သံတုံးသဖွယ် မည်းခြစ်သွားသော မျက်နှာ
Vol. 39 Ch. 535
မိန်းမလှလေးက လေတွင် ယိမ်းနွဲ့နေသော မိုးမခသစ်ကိုင်းလေးပမာ နူးညံ့ပျော့ပျောင်းသည့် ခါးလေးကို လှုပ်ခါယိမ်းလျက် ဆင်မယဉ်သာ လျှောက်လာသည်။ “နင်က ဘယ်လောက် မာကြောနိုင်မှာမလို့လဲ.... နင်က အနှေးဆုံးဆိုတာလည်း ငါ မြင်ပြီးပါပြီ... နှေးလွန်းအားကြီးနေတာတော့ မဟုတ်ပေမယ့် နင့်ရုပ်ခန္ဓာက အနည်းငယ် အားနည်းနေတယ်ဆိုတာ သိသာတယ်... ဒါပေမဲ့ အနည်းငယ်ကွာဟသွားတာနဲ့ တစ်ကမ္ဘာလုံးစာ ကွာခြားသွားတတ်တယ် မဟုတ်လား”
သူမခြေလှမ်းက သူ့ပတ်ပတ်လည်တွင် စက်ဝိုင်းသဏ္ဍာန်ခင်းလျက် မြှုပ်ထားသော ဓားပျံများ၏ အရှေ့တွင် ရပ်သွားသည်။
ချင်မူ မြေကြီးအောက်၌ မြှုပ်ခဲ့သော ဓားပျံများက ဓားပန်းချီ၏ ပထမဓားကွက် ‘တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’ ဖြစ်သည်။ မိန်းမလှလေး ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ‘တောင်တန်းများနှင့်မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား’ အသက်ဝင်လာပြီး သူမအား တစစီဖြစ်အောင် ခုတ်ဖြတ်ပစ်လိမ့်မည်။ တောင်တန်းမြစ်ပြင်ပန်းချီထဲမှ စီးဆင်းကျလာသော သွေးရောင်ရေတံခွန် ဖြစ်သွားလိမ့်မည်။
သို့သော် သူမ၏ခြေလှမ်းက ထောင်ချောက်ရှေ့နားတင် ရပ်သွားခဲ့ရာ မူမမှန်သည်ကို သတိထားမိခြင်း ဖြစ်နိုင်သည်။
ချင်မူ့မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး ချီးကျူးလိုက်မိ၏။ “သိပ်ထက်မြက်တာပဲ.... မမကြီး၊ နာမည်ဘယ်လိုခေါ်လဲ”
“ငါ့နာမည်က ထပိုရှန်းယွင် ... အစစ်အမှန်မိစ္ဆာချန်းထပိုရဲ့ တပည့်” သို့သော် မိန်းမလှလေးမှာ သူ့ကြောင့် အတန်ငယ် စိတ်ရှုပ်ထွေးသွားသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လူတိုင်း ကောင်းကင်နတ်ဆိုးမျိုးနွယ်ကို တွေ့တာနဲ့ ဒေါသတကြီး အော်ဟစ်ကြပြီး ဘယ်တော့မှ မပြုံးပြတတ်ဘူး.... နင်ကကျ ငါ့ကို မမကြီးလို့တောင် ခေါ်သေးတယ်နော်.... ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတိုင်း နင့်လိုသာဆို ငါ ကောင်းကင်နတ်သိုင်းပညာရှင်အများကြီး သတ်စရာ ဘယ်, လိုပါတော့မလဲ... ငါ တကယ် သိချင်မိတယ်.... နင့်နောက်ခံက ဘာများလဲ”
ချင်မူ ပါးစပ်ဟလိုက်သော်လည်း ထပိုရှန်းယွင်က ခြေဆောင့်နင်းလိုက်သည်။ မြေပြင် လှုပ်ခတ်သွားပြီး ဓားပျံများ တမုဟုတ်ချင်း မြောက်တက်သွား၏။
ချင်မူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဓားပျံများကို လှမ်းဖမ်းလိုက်သည်။ ဓားပျံအားလုံး သူ့လက်ဝါးထဲ၌ ဓားစက်လုံးအသွင် စုဝေးစပြုလာသည်။
သူ ဓားစက်လုံးကို ဖွဲ့တည်နေစဉ် ထပိုရှန်းယွင်က ဓားပျံများအောက် မနှေးသော အလျင်ဖြင့် တရှိန်ထိုး ပြေးဝင်လာ၏။ ချင်မူ့ဓားစက်လုံး မဖွဲ့တည်နိုင်ခင် သူမကျောနောက်၌ ပင့်ကူခြေထောက်များ ပေါ်လာပြီး စိုက်ချလိုက်ကာ ဓားစက်လုံးအား ပြန့်ကြဲသွားစေသည်။
ထပိုရှန်းယွင်ကား လွန်စွာထက်မြက်ပြီး သူမ၏ပင့်ကူခြေထောက်များက ဓားစက်လုံးကို မုန်တိုင်းသဖွယ် တိုက်ခိုက်ရင်း ချင်မူ့အား အခွင့်အရေးမပေးပေ။
“နင်က တကယ် အားအနည်းဆုံးပဲ.. နင့်ကို အရင်ဆုံးသတ်ပြီး အမှတ်ယူရမယ်”
ထပိုရှန်းယွင် တခစ်ခစ် ရယ်နေစဉ် သူမ၏လက်နှစ်ဖက်ထဲ၌ ပြိုင်ဘက်ကင်းလောက်အောင် ချွန်ထက်သော အရိုးဆူးချွန်နှစ်လက် ပေါ်လာသည်။ သူမက ချင်မူ့ရင်ဘတ်ဆီသို့ ထိုးစိုက်လိုက်၏။
“ဟမ်”
ထိုးစိုက်လိုက်သည့်အချိန်မှာပဲ တစ်ခုခု မူမမှန်သည်ကို သူမ ခံစားလိုက်ရသည်။ ချင်မူ့အပြုံးက တောင့်တင်းသွားပြီး မင်ရည်များအဖြစ် အိုင်ထွန်းကျသွားသည်။
သို့သော် သူတစ်ယောက်တည်း ပြောင်းလဲသွားခြင်းမဟုတ်၊ သူ့အနောက်ရှိ လီမီးလျှံနှင့် မိစ္ဆာမီးလျှံများလည်း မင်အိုင်ဖြစ်သွား၏။
ထပိုရှန်းယွင် ကပျာကယာ နောက်လှည့်ကြည့်လိုက်သည့်အခါ ဘောင်တစ်ခုထဲ ရောက်နေကြောင်း မြင်လိုက်ရသည်။ ဘောင်၏အပြင်၌ ချင်မူက သူမဆီသို့ အေးအေးဆေးဆေး လမ်းလျှောက်လာနေသည်။
ထိုအခါမှ ပန်းချီကားထဲ ဝင်သွားခဲ့မိကြောင်း ထပိုရှန်းယွင် သဘောပေါက်သွား၏။
“ဒါက ပန်းချီတဲ့လား... ပန်းချီက ဘယ်လိုလုပ် လှုပ်ရှားနိုင်ပြီး စကားတောင် ပြောနိုင်တာလဲ... ပြစ်ချက်လည်း ဘာလို့မတွေ့ရတာလဲ”
ထပိုရှန်းယွင် အံ့အားသင့်နေသည်။ ပန်းချီထဲမှ ခုန်ထွက်ကြည့်သော်လည်း ပိတ်မိနေ၏။ မြေကြီးပေါ်ရှိ မခြောက်သေးသော မင်များမှအပ ... ပန်းချီထဲတွင် အရာအားလုံး ဗလာကျင်းနေသည်။
ထပိုရှန်းယွင်၏ ပင့်ကူခြေထောက်ရှစ်ချောင်းက ဘောင်အပြင်ဆီသို့ အသည်းအသန် ထိုးစိုက်နေသည်။
ရွှပ် ရွှပ် ရွှပ် ... ခြေထောက်များ ပန်းချီကားအပြင် ဖောက်ထွက်သွားသည့်အခါ ထပိုရှန်းယွင် ဝမ်းသာသွား၏။ ပန်းချီကားကို စုတ်ဖြဲ၍ သူမ အပြင်ထွက်ချင်လာသည်။
သို့တိုင်အောင် ဤအခိုက်အတန့်တွင် ချင်မူက လေတစ်ချက် မှုတ်လိုက်ရာ ပန်းချီကားမှာ တဖတ်ဖတ် လွင့်သွားပြီး မီးနံရံတစ်ခုနှင့် တိုက်မိသွား၏။
အလျှံတညီးညီးတောက်လောင်နေသော လီမီးလျှံနှင့် မိစ္ဆာမီးလျှံထဲမှ စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်လာပြီး ပန်းချီကားမှာ လောင်ကျွမ်းပြာကျသွားတော့သည်။ ပြာများက ရုန်းကန်နေသေးသော ပင့်ကူတစ်ပိုင်းလူတစ်အပိုင်းအသွင် ရှိနေ၏။ တခဏကြာသော် သူမမှာ မီးတောက်များထဲ လဲကျသွားပြီး မလှုပ်တော့ပေ။
“မမကြီးရှန်းယွင်... ကျွန်တော့်အနေနဲ့ မျှမျှတတ တိုက်ခိုက်ချင်ခဲ့တာ အမှန်ပါ... ဒါပေမဲ့ သိုင်းပညာရှင်တွေ များလွန်းတော့ ပိုအင်အားကြီးတဲ့ ပြိုင်ဘက်တွေအတွက် သက်လုံချွေတာထားဖို့ လိုပါတယ်” ချင်မူက တောင်းပန်လိုက်သည်။ “မမကြီးရှန်းယွင်က သိပ်သန်မာပေမယ့် ကျွန်တော့်ပြိုင်ဘက်တော့ မဟုတ်သေးပါဘူး”
ရုတ်တရက် ချင်မူ၏ခြေထောက်အောက်ရှိ မြေကြီးက မြောက်တက်လာပြီး သူ့ကို လွင့်ထွက်သွားစေသည်။
ရွေ့လျားနေသော မြေကြီးပေါ်၌ ဘီလူးကြီးတစ်ကောင်၏ ခြေရာ ကြွတက်လာပြီး ချင်မူ ကန်ထုတ်ခံလိုက်ရသည့် အခိုက်အတန့်တွင် ကျောက်ဆူးချွန်များက သူ့ဆီသို့ ဦးတည်လျက် မြေကြီးထဲမှ ထိုးထွက်လာ၏။
ချင်မူ လေလယ်၌ ရှိနေစဉ် ဓားစက်လုံးက ပျံသန်းလာပြီး ဓားပျံများသည် ဝဲကတော့သဖွယ် လည်ကာ ကျောက်ဆူးချွန်အားလုံးကို ခုတ်ဖြတ်ပစ်လိုက်၏။ ရန်သူ၏တည်နေရာကို သူ တွေ့တော့မည့်အချိန်မှာပဲ မြေကြီးက နောက်တစ်ကြိမ် ပေါက်ကွဲသွားပြီး ချော်ရည်ပူလက်ကြီးတစ်ဖက်က သူ့အား လှမ်းဆွဲ၏။
ချင်မူက လက်သီးဖြင့် ထိုးချလိုက်သည်။ ဧရာမမီးတောင်ကြီးများ ဖွဲ့တည်လာပြီး ဝုန်းခနဲ ပေါက်ကွဲကုန်၏။ လက်သီးအားလှိုင်းက ကြောက်ခမန်းလိလိ မြင့်တက်လာသည်။
ချင်မူ့လက်သီးနှင့် ချော်ရည်ပူလက်သီး ဝင်တိုက်သွားသည့်အခါ ချော်ရည်ခဲများ ဖွားခနဲ ကြေမွလွင့်စင်ကုန်သည်။ အပိုင်းအစများက အရပ်မျက်နှာတစ်ခွင် ပြန့်ကြဲသွားပြီး လျင်မြန်စွာ ပြန်လိမ့်လာကာ လက်ဝါးတစ်ဖက်အသွင် စုစည်းသွား၏။
လက်ဝါးက လက်သီးအဖြစ် ဆုပ်လိုက်ပြီး မိစ္ဆာမီးလျှံများက ချော်ရည်ခဲများအကြား လောင်ကျွမ်းတောက်လောင်နေသည်။
“ကောင်းကင်နတ်ဆိုးအုပ်က ချော်ရည်ပူဘီလူးလား”
ချင်မူ ပြန်ထလိုက်သည့်အချိန်တွင် လက်မောင်းတစ်ဖက်လုံး ကျိုးကြေနေသလို ခံစားလိုက်ရသည်။ သူ အောက်ငုံ့ကြည့်လိုက်သည့်အခါ ပြင်းပြင်းထန်ထန် တုန်ခါနေသော မြေပြင်ကို မြင်လိုက်ရ၏။ ကောင်းကင်နတ်ဆိုးတစ်ကောင်က ချော်ရည်ပူဘီလူးအသွင်ဖြင့် မြေကြီးထဲမှ ဖောက်ထွက်လာသည်။
ချော်ရည်ပူဘီလူးက မြေပြင်ပေါ် ဆင်းသက်ပြီး ကျယ်လောင်စွာ အော်ဟစ်သည်။ လေလယ်တွင် ပျံဝဲနေဆဲဖြစ်သော ချင်မူ့ခန္ဓာကိုယ်မှာ အသံလှိုင်းများဖြင့် ရိုက်ထုတ်ခံလိုက်ရပြီး မီးနံရံဆီသို့ တွန်းထုတ်ခံလိုက်ရ၏။
“ပမွား....”
ချော်ရည်ပူဘီလူးက လှောင်ပြုံးပြုံး၍ ထွက်သွားရန် ပြင်လိုက်သော်လည်း ရင်ထဲ လေးလံလာသဖြင့် နောက်ပြန်လှည့်ကြည့်မိသည်။ ချင်မူက မီးနံရံထဲတွင် ပျံဝဲနေသော်လည်း ကြီးထွားတုတ်ခိုင်သော အမြီးဖြင့် နွားခေါင်းသတ္တဝါအသွင် ရှိနေသည်။
“နောင်တော် ... ထွက်မသွားခင်တော့ စကားကို မှန်အောင် ပြောသင့်ပါတယ်”
ချင်မူက မီးနံရံထဲမှ လမ်းလျှောက်ထွက်လာသည်။ မိစ္ဆာမီးလျှံနှင့်လီမီးလျှံတို့က သူနှင့်အတူ နံရံထဲမှ စီးမျောပျံ့လွင့်လာပြီး သူ့ခြေထောက်အောက်၌ မီးနဂါးနှစ်ကောင်အသွင် ဖွဲ့တည်သွား၏။
ချင်မူ့အမူအရာက အေးစက်နေသည်။ “ပမွားမဟုတ်ဘူး... ပမွှားလို့ ခေါ်တယ်”
“မီးလျှံအပိုင်စား အင်္ဂါဂြိုဟ်အရှင်သခင်” ချော်ရည်ပူဘီလူးမှာ သူ့ကို မယုံသင်္ကာ ကြည့်နေမိသည်။ “အင်္ဂါဂြိုဟ်အရှင်သခင်က မီးလျှံထိန်းချုပ်နိုင်ပေမယ့် နတ်မီးလျှံကိုပဲ ထိန်းချုပ်နိုင်တာပါ.... မင်းက ဘယ်လိုလုပ် မိစ္ဆာမီးလျှံကို ထိန်းချုပ်နိုင်တာလဲ.... လူသားတွေမှာ အခုလို ကျင့်စဉ်မျိုး ရှိနေသေးတာလား... မဟုတ်သေးဘူး။ မင်းက မိစ္ဆာလမ်းစဉ်ပညာရပ်ကို သုံးနေတာပဲ... မင်းကလည်း မိစ္ဆာနတ်ဆိုးတစ်ကောင်ပဲလား”
သူ့မှာ ပြောရင်းဖြင့် ပိုမိုစိတ်ရှုပ်ထွေးလာသည်။ ချင်မူက နွားခေါင်းလူကိုယ် ဗီဇပြောင်းသတ္တဝါအသွင် ပြောင်းထား၏။ အင်္ဂါဂြိုဟ်အရှင်သခင်အသွင်တွင် နတ်ဘုရားခန္ဓာ ရှိပါသော်လည်း မိစ္ဆာမီးလျှံများက သူ့ဆီမှ ဖြာထွက်နေသည်။
ထို့အပြင် ချင်မူ့ကိုယ်ပေါ်ရှိ မီးလျှံသင်္ကေတများက မီးတောက်လောင်နေသော အသွင်ရှိနေသည်။ သူ့ခြေထောက်အောက်ရှိ မီးနဂါးနှစ်ကောင်အနက် တစ်ကောင်ကလည်း မိစ္ဆာနဂါးဖြစ်နေ၏။
မိစ္ဆာနတ်ဆိုးတစ်ကောင်သာ ထိုကဲ့သို့ ရှုပ်ထွေးသည့် ကောင်းကင်နတ်သိုင်းတစ်ခုကိုသာ ထိန်းချုပ်နိုင်သည် မဟုတ်ပါ၏လော။
ကောင်းကင်၏အလွန်ရှိ တန်ခိုးရှင်သစ်ခုတ်သမားနှင့် ကျားနတ်မင်းမှာ ဤမြင်ကွင်းကို မြင်လျှင် ကျားနတ်မင်း၏ မျက်ဝန်းများ၌ သံသယများ ပြည့်နှက်လာ၏။ သူက ခပ်တိုးတိုး မေးလိုက်သည်။ “အရှင်... အဲဒါကို ခံစားရလား”
တန်ခိုးရှင်သစ်ခုတ်သမားက အသာအယာ ခေါင်းညိတ်လိုက်သည်။ “ခံစားရတယ်... ရုပ်သွင်က မျက်နှာကနေ မွေးဖွားတယ်... မိစ္ဆာဆိုတာက နှလုံးသားကနေ မွေးဖွားလာတာပဲ.... သူ့မိစ္ဆာရုပ်သွင်ကတော့ သူ့မျက်နှာကနေ မွေးဖွားလာတာ”
ကျားနတ်မင်း ဇဝေဇဝါ ဖြစ်သွား၏။ “ဒါမဲ့ သူ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတာတစ်ခုခု ခံစားနေရတယ်... သူက လူသားစစ်စစ် မဟုတ်ဘဲ ... မိစ္ဆာနတ်ဆိုးတစ်ပိုင်း ဖြစ်နေသလိုပဲ... အရှင်၊ ကျွန်တော့်ကို လိမ်နေပြန်ပြီမလား”
တန်ခိုးရှင်သစ်ခုတ်သမားက မျက်မှောင်ကြုတ်၍ သူ့ကို အော်သည်။ “ငါ ဘယ်တုန်းက လိမ်ဖူးလို့လဲ”
ကျားနတ်မင်းက ပါးစပ်ဟလိုက်သော်လည်း သူ့အနောက်ရှိ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများကို မြင်လျှင် ပြန်ပိတ်လိုက်သည်။ ‘ဒီလူလိမ်အဘိုးကြီးကို နည်းနည်းတော့ မျက်နှာသာပေးထားဦးမှပါ....’
တန်ခိုးရှင်သစ်ခုတ်သမား၏အကြည့်မှာ ချင်မူ့ကိုယ်ပေါ်သို့ ပြန်ရောက်သွား၏။ သူ့အတွေးများအား မသိရပေ။
သူက အကြည့်ပြန်ရုတ်ကာ မျက်နှာချင်းဆိုင်ရှိ ဖုရွေ့လော်ဆီ လှမ်းကြည့်သည်။ မိစ္ဆာနတ်ဘုရားကလည်း ချင်မူ့ကို ကြည့်ရင်း စိတ်ဝင်စားနေပုံရ၏။
“မိစ္ဆာနတ်ဆိုးတစ်ပိုင်းတဲ့လား.... သူ့မှော်စွမ်းအင်က တကယ် အင်အားကြီးမားတယ်... စုမိုရဲ့ တပည့် ရှီချွမ်စုန့်နဲ့ ယှဉ်နိုင်တယ်... သူက မှော်စွမ်းအင် သုံးပြီး ရုပ်ခန္ဓာခွန်အားကို ဖြည့်ပေးထားတာပဲ” ဖုရွေ့လော်က ပြုံး၍ ပြောလိုက်၏။ “ကောင်းကင်ဆရာသခင်၊ မင့်ဆက်ခံသူက စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်တစ်ယောက်ပဲ ... မိစ္ဆာနတ်ဆိုးတစ်ပိုင်းတဲ့လေ”
တန်ခိုးရှင်သစ်ခုတ်သမား အံ့အားသင့်သွားသော်လည်း မှင်သေသေ ပြောလိုက်သည်။ “ဘာမိစ္ဆာနတ်ဆိုးလဲ... သူက မိစ္ဆာလမ်းစဉ်ကျင့်ကြံထားတဲ့ လူသားတစ်ယောက်ထက် မပိုဘူး.... ဘယ်သူက ငါ့ထက် သူ့အကြောင်း ပိုသိနိုင်မှာလဲ”
ဖုရွေ့လော်က ဟက်ခနဲ ရယ်ကာ ဆက်မပြောတော့ပေ။
ချော်ရည်ပူဘီလူးကြီးက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရာ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပြန့်ကားလာ၏။ သူက ချင်မူ့ဆီသို့ တရှိန်ထိုး ပြေးဝင်လာသည်။ “မင်းက ပမွားလေး ဖြစ်နေတုန်းပါပဲ... မင်းရဲ့ ရုပ်ခန္ဓာက အစစ်အမှန်နတ်ဘုရားငယ်အဆင့် မရောက်သေးဘူး... ကြယ်တာရာအရှင်သခင်အသွင်တွေကို ဖွဲ့တည်နိုင်ရင်တောင်မှ ငါ့လက်သီးချက်တစ်ချက်တည်းနဲ့ ပြိုလဲရဦးမှာပဲ”
ချင်မူ၏ချီစွမ်းအင်က ပြင်းထန်အားကောင်းလာပြီး သူ့ခြေထောက်အောက်ရှိ မီးနဂါးနှစ်ကောင်က တရှိန်ထိုး ပြေးသွားသည်။ သူ့အနောက်၌ ကြယ်တာရာများ စုဝေးလာပြီး လင်းလက်တောက်ပနေ၏။ ငွေရောင်အလင်းတန်းက ကြယ်တာရာများအကြား ဆက်သွယ်ကာ နဂါးငွေ့တန်းတစ်ခုကို ဖွဲ့တည်ပေးလိုက်သည်။
လူတစ်ယောက်သာ အမြင်အာရုံကောင်းလျှင် ကြယ်တစ်စင်းစီ၏အပေါ်တွင် မတ်မတ်ရပ်နေသော နတ်ဘုရားများအား မြင်ရလိမ့်မည်။
ကြယ်တာရာများအကြား ဆက်သွယ်ထားသော ကြယ်အလင်းရောင်မှာ နတ်ဘုရားတို့မှ ဖြန့်ကျက်နေသည့် အလင်းတန်းများ ဖြစ်၏။
အလင်းတန်းများက ကြိုးမျှင်များသဖွယ် ယှက်ဖွဲ့သွားပြီး ထူးဆန်းသော အားလှိုင်းစက်ကွင်းတစ်ခု ဖြစ်တည်လာသည်။
ဤသည်မှာ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို ဆင်ခြင်သုံးသပ်ပြီးနောက် ပေါင်းစည်းကျင့်စဉ်အဖြစ် လီထျန်းရှင် ဖန်တီးခဲ့သော မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်း ဖြစ်သည်။
နတ်ဘုရားအဆင့် ရောက်လုဆဲဆဲ သိုင်းကွက်များအနက် ဤသိုင်းကွက်ထက် ပိုမိုအနုစိတ်သော သိုင်းကွက်အား ချင်မူ မတွေ့ဖူးသေးပေ။
ချော်ရည်ပူဘီလူးက မထီမဲ့မြင် ပြုံးလိုက်ပြီး သူ့လက်သီးကြီးက ချင်မူ့ဆီ ပြေးဝင်လာသည်။ ဘုန်းခနဲ မြည်ဟည်းသံကြီးနှင့်အတူ ကျောက်တုံးများ ပြိုကွဲကြေမွသွားသည်။ ချင်မူက နောက်ဆုတ်၍ ချာခနဲ ပြန်လှည့်ကာ တရှိန်ထိုး ပြေးတက်သွားသည်။
ချော်ရည်ပူဘီလူး ဒေါသတကြီး ဟိန်းဟောက်လိုက်သည့်အခါ သူ့ကိုယ်ပေါ်ရှိ မိစ္ဆာမီးတောက်များက ဟုန်းခနဲ တောက်လောင်သွား၏။ သူလည်း ချင်မူ့ဆီ ပြေးတက်လာ၍ နှစ်ယောက်သား ဝင်တိုက်သွားသည်။ ချင်မူ့ခြေထောက်ရှိ အမြွှာနဂါးနှစ်ကောင်မှာ အားလှိုင်းကြောင့် တစစီ စုတ်ပြဲလွင့်ပျယ်သွား၍ ချင်မူ နောက်ဆုတ်သွားသည်။
ချော်ရည်ပူဘီလူး၏ ခန္ဓာကိုယ်မှ ကျောက်တုံးများ လွင့်ထွက်သွားသော်လည်း မိစ္ဆာမီးလျှံများက ပြန်ဆွဲငင်လိုက်သည်။ ထိုမိစ္ဆာမီးလျှံများက သွေးများပမာ သူ၏ခြေထောက်များတစ်လျှောက် စီးဆင်းနေသော်လည်း အရွတ်များနှင့်လည်း တူ၏။ အလွန်ထူးဆန်းပေသည်။
သို့သ်ော ဤအခိုက်အတန့်တွင် ဓားစက်လုံးတစ်လုံး ပျံသန်းလာပြီး သူ၏ချော်ရည်ပူကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ရွှစ်
ဓားအလက်ရှစ်ထောင်က ပေါက်ကွဲသွားပြီး ကျောက်တုံးများနှင့် မိစ္ဆာမီးလျှံအား ပိုင်းဖြတ်သွားသည်။ တခဏအတွင်း ဓားများက ချော်ရည်ပူဘီလူးကြီး၏ ခန္ဓာကိုယ်တစ်လျှောက် ဖြာဆင်းရင်း သူ၏အဆစ်အားလုံးကို ဖြတ်တောက်လိုက်၏။
ချော်ရည်ပူဘီလူးကြီးမှာ တခဏ မှင်သက်သွားပြီးနောက် မြေကြီးပေါ် လဲကျသွားသည်။
ချင်မူလည်း လဲကျသွားသော်လည်း တမုဟုတ်ချင်း လူးလိမ့်ထသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသော်လည်း သူက တရှိန်ထိုး ပြေးပြီး ဓားအလက်ရှစ်ထောင်နှင့်အတူ ကြိုးကြာဖိုပမာ ကောင်းကင်ယံတွင် ပျံဝဲနေသည်။ ပြေးနေစဉ် လက်ချောင်းများကို ဓားများသဖွယ် အသုံးချကာ အားမာန်အပြည့်ဖြင့် ထိုးစိုက်နေ၏။
မြေပြင်ပေါ်တွင် ပြန့်ကြဲနေသော ကျောက်ခဲများနှင့် မိစ္ဆာမီးလျှံများက လူးလွန့်ပူးပေါင်းကာ ကြီးထွားတုတ်ခိုင်သည့် ကျောက်ခြေထောက်ကြီးနှစ်ချောင်းအသွင် ဖွဲ့တည်သွား၏။ မိစ္ဆာမီးလျှံများက ချော်ရည်ခဲများကြားမှ အထက်သို့ တောက်လျှောက် ကူးစက်သွားရင်း စုဝေးလာသည်။ ခါးကား လျင်မြန်စွာ ဖွဲ့တည်လာပြီး ချော်ရည်ပူဘီလူးကြီး၏ခန္ဓာကိုယ်အား ပြန်လည်တည်ဆောက်နေ၏။
ချော်ရည်ပူဘီလူး၏အသက်ဓာတ်က အလွန်ထူးဆန်းသည်။ သူက ခန္ဓာပြန်တည်ဆောက်နိုင်သော မျိုးနွယ်အနည်းစုထဲမှ ဖြစ်နေ၏။
“တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓား”
ဓားအလက်ရှစ်ထောင်၏ ဓားရောင်များက တောင်တန်းများနှင့် မြစ်ပြင်များအား ဖွဲ့တည်လိုက်သည်။ ချော်ရည်ဘီလူးကြီး လည်ပင်းအထိ ပြန်လည်တည်ဆောက်ပြီးသည့် အခိုက်အတန့်တွင် တောင်တန်းများနှင့်မြေပြင်များက သူ့ကို လွှမ်းခြုံသွား၍ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ လွင့်စင်ပြန့်ကြဲသွား၏။
ချင်မူက ဒေါသတကြီး ပြေးနေသည်။ ဘယ်လက်ကို ယင်၊ ညာလက်ကို ယန်အဖြစ် အသုံးပြု၍ လက်နှစ်ဖက်ကို ကြက်ခြေခတ်ထားကာ တောင်တန်းများနှင့် မြစ်ပြင်ကြားမှ ဖြတ်လျှောက်သွားသော ဓားမှ ဖွဲ့တည်ထားသော ဓားပန်းချီအပေါ် ဖိချလိုက်သည်။
ကောင်းကင်ဘုံကို မှောက်ခုံလှန်မည့် ယင်ယန်လက်များ ၊ လက်ဝါးထပ်သိုင်းကွက်
ယင်ယန်လက်ဝါးအားလှိုင်းက ပေါ်ထွက်ပေါက်ကွဲပြီး သန့်စင်ယင်ချီနှင့် သန့်စင်ယန်ချီသည် ဓားပန်းချီအဖြစ် ပေါင်းစည်းသွား၏။ ယင်လျှပ်စီးတန်းနှင့် ယန်လျှပ်စီးတန်းက ကျောက်ခဲများကို ပစ်ချလိုက်သည်။ နောက်ဆုံးတော့ မိစ္ဆာမီးလျှံများ ငြိမ်းသေသွားချေပြီ။
ချင်မူ ဒူးနှစ်ဖက်ပေါ် လက်တင်ကာ သွေးသလိပ်များ ထွေးထုတ်လိုက်သည်။ သူ ခေါင်းစောင်းကြည့်လိုက်သည့်အခါ ဘေးရှိ တောင်ပေါ်မှ ဆင်းလာသော ကောင်းကင်နတ်ဆိုး သိုင်းပညာရှင်နောက်တစ်ယောက်ကို မြင်လိုက်ရ၍ မကျေမနပ် ညည်းတွားလိုက်တော့သည်။ “နောက်တစ်ယောက် လာပြန်ပြီလား... ငါ တိုက်ပွဲနှစ်ပွဲ တိုက်ခိုက်ပြီးပြီ... နောက်တစ်ယောက် သွားရှာလို့မရဘူးလား”
ကောင်းကင်နတ်ဆိုးသိုင်းပညာရှင်က မထီတထီ ပြုံးလျက် လျှောက်လာသည်။ “မင်းကို ဘယ်သူက အကြောင်းမဲ့သက်သက် ပန်းပဲထုခိုင်းခဲ့လို့လဲ”
ချင်မူမျက်နှာမှာ မဟူရာသံတုံးသဖွယ် မည်းခြစ်သွားသည်။
၎
င
၎
၎