တာအိုထိပ်တိုက်တွေ့ဆုံမှု အပိုင်း(၂)
Vol. 62 Ch. 867
ပြန်လည်ဝင်စားခြင်း လမ်းစဉ် ၆ပါးက တည်နေရာအသီးသီးမှ ဝမ်ဝေ့၏ ဝိညာဉ်ကို စတင်ဆင့်ခေါ်နေကြသည်။ သူတို့ ထုတ်လွှတ်လာသည့် စုပ်ယူအားက ပြင်းထန်လွန်းသည့်အတွက် သူ့ကမ္ဘာဦးစိတ်ဝိညာဉ်ပင် ပြိုလဲလုမတတ် ခံစားနေရ၏။
ထို့အပြင် သူက ထိုတံခါးများအတွင်း ဝင်ရောက်သွားသည်နှင့် သူ့ဝိညာဉ်သည် ယခင်နည်းစနစ်ကဲ့သို့ အတင်းအကြပ် ပြောင်းလဲခံရမည်ဖြစ်ကြောင်း ပြောနိုင်လေသည်။
ဒါက အရင်နည်းစနစ်ကို အဆင့်မြှင့်ထားပြီး ပိုကောင်းတဲ့ပုံစံပဲ…
ဝမ်ဝေ့က တိထျန်းသည် သူ့သံသရာကိုးပါးလက်သီးချက်ကို အဆင့်မြှင့်တင်ခဲ့သည် ဖြစ်ကြောင်း သက်သေရလာခဲ့သည်။
ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ထိုတံခါးများဆီမှ ဆင့်ခေါ်ခြင်း သို့မဟုတ် စုပ်ယူခြင်းကို တောင့်ခံထားလေ၏။ ထိုအရာကလည်း သံသရာစွမ်းအားကို လှုံ့ဆော်ကာ တံခါးအားလုံးကို ပိတ်ဆို့လိုက်သည်။
ထို့နောက် ကမ္ဘာဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်လာကာ တိထျန်းအထက် မြောလွင့်နေပြီး သူ့အား စိုက်ကြည့်လိုက်သည်။
ဝမ်ဝေ့၏ ဝိညာဉ်မှ ပြင်းထန်သည့် ခရမ်းရောင်အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည့်အတွက် တိထျန်းက နှလုံးခုန်တစ်ချက် မြန်သွားလေသည်။ သူက လှုပ်ရှားကာ တုံ့ပြန်ချင်သော်လည်း ဝမ်ဝေ့၏ ခရမ်းရောင်အငွေ့အသက်ထဲတွင် ပတ်ဝန်းကျင်ကာလံဒေသံကိုပင် အေးခဲသွားနိုင်သည့် မြင့်မြတ်မှုတို့ ပါဝင်နေပြီး သူ့ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်အောင် တားဆီးထားသည်။
တိထျန်းက သူ့စိတ်သည် ပုံမှန်ထက် နှေးကွေးစွာ အလုပ်လုပ်နေကြောင်း ခံစားမိလိုက်၏။
ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က လက်ကိုဝှေ့လိုက်ပြီး သံကြိုးများဖြင့် တိထျန်း၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်လိုက်သည်။ ထို့နောက် သူက ယင်ကောင်ကို ရိုက်သတ်သလိုမျိုး ထိုသူ၏ ပင်ကိုဧကရာဇ်ဝိညာဉ်ကို ဖျက်ဆီးဖို့ ကြံရွယ်လိုက်သည်။
တိထျန်း၏ ကမ္ဘာဦးစိတ်ဝိညာဉ်အထက် အက်ကြောင်းများ ပေါ်ထွက်လာသော်လည်း ထင်ထားသလိုမျိုး ပျက်သုန်းမသွားခဲ့ပေ။
ယင်စိတ်ဝိညာဉ်ကမ္ဘာလား…
ဝမ်ဝေ့က တိထျန်းတွင် ဝိညာဉ်နှင့် ယင်စွမ်းအားတို့ဖြင့် ပြုလုပ်ထားသည့် ကမ္ဘာတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။ သူက တိုက်ခိုက်လာသည့်အခါ တိုက်ကွက်အများစုက ထိုကမ္ဘာဆီ ကျရောက်သွားလေ၏။
ဤသည်က တစ်စုံတစ်ယောက်သည် ထိုနည်းဗျူဟာကို အသုံးပြု၍ သူ့ကို ရင်ဆိုင်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ထို့ကြောင့် သူက ထိုကမ္ဘာကို တတ်နိုင်သမျှ မြန်မြန် ဖျက်ဆီးပစ်ရမည်ဖြစ်ကြောင်း သိလေ၏။ လက်တစ်ဖျောက် တီးလိုက်သည့်အခါ သူ့ပထမတိုက်ကွက်က မဖျက်ဆီးနိုင်ခဲ့ဘဲ ကျန်ရှိနေသော ဝိညာဉ်တစ်ဝက်ကို သုတ်သင်နိုင်လိုက်သည်။
ထို့နောက် သူက အလုပ်ကို အဆုံးသတ်လိုက်၏။
သို့သော် တိထျန်းက တုံ့ပြန်ဖို့ အချိန်တစ်ခုမျှသာ လိုအပ်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာဦးစိတ်ဝိညာဉ်က သူ့ကို ဒုတိယအကြိမ် တိုက်ခိုက်လာသည့်အခါ မေ့လျော့ခြင်းမြစ်ကြောင်းနှင့် ဝိညာဉ်မဟာတာအိုအရင်းအမြစ်မှ ပြုလုပ်ထားသည့် ဧကရာဇ်အသုံးအဆောင်တို့က သူ့ရှေ့တွင် ပေါ်ထွက်လာကာ ကာကွယ်ပေးထားကြ၏။
ဟမ် ဒုတိယ ယင်စိတ်ဝိညာဉ်ကမ္ဘာလား…
ဝမ်ဝေ့က သူ့ဒုတိယမြောက် တိုက်ကွက်သည်လည်း အထိအခိုက်မရှိသလောက် နည်းပါးကြောင်း သိလိုက်ရသည်။ ထို့နောက် သူက တိထျန်း၏ ကမ္ဘာဦးစိတ်ဝိညာဉ်သည် ဒေါသ၊ အမုန်းတရားနှင့် အငြိုးတရားများပြည့်နှက်လာသည်ကို ကြည့်လိုက်၏။
ထိုအရာက ဖြူဖျော့ဖျော့ တစ္ဆေပုံရိပ်နှင့် မတူတော့ဘဲ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရိပ်လိုလို၊ မီးခိုးလိုလို သက်ရှိဖြစ်လာသည်။ ထိုအရာတွင် သူတို့၏ ဘဝသက်တမ်းတစ်လျှောက် နာကျင်မှုများစွာကို ခံစားပြီးသည့်နောက်တွင် အငြိုးတရားများပြည့်နှက်စွာ သေဆုံးသွားရသည့် ဝိညာဉ်သန်းချီ ပူးပေါင်းထားမှု ဖြစ်နေသည်။
ထိုအမျက်ကြီးလှသည့် စိတ်ဝိညာဉ်က အော်လိုက်သည့်အခါ မိုးမြေပင် တုန်ခါသွားလေ၏။ ထိုအရာက ဝမ်ဝေ့ဆီ မျက်လုံးနီကြီးများဖြင့် ပြေးဝင်လာသည်။
ကိုယ့်ကိုယ်ကို သတ်သေတဲ့ တိုက်ကွက်လား…
ဝမ်ဝေ့က တွေးလိုက်မိသော်လည်း သူက မတုံ့ပြန်ပေ။ သူ့ကမ္ဘာဦးစိတ်ဝိညာဉ်က တည်ရှိမှုထဲ အမြင့်မြတ်ဆုံးထဲမှ တစ်ခုဖြစ်ကာ ယန်စွမ်းအားနှင့် ပြည့်နှက်နေပြီး မိစ္ဆာ၊ ကပ်ဘေးတို့ဖြင့် စိမ့်မဝင်နိုင်ပေ။
ထို့ကြောင့် တိထျန်း၏ ကမ္ဘာဦးစိတ်ဝိညာဉ်က သူနှင့် ၂၀ မီတာအလိုတွင် ရပ်တန့်သွားပြီး ဖြည်းဖြည်းချင်း အရည်ပျော်ကျသွားလေသည်။
ဝုန်း
ဝမ်ဝေ့၏ ဝိညာဉ်ကို အနက်ရောင်မီးခိုးများက လွှမ်းခြုံသွားလေ၏။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုမီးခိုတိမ်က ပျောက်ကွယ်သွားပြီး ဝမ်ဝေ့၏ အကောင်းအတိုင်းကျန်ရှိသည့် ကမ္ဘာဦးစိတ်ဝိညာဉ်က ပေါ်ထွက်လာသည်။
သူက တိထျန်း၏ ခန္ဓာကိုယ်ကို ကြည့်လိုက်၏။
ငါ့ဝိညာဉ်ကို ဖျက်ဆီးဖို့ ကြိုးစားတာလား။ မဟုတ်သေးဘူး။ ဒါက အယောင်ပြသက်သက်ပဲ
သူ့မျက်လုံးက ထိုခန္ဓာအတွင်း အလျင်အမြန် ဖွဲ့စည်းလာသည့် ကမ္ဘာဦးစိတ်ဝိညာဉ်အသစ်ကို မြင်လိုက်ရသည်။ ကမ္ဘာဦးစိတ်ဝိညာဉ်က ကျင့်ကြံသူအားလုံးအတွက် အားနည်းချက်တစ်ခု ဖြစ်၏။ ထို့ကြောင့် တိုက်ပွဲအတွင်း သူတို့ကို ကာကွယ်ခြင်းက ဦးစားပေး ဖြစ်ခဲ့သည်။
ထိုအရာ ဖျက်ဆီးခံလိုက်ရသည်နှင့် သေခြင်းတရားကသာ တစ်ခုတည်းသော ရလဒ် ဖြစ်ပေသည်။ သို့သော်လည်း တိထျန်းလိုလူမျိုးအတွက်မူ ထိုအရာက အကြွင်းမဲ့ မဟုတ်ပေ။
ကောင်းကင်ရွေးချယ်ခံအများစုက သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ်ကို တိုက်ပွဲအတွင်း ချက်ချင်းဆိုသလို ကုစားနိုင်သည့် နည်းလမ်းတစ်ခု ရှိတတ်ကြသည်။ တန်ကြေးတော့ ပေးဆပ်ရတတ်၏။ သို့သော်လည်း တိထျန်းက ဝမ်ဝေ့၏ အစစ်အမှန်စိတ်ဝိညာဉ် လက်ချက်ဖြင့် ဒဏ်ရာရရှိပြီးသည့်နောက်တွင် သူ့ဝိညာဉ်ကို အပြီးတိုင် စွန့်ပယ်ခဲ့သည်။
ထို့နောက် သူက သူ့ကိုယ်ပိုင်ဝိညာဉ်အမှတ်အသားကို အသုံးပြုပြီး ယင်စိတ်ဝိညာဉ်ကမ္ဘာမှ ထိန်းသိမ်းထားသည့် စွမ်းအားများဖြင့် ထိုအရာကို ပြန်လည်ကြီးထွားလာစေခဲ့သည်။ ဤတစ်ကြိမ်တွင် သူက သူ သိထားသည့်နည်းလမ်းအားလုံးဖြင့် သူ့ဝိညာဉ်နှင့် အသိစိတ်ပင်လယ်ကို ကာကွယ်ထားပေးလိုက်၏။
သူ့ဝိညာဉ်က ကြောက်ဖို့ကောင်းတယ်ဆိုတာ သိပေမဲ့ ဒီလောက်အဆင့်ထိ ထင်မထားမိဘူး…
တိထျန်းက သုံးသပ်လိုက်သည်။ ဝိညာဉ်ကို ရင်ဆိုင်သည့်သူများကသာ ထိုစွမ်းအား၏ အကြောက်တရားကို သိကြလိမ့်မည်။
ထိုအရာက သက်ရှိအားလုံး၏ သေခြင်းရှင်ခြင်းကို အလွယ်တကူ ဆုံးဖြတ်ပေးနိုင်သည့် နတ်ဘုရားနှင့် ရင်ဆိုင်နေရသလိုမျိုး ဖြစ်၏။ ကျင့်ကြံသူတစ်ယောက်အနေဖြင့် တိထျန်းက နတ်ဘုရားနှင့်တူသည့် သေမျိုးများအပေါ် လေးစားမှုနှင့် အံ့ဩမှုတို့ မရှိပေ။
သူ့ဘဝတွင် သူက နတ်ဘုရားဟု ယူဆနိုင်သည့် သက်ရှိများစွာကို သတ်ဖြတ်ခဲ့ဖူပြီး ထိုသူများထဲတွင် နတ်ဘုရားဟု ခေါ်ဆိုခံရသူများလည်း ပါဝင်ပေသည်။ သေမျိုးများအမြင်တွင် အားကောင်းသည့် ကျင့်ကြံသူများက နတ်ဘုရားများသာ မဟုတ်ပါလော။
သူ နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသည့် အနီးကပ်ဆုံးအရာက ကောင်းကင်တာအိုနှင့် ရင်ဆိုင်စဉ်အချိန်က ဖြစ်ပေသည်။ သို့သော်လည်း သူက ပိုမိုအားကောင်းလာပြီး ထိုအရာကို ပိုမိုနားလည်လာသည့်အခါ ယခင်ရှိခဲ့ဖူးသည့် အံ့အားသင့်မှုတို့က ပျောက်ကွယ်သွားခဲ့သည်။ သူ့လက်ရှိအင်အားဖြင့် ကောင်းကင်တာအိုနှင့် လက်ရည်တူနီးပါး ရှိလေသည်။
သို့သော် ယနေ့တွင် သေမျိုးများက နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရသည်ဟူသော စကားကို နားလည်သွားခဲ့၏။
ဝှစ်
ဝမ်ဝေ့၏ ကမ္ဘာဦးစိတ်ဝိညာဉ်က ခန္ဓာကိုယ်အတွင်း ပြန်ရောက်လာသည့်အခါ ပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။ သူက လက်ကို မြှောက်ကာ အချိန်မြစ်ကြောင်း၏ ပုံရိပ်ယောင်ကို ဆင့်ခေါ်လိုက်၏။
အချိန်အရှိန်မြှင့်တင်ခြင်း
ချက်ချင်းဆိုသလို တိထျန်း၏ ခန္ဓာကိုယ်က သက်တမ်းကြီးရင့်လာကာ သက်တမ်းအနည်းငယ်သာ ကျန်ရှိတော့သည့် သက်ကြီးရွယ်အိုတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့မျက်နှာက ပြောင်းလဲသွားခဲ့၏။
အနှစ်သာရ လှုံ့ဆော်မှုလား…
သူက အမူအရာ ပျက်ယွင်းလျက် တွေးလိုက်မိသည်။ သူ့ပထမဘဝမှ ဖြစ်ရပ်တချို့ကို အမှတ်ရသွားလေ၏။
မဟာဧကရာဇ်များက အဆုံးမဲ့သက်တမ်းရှိထားသည့် မသေမျိုးများဖြစ်ကာ သူတို့သည် အသက်ကြီးရင့်ခြင်း မရှိသလို ဖျားနာခြင်းလည်း မရှိဘဲ အချိန်စီးဆင်းမှုမှ လွတ်မြောက်ထားကြပြီး သက်တမ်းအကြောင်း စိုးရိမ်စရာ မရှိကြပေ။
ထိုစွမ်းရည်များဖြင့် အချိန်မဟာတာအိုအရင်းအမြစ် အသုံးပြုသူတစ်ယောက်ထံ မည်သို့ဖြစ်သွားနိုင်မည်နည်း။
သူတို့က ဧကရာဇ်တစ်ယောက်ကို သေဆုံးသည်အထိ သက်တမ်းကြီးရင့်နိုင်မည်လား။ ပုံမှန်သဘောတရားကျကျ အဖြေက သူတို့သည် ထိုသို့ မလုပ်ဆောင်နိုင်ဘဲ သူတို့ကို အချိန်နောက်ပြန်ရစ်ကာ အားနည်းအောင်သာ လုပ်ဆောင်နိုင်ကြ၏။
သို့သော်လည်း မဟာဧကရာဇ်အများစုက ယွမ်ခေတ်ကာလများစွာ ကျင့်ကြံခဲ့ရသည့်အတွက် အသက်နောက်ပြန်ကြီးခြင်းကလည်း ခံစားရခက်သည့် ကိစ္စတစ်ခု ဖြစ်ပေသည်။
ထိုကန့်သတ်ချက်များဖြင့် တားမြစ်ခံတာအိုတစ်ခုဖြစ်သည့် အချိန်တာအိုသည် အသုံးမဝင်လုနီးပါးအထိ အားနည်းလာနိုင်သည်။ သို့သော် ထိုအရာက အမှန်တရားနှင့် ကွဲလွဲနေ၏။ ထိုအရာက အထွတ်အထိပ်တားမြစ်ခံဖြစ်နေသည့် အကြောင်းအရင်းတစ်ခု ရှိနေသည်။
မဟာဧကရာဇ်များက သေဆုံးသည်အထိ သက်တမ်းကြီးရင့်နိုင်ကြသလို သူတို့၏ သေမျိုးအခြေအနေ ပြန်ရောက်ရှိအောင်လည်း အလွယ်တကူ နောက်ပြန်ဆုတ်နိုင်ကြသည်။ အကြောင်းအရင်းကမူ အချိန်တာအိုသည် သူတို့၏ တည်ရှိမှုအပေါ် သေချာသည့် အနေအထားတစ်ခုအထိ သက်ရောက်မှုရှိနေ၍ ဖြစ်သည်။
ထာဝရဧကရာဇ်များကသာ သူတို့၏ တည်ရှိမှုကို ပြုစုပျိုးထောင်ထားသော်လည်း သက်ရှိအားလုံးကမူ သူတို့၏ တည်ရှိမှုအပေါ် သက်ရောက်ခံရလေသည်။
ကျင့်ကြံခြင်းက တည်ရှိမှုကို ဆင့်ကဲပြောင်းလဲသည့် ဖြစ်စဉ်တစ်ခုဖြစ်ကာ အရာများစွာကို ထပ်ပေါင်းပေးခြင်း ဖြစ်သည်။ သေမျိုး၏ တည်ရှိမှုတွင် ပထမဆုံး ပေါင်းထည့်မည့်အရာက စွမ်းအင်ဖြစ်ပြီး စွမ်းအင်သက်ရှိပုံစံအဖြစ် တဖြည်းဖြည်းပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ထို့နောက် နောက်ထပ် ပေါင်းထည့်မည့်အရာက အယူအဆသဘောတရားဖြစ်ကာ အယူအဆ သဘောတရားသက်ရှိအဖြစ် ပြောင်းလဲသွားစေလိမ့်မည်။ နောက်ဆုံးတွင် တာအိုကို သက်သေပြပြီးသည့်နောက်တွင် သူတို့က မသေမျိုးနှင့် ထာဝရ အနှစ်သာရများကို သူတို့၏ တည်ရှိမှုတွင် ပေါင်းထည့်လိုက်ပြီး အချိန်နှင့်သေခြင်းတရားကို ကျော်လွန်သွားသည့် သက်ရှိများအဖြစ် ပြောင်းလဲသွားလိမ့်မည်။
ထိုစဉ် ထာဝရဧကရာဇ်များက သူတို့၏ တည်ရှိမှုကို သိထားသည့်အတွက် တခြားအရာများ ထည့်ပေါင်းနိုင်သည်။ နမူနာအားဖြင့် သူတို့၏ တည်ရှိမှုတွင် ပြီးပြည့်စုံသည့် အနှစ်သာရရှိနေသည့် ကောင်းကင်တာအိုလိုမျိုး သက်ရှိ ဖြစ်၏။
ထို့ကြောင့် အချိန်တာအိုကျင့်ကြံသူများက အဆင့် ၁၀ ကျင့်ကြံသူများ၏ မသေမျိုးအနှစ်သာရအပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်နိုင်ပြီး သူတို့ကို သေမျိုးများကဲ့သို့ သက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်သည်။
အားလုံးက အဆင့် ၁၀ ကျင့်ကြံသူများ၏ မသေမျိုးအနှစ်သာရကို သက်ရောက်မှုရှိနိုင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အချိန်တာအိုက တားမြစ်ခံတာအိုဖြစ်သည့်အတွက် ထိုအရာကို ကျင့်ကြံထားသည့်သူများက သူတို့၏ ထိုက်တန်မှုကို သက်သေပြထားကြပြီး အလွန်တရာ ပါရမီထူးကဲသူများသာ ဖြစ်ကြသည်။
ထို့ကြောင့် အချိန်တာအို မဟာအရင်းအမြစ်ကို ထိန်းချုပ်ဖို့ ပဲ့တင်သံကို အသုံးပြုသည့်သူများ သို့မဟုတ် အသုံးပြုပစ္စည်းများကဲ့သို့ ပြင်ပအကူအညီ သုံးသည့်သူများအတွက်ကမူ ထိုအောင်မြင်မှုမျိုးကို မရနိုင်ပေ။
တိထျန်းက သူ့ခန္ဓာကိုယ်အတွင်း အပြောင်းအလဲကို တွေ့ကြုံခံစားနေရင်း တည်ရှိမှုနှင့် အနှစ်သာရအကြောင်း သင်ခန်းစာကို အမှတ်ရသွားလေ၏။ သူက တခြားကမ္ဘာမှ ထာဝရဧကရာဇ်တစ်ပါးဖြစ်သည့် အချိန်ဧကရာဇ်၏ တိုက်ပွဲတစ်ခုမှ မှတ်တမ်းကို ကြည့်ရှုခဲ့ဖူးသည်။
ထိုသူက လမ်းလျှောက်နေသည့် ကပ်ဘေးတစ်ခုလို ဖြစ်၏။ သူ သွားသည့်နေရာတိုင်းတွင် အဆုံးမဲ့သက်တမ်း ရှိထားကြပြီး ဟော်သဲ့သက်ရှိ ပေါက်ထွက်လာမှုကြောင့်သာ သူတို့တွင် ကန့်သတ်ချက်တစ်ခုရှိအောင် လျှော့ချခံလိုက်ရသည်ဟု ယုံကြည်ထားကြသည့် ပင်ကိုနတ်ဆိုးနတ်ဘုရားများက မြန်မြန်ဆန်ဆန် အသက်ကြီးရင့်လာကာ မိုးမြေကြားတွင် အမှုန်အမွှားဖြင့် ပြိုကွဲပြီး လွင့်စင်သွားကြသည်။
အချိန်ဧကရာဇ်က တားမြစ်ခံတာအိုသည် မည်မျှကြောက်ဖို့ကောင်းကြောင်း သက်သေ ဖြစ်၏။ သူက ထိုသူ့အကြောင်းကို အမှတ်ရနေသည့်အချက်အရ ထိုသူသည် အသက်ရှင်နေဆဲဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။
သူ့စိတ်ထဲ ထိုကိစ္စများ ချက်ချင်းဆိုသလို ဖြတ်ပြေးသွားလေ၏။ ဒဿမသာလွန်အုတ်မြစ်ကို ရရှိပြီးသည့်နောက်တွင် သူ့အနှစ်သာရကို ကောင်းမွန်စွာ အာရုံခံနိုင်ပြီး အထွတ်အထိပ် သေမျိုးအနှစ်သာရ သို့မဟုတ် မသေမျိုးတစ်ပိုင်း အနှစ်သာရတို့ ရှိသည်ဟု ယူဆနိုင်ခဲ့သည်။
သူက သံသရာတာအိုကို အသုံးပြုကာ သူ့ခန္ဓာကိုယ်ကို ပြန်လည်ဝင်စားခြင်းဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ ခွင့်ပြုထားခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က သက်တမ်းကြီးရင့်လာသည့်အခါ ငယ်ရွယ်စဉ်အဖြစ် ပြောင်းလဲသွားပြီး ပြန်လည်ဝင်စားခြင်းကို ကျော်ဖြတ်ကာ ဆုံးရှုံးသွားရသည့် သက်တမ်းကို အားဖြည့်ပေးလိမ့်မည်။
တိထျန်းက သူသည် ကလေးဘဝ သို့မဟုတ် ပိုအားနည်းသည့် ပုံစံအဖြစ် ပြန်လည်ဝင်စားမသွားအောင် သေချာအောင် ထိန်းချုပ်လိုက်သည်။ သူ့သတိကြီးကြီးထားမှုတို့က ဝမ်ဝေ့၏ ပြန်လည်ဝင်စားခြင်း တာအိုသည် ဝင်ရောက်စွက်ဖက်နိုင်သည်ကို ရှာဖွေတွေ့ရှိသွား၍ ဖြစ်သည်။
ထိုနည်းဗျူဟာဖြင့် အားပြန်ဖြည့်ပြီးသည့်နောက်တွင် တိထျန်းက အဆုံးမသတ်သေးကြောင်း သိလိုက်၏။ ထိုဖြစ်စဉ်က ထပ်ခါထပ်ခါ ဖြစ်နေလေသည်။ ထို့ကြောင့် သူ့ကိုယ်သူ သံသရာတာအိုမှ ဆင်းသက်လာသည့် အချိန်တာအိုအပေါ် နားလည်နိုင်စွမ်းဖြင့် ပူဖောင်းတစ်ခုဖြင့် ဝန်းရံထားလိုက်သည်။
အချိန်ပူဖောင်းက အချိန်မြစ်ကြောင်းဆီမှ သက်ရောက်မှုကို သီးခြားပိုင်းခြားထားပြီး သူ့ကို ကာကွယ်ပေးထားသည်။