စစ်ကြေညာခြင်း
Vol. 18 Ch. 261
ဟော်ထျန်း သတိလစ်သွားသည်။
သူ့ခြေလက်များလည်း တကယ်ကျိုးကုန်ပါပြီ။
စီးပွားရေးသူဌေးကြီးများစွာ ဒီမြင်ကွင်းကို မြင်သွားကြပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။
လင်းဖန် တကယ်လုပ်လိုက်ပါပြီ။
ဟော်ထျန်း၏ လက်တစ်ဖက်တည်းတင်မကဘဲ ဟော်ထျန်း၏ ခြေလက်များကို ရိုက်ချိုးလိုက်ခြင်း ဖြစ်၏။
တခြားသူတွေ မလုပ်ရဲတာမျိုးကို လင်းဖန် လုပ်လိုက်ပြီး ဒီနေ့ ဟော်မိသားစုကို တိုက်ခိုက်ခဲ့ပါသည်။
အားလုံး အလွန်တုန်လှုပ်သွားကြ၏။
ဘယ်သူမှ မသေသေးသရွေ့ ရဲတွေတောင် ဘာမှ မလုပ်နိုင်ပါ။
ထို့အပြင် ရဲတွေ ရောက်လာရင်တောင် လင်းဖန်ကို ဘာမှ မလုပ်နိုင်ပါ။
အစကတည်းက ရှားဝမ်ချွေ့ကို ခြိမ်းခြောက်ခဲ့တာ ဟော်ထျန်းပဲဖြစ်သည်။
နောက်တော့ ဟော်ချန်ထျန်းကလည်း လင်းဖန်၏ ခြေလက်တွေကို ရိုက်ချိုးဖို့ အရင်ခြိမ်းခြောက်သည်။
လင်းဖန်က မိမိကိုယ်ကို ကာကွယ်ခြင်းသာ ဖြစ်၏။
ဟော်ထျန်း၏ ခြေလက်များကို ရိုက်ချိုးပြီးနောက် အကျိုးဆက်တော့ ရှိလာနိုင်ပါသည်။
သေချာပေါက် သူ့ဆေးဖိုးဝါးခများကို လင်းဖန် ပေးရလိမ့်မည်။
ဆေးဖိုးဝါးခ ယွမ် သိန်းဂဏန်းလောက်ကို လင်းဖန်ဂရုမစိုက်ပါ။
ဟော်ထျန်းက ရှားဝမ်ချွေ့ကို အနိုင်ကျင့်ချင်သဖြင့် ဟော်မိသားစု၏ ကြမ်းတမ်းမှုကြောင့် သူနောက်ဆုတ်မိလျှင် ပို၍ပင် အနိုင်ကျင့်ခံရနိုင်ပါသည်။
ဟော်ချန်ထျန်း၏ မျက်နှာက အလွန်ခက်ထန်နေပြီး ဟော်ထျန်းကို ဆေးရုံကားဆီ လိုက်ပို့လိုက်သည်။
ဟော်ချန်ထျန်းက တစ်ခုခုပြောဖို့ ပြင်လိုက်သော်လည်း လင်းဖန်က ဖြတ်ပြောလိုက်ပါသည်။
"ဟော်မိသားစု ကျုပ်ကို ပစ်မှတ်ထားချင်ရင် အချိန်မရွေး ကြိုဆိုတယ်နော်။"
လင်းဖန်က ဟော်ချန်ထျန်းကို ကြည့်လိုက်ပြီး စီးပွားရေးစင်တာထဲက ရှားဝမ်ချွေ့နဲ့ လင်းချမ့်ဝေတို့နဲ့ အတူတူ ထွက်သွားတော့သည်။
ဟော်ချန်ထျန်း ဘာမှ မပြောလိုက်နိုင်ပေ။
သူ့အမြင်တွင် လင်းဖန်က မောက်မာလွန်းသည်။
နောက်တစ်ခေါက် ဟော်မိသားစု၏ အပြည့်အဝ ကလဲ့စားချေမှုအတွက် သူစောင့်နေမည်ဖြစ်သည်။
လင်းဖန်နဲ့ ဟော်ချန်ထျန်းတို့ ပြန်သွားကြတော့ စီးပွားရေးစင်တာထဲက လူတွေအားလုံး တုန်လှုပ်လျက်သား ကျန်ခဲ့ကြလေသည်။
"ဘုရားဘုရား... လင်းဖန်က အရမ်းကြမ်းတာပဲ။ ဟော်မိသားစုကို ဘာမှ မဟုတ်သလိုမျိုး စစ်ကြေညာလိုက်တယ်။"
"ဟော်ထျန်း ခြေလက်တွေကို လင်းဖန် ချိုးပစ်လိုက်တာ။ အဲ့တာ ရှားဝမ်ချွေ့ကို အနိုင်ကျင့်တဲ့ ဟော်ထျန်းရဲ့ အပြစ်ပဲလေ။"
"ဒါ ကြောက်စရာ တိုက်ပွဲကြီး ဖြစ်လာတော့မှာပဲ။ ဟော်ကော်ပိုရေးရှင်းက စျေးကွက်တန်ဖိုး ဘီလီယံရာချီပြီး ရှိတဲ့ ကုမ္ပဏီတစ်ခုပဲ။ လင်းဖန်က ဒီတိုင်း ဆယ်လီတစ်ယောက်သာသာပဲ ရှိတာ။ ဒီနေ့ ဟော်ကော်ပိုရေးရှင်းက လူအင်အားအရ ရှုံသွားတယ်ဆိုပေမယ့် နောက်တစ်ခေါက်ဆို လင်းဖန် တော်တော် အခြေအနေဆိုးလောက်တယ်။"
"လင်းဖန် ဒီလိုလုပ်ရဲတာ အားကိုးစရာ တစ်ခုခုရှိလို့ဖြစ်မယ်လို့ မထင်ကြဘူးလား။"
"လင်းဖန်ရဲ့ ကျောထောက်နောက်ခံ ဘာရှိလို့လဲ။ ဟော်မိသားစု ကလဲ့စားချေတာကို ခံနိုင်ရည်ရှိပါ့မလား။"
"လင်းဖန်က ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဖြစ်တဲ့ပုံပဲနော်။ သူ့အဆင့်အတန်းကလည်း သာမန် မဟုတ်ဘူး။”
"ဒါပေမယ့် ဟော်မိသားစုမှာ ဘုရင်မ ဟော်ရှင်းယု ရှိနေတယ်လေ။ သူက စီးပွားရေး ပါရမီရှင်ကြီးနော်။ လင်းဖန်ရဲ့ နောက်ကြောင်းရာဇဝင် ဘယ်လောက်ကောင်းကောင်း အရေးမကြီးတော့ဘူး။"
... ... ...
နှလုံးသားရေကန်ဗီလာသို့ ပြန်ရောက်သွားသောအခါ လင်းဖန်က အခန်းထဲတွင် အလွန် တည်ငြိမ်စွာ ရှိနေသည်။
ဟော်ရှင်းယုနဲ့ ပတ်သတ်သည့် အချက်အလက်များကိုလည်း ရှာတွေ့သွားသည်။
ဟော်ရှင်းယုက စီးပွားရေး ဘုရင်မတစ်ပါး ဖြစ်သည်။
သူမက မာနကြီးပြီး ယုံကြည်ချက် ပြည့်ဝသည်။ စီးပွားရေးအရ ပြိုင်ဘက်များစွာကို အနိုင်ယူခဲ့သူ ဖြစ်သည်။
ဟော်ကော်ပိုရေးရှင်းမှာ တစ်ချိန်တုန်းက ထိချက်ပြင်းပြင်း ခံစားခဲ့ရပြီး ၎င်းတို့၏ စျေးကွက်တန်ဖိုးကလည်း ဒေဝါလီခံရလုနီးပါး ကျဆင်းသွားခဲ့သည်။
ဟော်ရှင်းယု လှုပ်ရှားလိုက်မှ ဟော်မိသားစု အမြင့်ဆုံးကို ရောက်ရှိလာပြီး စျေးကွက်တန်ဖိုး ဘီလီယံရာချီရှိသည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။
စီးပွားရေးလောကတွင် ဟော်ရှင်းယုကို အားလုံး သိကြသည်။
သူမ၏ မောင်ကို သူမ အလွန်ချစ်မြတ်နိုးသူလည်း ဖြစ်၏။
ဟော်ရှင်းယုကြောင့်ပဲ ဟော်ထျန်းကို ဘယ်သူမှ မစော်ကားရဲကြခြင်း ဖြစ်သည်။
ဟော်ရှင်းယုသာ ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားလိုက်လျှင် ထိုကုမ္ပဏီ ခဏအတွင်း ဒေဝါလီခံသွားရနိုင်သည်။
ဟော်ကော်ပိုရေးရှင်း၏ အကြီးဆုံးရှယ်ယာဝင်က ဟော်ရှင်းယု၏ အဖေဖြစ်သည်။
ဒုတိယ အများဆုံး ရှယ်ယာဝင်က ဟော်ရှင်းယုဖြစ်၏။
ဟော်မိသားစုလို မိစ္ဆာမျိုးနဲ့ ရင်ဆိုင်လာရသောအခါ လင်းဖန်တစ်ယောက် ဟော်ရှင်းယုနဲ့ ဟော်မိသားစုတို့ကို တိုက်ရိုက်သာ ရင်ဆိုင် အနိုင်ယူချင်ပါသည်။
... ... ...
ဟော်မိသားစုတွင်
မိတ်ကပ်ကို ကျော့ရှင်းစွာ ခြယ်သထားသည့် အမျိုးသမီးတစ်ယောက်က မောက်မာသော မျက်လုံးများဖြင့် ထိုင်နေသည်။
သူမ မောင်ဖြစ်သူ၏ ခြေလက်များ အချိုးခံရကြောင်း ကြားလိုက်ရသောအခါ သူမ၏ မာန်မာနနဲ့ ဂုဏ်သိက္ခာအားလုံးကို စိန်ခေါ်ခံလိုက်ရသည်။
ဟော်ရှင်းယု အလွန်ဒေါသထွက်နေပါသည်။
သူမက ဟော်မိသားစု၏ သမီးကြီးဖြစ်ကာ ဒီလိုအရှက်ရမှုမျိုးနဲ့ တစ်ခါမှ မကြုံဖူးပေ။
"လင်းဖန် ဟုတ်လား" ဟော်ရှင်းယုက မျက်မှောင်ကြုတ်လိုက်၏။
"သရုပ်ဆောင်တစ်ယောက်ကများ ငါ့မောင်လေးရဲ့ ခြေလက်တွေကို ရိုက်ချိုးရဲတယ်။ ဒါဆို ငါလည်း ဒင်းရဲ့ ခြေလက်တွေကို အကုန်ပြန်ချိုးပြမယ်" ဟော်ရှင်းယုက ပြောလိုက်ပါသည်။
သူမ ခက်ထန်နေသည့်အခါ ဟော်မိသားစုဝင်အားလုံး ကြက်သီးများထကြသည်။
"စီအီးအိုဟော် ဘာလုပ်ဖို့ စီစဥ်ထားလဲ။ လင်းဖန်ကို တိုက်ခိုက်ဖို့ လူဘယ်နှယောက်လိုအပ်လဲ" လက်ထောက်က မေးလိုက်ပါသည်။
"လင်းဖန်ရဲ့ ခြေလက်တွေကိုချိုးမယ်ဆိုတာ သဘောတရားပြောတာ"
"လင်းဖန်ရဲ့ ကျောထောက်နောက်ခံ ထုတ်ပြစရာဆိုလို့ ခေတ်သစ်လီရှန်းဟိုတယ်ရဲ့ ဒုတိယ အများဆုံးရှယ်ယာဝင် ဖြစ်နေတာလေးပဲရှိတယ်။ ယွဲ့ဟွာကလူတွေနဲ့ ယွမ်ဟန်နည်းပညာက ယွမ်ချမ့်တို့နဲ့လည်း သိတယ်။"
"အဲ့တာဆိုရင် အဲ့ဒီကုမ္ပဏီ သုံးခုစလုံးကို အတူတူ ဖျက်ဆီးပစ်ကြတာပေါ့။"
... ... ...
အချိန်တစ်ရက်သာ ကြာလိုက်သည်။
နောက်တစ်နေ့မနက် ခေတ်သစ်လီရှန်းဟိုတယ် ပိုင်ရှင် ယန်ရှုက လင်းဖန်ကို ဖုန်းဆက်လာသည်။
"ဘော့စ်လင်း ကျွန်မတို့ ခေတ်သစ်လီရှန်းဟိုတယ်ကြီးတော့ သွားပြီထင်တယ်..."
"မနေ့ညက ပါဝင်ပစ္စည်းတွေ၊ ပရိဘောဂနဲ့ ကုန်ကြမ်း ကုန်သည်တွေအကုန်လုံး ကျွန်မတို့ ကုမ္ပဏီနဲ့ အဆက်အသွယ်ဖြတ်သွားကြပြီ။"
"အွန်လိုင်းပေါ်မှာလည်း မကောင်းသတင်းတွေ အများကြီးထွက်နေတယ်။ ကျွန်မတို့ပါတနာတွေကလည်း ကျွန်မတို့ ကုမ္ပဏီနဲ့ ပူးပေါင်းထားတာတွေ အကုန်ရပ်တန့်လိုက်ပြီ။ အခု ကုမ္ပဏီရဲ့ ရန်ပုံငွေတောင် ရပ်တန့်သွားပြီး အရင်းအနှီး ကွင်းဆက်တွေလည်း ပျက်စီးသွားပြီ။"
"ကျွန်မတို့ ကြယ်ငါးပွင့်ဟိုတယ်ကြီး... ဒေဝါလီ ခံရနိုင်တယ်။"
ယန်ရှုက ချောက်ချားမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
သူမက ဘီလီယံတန်ကြေးရှိသည့် ကုမ္ပဏီကြီးတစ်ခု၏ ဘော့စ်ဖြစ်သော်လည်း တစ်စုံတစ်ယောက်နဲ့ ရင်ဆိုင်လိုက်ရသည်။
ထိုလူက ဟော်မိသားစု၏ အကြီးဆုံးသမီးဖြစ်သူ ဟော်ရှင်းယု ဖြစ်ပါသည်။
ဟော်ရှင်းယုက စတင်လှုပ်ရှားလိုက်ပြီး ခေတ်သစ်လီရှန်းဟိုတယ်ကြီး၏ အရင်းအနှီးကွင်းဆက်ကို ပျက်ယွင်းအောင် လုပ်ကာ ၎င်းတို့ကို ဒေဝါခံရလုနီးပါးဖြစ်အောင် လုပ်လိုက်သည်။
ယွမ်ချမ့်၏ ယွမ်ဟန်နည်းပညာလည်း အရင်းအနှီးကွင်းဆက်များ ထိခိုက်သွားသည်။
ယွဲ့ဟွာဖျော်ဖြေရေးကတော့ ဘာမှမဖြစ်ပေ။
အဘယ့်ကြောင့်ဆိုသော် ယွဲ့ဟွာဖျော်ဖြေရေးက အစကတည်းက ကုမ္ပဏီအသေးစားလေး တစ်ခုသာ ဖြစ်သောကြောင့် ဖြစ်သည်။
ဒီကုမ္ပဏီလောက်လေးက ဟော်ရှင်းယု၏ မျက်လုံးထဲတောင် မဝင်ပါ။
ဟော်ရှင်းယု၏ ကလဲ့စားချေမှုက အလွန်မြန်ဆန်လွန်းသည်။
စီးပွားရေးလောကတစ်ခုလုံးကို ကြောက်ဒူးတုန်အောင် လုပ်နိုင်ခဲ့သည့် ဟော်ရှင်းယု ပြန်ပေါ်လာပါပြီ။
လင်းဖန်နဲ့ ပတ်သတ်နေသည့် ကုမ္ပဏီတိုင်း အထိနာသွားကြသည်။
ဘယ်ကုမ္ပဏီအတွက်မဆို အရင်းအနှီးကွင်းဆက်ကို ထိခိုက်ခြင်းကက အလွန်ကြောက်ဖို့ကောင်းသည့်အရာ ဖြစ်သည်။
ကုမ္ပဏီ၏ နေ့စဥ် လုပ်ငန်းဆောင်တာများအတွက် ငွေလိုအပ်သည်။ ဝန်ထမ်းများကို လစာ ပေးရမည်ဖြစ်ပြီး အခွန်အခများလည်း ပေးဆောင်ရသေးသည်။
ငွေမရှိပါက ကုမ္ပဏီတစ်ခု ဆက်လက်လည်ပတ်နိုင်တော့မှာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း ဒေဝါလီခံသွားရနိုင်ပါသည်။
ဥပမာအားဖြင့် တစ်ချိန်က အလွန်ရေပန်းစားခဲ့သည့် Ofo လည်း အချိန်တွေ ပြောင်းလဲလာတာနဲ့အမျှ ဖယ်ရှားခံလိုက်ရသည့် ထုတ်ကုန်တစ်ခု ဖြစ်သွားသည်။
ဟော်ရှင်းယု၏ နည်းလမ်းများက အလွန်ရက်စက်သည်ဟု ဆိုနိုင်ပါသည်။
ထိုကြောက်စရာ နည်းလမ်းက စီးပွားရေး လောကတစ်ခုလုံးကို လှုပ်ခါသွားစေသည်။
ဟော်မိသားစု၏ အကြီးဆုံးသမီးက ကွယ်ပျောက်နေရာမှ ပြန်ရောက်လာပြီး လင်းဖန်ကို အလဲထိုးလိုက်သည်။
သို့သော်လည်း လင်းဖန် မနာပါ။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။ ဟော်မိသားစု၏ အကြီးဆုံးသမီးဖြစ်နေရင်တောင် လင်းဖန်၏ သရုပ်မှန်ကို မသိနိုင်ပါ။
လင်းဖန်က LV နဲ့ Chanel တို့၏ အဓိက ရှယ်ယာဝင်ဖြစ်သည်။ ထိုကုမ္ပဏီနှစ်ခုက တရုတ်မှာလည်း ရုံးများ ရှိပါသည်။
Chanel နဲ့ LV တို့ နှစ်ခုစလုံးက ဘီလီယံ ရာချီပြီး တန်ကြေးရှိသည်။
လင်းဖန်က Bugatti ကော်ပိုရေးရှင်း၏ အဓိက ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်ပါသည်။ သာမန်လူတွေဆို ဒီလို လျှို့ဝှက် အချက်အလက်များကို ရှာတွေ့နိုင်မှာ မဟုတ်ပါ။
ထိုနိုင်ငံခြား ကုမ္ပဏီများက ဟော်မိသားစုကို ဖိနှိပ်ဖို့အတွက် လင်းဖန်ကို အကူအညီမပေးနိုင်လျှင် လင်းဖန်က Alibaba ၏ အဓိက ရှယ်ယာဝင်တစ်ယောက်ဖြစ်သေးပြီး စီအီးအိုမာကိုယ်တိုင်ကလည်း စောင့်ကြည့်နေရသူ ဖြစ်သည်။
ဟော်ထျန်း၏ ခြေလက်များကို ရိုက်ချိုးပြီးနောက် လင်းဖန်က ဒီကိစ္စကို ဆက်ပြီး အငြှိုးထားဖို့ အစီအစဥ်မရှိခဲ့ပါ။
သို့သော်လည်း ဟော်မိသားစု၏ ဟော်ရှင်းယုက ယန်ရှု၏ ကုမ္ပဏီနဲ့ ယွမ်ချမ့်၏ ကုမ္ပဏီတို့ကို ဖျက်ဆီးခဲ့သည်။
ယွမ်ချမ့်က လင်းဖန်၏ အစ်ကိုကြီးတစ်ယောက်လိုဖြစ်ပြီး သူ့ကုမ္ပဏီက လင်းဖန်နဲ့ ဘာမှ မသက်ဆိုင်ပါ။
သို့သော်လည်း ညီအစ်ကိုတွေလိုဖြစ်နေရုံနဲ့ ဟော်ရှင်းယုက ယွမ်ချမ့်၏ ကုမ္ပဏီကို တိုက်ခိုက်သဖြင့် လင်းဖန် ဒေါသထွက်သွားခဲ့သည်။
ယွမ်ဟန်နည်းပညာက လင်းဖန်၏ နည်းပညာ အဆောက်အဦးကို ငှားထားကြသူတွေလည်း ဖြစ်သည်။ သူတို့ နှစ်တိုင်း သန်းဆယ်ချီပြီး ငှားရမ်းခ ပေးရသည်။ ယွမ်ဟန်နည်းပညာသာ ပြိုလဲသွားပါက အဆောက်အဦးငှားခကို ဘယ်သူက ပေးတော့မှာလဲ။
ရန်သူက လင်းဖန်ကို ကလဲ့စားချေဖို့ ရွေးချယ်လိုက်သည်။
ထို့ကြောင့် လင်းဖန်လည်း ဘီလီယံရာချီပြီး တန်ဖိုးရှိသည့် ဟော်ကော်ပိုရေးရှင်းကို ပြိုလဲသွားအောင်လုပ်ဖို့ အကြောင်းအရင်းတစ်ခု ရသွားခဲ့ပါသည်။
"အစကတော့ ဒီကိစ္စကို ဒီလောက်နဲ့ ရပ်လိုက်မလို့ပဲ။"
"ဟော်မိသားစုက ငါ့ကို စစ်ကြေညာလိုက်ပြီ ဆိုတော့... ဟော်မိသားစုကို ကောင်းကောင်း တိုက်ခိုက်ပေးရသေးတာပေါ့။"
လင်းဖန်၏ မျက်လုံးများက ယုံကြည်ချက်များဖြင့် ပြည့်ဝနေသည်။
သမိုင်းဝင် စီးပွားရေးသမားကြီး ဟော်ရှင်းယုက ဘာတွေလုပ်နိုင်မလဲ သူမြင်ချင်သေးသည်။
အစကတော့ လင်းဖန် ဒီအဆက်အသွယ်ကို မသုံးချင်ခဲ့ပေ။
ဟော်မိသားစုက စတင်လှုပ်ရှားလာသဖြင့် အခုချိန်ကစပြီး လင်းဖန်လည်း သည်းခံနေမှာ မဟုတ်တော့ပါ။
ထိုအတွေးဖြင့် လင်းဖန်က စီအီးအိုမာ၏ ဖုန်းနံပါတ်ကို ရှာကာ ဖုန်းဆက်လိုက်ပါသည်။
စစ်ကြေညာတာကို လက်ခံတယ် ဟော်ရှင်းယု။
ထိုအချိန်တွင် ညအိပ်အဝတ်အစားများ ဝတ်ထာားပြီး သခွားသီးစားနေသည့် ကောင်မလေးတစ်ယောက်၏ ဖုန်းထဲကို မက်ဆေ့များဝင်လာသည်။
ဖုန်းထဲက မက်ဆေ့ ၆ စောင်မှာ...
[ မမလေး၊ လင်းဖန်က Alibaba ရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်ဖြစ်သွားပြီး ရှယ်ယာ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားပါပြီ ]
[ မမလေး၊ မနေ့ညက ရှားဝမ်ချွေ့ကို အနိုင်ကျင့်လို့ဆိုပြီး ဟော်ထျန်းကို လင်းဖန် ခြေလက်တွေ ရိုက်ချိုးပစ်လိုက်ပါတယ် ]
[ လင်းဖန်ရဲ့ ကုမ္ပဏီ ခေတ်သစ်လီရှန်းဟိုတယ်လည်း လည်ပတ်မှုရပ်တန့်သွားပါပြီ။ သူတို့ရဲ့အရင်းအနှီး ကွင်းဆက်ပျက်စီးသွားပြီ။ ဟော်ရှင်းယုရဲ့ လက်ချက်ပါ ]
[ လင်းဖန်ရဲ့ မိတ်ဆွေ ယွမ်ချမ့်ရဲ့ ကုမ္ပဏီရန်ပုံငွေတွေလည်း ရပ်တန့်သွားပြီ။ သူ ထိတ်လန့်နေပါပြီ ]
[ ဟော်ရှင်းယုက လင်းဖန်ရဲ့ ခြေတွေလက်တွေကို စချိုးနေပြီ။ လင်းဖန်ကို ကျွန်တော်တို့ ကာကွယ်ရမလား ]
[ မမလေး၊ နောက်ဆုံးရ သတင်းအရဆိုရင် လင်းဖန်က စီအီးအိုမာကို ဖုန်းဆက်လိုက်ပါတယ်။ ကြည့်ရတာ စီအီးအိုမာကို အကူအညီသွားတောင်းတော့မယ်ထင်တယ်။ ဒါပေမယ့် ဟော်ရှင်းယုကလည်း လင်းဖန် စစ်ကူတွေ ခေါ်နိုင်တယ်လို့ ကြိုတွက်ထားတဲ့ပုံပဲ။ ကားတွေ အများကြီး လွှတ်လိုက်တယ်။ စစ်ဆေးကြည့်လိုက်တော့... ဟော်ရှင်းယုက လင်းဖန်ကို ခြေလက်တွေ ဆုံးရှုံးစေချင်တာ မဟုတ်ဘူး။ ကားအက်ဆီးဒင့်ဖြစ်အောင်လုပ်ပြီး လင်းဖန်ကို သတ်ဖို့ ကြိုးစားနေတာ ]
ကောင်မလေးက ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ သူကြိုက်နှစ်သက်သည့် သခွားသီးနဲ့ ငှက်ပျောသီးကိုတောင် မစားချင်တော့ပေ။
သူမပုံစံက ယခင်တုန်းက ချစ်စရာကောင်မလေးနဲ့ လုံးဝ ခြားနားနေပါသည်။
သူမ၏ နဂုံပုံစံအတိုင်း ပြန်ဖြစ်သွားလေပြီ။
သူမ၏ ပြန်စာက အလွန်တိုပါသည်။
[ ဆရာ့ကို အစွမ်းကုန် ကာကွယ်ကြ ]
[ ငါ့နာမည်ကိုသုံးပြီး တရုတ်မှာရှိတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေနဲ့ ရုံးခွဲတွေအကုန်လုံး ဟော်ကော်ပိုရေးရှင်းကို ငါအပါအဝင် တိုက်ခိုက်ကြမယ် ]
[ ဟော်ရှင်းယုက ဆရာ့ကို သေစေချင်ရင် ဟော်မိသားစုတစ်စုလုံးကို ငါသေအောင်လုပ်မယ် ]
ဖုန်းတစ်ဖက်မှ ဒီလိုတည်ငြိမ်သည့်လေသံကို ကြားလိုက်ရသောအခါ ဖုန်းကိုင်ထားသည့် ဘော်ဒီဂတ် ကြက်သီးထသွားသည်။
နှစ်ပေါင်းများစွာ မမလေးက အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသူတစ်ယောက်ဖြစ်ခဲ့ပါသည်။ တစ်ခါတစ်လေ ရုပ်ရှင်ရိုက်ကူးပြီး တစ်ခါတစ်လေ ကြော်ငြာရိုက်ကူးကာ၊ တစ်ခါတစ်လေ ချစ်ဖို့ကောင်းသည့် အစားပုတ်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်။
သူမ၏ မိသားစုဝင်တွေသာ သူမ၏ ကြောက်စရာကောင်းသည့် အချက်ကို သိနိုင်ပါသည်။
သူမက အလွန်ဉာဏ်ကောင်းစွာ မွေးဖွားလာပြီး ထက်မြက်သော ဦးနှောက်ကို ပိုင်ဆိုင်ထားသည်။ အသက် ၁၂ နှစ်အရွယ်တွင် ဘွဲ့ကြိုပညာများကို တစ်ယောက်တည်း တတ်မြောက်အောင် လုပ်နိုင်ခဲ့သည်။ အသက် ၁၆ နှစ်အရွယ်တွင် ဟားဗဒ်တက္ကသိုလ်မှ လက်ခံခြင်းကို ခံခဲ့ရသည်။ အသက် ၁၈ နှစ်တွင် သူမ အဖေကို ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူဖြစ်အောင် ကူညီပေးခဲ့သည်။ စီးပွားရေးတွင် ထက်မြက်သည့် ကောင်မလေးတစ်ယောက် ဖြစ်သည်။ နေ့စဥ်ဘဝတွင် အပြစ်ကင်းစင်သည့် ခွေးပေါက်လေးလိုဖြစ်နေသော်လည်း ဆက်ဆံရေးမှာတော့ တိုးတိုးတိတ်တိတ် ရှင်းလင်းတတ်သူဖြစ်၏။
သူမ အဖေကို ကမ္ဘာပေါ်က အချမ်းသာဆုံးလူဖြစ်လာအောင် ကူညီပေးခဲ့စဥ်က ဟော်ရှင်းယု ဘယ်ရောက်နေမှန်းတောင် ဘယ်သူမှ မသိကြပေ။
သူမ ပြိုင်ဘက်အားလုံးကို တစ်ခါက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြိုင်ပွဲတစ်ခုတွင် အနိုင်ယူဖူး၏။ နောက်ပိုင်းတော့ လုပ်ငန်းကို သူမအဖေလက်ထဲ အပ်ခဲ့ပြီး သူမလုပ်ချင်တာလုပ်ဖို့ ဆယ်လီတစ်ယောက် ဖြစ်လာခဲ့ပါသည်။
မမလေးက စီးပွားရေးအရ ပြိုင်ဆိုင်ရတာတွေကို စိတ်မဝင်စားပေ။
ဒီနေ့တော့... ဘီလီယံဒေါ်လာရာချီတန်သည့် ကော်ပိုရေးရှင်းတစ်ခုနဲ့ ရင်ဆိုင်ရသဖြင့် မမလေး လှုပ်ရှားဖို့ ရွေးချယ်လိုက်ပါသည်။
ဖုန်းကိုင်လိုက်သည့် ဘော်ဒီဂတ်လည်း ထိတ်လန့်သွားရသည်။
မမလေး၏ ဒီလိုပုံစံကို မမြင်ရတာ နှစ်ပေါင်းများစွာ ကြာပါပြီ။
ဒီနေ့တော့ သူခံစားလိုက်ရသည်။
ကမ္ဘာပေါ်က ဝါရင့် စီးပွားရေးသမား အားလုံးကို ကြောက်ရွံ့အောင် လုပ်နိုင်ခဲ့သည့် ဉာစ်ကြီးရှင် ကောင်မလေးတစ်ယောက် လင်းဖန်ဆိုသည့် လူတစ်ယောက်အတွက် ပြန်ရောက်လာခဲ့ပါသည်။