ကပ်ဘေးဓားတစ်လက်
Vol. 39 Ch. 530
‘ဒီဓားကွက်တစ်ကွက်တည်းနဲ့ ပထမလူသားဧကရာဇ်ကို အနိုင်ယူဖို့ မလုံလောက်သေးဘူး’
ချင်မူ ဓားကို သိမ်းလိုက်သည့်အခါ ကောင်းကင်ယံရှိ ရင်သပ်ရှုမောဖွယ်ရာ ဓားရောင်မှာ လွင့်ပျယ်ပျောက်ကွယ်သွား၏။ သူက မှောင်မည်းသွားသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံအား မော့ကြည့်လိုက်သည်။
စစ်မြေပြင်ထက်တွင် မီးတောက်မီးလျှံများက မငြိမ်းသေသေးဘဲ ဖျိုးဖျိုးဖျစ်ဖျစ် မြည်လျက် လောင်ကျွမ်းတောက်လောင်နေ၏။ မီးကျွမ်းနေသည့် အသားညှော်နံ့များ နေရာတိုင်းတွင် ပျံ့လွင့်နေသည်။
ချင်မူသည် စောစောက ဓားထဲတွင် ခံစားချက်အားလုံး ထည့်သွင်းထုတ်ဖော်ခဲ့၍ သူ တစ်ခါမှ မရောက်ဖူးသော အဆင့်သို့ ရောက်ရှိသွားခဲ့၏။ သို့သော် ပထမလူသားဧကရာဇ်နှင့် သူ့ကြားတွင် ကွာဟမှု ရှိနေသေးသည်။
သို့တိုင်အောင် ပထမဆုံးလူသားဧကရာဇ်၏ ဖိအားမပါဘဲ၊ အမှောင်ဘုံကို မဆုံတွေ့ခဲ့ဘဲ ... သူ့အတွက် ထိုအဆင့်သို့ တက်လှမ်းရန် အလွန်ခက်ခဲလိမ့်မည်။ ရွာလူကြီး၏ ဓားပန်းချီနှင့် သားသတ်သမား၏ ဓားမသိုင်း၏ လောင်းရိပ်အောက်မှလည်း ထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။
သက်တံရောင်ဓားကို ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ သူ့အပိုင် ဓားသိုင်းကို ရှာတွေ့သွားရုံတင်မကဘဲ သူ့နှလုံးသားတွင် အုံ့ဆိုင်းညှို့မှိုင်းနေခဲ့သော တိမ်စိုင်များကိုလည်း တိုက်ခိုက်ဖယ်ရှားခဲ့ခြင်းဖြစ်၏။
စန်းဟွာ ချင်မူ့နောက်ကျောဆီသို့ လှမ်းကြည့်မိသည်။ ယဇ်ပလ္လင်ထက်တွင် လေ့ကျင့်နေသော ကောင်လေး၏ ပုံရိပ်က သူမအား အလေးအနက် အထင်ကြီးမိစေသည်။
အထူးသဖြင့် လက်ချောင်းနှစ်ချောင်းကို ဓားပမာ အသုံးပြုပြီး မျက်ခုံးနှစ်ဖက်ကြားကို ထိုးစိုက်လိုက်သော သူ၏နောက်ဆုံးဓားကွက်ဖြစ်သည်။ ထိုဓားကွက်တွင် ကိန်းဝပ်နေသော ခံစားချက်က တဟုန်ထိုး ထွက်ပေါ်လာခဲ့၏။ ရုတ်တရက် ပြုပြင်ပြောင်းလဲမှုကြောင့် ပြောင်းလဲနေသော ကမ္ဘာတစ်ခု၊ သွေးညှီနံ့များ ပျံ့လွင့်နေသော လေပြင်းမုန်တိုင်းကြား၌ တစ်ဖက်ဆီသို့ တစ်ဖက် ချီတက်ရင်း တိုက်ခိုက်နေကြသော လူပေါင်းများစွာ သူမ မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ချင်မူ စောစောက ထုတ်ဖော်ကစားခဲ့သော ဓားကွက်များက ရှုပ်ထွေးကာ အနုစိတ်ခဲ့သော်လည်း စိတ်ဝိညာဉ်မပါပေ။ ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’က အင်အားကြီးမားပြီး ရဲရဲဝံဝံ ချီတက်သွားသည့် ကောင်းကင်နတ်ဘုရားတစ်ပါး၏ စိတ်ဝိညာဉ်မျိုး ရှိပါသော်လည်း ‘တောင်တန်းများနှင့် မြစ်ပြင်’ကိုသာ ဖော်ကျူးပြသသွားခဲ့သည်။
‘ခိုင်ဧကရာဇ်ဓားတွင် သွေးပင်လယ်ဖြာသည်’ ဓားကွက်တွင် သတ်ဖြတ်လိုသော စိတ်အဟုန်တို့ ပြည့်နှက်ပြင်းထန်နေခဲ့ပြီး ဓားနတ်ဘုရားတစ်ပါး၏ အဟန့်အထည်မျိုး ရှိပါသော်လည်း ဓားအာရုံသည် အာဇာနည်စစ်သည်တော်များကို အောက်မေ့သတိရပြီး အတိတ်အား စွဲလမ်းနေသေး၏။
‘ချုံဧကရာဇ်ကပ်ဘေး’ မှာလည်း ချုံဧကရာဇ်ခေတ်၏ သေကြေပျက်စီးမှုများကို ဖော်ကျူးပြသရင်း ဝမ်းနည်းကြေကွဲဖွယ်ကောင်းခဲ့သည်။
ဓားကွက်သုံးကွက်တွင် အားသာချက်များရှိသလို၊ အားနည်းချက်များလည်း ရှိ၏။
စိတ်ဝိညာဉ်အရ သုံးကွက်စလုံးသည် ချင်မူ၏နောက်ဆုံးဓားကွက်အောက် နိမ့်ကျနေသကဲ့သို့ စန်းဟွာ ခံစားရသည်။ တိုက်ပွဲတွင် မည်သည့်ဓားကွက်က ပိုမိုအားကောင်းပြင်းထန်မည်ကိုတော့ သူမ ရှင်းရှင်းလင်းလင်း မပြောတတ်ပေ။
“ခမ်းနားလိုက်တဲ့ ဓားသိုင်း” သူမက ထရပ်ပြီး ချင်မူ့ဘေးသို့ လျှောက်သွားလိုက်သည်။ “ဒါ ဘာဓားသိုင်းလဲ”
“ကပ်ဘေးဓား”
ချင်မူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ သူမ လျှောက်လာသည်ကို မြင်တွေ့ရသည်။ စန်းဟွာက အဝေးသို့ မော့ကြည့်လိုက်၏။
ရုတ်တရက် လေပြင်းတစ်ချက်က သူတို့၏မျက်နှာများအား တိုးဝှေ့တိုက်ခတ်သွားပြီး မယုံနိုင်လောက်အောင် ကြီးမားသော ခပ်ချောချော ကျားကြီးအသွင် ပြောင်းသွား၏။ ကျားကြီးတွင် အဝါအနက်အစင်းကြောင်းများ ရှိပြီး အမွှေးများလှုပ်ရှားသွားတိုင်း နူးညံ့အိစက်စွာ လှုပ်ခါသွားတတ်၏။ သူ့နားနှစ်ဖက်ပေါ်၌လည်း နူးညံ့သော အမွှေးဖွားဖွားများ ရှိနေသည်။
“ခမ်းနားလိုက်တဲ့ ဓားသိုင်း... တကယ် အထင်ကြီးစရာကောင်းတယ်”
ကျားနတ်မင်းက ယဇ်ပလ္လင်၏ လှေကားထစ်များအတိုင်း တက်လာသည်။ လမ်းဝက်သို့ ရောက်သည့်အခါ သူ့ရုပ်သွင်သည် ကျားခေါင်းနတ်ဘုရားတစ်ပါးပုံစံ ပြောင်းသွားပြီး ချင်မူ့ဆီသို့ လမ်းလျှောက်လာ၏။ သူ စကားပြောသည့်အချိန်တွင် သူ့အသံကြီးက ဟိန်းထွက်နေသည်။ “ဘာလို့ ကပ်ဘေးဓားလို့ ခေါ်တာလဲ”
ကျားနတ်မင်းသည် ဤကမ္ဘာသို့ ဆင့်ခေါ်ခံလိုက်ရသော တန်ခိုးရှင်သစ်ခုတ်သမား၏ စီးတော်ကျား ဖြစ်သည်။ သူက တန်ခိုးရှင်သစ်ခုတ်သမားကို စစ်ပွဲအတွင်းသို့ သယ်ဆောင်လာခဲ့ပြီး အလွန်ရဲစွမ်းသတ္တိရှိ၏။
ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားမိသည်။ ကျားနတ်မင်း ရှေ့တန်းမှ ပြန်ရောက်လာခြင်းကို ကြည့်ခြင်းအားဖြင့် သူ့သခင်သည် ရှေ့တန်းရှိ မိစ္ဆာနတ်ဘုရားများကို နှိမ်နင်းခဲ့ပြီးလိမ့်မည်။ “ကပ်ဘေးဆိုတာ ကောင်းကင်နဲ့ မြေကြီး ရဲ့ ပြောင်းလဲမှုကို ရည်ညွှန်းတာပါ .... သဘာဝကပ်ဘေးတွေ၊ ကောင်းကင်နတ်ဆိုးမျိုးနွယ်တွေရဲ့ ကျူးကျော်မှုနဲ့ မီးဘေးရေဘေးကြောင့် ကောင်းကင်နဲ့မြေကြီးဟာ ပြောင်းလဲသွားတတ်ပါတယ်... ကောင်းကင်နဲ့မြေကြီးရဲ့ ပြောင်းလဲမှုဆိုတာ လူသားတွေရဲ့ အတွေးအခေါ် ပြောင်းလဲလာမှုနဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်သိုင်းကွက်တွေကို မဟာတာအိုအဖြစ် ပြုပြင်ပြောင်းလဲမှုဆိုလည်း ဟုတ်ပါတယ်”
ကျားနတ်မင်းက မထီမဲ့မြင် ပြောလာသည်။ “လူသားတွေရဲ့ စိတ်နှလုံးတွေ၊ ကောင်းကင်နတ်သိုင်းတွေ၊ ဥပဒေတွေ၊ လမ်းစဉ်တွေကို ပြောင်းလဲပေးတာတဲ့လား... တယ်မောက်မာတဲ့ လေသံပဲ... မင်းရဲ့ ဓားကွက်တစ်ကွက်တည်းနဲ့ ဒီကမ္ဘာကို ပြောင်းလဲပေးနိုင်လား... ဒီစကြဝဠာကို ပြောင်းလဲပေးနိုင်လား.... သက်ရှိအားလုံးရဲ့ အတွေးအခေါ်တွေကို ပြောင်းလဲပေးနိုင်လား.. မင့်ဓားကွက်က မဆိုးပါဘူး ... ဒါပေမဲ့ မင်းက ရည်မှန်းချက်ကြီးလွန်းနေတယ်”
ချင်မူ့အကြည့်က စူးရှတောက်ပလာပြီး သူ့လေသံတွင် စိတ်လှုပ်ရှားမှုပြည့်နေသည်။ “လူသားတွေရဲ့ စိတ်နှလုံးပြောင်းလဲလာရင် နတ်ဘုရားတွေကို ကြောက်တော့မှာ မဟုတ်ဘူး... နတ်ဘုရားတွေကို မကြောက်တော့ရင် နတ်ဘုရားတွေမှာ အစွမ်းအာဏာတွေ ကင်းမဲ့သွားလိမ့်မယ်... ဒီလိုဖြစ်လာတဲ့အခါ ကောင်းကင်နတ်သိုင်းတွေဟာ လွတ်လွတ်လပ်လပ် ပြောင်းလဲနိုင်သွားပြီ။ ဥပဒေတွေ ပြောင်းလဲလာသလို၊ လမ်းစဉ်တွေလည်း ပြောင်းလဲလာမယ်.. အဲဒီလိုနဲ့ ကောင်းကင်နဲ့ မြေကြီးလည်း ပြောင်းလဲလာလိမ့်မယ်”
စန်းဟွာ သူမဘေးရှိ စိတ်အားတက်ကြွနေသော ကောင်လေးကို ငေးကြည့်လိုက်မိသည်။ ကျားနတ်မင်းလို အရှိန်အဝါရှိသော ပုဂ္ဂိုလ်တစ်ယောက်၏ ရှေ့မှောက်၌ပင် သူကား ကြောက်ရွံ့မှု စိုးစဉ်းမျှ ရှိမနေပေ။
ချင်မူက အမှောင်ထဲရှိ စိတ်မချမ်းမြေ့ဖွယ် စစ်မြေပြင်ဆီသို့ လက်ညှိုးထိုးလိုက်သည်။ သူ့အသံမှာ အတန်ငယ် အက်ကွဲနေသော်လည်း အလွန်ဆွဲဆောင်မှု ရှိနေ၏။
“ကြည့်... ဒါက လူတွေ သူတို့ကို ကြောက်အောင်၊ လေးစားအောင်၊ ကိုးကွယ်ကြအောင် နတ်ဘုရားတွေနဲ့ မိစ္ဆာနတ်ဆိုးတွေ ကျုပ်တို့အပေါ် ပစ်ချခဲ့တဲ့ကပ်ဘေးပဲ.... ကျွန်တော်ရဲ့ ကပ်ဘေးဓားက လူတွေရဲ့စိတ်နှလုံးကို ပြောင်းလဲပေးမယ့် ကပ်ဘေး.... ကောင်းကင်နတ်သိုင်းတွေနဲ့ လမ်းစဉ်တွေကို ပြောင်းလဲပေးမယ့် ကပ်ဘေးကို ဖွင့်လှစ်ပေးမှာ .... အဲဒီကနေစပြီး ကျွန်တော် လောကကြီးကို ပြောင်းလဲနိုင်လိမ့်မယ်”
ချင်မူမှာ စိတ်အားပြင်းထန်သထက် ပြင်းထန်လာသည်။ စန်းဟွာမှာ သူ ပြောနေသည်ကို နားမလည်သော်လည်း သူ့ရင်ထဲတွင် အရှိန်အပြင်းတောက်လောင်နေသော စိတ်အားထက်သန်မှုကို ခံစားနေရ၏။
ကောင်လေးသည် သူ့စကားနားထောင်အောင် လုပ်နိုင်သည့် ညှို့ဓာတ်မျိုး ရှိနေပြီး သူ့ခံစားချက်အတိုင်း မျောပါခံစားမိဘဲ မနေနိုင်အောင် ဖမ်းစားနိုင်သည်။
ကျားနတ်မင်းက ယဇ်ပလ္လင်ထိပ်သို့ ရောက်လာသည်။ သူ့ခန္ဓာကိုယ်က ချင်မူတို့ထက် များစွာကြီးမားသဖြင့် သန်မာအားကောင်းသော ဖိအားတစ်ခုကို ခံစားရစေ၏။
ဤကျားနတ်မင်းက ချင်မူ့ကို ငုံ့ကြည့်ပြီး ပြုံးလိုက်သည်။ “မင်းက ထူးခြားမှန်း ငါ သိနေပါတယ်.... မင်းပြောသွားတဲ့ စကားအားလုံး ငါ နားမလည်ပေမယ့် သိပ်အင်အားကြီးတယ်လို့ ခံစားရတယ်... မင်းရဲ့ ဓားကွက်နာမည်က ဘာလို့ခေါ်လဲ”
ချင်မူက သူ့ကို မော့ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “ကပ်ဘေးဖွင့်ဓား”
ကျားနတ်မင်းမှာ အတန်ငယ် မှင်သက်သွားမိသည်။ “လူ့စိတ်နှလုံးကို ပြောင်းလဲဖို့အတွက်.... ကောင်းကင်နတ်သိုင်းတွေကို ပြောင်းလဲဖို့အတွက်... လမ်းစဉ်တွေကို ပြောင်းလဲဖို့အတွက် ကပ်ဘေးကို ဖွင့်လှစ်မယ်တဲ့လား... သိပ်ကြီးကျယ်တဲ့နာမည်ပဲ”
စန်းဟွာလည်း အတန်ငယ်နားလည်လိုက်သည်။ သူမဘေးတွင် ရပ်နေသည့် အခြားကမ္ဘာမှ ကောင်လေးသည် သူတို့ကို ဒုက္ခပေးနေသော နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများဆီသို့ ကပ်ဘေးကြီး စေလွှတ်မည်ဖြစ်သောကြောင့် သူ၏ဓားကွက်ကို ကပ်ဘေးဖွင့်ဓားဟု ခေါ်ခြင်းဖြစ်သည်။
ကပ်ဘေးဖွင့်ဓားသည် အရိုးစွဲနေသော အလေ့အကျင့်များကို ပြောင်းလဲပေးမည့်၊ နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ ဘဝများကို ပြောင်းလဲပေးမည့် ပြုပြင်ပြောင်းလဲရေးလမ်းစဉ်ကို လျှောက်လှမ်း၏။
“မင်းရဲ့ ကပ်ဘေးဓားမှာ ဓားကွက်ဘယ်နှစ်ကွက် ရှိလဲ” ကျားနတ်မင်းက မေးသည်။
ချင်မူ ရှက်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “အခုထိတော့ တစ်ကွက်ပဲ ရှိပါသေးတယ်... ဒီဓားကွက်လေးတစ်ကွက် ဖန်တီးဖို့တောင် ဦးနှောက်ထဲ ရှိသမျှ အသိအမြင်အားလုံး သုံးလိုက်ရသလိုပဲ”
“အေး ဒီလောက်တော့ ဖြစ်သင့်ပါတယ်... မင်းအရွယ်နဲ့ ဘယ်များများစားစား သိဦးမှာလဲ” ကျားနတ်မင်း၏ နှုတ်ခမ်းမွှေးများက ချင်မူ့မျက်နှာကို လာထိုးနေ၏။ “မင်းအသက်အရွယ်နဲ့ ဓားသိုင်းတစ်ခု တွေ့သွားတာပဲ တော်တော် ချီးကျူးစရာကောင်းနေပြီ.... ငါက ငါ့အရှင် မင်းကို လာခေါ်ခိုင်းလို့ လာခေါ်တာ... သူက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ဖို့ မင်းကို လိုနေတယ်တဲ့... လာ လိုက်ခဲ့”
ချင်မူ အတန်ငယ် မှင်သက်သွားသော်လည်း စိတ်လှုပ်ရှားလာ၏။ “တန်ခိုးရှင်သစ်ခုတ်သမားက ကျွန်တော့်ကို တွေ့ချင်တယ်ဟုတ်လား”
ကျားနတ်မင်းက ကျားအသွင်ပြန်ပြောင်းကာ ပြောလိုက်သည်။ “ငါ ပြောတာ မကြားလိုက်ဘူးလား... သူက တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်နေတုန်း မင်းကို တွေးမိလိုက်လို့ လာစေချင်နေတယ်... ငါ့ကျောပေါ် တက်... လမ်းပေါ်မှာ ပြေးလွှားနေတဲ့ မိစ္ဆာနတ်ဆိုးတွေ ရှိသေးတယ်... မင်းဘာသာမင်း သွားနေရင် ရောက်မှာမဟုတ်ဘူး”
“တန်ခိုးရှင်သစ်ခုတ်သမားက တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်ဟုတ်လား... တိုက်ခိုက်နေတယ်ဆိုရင် ကျွန်တော့်ကို ဘာအတွက် လိုတာလဲ”
ချင်မူမှာ ဇဝေဇဝါ ဖြစ်နေသော်လည်း ကျားနတ်မင်း၏ ကျောပေါ် တက်လိုက်သေးသည်။ စန်းဟွာကလည်း ကပျာကယာ ခုန်တက်ကာ ပြောလိုက်၏။ “ကျွန်မအဖေလည်း ရှေ့တန်းမှာပဲ ရှိသေးတယ်.... သူ့ကို သွားရှာချင်တယ်”
ခံ့ညားထည်ဝါသော အဝါအနက်စင်းများဖြင့် ကျားနတ်မင်းက ရှေ့တန်းဆီသို့ တရှိန်ထိုး ပြေးသွားသည်။ သူ၏အမြန်နှုန်းက လေအလျင်ကဲ့သို့ မြန်လှပေသည်။
သူ၏ကိုယ်လုံးကြီးက ကြီးမားသော်လည်း တောင့်တင်းသန်မာသော ကြွက်သားများ ပြည့်နေသည့်အပြင် ပြေးသည့်အချိန်တွင်လည်း အသံတစ်ချက်မှ မထွက်ပေ။
‘ဖက်တီးနဂါးထက် အများကြီးမြန်တယ်’
ချင်မူမှာ လက်သီးတင်းတင်းဆုပ်ပြီး ရင်နာလာသည်။ နဂါးချီလင်က ယခင်ထက် ပိုမြန်လာသော်လည်း ခြေလှမ်းများက အလွန်လေးလံသည့်အတွက် ခြေကုန်သုတ်ပြေးလျှင် ကျောက်ခဲများ အစိတ်စိတ်အမြွှာြမွှာ ကွဲကြေရတတ်သည်။
စန်းဟွာမှာ ညအမှောင်ထုကို ကြည့်ကာ စိတ်ပူနေသည်။ ကျားနတ်မင်းက စစ်မြေပြင်မှ ထွက်ကာ ရှေ့တန်းတစ်လျှောက် ပြေးနေ၏။ သူတို့ဦးတည်နေသည်မှာ ကောင်းကင်နတ်ဆိုးများ စခန်းချထားသော လီမြို့ဆီသို့ ဖြစ်သည်။ ထိုနေရာတွင် ကောင်းကင်နတ်ဆိုးမျိုးနွယ် မိစ္ဆာနတ်ဘုရားများစွာ စုဝေးနေပြီး အစစ်အမှန်မိစ္ဆာဖုရွေ့လော်လည်း ရှိနေသည်။
လီမြို့ ကျူးကျော်ခံခဲ့ရတုန်းက ဖုရွေ့လော်ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူက သူ၏မိစ္ဆာသိုင်းကွက်များးဖြင့် မြို့ထဲရှိ ပြည်သူများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ အစစ်အမှန်နတ်ဘုရားနှစ်ပါးပင် သူ့ကြောင့် သေဆုံးခဲ့ရ၏။ ဖုရွေ့လော်မှာ အမှန်တကယ် ကြောက်စရာကောင်းချေသည်။
ကျားနတ်မင်းက စစ်တပ်ကြီးကို ခုန်ကျော်၍ မြို့ထဲသို့ တန်းတန်းမတ်မတ် ဝင်လိုက်သည်။ ဤသို့ လုပ်လိုက်ခြင်းကား သေမင်းကို လက်ယပ်ခေါ်လိုက်ခြင်း ဖြစ်မနေဘူးလော...
“ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်မှာ အစစ်အမှန်နတ်ဘုရားအထုံပါရမီ ရှိမရှိ ဘယ်လိုဆုံးဖြတ်လဲ” ချင်မူက သတိရသွား၍ သူ့ဘေးရှိ မိန်းကလေးကို မေးလိုက်သည်။ “နင်တို့တွေ ဘယ်လိုကျင့်ကြံကြတာလဲ”
စန်းဟွာက ရင်ထဲရှိ ပူပန်နေမှုကို မြိုသိပ်ကာ ပြောလိုက်သည်။ “အရင်ဆုံး ငါတို့ အထုံပါရမီကို ကြည့်တယ်... ဘုရင်အထုံပါရမီ ပါတဲ့ ဝိညာဉ်ခန္ဓာဆို အလားအလာကောင်းတယ်.... နာမည်ကျော်ကြားတဲ့ ဆရာတစ်ယောက်နဲ့ လေ့ကျင့်ပေးလိုက်ရင် သူတို့ရဲ့ရုပ်ခန္ဓာက အစစ်အမှန်နတ်ဘုရားငယ်တစ်ပါးနီးနီး သန်မာအားကောင်းလာမယ်... အဲဒါအပြင် ငါတို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ နတ်ဘုရားနှိမ်စေတီလို့ခေါ်တဲ့ စမ်းသပ်မှုတစ်ခု ရှိတယ်... စေတီထဲကနေ ထွက်လာနိုင်ရင် အစစ်အမှန်နတ်ဘုရားအထုံပါရမီရှိတဲ့ လူအဖြစ် အသိအမှတ်ပြုလိမ့်မယ်”
ချင်မူ သူမကို မျက်တောင်ပုတ်ခတ်၍ ကြည့်လိုက်မိသည်။ “နတ်ဘုရားနှိမ်စေတီ ဟုတ်လား အဲဒါ ဘာကြီးလဲ”
စန်းဟွာ မဖြေခင် ကျားနတ်မင်း၏အသံက သူတို့ဆီ ရောက်လာ၏။ “နတ်ဘုရားနှိမ်စေတီဆိုတာ ခိုင်ဧကရာဇ်ခေတ်တုန်းက ရုပ်ခန္ဓာအစွမ်းအစတွေကို စမ်းသပ်ဖို့ သုံးတဲ့ ရတနာပဲ... အဲဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်တာနဲ့ပဲ အစစ်အမှန်နတ်ဘုရားအထုံပါရမီ ရှိပါတယ်လို့ ပြောလို့မရဘူး... ရုပ်ခန္ဓာက အစစ်အမှန်နတ်ဘုရားငယ်အတိုင်းအတာ ရောက်သွားတာလောက်ပဲ ရှိသေးတယ်
“ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ နတ်ဘုရားနှိမ်စေတီကို ဖြတ်ကျော်နိုင်ခဲ့တဲ့လူတွေကထဲမှ အလွန်ဆုံးတစ်ဝက်လောက်ပဲ အစစ်အမှန်နတ်ဘုရားအထုံပါရမီ ရှိကြတယ်.... အစစ်အမှန်နတ်ဘုရားဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်ပဲ... အစစ်အမှန်နတ်ဘုရားရဲ့ ကျင့်စဉ်တွေကို ကြိုးစားပမ်းစား ကျင့်ကြံရုံနဲ့ ဘယ်သူမဆို အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆက ဘယ်ကနေ ရောက်တာတုန်း”
စန်းဟွာလည်း သိချင်လာမိသည်။ “ကျားနတ်မင်း ... အဲဒီတိုင်းဆို ဘယ်လိုမျိုးမှ အစစ်အမှန်နတ်ဘုရားအထုံပါရမီ ရှိတယ်လို့ သတ်မှတ်နိုင်တာလဲ”
“အထုံပါရမီစစ်စစ်ဆိုတာ ရုပ်ခန္ဓာမှာပဲ မူတည်တာမဟုတ်ဘူး.... မူလဝိညာဉ်ပေါ်မှာလည်း မူတည်သေးတယ်... မူလဝိညာဉ်ဆိုတာ ဝိညာဉ်သန္ဓေသားနဲ့ ဝိညာဉ်ပဲ မဟုတ်လား... မင်းရဲ့ ဝိညာဉ်သန္ဓေသားက အစစ်အမှန်နတ်ဘုရားအထုံပါရမီအဆင့် ရောက်ပြီလား.... မင်းရဲ့ဝိညာဉ်ကရော အစစ်အမှန်နတ်ဘုရားအထုံပါရမီ ရောက်ပြီလား
“မူလဝိညာဉ်အပြင် စိတ်အခြေအနေလည်း ရှိသေးတယ်.... ဒါပေမဲ့ စိတ်အခြေအနေက နတ်ဘုရားအဆင့် ရောက်သွားရင်တောင်မှ အစစ်အမှန်နတ်ဘုရားဖြစ်ဖို့ မလုံလောက်သေးဘူး... ကောင်းကင်နတ်သိုင်းတွေနဲ့ လမ်းစဉ်တွေလည်း ကျန်သေးတာကြောင့်ပဲ” ကျားနတ်မင်းက ရှင်းပြသည်။
“မင်းတို့ကောင်ကင်နတ်သိုင်းပညာရှင်တွေ ထင်နေတဲ့ အစစ်အမှန်နတ်ဘုရားအထုံပါရမီဆိုတာက တကယ့်အမှန်တရားနဲ့ အများကြီးဝေးနေသေးတယ်... ဥပမာ ... ကောင်လေး မင့်နာမည် ဘယ်လိုခေါ်လဲ”
“ချင်မူပါ” ချင်မူ ကပျာကယာ ထပ်ဖြည့်ပြောလိုက်သည်။ “လက်ရှိ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်”
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ဟုတ်လား... တစ်ခါမှ မကြားဖူးဘူး”
ချင်မူ့အမူအရာ မည်းမှောင်သွားသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း တည်ထောင်ခဲ့ကတည်းက လူတိုင်းသည် သစ်ခုတ်သမားအား အထွတ်အမြတ်ဆရာသခင်အဖြစ် မြင်ခဲ့ကြ၏။ သူ၏စီးတော်ကျားက သူတို့အကြောင်း တစ်ခါမှမကြားဖူးဘဲ နေလိမ့်မည်ဟု ထင်ထားလိမ့်မည်မဟုတ်ပေ။
ကျားနတ်မင်းက ဆက်ပြောသည်။ “ဥပမာ ချင်မူဆိုကွာ.... သူ့အစွမ်းအစတွေက အားမနည်းဘူး... ဒါပေမဲ့ မင်းမျက်လုံးထဲမှာ သူ့ရုပ်ခန္ဓာက အစစ်အမှန်နတ်ဘုရားအထုံပါရမီကို မပိုင်ဆိုင်ထားဘူးလေ... ဒါတောင် သူက သူ့ရဲ့သန်မာအားကောင်းတဲ့ အစွမ်းအစတွေကို သုံးပြီး... အစစ်အမှန်နတ်ဘုရားအထုံပါရမီ ရှိပါတယ်ဆိုတဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေကို တိုက်ခိုက်နိုင်ခဲ့သေးတယ်မဟုတ်လား”
“ကျွန်တော်က လောကသခင်ခန္ဓာမလို့ပါဗျ” ချင်မူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“လောကသခင်ခန္ဓာဟုတ်လား... တစ်ခါမှ မကြားဖူးဘူး” ကျားနတ်မင်းက ညအမှောင်ခွင်းလျက် တရှိန်ထိုး ပြေးနေသည်။ “မင်းရဲ့ ဓားသိုင်းက လမ်းစဉ်အဆင့်နဲ့ သိပ်နီးကပ်နေပြီ ... ဒါကြောင့် လမ်းစဉ်တွေ၊ ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ပတ်သက်ပြီး မင်းရဲ့ အသိအမြင်ဟာ အစစ်အမှန်နတ်ဘုရားအထုံပါရမီအဆင့် ရောက်တော့မယ်... ဒါပေမဲ့ မင်းရဲ့စိတ်အခြေအနေက နည်းနည်းနိမ့်ကျနေသေးတယ်.... သန်မာသင့်သလောက် မသန်မာသေးဘူး
“မူလဝိညာဉ်ကတော့ သိပ်သန်မာအားကောင်းလွန်းလို့ လက်ရှိမျိုးဆက်ကောင်းကင်နတ်သိုင်းပညာရှင်တွေကြားမှာ ပထမတန်းစားလို့တောင် သတ်မှတ်လို့ရတယ်... ဒါကြောင့် အစစ်အမှန်နတ်ဘုရားအထုံပါရမီရှိတဲ့ လူငယ်တွေနဲ့ သူ တိုက်ခိုက်နိုင်ခဲ့တာပဲ... ငါတို့ လီမြို့ ရောက်ပြီ”
သူတို့အရှေ့တွင် မီးတောက်မီးလျှံများက ကောင်းကင်ယံသို့တိုင် ရိုက်ခတ်နေသည်။ ကြီးကျယ်ခမ်းနားသော မြို့ကြီးတစ်မြို့လုံး မီးရောင်များဖြင့် လင်းထိန်နေ၏။ မြို့အထက်တွင် မိစ္ဆာနတ်ဘုရားများနှင့် ကောင်းကင်နတ်ဆိုးများ ရပ်နေကြသည်။
စန်းဟွာမှာ ဤမြင်ကွင်းကို ကြည့်ရင်း ကြောက်လန့်နေ၏။ သို့တိုင်အောင် မိစ္ဆာနတ်ဘုရားများနှင့် ကောင်းကင်နတ်ဆိုးများက ကျားနတ်မင်းကို တားခြင်းမရှိသလို၊ စကားတစ်ခွန်းမှမဆိုဘဲ မြို့ထဲ ဝင်ခွင့်ပြုလိုက်သည်။
၎
င
၎
၎