သေမျိုးလူသားနှင့်နတ်ဘုရား
Vol. 72 Ch. 1003
အခန်း (၁၀၀၃) သေမျိုးလူသားနှင့်နတ်ဘုရား
ဖုထင်ကိုယ်တိုင်ရောက်မလာနိုင်သည်ကိုတော့ မျှော်လင့်ထားပြီးသား ဖြစ်သည်။
အမတခုံရုံးခရီးစဉ်သွားရောက်ပြီးနောက် နောက်ဆက်တွဲဆိုးကျိုးက လျှော့တွက်၍မရနိုင်ပေ။
မြောက်ဖေးတောင်ထွတ်မှ ရောက်လာသူမှာ ပိုးသားဧကရာဇ် ၊ ထိုက်စုယွမ်ကျွင်းတို့ကဲ့သို့ အဆင့်တူညီသော အကြီးအကဲတစ်ယောက် ဖြစ်သည်။
ဧည့်သည်ကို လက်ခံကြိုဆိုပြီးနောက် ရန်တိနှင့် ရန်ကျောက်ကဲတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
မြောက်ဖေးတောင်ထွတ်မှ ကျင့်ကြံသူများအနေဖြင့် ထိုက်ယိဟွာတိမ်တိုက်၏ တည်ရှိမှုကို သိရှိကြပုံ မပေါ်ပေ။ ထိုပုဂ္ဂိုလ်က ယဉ်ကျေးပျူငှာပြီး အခြားကိစ္စတစ်ခုအတွက် ရောက်လာခြင်း ဖြစ်သည်။
သို့သော် ဤကိစ္စက အလွန်ကြီးမားသည့်သက်ရောက်မှုတစ်ခု ရှိဟန်တူသည်။
ရိုးရှင်းစွာပြောရလျှင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့်တိုက်ပွဲအပြီးတွင် ပြင်ပဗလာနယ်ထဲသို့ ထွက်ခွာသွားသော ပိုးသားဧကရာဇ်က သတင်းပေးပို့လိုက်ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်၏ တပည့်ရင်းများနှင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်မှ ဝါရင့်အကြီးအကဲ (၂)ယောက်ကို သတ်ဖြတ်လိုက်သည့် စက်ဝန်းတောင်တိုက်ပွဲက အထက်ဘုံကမ္ဘာတွင် အကြောင်းအရာအတော်များများကို ပြောင်းလဲပစ်နိုင်သည့် ကစားပွဲတစ်ခု ဖြစ်ခဲ့သည်။
ထိုသတင်းများကို အတည်ပြုပြီးသည့်အခါ မြောက်ဖေးတောင်ထွတ်အနေဖြင့်လည်း ပိုးသားဧကရာဇ်ထံသို့ အမြန်ဆုံးအကြောင်းကြားမည်မှာ သေချာပေသည်။
ဤသို့အကြောင်းကြားသည်က ဖုထင် သို့မဟုတ် တောက်ယွိတို့၏ ရန်ကျောက်ကဲနှင့်ပတ်သက်ပြီး မည်သို့ခံစားရခြင်းနှင့် မသက်ဆိုင်ဘဲ လိုအပ်ချက်အရ အကြောင်းကြားခြင်းသာ ဖြစ်သည်။
သို့သော် အံ့သြစရာကောင်းသည်မှာ ရန်ကျောက်ကဲသတင်းကို လက်ခံရရှိသည်နှင့် ပိုးသားဧကရာဇ်က ချက်ချင်းအကြောင်းပြန်လာခဲ့သည်။
သူ၏အကြောင်းပြန်ချက်က လူအတော်များများ၏ခန့်မှန်းချက်ထက် ပိုမိုသာလွန်သွားသည်။
ပိုးသားဧကရာဇ်၏အကြောင်းပြန်ချက်မှာ -
“သူက ကိစ္စရပ်များကို တတ်နိုင်သမျှ အမြန်ဖြေရှင်းပြီး ချင်းယွမ်ဧကရာဇ်ပြန်မလာခင် အထက်ဘုံကမ္ဘာသို့ အရင်ပြန်လာရန် ကြိုးစားမည်။”
ဟူ၍ ဖြစ်၏။
ဤစကားအဓိပ္ပါယ်က အကယ်၍ ချင်းယွမ်ဧကရာဇ် ဝါဒတောင်အားဒုက္ခပေးလျှင် ပိုးသားဧကရာဇ်က ကြားဝင်လှုပ်ရှားပေးမည် ဆိုခြင်းလား။
အနည်းငယ်မျက်မှောင်ကြုတ်ထားသောရန်တိကို ရန်ကျောက်ကဲ လှမ်းကြည့်လိုက်သည်။
ပိုးသားဧကရာဇ် ဖုယွင်ချီက တောင်ပိုင်းထိပ်တန်းအရှင်သခင် ချောင်ကျယ်နှင့် ရင်းနှီးသူများ ဖြစ်ကြသည်။ ထို့ကြောင့် ချင်းယွမ်ဧကရာဇ်က ချောင်ကျယ်ကို ဖိအားပေးသည့်အခါ ပိုးသားဧကရာဇ်က ဝင်ရောက်ကူညီပေးခဲ့သည်။
သို့သော် ချင်းယွမ်ဧကရာဇ်က ဝါဒတောင်ကိုတိုက်ခိုက်မည်ဆိုလျှင် ပိုးသားဧကရာဇ်က ကူညီမည်လားဆိုသည်က ပြောရခက်သည့်ကိစ္စပင်။
ရန်ကျောက်ကဲက ဖုထင် ၊ ကြာပန်းနီကမ်းပါးမှ တပည့်များနှင့် ခင်မင်ရင်းနှီးသလို ပိုးသားဧကရာဇ်သည်လည်း သူတို့သားအဖကို အမုန်းတရားမဲ့တာအိုနန်းတော်သို့ ဖိတ်ကြားခဲ့ဖူးသည်။ သို့သော် ပိုးသားဧကရာဇ်က ရန်တိနှင့် ရန်ကျောက်ကဲအပေါ် ထားရှိသည့်အမြင်က ဖုထင်နှင့်မတူညီဘဲ ကွဲပြားနိုင်၏။
ပိုးသားဧကရာဇ်အနေဖြင့် ရန်ကျောက်ကဲနှင့် ဝါဒတောင်အပေါ် မည်သို့သဘောထားကြောင်း မည်သူမှ မသိရှိနိုင်ကြပေ။
အထူးသဖြင့် သူက ဝါဒတောင်ဘက်မှရပ်တည်ပြီး အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်သော ဧကရာဇ်တစ်ပါးနှင့် တိုက်ခိုက်ပေးပါမည်လား။
ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့က အထက်ဘုံကမ္ဘာ၏ အလုံးစုံအခြေအနေများ တည်ငြိမ်စေရန်ထိန်းကျောင်းလေ့ရှိပြီး အချင်းချင်း ပဋိပက္ခဖြစ်ခဲကြသည်။
ရန်တိတွင် ထိုက်ယိဟွာတိမ်တိုက်ရှိနေသည်ကိုသိရှိသဖြင့် ပိုးသားဧကရာဇ်က ထိုအရာကိုလိုချင်တပ်မက်သောကြောင့် ဝါဒတောင်ကိုကူညီပေးသည်ဆိုလျှင်တော့ လွယ်ကူသေသာ အကြောင်းပြချက်တစ်ခုရှိသည်ဟု ဆိုနိုင်၏။
ရန်ကျောက်ကဲပိုင်ဆိုင်ထားသည့် ယွိချင်အဆက်အနွယ်၏ အထွတ်ထိပ်သိုင်းပညာရပ်များကတော့ ပိုးသားဧကရာဇ်အတွက် အသုံးဝင်သည့်တိုင် မရှိမဖြစ်လိုအပ်သည်မဟုတ်ပေ။
သို့သော် “ထိုက်ယိဟွာတိမ်တိုက်” ကိုလိုချင်သည်ဆိုလျှင်တော့ အခြေအနေက လုံးဝတူညီတော့မည် မဟုတ်ပေ။
ရှန်းထျန်းဝူထိုက်သိုင်းပညာတွင် မြောက်ဖေးတောင်ထွတ်က ထိပ်တန်းသိုင်းပညာတစ်ခုဖြစ်သော ထိုက်ယိပညာတစ်ခု လျော့နည်းနေခဲ့သည်။
အကယ်၍ ရှန်းထျန်းဝူထိုက် သိုင်းပညာ (၅)မျိုးလုံး စုစည်းနိုင်သည်ဆိုလျှင် ပိုးသားဧကရာဇ်နှင့် မြောက်ဖေးတောင်ထွတ်အတွက် ထိုက်ယိသိုင်းပညာဆိုသည်က သိုင်းပညာရပ်တစ်ခုဆိုသည်ထက် ပိုမိုအရေးပါပေသည်။
မြောက်ဖေးတောင်ထွတ်အနေဖြင့် ထိုက်ယိလက်သီးသိုင်းကိုရရှိမည်ဆိုပါက သူတို့လက်ထဲတွင်ရှိနေသည့် ရှန်းထျန်းဝူထိုက် သိုင်းပညာ (၄)ခုနှင့်ပင် လဲလှယ်ရန် ဆန္ဒရှိပေလိမ့်မည်။
ထို့ကြောင့် ထိုက်ယိလက်သီးသိုင်းကိုသာ ပိုးသားဧကရာဇ်ကိုပေးလိုက်မည်ဆိုပါက သေချာပေါက် ချင်းယွမ်ဧကရာဇ်ကို တားဆီးပေးပေလိမ့်မည်။
ထိုက်ယိလက်သီးသိုင်းက ထိုသို့ပြုလုပ်ပေးရန်အတွက် လုံလောက်သော အရေးပါမှုရှိသည် မဟုတ်ပါလား။
“ပိုးသားဧကရာဇ်က ပြင်ပကဝင်ရောက်လာတဲ့ ထိုက်ယိဟွာတိမ်တိုက်ကို အာရုံခံမိတာမျိုးဖြစ်နိုင်မလား...”
ရန်တိက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
အကယ်၍ ထိုက်ယိဟွာတိမ်တိုက်နှင့်ပတ်သက်ပြီး ပိုးသားဧကရာဇ် သိရှိသွားခြင်းက အရေးမကြီးလှပေ။ အရေးကြီးသည်က ဤအကြောင်း သူ မည်သို့သိရှိသလဲဆိုခြင်းပင်။
ရန်တိက ထိုက်ယိဟွာတိမ်တိုက်၏ပိုင်ရှင်ဖြစ်သဖြင့် သက်ဆိုင်သည့်အကြောင်းအရာများကို အောက်ခြေအထိရောက်အောင် သိရှိလိုခဲ့သည်။
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်ရင်း...
“အဲဒါဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ တခြားဖြစ်နိုင်ခြေတွေလည်းရှိသေးတယ်”
‘ရန်’ အိမ်တော်မှ သားအဖနှစ်ယောက်က ပိုးသားဧကရာဇ်၏ ဖိတ်ကြားချက်ဖြင့် အမုန်းတရားမဲ့တာအိုနန်းတော်သို့ သွားရောက်ခဲ့သော်လည်း ပိုးသားဧကရာဇ်က ချိန်းဆိုမှုပျက်ကွက်ခဲ့သည်။
ဧကရာဇ်တစ်ပါးက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်နှင့် တွေ့ဆုံမှုပျက်ကွက်ခဲ့ခြင်းမှာ တကယ်တော့ အရေးကြီးကိစ္စတစ်ခု မဟုတ်ပေ။
သို့သော် အမုန်းတရားမဲ့တာအိုနန်းတော်အား အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်လာရောက်တိုက်ခိုက်သည့်အခါ ရန်ကျောက်ကဲနှင့်ရန်တိုတို့သည်လည်း အကြောင်းပြချက်မရှိ ထိုအဖြစ်အပျက်ထဲသို့ ဆွဲသွင်းခံခဲ့ရသည်။
နောက်ဆုံးမှာတော့ ရန်ကျောက်ကဲက ဖုထင်နှင့်အတူ အမတခုံရုံးနယ်မြေသို့ရောက်ရှိသွားခဲ့ပြီး ထိုဘေးဒုက္ခမှလွတ်မြောက်ရန် အချင်းချင်းကူညီခဲ့ကြသည်။
ရန်ကျောက်ကဲက အမတခုံရုံးနယ်မြေမှ အမြန်ပြန်လာနိုင်ရန်အတွက် ဖုထင်ကို များစွာကူညီပေးခဲ့သည်။
ထို့ကြောင့် ပိုးသားဧကရာဇ်က တောင်းပန်မှုနှင့် ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။
ယခု ပိုးသားဧကရာဇ် သတင်းပါးလိုက်သည်ကတော့ အဓိပ္ပါယ်ရှိလေသည်။
လက်ရှိ ဧကရာဇ်များနှင့် အုပ်စိုးရှင်များကြား ကိုယ်ရည်ကိုယ်သွေးကွာခြားချက်များရှိသော်လည်း ပိုးသားဧကရာဇ်က သူ့စိတ်ထဲရှိသည့်အတနိုင်း လွတ်လွတ်လပ်လပ်နေထိုင်တတ်သူတစ်ယောက်ပင်။
ထို့ကြောင့်ပဲ ရန်ကျောက်ကဲနှင့် ဝါဒတောင်အား ကူညီချင်သည်ဆိုပါက ဖြစ်နိုင်ခြေ အနည်းငယ် ရှိသည်။
သို့ပေသိ ထိုအချက် အမှန်တကယ် ဟုတ် မဟုတ် စောင့်ကြည့်ရပေဦးမည်။
ရန်ကျောက်ကဲက မကောင်းမြင်စိတ်ထားဖြင့် လူကြီးလူကောင်းတစ်ယောက်ကို အကဲဖြတ်ရန် မရည်ရွယ်သော်လည်း သူ့ဘဝ၏ အောင်မြင်မှု ၊ ကျရှုံးမှုများတွင် အခြေားသူများအပေါ် လုံးလုံးလျားလျား မှီခိုအားကိုးခြင်းက သူ၏စရိုက် မဟုတ်ပေ။
ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်ကို တိုက်ခိုက်ရန်အတွက် ပိုးသားဧကရာဇ်အပေါ် လုံးဝ မှီခိုအားကိုးမည့်သူ မဟုတ်ပေ။
ပိုးသားဧကရာဇ်သည် ယခုအချိန်ထိ ရန်ကျောက်ကဲအပေါ် အကောင်းမြင်ပြီး အထင်ကြီးလေးစားမှုရှိကာ သူ့သဘောဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် နေတတ်သူ ဖြစ်သည်။
သို့တိုင် ဤဧကရာဇ်သည် မျက်နှာထက်နွေးထွေးမှုအပြုံးဆင်မြန်းပြီး လူတိုင်းကိုအကူအညီပေးနေသည့် သဘောကောင်းသူတစ်ယောက်ဟု မှတ်ထင်လျှင်တော့ မှားသွားမည်ဖြစ်၏။
ရန်ကျောက်ကဲ ခန့်မှန်းမိသလောက် ပိုးသားဧကရာဇ်ကျင့်ကြံသည့် ထိုက်ချင်အဆက်အနွယ် အမွေအနှစ်ပညာမှာ ‘ခံစားချက်မေ့ဖျောက်သည့်လမ်းစဉ်’ (ထိုက်စန့်ဝမ့်ချင်) ဖြစ်သည်။
‘ခံစားချက်မေ့ဖျောက်သည့်လမ်းစဉ်’ ဆိုသည်က လူတစ်ယောက်ကို နှလုံးသားမဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေမည် မဟုတ်သော်လည်း ပိုးသားဧကရာဇ်ကတော့ စိတ်ခံစားချက်နည်းပါးသူတစ်ယောက်ဖြစ်သည်မှာ သေချာသည်။
အသက်ကြီးလာသည့် နှောင်းပိုင်းအချိန်များတွင်မှ သမီးဖြစ်သူ ‘ဖုထင်’ ကို ရရှိခဲ့ခြင်းကတော့ အကြောင်းပြချက်မရှိပေ။
ဤသည်မှာ နက္ခတ်ကြယ်စင် နေရာ (၅၀)ရှိသော်လည်း (၄၉)နေရာသာအသုံးပြုကာ ထိုက်ယိနေရာကိုအသုံးပြုခြင်း မရှိခြင်းနှင့် ဆက်စပ်နေသည်။
ပိုးသားဧကရာဇ်သ် မရေမတွက်နိုင်သည့် မိန်းမပျိုများအလယ် တစ်ချက်လေးပင် စွန်းထင်းခြင်းမရှိ လျှောက်လှမ်းနိုင်ခဲ့ပြီးမှ သူ၏ကျင့်ကြံခြင်းပိုမိုသန့်စင်လာစေရန် ‘ဖုထင်’ မွေးဖွားခြင်းကို ဖြစ်ပေါ်လာစေခဲ့သည်။
သို့သော် ပိုးသားဧကရာဇ်၏ နောက်ထပ်ခြေလှမ်းက မည်သို့ရှိမည်ကို ရန်ကျောက်ကဲ မသိရှိပေ။
ဤသည်က ပိုးသားဧကရာဇ်၏ လုပ်ဆောင်ချက်ဖြင့်သာ တိုက်ရိုက်ပတ်သက်ပေမည်။
လက်ရှိတွင် ဖခင်တစ်ယော်ကအနေဖြင့် ဖုထင်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာနှင့် စိုးရိမ်စိတ်များကို တွေးကြည့်လျှင်တော့ အခြေအနေက အကောင်းဘက်သို့ ရောက်ရှိနေဆဲပင်။
ဟုတ်ပေ၏။
ရန်ကျောက်ကဲတွင် နောက်ထပ်ခန့်မှန်းချက်တစ်ခု ရှိနေသေးသည်။
ထိုခန့်မှန်းချက်က ထိုက်ယိဟွာတိမ်တိုက်နှင့်ပတ်သက်နေပြီး ထိုက်ယိလက်သီးသိုင်း မဟုတ်ပေ။
ရန်ကျောက်ကဲတွေးတောသည့်အဓိပ္ပါယ်ကို ရန်တိကလည်းနားလည်လိုက်သည်။
သူက...
“ငါတို့ စောင့်ကြည့်ကြတာပေါ့ ၊ သံကိုထုရိုက်နိုင်ဖို့ဆိုရင် ငါတို့ကိုယ်တိုင်က မာကျောနေမှဖြစ်မယ်...”
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ဘာတွေပဲကြုံလာပါစေ ကျွန်တော်တို့ဘက်က ငြိမ်ခံနေစရာအကြောင်းတော့ မရှိပါဘူး”
ရန်တိက သားဖြစ်သူစိတ်ဓာတ်ကိုသဘောကျစွာဖြင့်...
“မှန်တယ်...”
ဟု ဆိုလိုက်သည်။
ပိုးသားဧကရာဇ် ပေးပို့လိုက်သည့်သတင်းက အံ့သြစရာကောင်းသည့်တိုင် ရန်ကျောက်ကဲနှင့် ရန်တိတို့ကတော့ ကိုယ်ပိုင်အရည်အချင်းများမြင့်တက်လာစေရန် ဆက်လက်ကြိုးစားနေကြဆဲပင်။
ပိုးသားဧကရာဇ် သူတို့ဘက်မှကူညီပြီး ချင်းယွမ်ဧကရာဇ်ကို ရင်ဆိုင်ပေးရန်အတွက် ထိုက်ယိလက်သီးသိုင်းဖြင့် အပေးအယူလုပ်ခြင်းက အောင်မြင်နိုင်ဖွယ်ရှိသည်။
သို့သော် အကူအညီလုံးဝမလိုအပ်ဘူးဆိုပါက ရန်ကျောက်ကဲရော ရန်တိပါ ထိုအချက်ကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။
သို့ရာတွင် အချိန်မရွေးရောက်လာနိုင်သည့် ခြိမ်းခြောက်မှုကိုရင်ဆိုင်ရန် ကြိုးစားရာတွင် ဆုံးဖြတ်ချက်များကို အသံကျယ်ကျယ်ဖြင့်ကြွေးကျော်ခြင်းထက် ကိုယ်တိုင်ကြိုးစားခြင်းက ပိုမိုအသုံးဝင်ပေသည်။
လက်တွေ့ကျသော အစီအစဉ်များလည်း ပြုလုပ်ထားရန် လိုအပ်သည်။
နောက်ပိုင်းရင်များတွင်...
ရန်ကျောက်ကဲက နေ့တိုင်း လုံ့လဝီရိယရှိရှိဖြင့် ကျင့်ကြံနေသလို သူ့စိတ်ကိုလည်းအနားမပေးဘဲ အဆက်မပြတ်တွေးတောနေခဲ့သည်။
သေမျိုးလူသားအဆင့်ကိုဖြတ်ကျော်ပြီး နတ်ဘုရားဖြစ်ခြင်းအဆင့်သို့ ရောက်ရှိမည်ဆိုလျှင် ‘ယိုစိမ့်ခြင်းမရှိအစစ်အမှန်နတ်ဘုရား’ ဟု ဆိုရမည်ဖြစ်သည်။ ထိုအဆင့်သို့ရောက်ရှိသွားပါက သေမျိုးလူသားများ၏ များပြားလှစွာသော သိုင်းပညာများက သူ့ကိုထိခိုက်စေနိုင်တော့မည် မဟုတ်ပေ။
မည်မျှအစွမ်းထက်သော သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပါစေ အစစ်အမှန်နတ်ဘုရားတစ်ပါးအား ကိုယ်ပိုင်အစွမ်းဖြင့် ထိခိုက်စေနိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော လူသားနှင့်နတ်ဘုရားဆိုသည်က အဆင့်မတူတော့သောကြောင့် ဖြစ်သည်။
သို့ဖြစ်ရာ နတ်ဘုရားတစ်ပါးကို တိုက်ခိုက်မည်ဆိုလျှင် လူသားများအနေဖြင့် မတူညီသည့်လမ်းကြောင်းများကို ရှာဖွေရပေမည်.
ဟုတ်ပေ၏။
ဤလာကတွင် အကြွင်းမဲ့ဆိုသည်ကတော့ မရှိနိုင်ပေ။
သိုင်းသူတော်စင်တစ်ယောက်အတွက် နတ်ဘုရားတစ်ပါးကိုသတ်ဖြတ်ရန် နည်းလမ်းရှိသည် အမှန်ပင်။
ရှေးဟောင်းရာဇဝင်များထဲ မှတ်တမ်းတင်ထားသည်မှာ စန့်ချင်အဆက်အနွယ်မှ လူသားအထွတ်ထိပ်ကျင်ကြံသူ (၄)ယောက် ပူးပေါင်းပြီး ‘နတ်ဘုရားသုတ်သင်အစီအရင်’ ကို တည်ဆောက်ကာ အစစ်အမှန်နတ်ဘုရားတစ်ပါးကို အောင်မြင်စွာသုတ်သင်နိုင်ခဲ့ဖူးသည်။
လင်ပေါင်ဓားသိုင်း (၄)မျိုးနှင့် နတ်ဘုရားသုတ်သင်အစီအရင်ပေါင်းစပ်လိုက်သည့်အခါ များပြားလှစွာသော ကောင်းကင်ဘုံများကိုပင် သုတ်သင်ပယ်ရှင်းပစ်နိုင်စွမ်းရှိသော မြင်မားလှသည့်စွမ်းရည်က လုံလောက်စွာထွက်ပေါ်လာသည်။
ရှေးခေတ်အချိန်ကတည်းက သိုင်းသူတော်စင်များက ပြင်ပအရာဝတ္ထုများကိုအားမကိုးဘဲ နတ်ဘုရားများကို သတ်ဖြတ်ခဲ့သော နည်းလမ်းတစ်ခုသာလျှင် ရှိခဲ့သည်။
ထိုနည်းလမ်းက ‘နတ်ဘုရားသုတ်သင်အစီအရင်’ ပင် ဖြစ်၏။
သို့သော် နတ်ဘုရားသုတ်သင်အစီအရင်က ပျောက်ဆုံးနေသည်မှာ ကြာပြီ ဖြစ်သည်။
ထို့ကြောင့် ရန်ကျောက်ကဲအတွက် ချင်းယွမ်ဧကရာဇ်ကိုရင်ဆိုင်ရန် ဤနည်းလမ်းက များစွာအထောက်အကူ မဖြစ်သည်မှာထင်ရှားသည်။
မြစ်ဝါကိုးကွေ့အစီအရင်သည်လည်း ကောင်းမွန်သည်မှာ အမှန်ပင်။
မြစ်ဝါကိုးကွေ့အစီအရင်၏ အကျော်ကြားဆုံးအကျိုးသက်ရောက်မှု နတ်ဘုရားများ၏ စိတ်စွမ်းအားကို လျော့ပါးသွားစေသည့်အပြင် ဝိညာဉ်ကိုပြန့်ကျဲသွားစေခြင်း ၊ ရုပ်ခန္ဓာကို ထောင်ချောက်ဆင်နိုင်ခြင်း ၊ ချီစွမ်းအားများကို ပျက်ဆီးစေခြင်း ၊ စွမ်းအင်ဗဟိုချက်မှ အမြုတေကိုပင် ဖယ်ရှားပစ်နိုင်ခြင်းကာ ရုပ်ခန္ဓာပျက်ဆီးထိခိုက်စေခြင်းအထိ ဖြစ်ပွားစေနိုင်သည်။
သို့သော် အဓိကကျသည့် ‘နတ်ဘုရားလှည့်စားဆေးလုံး’ နှင့် ‘နတ်ဘုရားဆိတ်ကွယ်ရာမန္တန်’ မရှိဘဲ ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင် နတ်ဘုရားတစ်ပါးကို မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။