← Chapters

တရားဝင် တိုက်ပွဲစတင်ခြင်း

Vol. 18 Ch. 265

တရားဝင် တိုက်ပွဲစတင်ခြင်း

Vol. 18 Ch. 265

လင်းဖန် ရောက်လာတာကို မြင်တော့ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့ ခေါင်းခါလိုက်ကြသည်။ သူတို့ မျက်လုံးထဲက အထင်သေးခြင်းများလည်း ပိုမို နက်ရှိုင်းလာ၏။

သူတို့က ရှန်ဟိုင်းမြို့ရှိ နာမည်ကြီးမိိသားစုများ၏ အကြီးဆုံးသားများ ဖြစ်ကြသည်။ အားလုံးက ချမ်းသာသည့် မိသားစုမှ လာသော ဒုတိယမျိုးဆက် သူဌေးသားများ ဖြစ်၏။ နိုင်ငံခြားက ပညာသင်ပြီး ပြန်ရောက်လာတာ မကြာသေးပေ။

သူတို့အမြင်မှာတော့ လင်းဖန်က သရုပ်ဆောင် သာသာ အဆင့်သာ ရှိသည်။

လင်းဖန်က ချောမောသော်လည်း သူတို့ နှစ်ယောက် အမြင်မှာတော့ အပျော်ယောက်ျားအဆင့်သာ ရှိသည်။

သာမန်သရုပ်ဆောင် တစ်ယောက်ကများ သူတို့နဲ့ လောင်းကစားလုပ်ဖို့ တန်လို့လား။

လင်းဖန်ရောက်လာတော့ ဟော်ရှင်းယုက လှည့်တောင် မကြည့်ပေ။

သူမက မာနထောင်လွှားပြီး ယုံကြည်ချက် ပြည့်ဝနေကာ ဘယ်သူ့ကိုမှ အဖက်မလုပ်ပေ။ တစ်ယောက်တည်း အေးစက်စက်မျက်နှာနဲ့ ဆက်ထိုင်နေသည်။

သူမ ကာစီနိုတွင် တစ်ခါမှ မရှုံးနိမ့်ဖူးဘဲ ကာစီနိုထဲတွင် အရှုံးမရှိ ဘုရင်မ ဟူသော ဘွဲ့ကို ရရှိခဲ့သည်။

အမှန်ပင်။ သူမ ကာစီနို ကစားတာလည်း မရှိသလောက် ရှားပါသည်။

သို့သော် သူမ တကယ် ကစားပါက အနည်းဆုံး တစ်ကြိမ်ကို ယွမ် သန်းရာဂဏန်းလောက် အနိုင်ရသည်။

တချို့ နာမည်ကြီး လောင်းကစားနတ်ဘုရားတွေတောင် ဟော်ရှင်းယုနဲ့ ဆုံသည့်အခါ အနည်းငယ် ကြောက်ရွံကြရသည်။

သူမ အရှုံးဆိုတာ ဘာမှန်း မသိပါ။

သူမ ပစ်မှတ်ထားသည့် သားကောင်တိုင်းက ချက်ချင်း အသတ်ခံရစမြဲဖြစ်သည်။

လင်းဖန်က စားပွဲထိပ်တွင် ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြုံးလိုက်ပါသည်။ သူ ဟော်ရှင်းယုနဲ့ ကျောင်း၊ လီမိသားစု၏ သခင်လေးများကို မြင်လိုက်ရသည်။

လင်းဖန်က သူ့လောင်းကစား စကေးကိုလည်း အလွန်ယုံကြည်မှုရှိပါသည်။ သူလောင်းကစား စကေးပေါင်းစုံကို သင်ယူခဲ့သည်။

သို့သော်လည်း ဒီနေ့ ဒီအချိန်မှာတော့ အရေးအကြီးဆုံးက ဉာဏ်ရည် ပြိုင်ပွဲဖြစ်သည်။

သရုပ်ဆောင်စွမ်းရည်၊ မျက်နှာအကဲခတ်မှု၊ မျက်နှာထား ထိန်းသိမ်းမှု စသည်တို့ကလည်း အရေးကြီးသည်။

လောင်းကစားက ကံသက်သက်မဟုတ်ဘဲ အစွမ်းအစရှိဖို့လည်း လိုသည်။

လူတစ်ယောက်၏ စောင့်ကြည့်အကဲခတ်နိုင်စွမ်းက အလွန်မြင့်မားလျှင် မျက်နှာအနေအထား အသေးစားလေးကို ကြည့်ပြီး တစ်ဖက်လူ၏ ကတ်များကို ခန့်မှန်းနိုင်ပါသည်။

ဆက်တိုက် လောင်းကြေးတိုးသည့်အခါ လူပေါင်းစုံတွင် မတူညီသော စိတ်အခြေအနေ ပြောင်းလဲမှု ပေါင်းစုံရှိလိမ့်မည်။

လောင်းကစားတွင် စကေးနဲ့ အစွမ်းအစတို့ကလည်း အရေးပါသည်။

အရေးအကြီးဆုံးက ပြိုင်ဘက်တွေအကြောင်းကို အရင်ဆုံး နားလည်ထားဖို့ ဖြစ်ပါသည်။

လင်းဖန်က ဟော်ရှင်းယု၊ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့အကြောင်း သိပ်မသိပါ။

လင်းဖန် ထိုင်ထိုင်ပြီးချင်း သူတို့ ၃ ယောက်ကို စတင် အကဲခတ်ပါသည်။

အထူးသဖြင့် ဒီနေ့၏ အဓိက ပြိုင်ဘက် ဟော်ရှင်းယုကို ဖြစ်သည်။

သူမက စီးပွားရေးလောကထဲတွင် သမိုင်းဝင်ဖြစ်ကာ ကာစီနိုမှာလည်း အရှုံးမရှိသူဖြစ်သည်ဟု လူသိများသည်။

ထိုကဲ့သို့ ဘုရင်မမျိုးက ဘယ်သူ့ကိုမှ မလေးစားပေ။

ဒါက ဟော်ရှင်းယုကို လင်းဖန် အတည်ပေါက် ရင်ဆိုင်သည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပါသည်။

သူဒီနေ့ ရှုံးနိမ့်သွားပါက ရှန်ဟိုင်းတစ်မြို့လုံး၏ လှောင်ရယ်စရာ ဖြစ်လာမည်။

"သခင်လေးကျောင်း၊ သခင်လေးလီ၊ မစ္စဟော်တို့ ကျွန်တော်က လင်းဖန်ပါ။ သိပြီးသား ဖြစ်မှာပေါ့" လင်းဖန်က ပြုံးလိုက်သည်။

ကာစီနိုထဲ သူဝင်လာသည့် အချိန်ကစလို့ လင်းဖန်၏ နတ်ဘုရားအဆင့် သရုပ်ဆောင် စွမ်းရည်များကို အသုံးချပြီးသားဖြစ်သည်။ သူ့အာရုံ အားလုံးကို စွင့်ထားပြီး သူ့ဘေးပတ်လည်က အချက်အလက်တိုင်းကို စောင့်ကြည့်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြုမူသည်။

သူ စကားပြောသည့်အခါ စိတ်လှုပ်ရှားသည့် လက္ခဏာကြောင့် အသံအနည်းငယ် တုန်သွားသည်။

တခြားသူတွေ သတိမထားမိနိုင်သော်လည်း ဟော်ရှင်းယုလို လူမျိုးကတော့ သေချာပေါက် သတိထားမိနိုင်ပါသည်။

လင်းဖန်က သူ့ကိုယ်သူ မကစားတတ်သူတစ်ယောက်လို ဟန်ဆောင်ပြီး ဒီ ၃ ယောက်စလုံးကို အလဲထိုးဖို့ ပြင်နေခြင်း ဖြစ်ပါသည်။

လောင်းကစားစကေးအရဆို လင်းဖန်က ဟော်ရှင်းယုနဲ့ ရင်ဘောင်မတန်းနိုင်လောက်ပေ။

သို့သော် ကာစီနိုတစ်ခုတွင် သူတို့ပြိုင်ဆိုင်ရတာ လောင်းကစားတစ်ခုပဲ မဟုတ်ပါ။

ဒိနေရာတွင် တိုက်ပွဲတိုင်းက ခံစားချက်နဲ့ အသေးစိတ်ပေါင်းစုံတို့၏ ပြိုင်ပွဲဖြစ်သည်။

သူ့အသံတွေ တုန်နေသည့်အပြင် လင်းဖန် ထိုင်နေပုံကလည်း အနည်းငယ် ပုံစံမကျပေ။ အပေါ်ယံမှာ တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း ပျာယာခတ်နေသည်မှာ သိသာသည်။

ကာစီနိုကို တစ်ခါမှ မလာဖူးသူတွေလည်း ဒီလိုပုံစံမျိုး ဖြစ်နေတတ်သည်။ လင်းဖန်က ထိုပုံစံမျိုးဖြစ်အောင် ရှင်းရှင်းလင်းလင်း သရုပ်ဆောင်ပြလိုက်ပါသည်။

လင်းဖန်ကို ဒီလိုပုံစံမျိုးနဲ့ မြင်လိုက်ရတော့ သခင်လေးကျောင်းနဲ့ သခင်လေးလီတို့၏ အပြုံးများ ပိုနက်ရှိုင်းသွားသည်။

ကြည့်ရတာ လင်းဖန် ကာစီနိုကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည့်ပုံစံပင်။

သူတို့အမြင်မှာတော့ လင်းဖန် ဘယ်လောက်ပဲ တည်ငြိမ်ချင်ယောင် ဆောင်နေပါစေ၊ သူ့ စိတ်လှုပ်ရှားမှုကို ဖုံးဖိဖို့က ခက်ခဲပါသည်။

ဒီနေ့ သူတို့ လင်းဖန်ကို အနိုင်ယူနိုင်သည်။

သူတို့ ယွမ်သန်း ရာဂဏန်းလောက် အရယူနိုင်လျှင် ချမ်းသာပါပြီ။

ဒုတိယမျိုးဆက် သူဌေးသားတွေအတွက် ယွမ် သန်းရာဂဏန်းက အများကြီးဖြစ်သည်။

သူတို့နှစ်ယောက်က ဟော်ရှင်းယုနဲ့ လင်းဖန်တို့ ရန်သူတွေ ဖြစ်မှန်းလည်း သိကြပါသည်။

သူတို့ ဟော်ရှင်းယုရှေ့မှာ လင်းဖန်ကိုအနိုင်ယူ ပြလိုက်ပါက သူမ၏ မျက်နှာသာပေးမှုကို ခံရလောက်သည်။

သူတို့ အချင်းချင်းကြည့်ကာ နှုတ်ခမ်းများကို ကွေးလျက် ပြုံးလိုက်ကြသည်။

ထိုမြင်ကွင်းကိုမြင်သည့် လင်းဖန်လည်း သခင်လေးကျောင်းနဲ့ သခင်လေးလီတို့ ငါးစာကို ဟပ်မိသွားပြီဖြစ်မှန်း သိလိုက်ရပါသည်။

သို့သော် ဟော်ရှင်းယုကတော့ ခံစားချက်မရှိသည့် မျက်နှာအတိုင်း ဆက်ရှိနေဆဲဖြစ်သည်။

ထို့ကြောင့် ဟော်ရှင်းယုကို လင်းဖန် ပိုပြီး သတိထားလာရ၏။

ဟော်ရှင်းယုက ကာစီနိုတွင် အရှုံးမရှိ သမိုင်းဝင်တစ်ယောက်ဖြစ်သည်။

"ငါ့မှာ အချိန်မရှိဘူး။ တစ်ချီကို အနိမ့်ဆုံး လောင်းကြေးက ယွမ် ၁ သန်း ဖြစ်ရမယ်" ဟော်ရှင်းယုက ပြောလိုက်ပါသည်။

"ရပါတယ် ကြိုက်သလောက်သာ ပြော" သခင်လေးလီက ပြုံးလိုက်ပါသည်။

"ရတာပေါ့ ရတာပေါ့။ တစ်ချီကို ယွမ် ၁ သန်းပေါ့။ လင်းဖန်လည်း ပြဿနာ မရှိဘူးမလား" သခင်လေးကျောင်းက တည်ငြိမ်စွာ မေးလိုက်ပါသည်။

"မရှိပါဘူး" လင်းဖန် ပြုံးလိုက်၏။

ဒီလို လောင်းကြေးမျိုးက အလွန်မြင့်နေပါပြီ။

တစ်ပွဲကို အနိမ့်ဆုံး လောင်းကြေးက ယွမ် ၁ သန်းဖြစ်သည်။ လူတစ်ယောက်၏ သရုပ်ဆောင်စွမ်းရည် မကောင်းပါက အချိန်မရွေး ဟာကွက်ကို ထုတ်ပြမိနိုင်သည်။

လင်းဖန်အတွက် ၁ သန်းဆိုတာ အလွန်များပါသည်။

သူ့ဘဏ်အကောင့်ထဲမှာတောင် ငွေသား သန်း ၁၀၀ ကျော်လောက်သာ ရှိသည်။ သူ အနည်းငယ် ဆင်းရဲနေဆဲပင်။

"၅ချပ်ဖဲ ကစားကြရအောင်။ ကျွန်တော် အဲ့တာ ကစားတတ်တယ်" လင်းဖန် ပြုံးလိုက်သည်။ ၅ ချပ်ဖဲမှာ လောင်းကစားဘုရင်၊ နိုင်သူအကုန်ယူကြေးနဲ့ လောင်းကစားဘုရင် ၂ စသည့် ရုပ်ရှင်များတွင် ပါသည့် ကစားနည်းဖြစ်သည်။

၅ချပ်ဖဲ ကစားနည်း၏ ပုံမှန်စည်းမျဥ်းများက ကစားသမားတစ်ယောက်စီတိုင်း အများဆုံး ဖဲ ၅ ချပ်ရမည်။ ပထမဆုံးကတ်က ဝှက်ထားရမည့် ကတ်ဖြစ်၏။ ဒုတိယကတ်ကို ရရှိချိန်တွင် အမြင့်ဆုံးကတ်ကို ရရှိထားသည့် ကစားသမားက လောင်းကြေးအရင်ထပ်ရမည်။ ကစားသမားတစ်ယောက်က သူတို့ ကတ်တွေ ပိုကောင်းနေသည်ဟု ထင်ပါက သူတို့လည်း လောင်းကြေးထပ်နိုင်သည်။ လောင်းကစား နတ်ဘုရား ၂ ရုပ်ရှင်တွင် စတီဗင်ချောင်တွင် အထူးစကေးတစ်ခုရှိကာ အဆုံးသတ်တွင် Showhand လုပ်ဖို့ အမြဲတမ်း ရွေးချယ်လေ့ရှိိသည်။ နောက်ဆုံးမှာတော့ ၎င်းတို့၏ ကတ်များကို နှိုင်းယှဥ်ကာ အမြင့်ဆုံးကတ်များကိုရရှိထားသူက တိုကင်အားလုံးကို အနိုင်ရမည်။

ကစားပွဲအလယ်တွင် ကစားသမားတစ်ယောက်က သူ့ကတ်တွေ မကောင်းဘူးဟု ထင်လျှင် Fold လုပ်ဖို့ ဆုံးဖြတ်နိုင်သည်။ သို့သော်လည်း စားပွဲပေါ်က လောင်းကြေးတော့ ပြန်ရမည်မဟုတ်ပေ။

၅ ချပ်ဖဲ၏ အနိုင်ရကွက်များမှာ : Straight Flush, Four of a kind, Full house, Flush, Straight, Three of a kind, Two Pair, Pair & High Card များဖြစ်သည်။

လင်းဖန်က ၅ ပွင့်ဖဲ ကစားချင်သည်ဟု ဆိုသောအခါ တခြားတွေလည်း ကန့်ကွက်မှု မရှိပေ။

ထို့နောက် ပထမပွဲ စတင်လေသည်။

၅ ချပ်ဖဲကစားနည်းတွင် စုစုပေါင်း ဖဲ ၅၂ ချပ်ရှိသည်။ ကစားပွဲ မစမီ ကာစီနို စားပွဲဝိုင်းက လူတိုင်း ဖဲများကို စစ်ဆေးနိုင်ပြီး ဖဲချိုးနိုင်သည်။ ဖဲချိုးပြီးနောက် တခြားကစားသမားတွေက ကစားပွဲမျှတဖို့အတွက် ဖဲကို မွှေနိုင်ပါသည်။

"ကျွန်တော့်ကို အရင်ပေးပါ။ ကျွန်တော်ချိုးချင်တယ်" လင်းဖန်က ဖဲဝေသူကို ဖဲချိုးခွင့် တောင်းလိုက်သည်။

အားလုံးရဲ့ အကြည့်တွေ လင်းဖန်ဆီကို ရောက်ရှိလာသည်။

လင်းဖန် ဖဲများကို စတင်ချိုးပါသည်။

လောင်းကစားနတ်ဘုရားထဲက ကောက်ကျင်းလိုတော့ ဖဲတွေကို မချိုးပါ။ သူဖဲချိုးသည့် ပုံစံက ကြည့်ကောင်းပြီး အလွန်မိုက်သည်။

လင်းဖန်ကတော့ သာမန်အကျဆုံး ပုံစံနဲ့သာ ဖဲချိုးသည်။ ချိုးရင်း တန်းလန်းနဲ့ ဖဲချပ်များကို ရုတ်တရက်ကြီး လွတ်ကျသွားသေးသည်။

ဖဲချပ်များ ပြန့်ကျဲကုန်ပြီး စားပွဲနဲ့ကြမ်းပြင်ပေါ်ကို ပြုတ်ကျကုန်ပါသည်။

လင်းဖန် ဖဲချိုးပုံကိုမြင်ပြီး ဘေးကလူပေါင်းများစွာ ဟားတိုက်ရယ်လိုက်ကြသည်။

သခင်လေးကျောင်းနဲ့ သခင်လေးလီတို့လည်း ရယ်မောလိုက်သည်။

လခွမ်း...။ အနည်းဆုံးတော့ လင်းဖန် လောင်းကစားအကြောင်း ထမင်းစားရေသောက်လောက် နားလည်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း လင်းဖန်က ဖဲတောင် မချိုးတတ်ပါ။

လင်းဖန်လို ဖဲမချိုးတတ်တဲ့ လူသစ်မျိုး လောင်းကစားလောကထဲမှာ ရှိကောရှိသေးရဲ့လား။

အမြဲလိုလို တည်ငြိမ်နေသည့် ဟော်ရှင်းယုတောင် ခေါင်းခါလိုက်ရပါသည်။

လင်းဖန်က ဖဲတောင် မချိုးတတ်ဘူးဟု မထင်ခဲ့မိပါ။

လင်းဖန်ပုံစံကလည်း သရုပ်ဆောင်နေသည့်ပုံ မပေါက်ပေ။

"လင်းဖန်... အဆင်ပြေပါ့မလား" ယန်ရှုက မေးလိုက်သည်။

"ကျွန်တော်လည်း မသိဘူး... ဒါပေမယ့် လင်းဖန်ကြည့်ရတာ အရင်က လောင်းကစား လုပ်ဖူးတဲ့ပုံမပေါ်ဘူး။ သူ ရှုံးရင် ကျွန်တော်တို့ပါ ရှုံးပြီပဲ။ ညီလေးလင်းသာ မရှိရင် ကျွန်တော်တို့ ကုမ္ပဏီ ၂ ခုလည်း ဒေဝါလီခံသွားရလောက်ပြီ” ယွမ်ချမ့်က သက်ပြင်းချလိုက်သည်။

ဘာကြောင့်မှန်းမသိဘဲ လင်းဖန်ကို ဒီလိုပုံစံမျိုးနဲ့ မြင်လိုက်ရသည့်အခါ ယွမ်ချန့်နဲ့ ယန်ရှုတို့တောင် သက်ပြင်းချမိပါသည်။

ဒါက သာမန် ပိုကာကစားပွဲ မဟုတ်ပေ။ လင်းဖန်၏ မျက်နှာချင်းဆိုင်မှာ ထိုင်နေတာက ကာစီနိုလောကထဲက အရှုံးမရှိသည့် သမိုင်းဝင် အမျိုးသမီး ဖြစ်သည်။ တကယ့် သမိုင်းဝင် စီးပွားရေးသမားတစ်ယောက် ဖြစ်၏။

လင်းဖန်က ဒီနေ့ လောင်းကြေးကို မနိုင်လောက်ပါ။

"ဒိုင်ရေ ကျွန်တော့်ကို ဖဲထုပ် နောက်တစ်ထုပ် ပေးပါဦး" လင်းဖန်က ပြောလိုက်သည်။

"ဒီကတ်တွေက နည်းနည်းဟောင်းနေလို့လေ။ ကျွန်တော် ဖဲထုပ်အသစ် လိုချင်တယ်"

ဟော်ရှင်းယုက ဝင်ပြောလိုက်၏။ "ဖဲချပ်တွေက အသစ်တွေချည်းပဲ"

သခင်လေးကျောင်း ဆွံ့အသွားသည်။

သခင်လေးလီလည်း ဆွံ့အသွားရပါသည်။

လင်းဖန် အရှက်ကိုဖုံးကွယ်ဖို့ ဒီလိုအဓိပ္ပာယ်မရှိသည့် အကြောင်းပြချက်မျိုး ပေးလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။

ကြည့်ရတာ ဒီနေ့ညတော့ လင်းဖန်ဆီက ယွမ် သန်း ရာဂဏန်းလောက် သိမ်းပိုက်နိုင်တော့မည်ထင်သည်။

All Chapters