်သဲ့သက်ရှိနဲ့ ပင်ကိုသက်ရှိကြားက တိုက်ပွဲက မိုးမြေကြားက ဇာတ်လိုက်ကို ဆုံးဖြတ်ပေးမဲ့ ဖြစ်ရပ်ပဲ။ ဒါက ကမ္ဘာကြီးရဲ့ လမ်းကြောင်းကိုလည်း ဆုံးဖြတ်ပေးမဲ့ တိုက်ပွဲတစ်ခုပဲ။ အဲဒါဆိုတော့ အစစ်အမှန်ကောင်းကင်တာအိုက ငါတို့ကမ္ဘာရဲ့ ကောင်းကင်တာအိုက မင်းကို လွတ်ကင်းခွင့်ပေးတဲ့အခါမှာ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။

ဒါပေမဲ့ မင်း တာအိုကို သက်သေပြပြီး ဒိုင်မေးရှင်းအမြင့်ကို တက်လှမ်းသွားတဲ့အချိန်မှာ မင်းရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်သွားမယ် ထင်လဲ။ အစစ်အမှန် ကောင်းကင်တာအိုက မင်းရဲ့ တန်ဖိုးကို သက်သေမပြဘဲနဲ့ အထွတ်အထိပ်တာအို ၅ခုထဲက တစ်ခုကို လိုလိုလားလား ထိန်းချုပ်ခွင့်ပေးမယ်များ ထင်နေလား”

တိထျန်းက အဖြေကို သိသည့်အတွက် ပြန်မဖြေပေ။

“အဲဒါဆိုတော့ မင်းက စစ်ဆေးမှုကို တစ်ခုမဟုတ် တစ်ခုတော့ ကျော်ဖြတ်ရမှာပဲ” ဝမ်ဝေ့က ဆက်ပြောလိုက်သည်။

“မင်းရဲ့ အကောင်းဆုံးရလဒ်က တိုက်ပွဲမှာ မင်းရဲ့ ကုသိုလ်ကြောင့် ခက်ခဲမှုကို လျော့ချနိုင်တာပဲ”

တိထျန်း၏ ခန္ဓာကိုယ်ဝန်းကျင်တွင် မရွှင်မပျ အငွေ့အသက်မျိုး ရှိလာလေ၏။ သူက ထိုနေ့ရက်အကြောင်း အချိန်အတော်ကြာ တွေးတောခဲ့သည်။ သူက သူသာ ကွဲပြားသည့် ရွေးချယ်မှုကို ပြုလုပ်ပြီး စစ်ဆေးမှုကို အောင်မြင်သွားခဲ့လျှင် သူ့ဇနီးက မည်သို့ဖြစ်သွားမည်ကို မကြာခဏ အိပ်မက် မက်လေ့ရှိသည်။ သူက ဉာဏ်ပိုကြီးပြီး ဆုံးဖြတ်ချက်ပြတ်သားခဲ့လျှင် သူမကို ကယ်တင်ပေးနိုင်လောက်သည်။

သို့သော် ယခုတွင် သူ အမြဲတမ်း စိတ်ကူးယဉ်ခဲ့ရသည့် အနာဂတ်က အိပ်မက်တစ်ခုမျှသာ ဖြစ်နေလေ၏။ အပြုအမူတိုင်းတွင် အကျိုးဆက်ဆိုတာ ရှိပြီး ကံကလည်း အရာအားလုံးနှင့် ဆက်နွယ်နေသည်။

သူက ဖန်ဆင်းခြင်းတာအိုကို ကျင့်ကြံဖို့ ရွေးချယ်လိုက်သည့် အခိုက်အတန့်တွင် မသေချာမှုများ ပြည့်နှက်နေသည့် ခက်ခက်ခဲခဲ ခရီးစဉ်တစ်ခုကို လျှောက်လှမ်းဖို့ အဆုံးသတ်သွားခဲ့သည်။ သူနှင့် ဆက်နွယ်နေသည့် လူများကလည်း သက်ရောက်မှုခံရမည်သာ ဖြစ်၏။

တိထျန်းက အသက်ပြင်းပြင်းရှူကာ သူ၏ ထကြွနေသော စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်သည်။

“ငါ့ရဲ့ မေးခွန်းကို မဖြေရသေးဘူး။ ငါ့ရဲ့ စစ်ဆေးမှုကို မင်း အောင်မြင်အောင် ဘယ်လိုလုပ်မှာလဲ။ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ လမ်းစဉ်ကို စွန့်ပစ်လိုက်မယ်ဆိုတဲ့ တုံးအအ စကားတွေတော့ လာမပြောနဲ့”

ဝမ်ဝေ့က ထိုစကားကို ကြားကာ ခေါင်းယမ်းလိုက်သည်။

“မင်းက အစွဲအလမ်းကြီးနေတယ်ဆိုတာကို သဘောမပေါက်သေးဘူးလား”

“အစွဲအလမ်းကြီးတာလား။ မဆုတ်မနစ် လမ်းစဉ်နောက်ကို လိုက်တာ ဘာမှားလို့လဲ” တိထျန်းက မေးလိုက်သည်။

“မင်းရဲ့ လမ်းစဉ်ကလည်း လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းပြီး အကြွင်းမဲ့လွတ်လပ်ခွင့်ကို ရယူဖို့ မဟုတ်ဘူးလား။ မင်းရဲ့ အကြွင်းမဲ့လွတ်လပ်ခွင့်ကို လက်လျှော့ဖို့ လိုလားရဲ့လားဆိုတာ ပြောစမ်းပါဦး”

“ဘယ်ဟုတ်ပါ့မလဲ”

“အဲဒါဆိုရင် မင်းကကျတော့ ရည်မှန်းချက်နောက်ကို လိုက်ပြီးတော့ ငါကကျတော့ အစွဲအလမ်းကြီးတယ် ဖြစ်ရောလား” တိထျန်းက ပြန်လည်ငြင်းခုန်လိုက်၏။

“မင်းက လွတ်လပ်လာဖို့ ဘာမဆိုလုပ်ပြီးတော့ မင်းရဲ့ဘဝကိုတောင် စတေးထားတယ်။ ဒါပေမဲ့ ငါကလည်း ပြီးပြည့်စုံမှုကို ရရှိဖို့ အတူတူလုပ်မှာပဲ”

ဝမ်ဝေ့က သူ့အားစိုက်ကြည့်ကာ “ငါ့ရဲ့လမ်းစဉ်က ငါ ချစ်တဲ့သူကို မထိခိုက်စေဘူးလေ ”

တိထျန်းက လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး အာကာပြင်တစ်ခုလုံးပင် တုန်ခါသွားစေသည်။ သူ့ကိုယ်သူ ထိန်းချုပ်ဖို့ အားများစွာ စိုက်ထုတ်လိုက်ရ၏။

“မင်းရဲ့ လမ်းစဉ်က တစ်ခုတည်းသော ခြွင်းချက်ကလွဲရင် သူမအကြောင်း အရာအားလုံးကို ငြင်းဆန်ထားတာတွေ ပါဝင်နေတယ်ဆိုတာကို သူမ ဘယ်လိုခံစားရမယ် ထင်လဲ။ မင်းရဲ့ စကားတိုင်း၊ အပြုအမူတိုင်းက သူမက ပြစ်ချက် ရှိနေတယ်၊ မပြီးပြည့်စုံဘူးဆိုပြီးတော့ မင်းရဲ့အချစ်နဲ့ မထိုက်တန်ဘူးဆိုပြီးတော့ ပြောနေသလိုပဲ”

“ပါးစပ်ပိတ်ထား” တိထျန်းက အံကြိတ်ကာ ပြောလိုက်သည်။

“ငါတို့အကြောင်း ဘာသိလို့လဲ။ ငါတို့အချစ်အကြောင်း ဘာသိလို့လဲ။ ငါတို့တွေ တစ်ရက် ပြန်ဆုံစည်းနိုင်အောင် ငါ ဘာတွေ သည်းခံခဲ့ရတယ် ထင်လဲ။ ငါ လုပ်ခဲ့တဲ့ စတေးမှုတွေကိုရော မင်းသိလို့လား။ နေ့စဉ်နေ့တိုင်း ဝိညာဉ်ထဲမှာ ဗလာကျင်းမှုနဲ့ နေနေရတဲ့ခံစားချက်ကိုရော မင်းနားလည်လို့လား။ ဘယ်တော့မှ မပြည့်ဝတဲ့ တောင့်တမှုတစ်ခုနဲ့ နေရတာကိုတော့ မင်းသိလို့လား”

တိထျန်း၏ မျက်ဝန်းက ဒေါသတရားကို ထိန်းချုပ်ထားရ၍ တုန်တုန်ယင်ယင် ဖြစ်လာသည်။

“မင်း သူမကို ချစ်တယ်ဆိုတာကို ငါသိတယ်” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။

“ဒါပေမဲ့ မင်းရဲ့ အပြုအမူတွေက တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ပြည့်နှက်နေတယ်ဆိုတာလည်း မြင်နိုင်တယ်”

တိထျန်း၏ မျက်ဝန်းမှ သတ်ဖြတ်ငွေ့တို့က ထိန်းချုပ်မရနိုင်တော့ဘဲ ပတ်ဝန်းကျင်ဆီ လွင့်ထွက်လာသည်။ သို့သော်လည်း သိပ်မကြာခင် သူက ပြန်လည်ထိန်းချုပ်လိုက်ပြီး သူ့မျက်ဝန်းက ပြန်လည်အေးစက်သွား၏။

“ငါ အဆုံးသတ်တချို့ကို လိုတယ်” တိထျန်းက လှိုင်းတွန့်ထခြင်း မရှိသည့် ရေပြင်အလား အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

“အဲဒါဆို ပြောစမ်းပါဦး။ ငါ့ရဲ့ စစ်ဆေးမှုကို မင်းက ဘယ်လိုအောင်မြင်အောင် လုပ်မှာလဲ”

“မင်းကို ဘာလို့ ပြောပြရမှာလဲ”

“ဒီမှာ” တိထျန်းက တောက်ပနေသည့် အလင်းတန်း ၅ခုကို လွှတ်လိုက်၏။ ဝမ်ဝေ့က ထိုအရာများသည် ဧကရာဇ်အသုံးအဆောင်များ ဖြစ်ကြောင်း မြင်လိုက်ရသည်။ ထိုအရာက အရည်အသွေးနိမ့်သော်လည်း သူတို့က ဧကရာဇ်အသုံးအဆောင်များဖြ စ်နေသေးပြီး သူတို့ပစ္စည်းများကို သုံးလို့ရသေး၏။

ဝမ်ဝေ့က ဟန်ဆောင်မနေဘဲ လက်ကိုဝှေ့ကာ သိမ်းဆည်းလိုက်သည်။

“တကယ်လို့ ငါသာ ဖြစ်မယ်ဆိုရင် ကောင်းကင်တာအိုကို စည်းပိတ်ပြီးတော့ သူမကို စုပ်ယူခိုင်းလိုက်မှာ”

“အဲဒါက ဘာလုပ်နိုင်မှာမလို့လဲ” တိထျန်းက ထိုအရာသည် သူ့စစ်ဆေးမှုကို မည်သို့ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နားမလည်၍ မေးလိုက်သည်။ ထို့အပြင် ကောင်းကင်တာအိုက စုပ်ယူခံရဖို့ သို့မဟုတ် စည်းပိတ်ခံရဖို့အတွက် လိုလားမည် မဟုတ်ပေ။ အထူးသဖြင့် ထိုအရာ၏ စွမ်းအားသည် စစ်ဆေးမှုအတွင်း အမြင့်မားဆုံး ဖြစ်၏။

“အတိကျဆုံးပြောရရင် အဲဒီရဲ့ အနှစ်သာရကို ခိုးယူလိုက်မှာ” ဝမ်ဝေ့က ရှင်းပြလိုက်သည်။

“တည်ရှိမှုထဲမှာ ပြီးပြည့်စုံတဲ့ တစ်ခုတည်းသောအရာက မဟာတာအိုပဲ။ အဲဒါဆိုတော့ အပိုအနေနဲ့ ကောင်းကင်တာအိုကလည်း ပြီးပြည့်စုံတဲ့ အနှစ်သာရတချို့လည်း ပါဝင်နေမှာပဲ။ သူမသာ အဲဒီအနှစ်သာရ ရှိတယ်ဆိုရင် မဟာတာအိုက သူမကို တည်ရှိဖို့ ခွင့်ပြုပေးရမယ်။ ပြောရမယ်ဆိုရင်တော့ အင်မော်တယ်ပြီးပြည့်စုံမှုပေါ့”

တိထျန်းက ထိုအရာကို ကြားကာ ငေးမောသွားလေ၏။

“အဲဒါဆိုတော့ နည်းလမ်း ရှိနေတာကိုး ” သူက ရေရွတ်လိုက်သည်။

All Chapters