← Chapters

မက္ကဆီကိုတိုက်ပွဲ

Vol. 8 Ch. 7

မက္ကဆီကိုတိုက်ပွဲ

Vol. 8 Ch. 7

နောက်တစ်နေ့ နေ့လယ်ပိုင်းအထိတော့ မက်ဒါနာတို့ရဲ့နေ့ရက်လေးက ပုံမှန်အတိုင်းလည်ပတ်နေတာပဲ။ မွန်းတည့်ပိုင်းရောက်တော့ မဟာမိတ်ဆီကနေ သတင်းဝင်လာရော။

"ဘာ၊ မက္ကဆီကိုမှာ ပိုးကောင်ဗိုလ်ချုပ်ပေါ်လာတယ်။" ဖရာလီတာက ဖုန်းကိုလက်ခံနားထောင်ပြီးတာနဲ့ အလန့်တကြားထခုန်မိတော့တာပဲ။ ခနနေတော့

နျူရေတို့အတန်းမှာ စာသင်နေတဲ့ မက်ဒါနာကို ဖရာလီတာက လာခေါ်ရတယ်။ မစ်ရှင်အဖွဲ့တစ်ခုလုံးကို စမ်းသပ်ခန်းထဲခေါ်ပြီး စည်းဝေးရတယ်။

"ပိုးကောင်တစ်ကောင်ပေါ်လာရုံပဲမလား။ ဟိုကောင်မလေးသုံးယောက်နဲ့ငါနဲ့သွားရုံနဲ့ပြီးတယ်။

အချိန်ဖြုန်းမနေကြနဲ့။"

ကြောင်နက်က အခန်းထဲရောက်တာနဲ့ မက်ဒါနာ၊ ဆိုဖီယာနဲ့လီဆာကို လက်ညိုးထိုးပြီးပြောတယ်။ သူတို့အားလုံးပေါင်းရင် ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကို မြေလှန်ပြီးသတ်ဖို့ဆိုတာ အလွယ်လေးပဲဥစ္စာ။

ဒါပေမဲ့ ဖရာလီတာကတော့ ငြင်းပါတယ်။ "နင်တို့ဘာပဲလုပ်လုပ် ငါ့ယာဥ်ပျံကိုစီးပြီးသွားရမှာပဲဥစ္စာ။ ငါမပါဘဲ ငါ့ယာဥ်ပျံကို ယူသွားခွင့်ပေးမယ်ထင်နေလို့လား။ ပြီးတော့ ကျန်တဲ့သူတွေလည်း ပွဲကြည့်ချင်မှာလဲလေ။" ဖရက်၊ ဖလေရာ၊ လင်ဒါတို့ ခေါင်းညိတ်သဘောတူကြတယ်။ မက်ဒါနာကတော့

"ဟုတ်ပါပြီ၊ အကုန်လုံးလိုက်လို့ရတယ် ဟုတ်ပြီလား။ ဒါပေမဲ့ တကယ်တိုက်ရင် ငါတို့ပဲတိုက်မယ်။

ဘယ်သူမှ ခွင့်ပြုချက်မရဘဲ ယာဥ်ပေါ်ကမဆင်းနဲ့။"

အရင်တိုက်ပွဲတွေကတစ်ဆင့် သူတို့သိရသလောက်

ဆိုဖီယာလိုအဆင့်ကလူတွေမှ ပိုးကောင်ဗိုလ်ချုပ်တွေကို ပြတ်ပြတ်သားသားအနိုင်ယူနိုင်တာမဟုတ်ပါဘူး။ ဒီတော့ အားနည်းတဲ့သူတွေအနေနဲ့ တိုက်ပွဲမှာရှိမနေတာ အကောင်းဆုံးပဲလေ။

ဆုံးဖြတ်ချက်ချပြီးတဲ့နောက်တော့ သူတို့တွေ ကျောင်းထဲကထွက်ပြီး ယာဥ်ပျံပေါ်တက်ကြတယ်။

ယာဥ်ပျံပေါ်မှာရှိနေတုန်း ဖရာလီတာက မဟာမိတ်က ရလာတဲ့ ပိုးကောင်ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ရှင်းပြတယ်။

"ပိုးကောင်ဗိုလ်ချုပ်က မက္ကဆီကိုမိုးသစ်တောနားက မြို့ငယ်လေးမှာပေါ်လာတာ။ လောလောဆယ်တော့ မက္ကဆီကိုအစည်းအရုံးက ကိုင်တွယ်နေပေမဲ့ သူတို့အင်အားလောက်နဲ့ ဘယ်လိုမှမထိရောက်ဘူး။"

မက်ဒါနာက ယာဥ်ပျံထဲမှာ ရှိနေတဲ့သူတွေကို တစ်ချက်ကြည့်လိုက်တယ်။ ဆိုဖီယာ၊ ကြောင်နက်၊ လီဆာတို့က သူပြီးရင် အင်အားအကြီးဆုံးပဲ။ ဖလေရာ၊

ဖရက်၊ လင်ဒါနဲ့ အေမီတို့ကတော့ ဒီအတိုင်းလိုက်လာတာ။ သူတို့က ပိုးကောင်ဗိုလ်ချုပ်ကို ဝင်တိုက်လို့မရဘူး။

"ပိုးကောင်ဗိုလ်ချုပ်က မျိုးစိတ်သစ်မလား။" မက်ဒါနာမေးလိုက်တော့ ဖရာလီတာက ခေါင်းညိတ်လိုက်ပါတယ်။

"ဓားခုတ်ကောင်အမျိုးအစားပဲ၊ တော်တော်လေးမြန်ပြီး အရာဝတ္ထုတွေကို ပိုင်းဖြတ်နိုင်တဲ့ ထက်မြက်တဲ့ ဓားလက်တွေရှိတယ်။ ဒါပေမဲ့ လောလောဆယ် S အဆင့်ထက် နည်းနည်းပဲကျော်သေးတဲ့စွမ်းအားကိုပဲ ထုတ်ပြနေတာ။ ဒေသခံဟီးရိုးတွေက မြို့ထဲက လူ

တွေကိုကယ်ထုတ်နိုင်ဖို့ ကြိုးစားနေကြတယ်။"

သူတို့ရောက်သွားချိန်မှာတော့ အိမ်တွေအဆောက်အဦးတွေ မီးလောင်နေပြီး လူတွေပြေးလွှားနေတာကို တွေ့ရပါတယ်။ တိုက်ပွဲဖြစ်နေတာမျိုးမရှိပေမဲ့ ပိုးကောင်ဗိုလ်ချုပ်က နေရာတိုင်းမှာပြေးလွှားနေပြီး

မြင်မြင်သမျှကို ဖျက်ဆီးသွားနေပါတယ်။

"ကြည့်ရတာ တစ်ကိုယ်တော်ပဲထင်တယ်။ မြို့ထဲမှာ လူကုန်သလောက်ဖြစ်နေပြီဆိုတော့ မစ်ရှင်စကြတာပေါ့။"

ဖရာလီတာက မြေပြင်အောက်မှာရှိနေတဲ့ မက္ကဆီကို ဟီးရိုးအဖွဲ့ဆီက သတင်းရယူပြီးတော့ ပြောလိုက်ပါတယ်။ နယ်ဆင်ယာဥ်ပျံရဲ့ဝမ်းဗိုက်တံခါးပွင့်သွားပြီး

ငွေရောင်စစ်သည်၊ ဆိုဖီယာ၊ လီဆာနဲ့ ကြောင်နက်တို့

ထွက်လာပါတယ်။

"ရန်သူက တစ်ယောက်တည်းပဲမဟုတ်လား၊ နင်တို့သုံးယောက် ဒီမှာနေခဲ့ပြီး အခြေအနေမဟန်တော့မှ ငါ့ကိုလာကူလေ။"

ကြောင်နက်က ဒီစကားကိုကြားတော့ "ယုံကြည်မှုတွေ ပြည့်ဝနေတယ်ပေါ့။ ကောင်းပြီလေ။" လို့ပြောပြီး နယ်ဆင်သင်္ဘောပျံရဲ့အပေါ်မှာ ဝင်ထိုင်နေလိုက်တယ်။ လီဆာလည်း ကြောင်ကြီးဘေးမှာ ဝင်ထိုင်နေလိုက်တယ်။ ဆိုဖီယာကတော့

"နင်က အခုစွမ်းအားကြီးနေပြီဆိုတာ ငါနားလည်တယ်။ ဒါပေမဲ့ သတိမလွတ်စေနဲ့။ ပိုးကောင်ဗိုလ်ချုပ်တွေက သိပ်အန္တရာယ်များတယ်။"

"ကောင်းပြီ။" ငွေရောင်စစ်သည်က အနက်ရောင်သေတ္တာကို ဆွဲဖွင့်လိုက်တယ်။ စေဘာစတိန်းနဲ့ ပေါင်းစပ်ရမယ့်အစား စေဘာစတိန်းပေါ်ကို တက်ထိုင်လိုက်ပါတယ်။ "ရန်သူက မြန်တယ်ပြောတော့၊ ငါလည်းလိုက်မြန်ရမှာပေါ့။" မက်ဒါနာက စေဘာစတိန်းကို ထပ်ပြီးအဆင့်မြှင့်ထားသေးတယ်။ အခုဆိုရင် မြေပြင်ပေါ်မှာ အသံမြန်နှုန်းထက်ကျော်လွန်းပြီး ပြေးလွှားလို့ရနေပြီလေ။ မက်ဒါနာက အသင့်ဖြစ်တာနဲ့ နယ်ဆင်သင်္ဘောပျံထဲကနေ ထွက်လိုက်ပြီး မြို့ရဲ့လမ်းတစ်ခုပေါ် ခုန်ချလိုက်တယ်။

အောက်ကိုရောက်ရောက်ချင်း မက်ဒါနာက မြို့ရဲ့အခြေအနေကို တစ်ချက်စစ်ဆေးကြည့်လိုက်ပါတယ်။ နေရာတိုင်းမှာ အဆောက်အဦးတွေပြိုကျနေပြီး အုတ်ကျိုးတွေပိပြီးသေသွားသူတွေကိုလည်း သူမြင်နေရတယ်။ လမ်းမတွေထက်မှာတော့ သွေးတွေအိုင်ထွန်းနေပြီး အပိုင်းပိုင်းပြတ်ကာ သေဆုံးနေတဲ့သူတွေရဲ့ခန္ဓာကိုယ်တွေနဲ့ပြည့်လို့ရယ်။

"တကယ့်ကို ငရဲတွင်းဝရောက်သွားသလိုပဲ။" မက်ဒါနာက မှတ်ချက်ချလိုက်တယ်။

ငွေရောင်စစ်သည်က ဟောင်းနွမ်းနေတဲ့ ကတ္တရာလမ်းတွေအတိုင်း ပြေးသွားရင်း ဓားခုတ်ကောင်ရှေ့ကိုရောက်လာပါပြီ။ ဓားခုတ်ကောင်က ချက်ချင်း မတိုက်ခိုက်သေးဘဲ ငွေရောင်စစ်သည်ကို လှည့်ကြည်တယ်။ ငွေရောင်စစ်သည်ကတော့ ဓားကိုဆွဲမြှောက်ပြီး အရင်စတိုက်တော့တာပေါ့။

"ဟား...."

ကင်းအာသာရဲ့ဓားက ဓားခုတ်ကောင်ရဲ့ကျောပေါ်ကို ကျဆင်းသွားတယ်။ ဓားခုတ်ကောင်က အလန့်တကြား အော်ဟစ်ရင်း ချက်ချင်းပြန်မတိုက်ဘဲ နောက်ကိုထိုင်ကျသွားတယ်။ အဲဲဒီနောက် ထွက်ပြေးဖို့စကြိုးစားတယ်။ ဓားခုတ်ကောင်ရဲ့မြန်နှုန်းက အသံမြန်နှုန်းကို ချိုးဖောက်သွားပေမဲ့ စေဘာစတိန်းပေါ်မှာရှိနေတဲ့ ငွေရောင်စစ်သည်ကလည်း တူညီတဲ့မြန်နှုန်းနဲ့ ပြေးလိုက်တယ်။ နှစ်ယောက်ပြိုင်ပြေးရင်းက ဖြစ်ပေါ်လာတဲ့ လေထုပေါက်ကွဲမှုကြောင့် သူတို့ဖြတ်ပြေးလာတဲ့ လမ်းတစ်ဖက်တစ်ချက်စီမှာရှိတဲ့ တိုက်တွေက ပြတင်းပေါက်မှန်တွေ ကွဲကြေကုန်တယ်။

ခွမ်း... ခလွှမ်း...

ထန်း....

မက်ဒါနာက သူ့လက်ထဲက ဒဏ္ဍာရီလာဓားနဲ့ဓားခုတ်ကောင်ကို အားကုန်ရိုက်ချလိုက်တယ်။ ဓားခုတ်ကောင်က ပြန်ခုခံပေမဲ့ စနစ်မကျပါဘူး။ သတ္တုချင်းခတ်မိရာကနေ မီးဖွားတွေဖြာထွက်လာခဲ့ပေမဲ့ ကင်းအာသာရဲ့ဒဏ္ဍာရီလာဓားဖြစ်လို့ မြေဆွဲအားဓားလိုမျိုး အလွယ်တကူကျိုးသွားတာမျိုး မဖြစ်ဘူး။

ဘုန်း....

မက်ဒါနာက ဓားခုတ်ကောင်ကို နှစ်ထပ်တိုက်တစ်ခုနဲ့

ဝင်တိုက်မိတဲ့အထိ ဖိအားပေးလိုက်နိုင်တယ်။ နှစ်ထပ်တိုက်က ပြိုကျသွားပြီး ဓားခုတ်ကောင်လည်း

မြေပေါ်ကိုလဲကျသွားပြီ။ ငွေရောင်စစ်သည်က

တောင်ပံကိုဖွင့်လိုက်ပြီး စေဘာစတိန်းရဲ့ကျောပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ စေဘာစတိန်းကတော့ ခုန်တက်လိုက်ပြီး ငွေရောင်စစ်သည်နဲ့ပေါင်းစပ်လိုက်ပါတယ်။

[Booster Form: Cerberus Armour.] ငွေရောင်စစ်သည်က ခေါင်းသုံးလုံးခွေးပုံစံပြောင်းလိုက်ပြီး ရင်ဘတ်က ခွေးခေါင်းမှာ အလင်းဒြပ်စင်တွေကို စတင်စုစည်းတယ်။ ဓားခုတ်ကောင်က ပြန်ရပ်ဖို့ ကြိုးစားပေမဲ့ ခွေးနဲ့ပေါင်းစပ်ထားတဲ့ ငွေရောင်စစ်သည်က အမျိုးမျိုးသော ဒုံးလက်နက်တွေနဲ့ ပစ်ခတ်ပြီး ဓားခုတ်ကောင်ကို နေရာမှာပဲ ဆက်လဲနေအောင် ဖိအားပေးထားတယ်။ စက္ကန့်အနည်းငယ်ကြာပြီးတဲ့နောက်တော့ အလင်းတန်းကြီးက ခွေးခေါင်းကနေ ထွက်ပေါ်လာပြီး ဓားခုတ်ကောင်ကို ထိမှန်သွားပါတော့တယ်။

ဘုန်း....

အားပြင်းလှတဲ့ အလင်းတန်းကြီးကြောင့် ဧရာမ ဓားခုတ်ကောင်ကြီးရဲ့ခန္ဓာကိုယ်ဟာ မီတာရာနဲ့ချီ လွင့်ထွက်သွားပြီး စတင်လောင်ကျွမ်းခံရတယ်။ ခေါင်းသုံးလုံးခွေးပုံစံရဲ့အလင်းပစ်ခတ်နိုင်စွမ်းက သိပ်ကိုမြင့်လွန်းပြီး အရွယ်ရောက်ပြီးသား ပိုးကောင်ဗိုလ်ချုပ်တွေကိုတောင် ဒဏ်ရာရစေနိုင်ပါတယ်။ ဒါကြောင့် အရွယ်မရောက်သေးတဲ့ ဒီပိုးကောင်ဗိုလ်ချုပ်ကို သေလုမျောပါး ဒဏ်ရာရသွားစေနိုင်မှန်း မက်ဒါနာသိနေတယ်။ ဒါကြောင့် အသက်ကိုပေးဆပ်ရမယ့် ဖီးနစ်ပုံစံအစား ဒါနဲ့စမ်းသပ်ဖို့အတွက် အသုံးပြုခဲ့တာပါ။

"အခြေအနေကြည့်ရသေးတာပေါ့။" ငွေရောင်စစ်သည်က အရှိန်ပြည့်ပြေးရင်း ဓားခုတ်ကောင်လဲကျနေတဲ့နေရာဆီ တဖြည်းဖြည်းရောက်လာပြီ။ လက်ထဲမှာတော့ ဒဏ္ဍာရီလာဓားကို ကိုင်ထားပြီး ဓားခုတ်ကောင်ကြီးနားကို သတိနဲ့စချဥ်းကပ်တယ်။ အနားကို မြန်မြန်မချဥ်းကပ်ရတဲ့ အကြောင်းအရင်းက ဓားခုတ်ကောင်ဉာဏ်များပြီး ခြုံခိုတိုက်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပါ။

"သူ ဒဏ်ရာအပြင်းအထန်ရသွားတာပဲ။" ဓားခုတ်ကောင်ရဲ့အတောင်ပံက ကိုယ်ထည်ကနေ ကျွတ်ထွက်နေပြီး ခါးနေရာလောက်မှာ အရေခွံကို ဖြတ်ပြီး အသားထဲအထိဖောက်နေတဲ့ မီးလောင်ဒဏ်ရာကိုတွေ့တော့ ငွေရောင်စစ်သည်က ခေါင်းညိတ်လိုက်တယ်။

လောလောဆယ် ဓားခုတ်ကောင်က မသေသေးပါဘူး။ ဒဏ်ရာအပြင်းအထန်ရပေမဲ့ ခန္ဓာကိုယ်က လှုပ်ရှားနေဆဲပါ။ ငွေရောင်စစ်သည်က ဓားကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ပိုးကောင်ဗိုလ်ချုပ်ကို အဆုံးသတ်ဖို့ အနားကပ်သွားလိုက်တယ်။

"ရပ်လိုက်၊ ခင်ဗျားသူ့ကို နာကျင်အောင်လုပ်လို့မရဘူး။"

ရုတ်တရက် ဆယ့်ငါးနှစ်လောက်ပဲ ရှိသေးပုံပေါ်တဲ့ ကောင်လေးတစ်ယောက်က လမ်းတစ်ခုကနေ ပြေးထွက်လာပြီး ငွေရောင်စစ်သည်နဲ့ ဓားခုတ်ကောင်ရဲ့ကြားမှာ ပြေးဝင်တားတယ်။ မက်ဒါနာကတော့ မျက်မှောင်ကြုတ်လိုက်ပါပြီ။ 'ဒေသခံဟီးရိုးအဖွဲ့က ဒီမြို့ကို ပြောင်းရွေ့ပြီးပြီမဟုတ်ဘူးလား။ ဘာလို့ဒီမှာ ကလေးတစ်ယောက်ရှိနေသေးတာလဲ။'

"ကလေး၊ ဒီနေရာက အန္တရာယ်များတယ်။ အမြန်ဆုံးထွက်သွားပြီး လုံခြုံတဲ့တစ်နေရာမှာ ပုန်းနေပါ။"

မက်ဒါနာရဲ့ဦးနောက်က အလျင်အမြန်လှုပ်ရှားသွားပြီး အခုလိုပြောလိုက်တယ်။ သူ့ခန္ဓာကိုယ်ကတော့ စကားပြောနေချိန်မှာပဲ လှုပ်ရှားနေပြီး ကောင်လေးရဲ့ခန္ဓာကိုယ်ကို ရှောင်ပြီးရှေ့ဆက်သွားဖို့ကြိုးစားတယ်။

'ငါသိသလောက် ပိုးကောင်တွေရဲ့ကုသနိုင်စွမ်းက သိပ်မြန်လွန်းတယ်။ အခွင့်အရေးကို မဖမ်းဆုပ်နိုင်ရင် ဒီတစ်ယောက်ကို သတ်လို့ရမှာမဟုတ်ဘူး။' အဲဒီအချိန်တုန်းက မက်ဒါနာခေါင်းထဲမှာ အဲဒီအတွေးပဲ ရှိနေခဲ့တာပါ။

"သူက ကျွန်တော့်ရဲ့ညီမလေးပါ၊ သူဘာမှအမှားလုပ်မထားဘူး။" ကောင်လေးက မက်ဒါနာရဲ့ဓားကိုင်ထားတဲ့ လက်ပေါ်ကို လက်တင်ပြီးတော့ ပြောတယ်။ မက်ဒါနာလည်း ဓားခုတ်ကောင်ကို ကြည့်လိုက်တော့ခန္ဓာကိုယ်က တဖြည်းဖြည်းချင်းကျုံဝင်လာပြီး လူမမယ် ကလေးမလေးတစ်ယောက်အဖြစ်ပြောင်းသွားပြီ။ ဒါကြောင့် သူ့ဓားကို နည်းနည်းနှိမ့်ထားလိုက်ပါတယ်။

"ကောင်မလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို မျိုးပွားမိခင်ရဲ့ဥ သွပ်သွင်းပေးလိုက်တာလား၊ ရက်စက်လိုက်တာ။"

မက်ဒါနာက ဒီလိုပြောလိုက်ပေမဲ့ သူ့ခြေလှမ်းတွေက

ရပ်မသွားပါဘူး။ လူတစ်ယောက်က ပိုးကောင်ဖြစ်သွားချိန်မှာ အရင်က လူတစ်ယောက်အတိုင်းဖြစ်မနေတော့ဘူး။ အဲဒီအစား အရင်လူတစ်ယောက်ရဲ့မှတ်ဉာဏ်တွေရှိနေတဲ့ ပိုးကောင်ပဲဖြစ်သွားကြတာ။ မယ်လီလိုမျိုး လူသားအဖြစ်ဆက်နေဖို့ ရွေးချယ်သူတွေလည်းရှိပေမဲ့ လူတိုင်းတော့မဟုတ်ဘူးလေ။

"ကလေး၊ စိတ်မကောင်းပေမဲ့ မင်းညီမလေးက ဒီတစ်မြို့လုံးကို အများကြီးထိခိုက်အောင် လုပ်ခဲ့ပြီးပြီမဟုတ်လား။" မက်ဒါနာက စိတ်မကောင်းမှုကိုထိန်းရင်း ကောင်လေးလက်ပေါ်ကို သူ့ရဲ့တခြားလက်တစ်ဖက်နဲ့ထပ်တင်လိုက်ပြီး ပြောလိုက်တယ်။

မြို့ထဲကို ဝင်လာကတည်းက သူသတိထားမိနေခဲ့တာတစ်ခုရှိတယ်။ နေရာတိုင်းမှာ ဓားခုတ်ကောင်ရဲ့လက်သည်းရာကြောင့် သေဆုံးနေတဲ့ လူသားတွေရှိနေတယ်။ ပိုးကောင်အဖြစ်မပြောင်းခင်က ဒီကောင်လေးရဲ့ညီမက ဘယ်လောက်ပဲ အပြစ်ကင်းစင်ပါစေဦးတော့ အခုလူသတ်စက်တစ်ခု အဖြစ် ပြောင်းလဲသွားတာလည်း ဖြစ်နိုင်တာပဲ။

မက်ဒါနာက ကောင်လေးရဲ့လက်ကို ဖယ်ရှားလိုက်တယ်။ ကလေးမကတော့ သူ့ရဲ့ဝမ်းဗိုက်က ဒဏ်ရာကို လက်နဲ့ဖိထားရင်းကနေ ထရပ်လိုက်ပြီ။ ဗိုက်က ဒဏ်ရာက ဖြည်းဖြည်းချင်းသေးငယ်လာနေပေမဲ့

ကောင်မလေးရဲ့မျက်လုံးကနေ မျက်ရည်တွေစီးကျလို့နေပါတယ်။ ကောင်မလေးက မျက်နှာသေနဲ့ အကြီးကောင်လေးကို ကြည့်လိုက်ပြီး

"အစ်ကိုကြီး၊ ညီမခုနက ဘာဖြစ်သွားတာလဲ။ ဘာလို့လူတိုင်းက ညီမလေးကို နာအောင်လုပ်ကြတာလဲ။" ကလေးမက ဘာမှမသိသလိုပုံစံမျိုးနဲ့ ပြောလိုက်တော့ မက်ဒါနာကိုယ်တိုင်လည်း တွေဝေသွားပြီး အဲဒီနေရာမှာပဲ ရပ်နေမိပါတယ်။

'နေပါဦး၊ ကောင်မလေးက သူ့ကိုယ်သူပိုးကောင်ဖြစ်နေမှန်းမသိဘဲ တစ်ယောက်ယောက်က ရန်စမိလို့ သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ ဗီဇအရ လူသတ်မိတာဆိုရင်ရော။'

မက်ဒါနာတွေဝေနေတဲ့အချိန်မှာပဲ သင်္ဘောပျံနားမှာ စောင့်နေတဲ့ ကြောင်နက်က စိတ်မရှည်တော့ဘဲ ဆင်းလာတယ်။ လီဆာလည်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ မကြာခင်မှာပဲ ကြောင်နက်က မက်ဒါနာနားကို ရောက်လာကာ ပြောတယ်။

"ရန်သူမှန်းသိသာနေတာတောင် ပြတ်ပြတ်သားသား

မသတ်နိုင်သေးဘူးလား။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်ပြီး ကမ္ဘာကိုကာကွယ်မယ့် သူရဲကောင်းမျိုးဖြစ်လာမှာလဲ။"

ကြောင်နက်က ပြောပြောဆိုဆိုနဲ့ လက်သီးကိုဆုပ်လိုက်တယ်။ သူ့လက်သီးမှာ မိုးကြိုးစွမ်းအားတွေ စုစည်းလာပြီး ကလေးမလေးကို ထိုးချလိုက်ပါပြီ။

တစ်ပြိုင်နက်တည်း ကောင်လေးရဲ့ခန္ဓာကိုယ်ပေါ်မှာ အဝါရောင်ကြေးခွံတွေပေါက်လာပြီး သူ့လက်နှစ်ဖက်က ကဏန်းလက်မတွေအဖြစ်ပြောင်းသွားတယ်။ ဘယ်လက်မကက သေးပေမဲ့ ညာဘက်လက်မက ပိုကြီးပါတယ်။ သူက ကြောင်ရဲ့လက်သီးကို ဘယ်လက်မနဲ့ခံယူလိုက်တဲ့အတွက် လက်မတစ်ခုလုံး လျှပ်စီးစွမ်းအားကြောင့် ကွဲကြေသွားပြီး အစိမ်းရောင် သွေးစက်တွေကျလာတယ်။

"ဘာ..." ကြောင်နက် အံ့ဩသွားတယ်။ ကြောင်နက်က ကောင်လေးကို ခြေနဲ့ကန်ထုတ်လိုက်ပြီး ကလေးမကိုထပ်တိုက်ဖို့လုပ်တော့ မက်ဒါနာက ကြောင်နက်ရဲ့လက်သီးကို သူ့ကိုယ်လုံးနဲ့ဝင်တိုက်ပြီး တိုက်ကွက်ကိုရပ်ပစ်လိုက်တယ်။

"သူတို့နှစ်ယောက်က ကလေးတွေဆိုတာ မင်းမသိဘူးလား။"

"အဲဒီကလေးတွေက မြို့လုံးကျွတ်ဖျက်ဆီးနိုင်တာရော မင်းမသိဘူးလား။"

ကြောင်နက်နဲ့ငွေရောင်စစ်သည်က အကြည့်ချင်းပြိုင်လိုက်တယ်။ တစ်ဖက်မှာတော့ သူတို့နောက်မှာရပ်နေတဲ့ ကလေးမက ပြုံးလိုက်တယ်။ ဒါပေမဲ့ သူ့မျက်လုံးကနေ မျက်ရည်တွေတော့ စီးကျနေဆဲပါ။ ကလေးမက သူ့လက်နှစ်ဖက်ကို မြှောက်လိုက်တော့ လက်တွေက ဓားခုတ်ကောင်ရဲ့လက်တွေအဖြစ်ပြောင်းသွားပြီး ကျောခိုင်းလျက်သားဖြစ်နေတဲ့ ငွေရောင်စစ်သည်ရဲ့ကျောကို ခုတ်ချပစ်လိုက်တယ်။

ထန်း....

ခုတ်ချက်ရဲ့အရှိန်ကြောင့် ငွေရောင်စစ်သည် လွင့်ထွက်သွားတယ်။ ငွေရောင်စစ်သည်ရဲ့ခေါင်းသုံးလုံးကျည်ကာသာမရှိရင် မက်ဒါနာသေလောက်ပြီ။ သူပြန်ထလာတော့ ဆေဘာစတိန်းကို ဆက်ဝတ်ထားလို့မဖြစ်နိုင်တော့လို့ ချွတ်လိုက်ရတယ်။ ကြောင်နက်လည်း ဆုတ်လာပြီး သူ့ဘေးမှာရပ်နေတယ်။ သူတို့က မီတာတစ်ရာလောက်အကွာမှာ ရောက်နေပြီဖြစ်ပြီး ကလေးနှစ်ယောက်ရှိရာကို ကြည့်လိုက်တော့ ကလေးနှစ်ယောက်က ဘေးချင်းယှဥ်လျက် သူတို့ကိုရပ်ကြည့်နေတာတွေ့ရပါတယ်။

"အစ်ကိုကြီး၊ သူတို့သမီးကို နာအောင်လုပ်တယ်။"

ကလေးမလေးက မက်ဒါနာနဲ့ကြောင်နက်ကို လက်ညိုးထိုးပြတယ်။ ကောင်လေးကလည်း သူတို့ကို ကြည့်လိုက်ပြီး

"ထင်ထားတဲ့အတိုင်းပဲ ဟီးရိုးဆိုတဲ့ကောင်တွေက တကယ့်ကို ငါ့ညီမလေးအတွက် ရန်သူဖြစ်နေပြီပဲ။

ငါ့ညီမလေးကို ကာကွယ်ဖို့အတွက်ဆိုရင်...."

ကောင်လေးက စကားဆက်မပြောတော့ဘဲ ခုန်ပြီး ကြောင်နက်နဲ့မက်ဒါနာဆီကို ပြေးဝင်လာတယ်။ ကြောင်နက်က လက်သီးကိုဆုပ်လိုက်ပြီး ကောင်လေးရဲ့တိုက်ကွက်တွေကို တားလိုက်တယ်။ ကောင်လေးရဲ့လက်က အခုအကောင်းအတိုင်းပြန်ဖြစ်နေပြီ။

အခုသူ့ရဲ့ပိုကြီးတဲ့ညာလက်ကိုသုံးပြီး အသံလှိုင်းကျည်ဆန်တွေနဲ့ ပစ်ခတ်နေတယ်။ မက်ဒါနာ ကြောင်နက်နဲ့ ကောင်လေးရဲ့တိုက်ပွဲကိုကြည့်ပြီး မအံ့ဩဘဲ မနေနိုင်ဘူး။

"ပစ္စတိုပုစွန်ဆိတ်လား၊ အင်းဆက်တွေနဲ့ အမျိုးတော်တယ်ဆိုပေမဲ့ ပိုးကောင်ဗိုလ်ချုပ်တစ်ယောက် သူတို့ထဲက ထွက်လာလိမ့်မယ်လို့ ထင်မထားဘူး။"

ကောင်လေးရော ကောင်မလေးကပါ ပိုးကောင်ဗိုလ်ချုပ်တွေဖြစ်နေမှန်း မက်ဒါနာသိနေပြီဖြစ်ပေမဲ့ သူ့စိတ်ထဲမှာ တွေဝေနေဆဲပါ။ 'အကြီးကောင်လေးက သူ့ညီမလေးကို ကာကွယ်ချင်ရုံသက်သက်ပဲ၊ ပြီးတော့ ဟိုကောင်မလေးက....'

ဓားခုတ်ကောင်ကလေးမအကြောင်းကို တွေးလိုက်ချိန်မှာပဲ ကလေးမက သူ့ရှေ့ရောက်နေတာ တွေ့လိုက်ရတယ်။ ကလေးမရဲ့မျက်နှာက အခုတော့ပြုံးနေပါတယ်။ ကလေးမဆီကနေ ဘာစကားသံမှ ထွက်မလာပေမဲ့ မျက်နှာက 'သတိလွတ်လိုက်တာနော် ဟီးရိုးကြီး။'လို့ ပြောချင်သလိုဖြစ်နေမှန်း သတိထားမိလိုက်တယ်။ ကလေးမက ဓားခုတ်ကောင်လက်တွေနဲ့ရင်ဘတ်ကို ခုတ်ချတဲ့အတွက် သူ့ဓားကိုပင့်ကာ ခုခံလိုက်ရတယ်။

ထန်း...

ပြင်းထန်တဲ့အားကြောင့် ငွေရောင်စစ်သည်နောက်ကိုလွင့်သွားရပြီး တောင်ပံနဲ့ဟန်ချက်မပျက်အောင်ထိန်းရတယ်။ ကြောင်နက်ကတော့ ကောင်လေးနဲ့တိုက်နေရင်းကနေ ဒေါသတကြီးအော်ဟစ်ပြီးပြောနေပါတယ်။

"သောက်ရူးမ၊ နင်ဘာလုပ်နေတာလဲ။ ဖီးနစ်ပုံစံပြောင်းပြီး သူ့ကိုတိုက်။"

မက်ဒါနာလည်း အခုအချိန်မှာ ဖီးနစ်ပြောင်းပြီး ကလေးမကိုသတ်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်မှန်း သိပါတယ်။ ကလေးမက လုံးဝလူစိတ်မရှိတော့တာ သေချာနေပြီ။ တစ်ဖက်မှာတော့ ဟိုကောင်လေးက လူစိတ်ရှိနေသေးပြီး သူ့ညီမလေးကို ကာကွယ်ဖို့ ကြိုးစားနေတယ်။ တကယ်လို့ သူကလေးမလေးကို သတ်လိုက်ရင် အဲဒီကြောင်လေးရင်တွေကွဲကြေသွားပြီး လူသားတစ်ယောက်ရဲ့ဖြစ်တည်မှုကို စွန့်လွှတ်ခဲ့လိမ့်မယ်။

ထန်း....

နောက်ထပ်တစ်ခါ မက်ဒါနာရဲ့ခံစစ်က ကျိုးပေါက်သွားပြန်တယ်။ ကလေးမက အခုတော့သွားပေါ်တဲ့ အထိပြုံးရယ်နေပြီး မက်ဒါနာကိုသတ်ဖို့ကြိုးစားနေပါပြီ။ မက်ဒါနာကတော့ အတွေးလွန်နေပြီး သူ့လက်ထဲက ဓားလွတ်ကျသွားတာကိုတောင် သတိမထားမိလိုက်ဘူး။ ကလေးမရဲ့ဓားခုတ်ကောင်လက်တွေကတော့ သူ့လည်မျိုကို ပိုင်းဖြတ်ဖို့အတွက် ပိုပိုပြီး နီးကပ်လာခဲ့ပြီ။

"ရပ်စမ်း...." ရုတ်တရက် မက်ဒါနာနားကနေ စကားသံတစ်ခုကြားလိုက်ရတယ်။ ဓားခုတ်ကောင်ရဲ့ကိုယ်ကို အစိမ်းရောင်အလင်းလွှာတစ်ခု ဖုံးအုပ်သွားပြီး လေထုထဲမှာတင် တားဆီးခံရတယ်။ မက်ဒါနာရဲ့ခန္ဓာကိုယ်ကတော့ နောက်ကိုဆွဲယူခံလိုက်ရပြီး ရင်းနှီးတဲ့ ပုံရိပ်လေးက ကောင်းကင်ပေါ်ကနေ ဆင်းသက်လာခဲ့ပါပြီ။

"နင် ဒီကောင်မလေးကို မသတ်ရက်ရင် နင့်အစား ငါ့သတ်ပေးမယ်၊ မက်ဒါနာ။" နတ်သူငယ်မလေး ဆိုဖီယာက လေထုထဲမှာ လှေကားထစ်တွေရှိနေသလိုမျိုး တစ်လှမ်းချင်းလှမ်းရင်း အောက်ကိုဆင်းလာပြီး မက်ဒါနာဘေးမှာ လာရပ်တယ်။ ဓားခုတ်ကောင်ရဲ့ကိုယ်ပေါ်က အလင်းလွှာလည်းပျောက်ကွယ်စပြုနေပြီ။ နတ်သူငယ်မလေးက သူ့ညာလက်ကို သေနတ်လိုအနေအထားပြုလိုက်ပြီး ပစ်လိုက်တယ်။

“ဘန်း....” ပါးစပ်ကနေ သေနတ်ပစ်သံလိုလုပ်ရွတ်ပြီးတော့ ဘာကျည်ဆန်မှ ထွက်လာတာမျိုး မတွေ့ရပေမဲ့ ဓားခုတ်ကောင်က တစ်ခုခုနဲ့အရိုက်ခံလိုက်ရသလိုမျိုး အဝေးကြီးကို လွင့်စင်သွားတော့တယ်။

All Chapters