ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နံပါတ်တစ်အကျော်အမော်
Vol. 39 Ch. 537
မူလဝိညာဉ်၏ ချီစွမ်းအင် ရှူသွင်းရှူထုတ်မှုကြောင့် ဟွမ်ယွဲ့၏ ခေါင်းအထက်တွင် တိမ်တိုက်ဖွဲ့တည်နေသည်။ တောင်ပေါ်ရှိ လူအား မြင်လိုက်ရသည်နှင့် တိမ်တိုက်က ဧကတစ်ဝက်ကျော် ပြန့်ကားသွား၏။
တိမ်တိုက်ထဲရှိ ချီစွမ်းအင်က ရေစက်များအဖြစ် ငွေ့ရည်ဖွဲ့ပြီး မိုးပေါက်များသဖွယ် ခပ်ဖွဲဖွဲ ရွာကျလာသည်။ မိုးပေါက်များ ဟွမ်ယွဲ့၏ခေါင်းပေါ် ကျသည့်အခါ အငွေ့ပြန်ပြီး တိမ်တိုက်ဆီသို့ ပြန်တက်သွား၏။ ဤသို့ရွာကျလိုက်၊ အငွေ့ပြန်လိုက် ထပ်တလဲလဲ ဖြစ်နေသည်။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ဖုရွေ့လော်၏ ချီစွမ်းအင်သင်္ကေတများကြောင့် ဖွဲ့တည်နေသော တောင်တန်းများမှာ အစစ်အမှန်မဟုတ်သည့်အတွက် သိပ်မမြင့်ပေ။ ဟွမ်ယွဲ့က အနေအထားကို အကဲခတ်ပြီး ရှေ့သို့ လျှောက်သွားကာ ကျဲ့ဟွလီဆီမှ ကိုက်တစ်ရာကျော်အကွာတွင် ရပ်လိုက်၏။
“ငါ မင်းကို စစ်မြေပြင်မှာ တွေ့ခဲ့တုန်းက မင်းနဲ့လက်ချက်နဲ့ သေရတော့မလို ဖြစ်ခဲ့တယ်”
ဟွမ်ယွဲ့၏အရှိန်အဝါက ကြောက်ခမန်းလိလိ မြင့်တက်လာပြီး တိုက်ခိုက်လိုစိတ်က အားကောင်းထက်သန်လာသည်။ ပထမတစ်ကြိမ် ရှုံးနိမ့်ထားသော်လည်း သူကား အနည်းငယ်မျှ ကြောက်မနေပေ။
ဟွမ်ယွဲ့သည် ကြောက်စိတ်မရှိသော သိုင်းအရူးတစ်ယောက် ဖြစ်၏။
“ရှုံးနိမ့်ခဲ့ရတဲ့အတွက် ကလဲ့စားချေဖို့ မင်းကို လိုက်ရှာနေတာ ကြာပြီ” ဟွမ်ယွဲ့ စိတ်လှုပ်ရှားနေသည်။ “နောင်ကြီး ငါ့ကို အခွင့်အရေးပေးနိုင်မလား”
ကျဲ့ဟွလီက လှည့်လာပြီး သူ့ကို ကြည့်သည်။ သို့သော် သူ့ကျောနောက်ရှိ မိစ္ဆာဓားမလက်ကိုင်ပေါ်က မိစ္ဆာမျက်လုံးက ပွင့်မလာပေ။
သူ့ညာခြေထောက်က ရုတ်တရက် ရွေ့သွားသည်။ ဘယ်ခြေထိပ်ဖျားသည် ဟွမ်ယွဲ့ဆီသို့ ဦးတည်လျက် ရှိနေဆဲဖြစ်ပြီး ညာခြေထိပ်ဖျားကမူ တောင်ပေါ် တက်လာသော မိန်းကလေးတစ်ယောက် ဦးတည်ထား၏။ နောက်တခဏတွင် သူမက သူတို့အရှေ့၌ ပေါ်လာသည်။
ဟွမ်ယွဲ့မျက်နှာ ပျက်သွားပြီး အေးစက်စက် ပြောလိုက်သည်။ “ချန်းယွမ် ငါ့ကိစ္စကို လာမရှုပ်နဲ့.... မဟုတ်ရင် နင့်ကိုလည်း ငါ သတ်မိလိမ့်မယ်”
ချန်းယွမ်သည်လည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။ သဲစားပွဲကမ္ဘာထဲ ရောက်သွားကြသည်နှင့် ဟွမ်ယွဲ့နှင့် ကျန်ရှိများအားလုံး ပုဆိတ်နှင့်လှံ ကြက်ခြေခတ်လျက် ရှိနေသော နေရာဆီသို့ တရှိန်ထိုး ပြေးခဲ့ကြသော်လည်း အကုန်လုံး ထိုနေရာ၌ ဆုံသွားလျှင် အခြေအနေမဟန်မည်ကို သိလိုက်ကြသည့်အတွက် နေရာအသီးသီး၌ ပုန်းအောင်းနေခဲ့ကြသည်။
ချင်မူတစ်ယောက်သာ မပုန်းခဲ့ပေ။
ချင်မူက အသည်းအသန် ပြေးခဲ့သောကြောင့် လေလယ်တွင် သဲစားပွဲကမ္ဘာ၏ အစပ်နားဆီသို့ ဦးတည်နေသော လေငွေ့တိမ်တိုက်များ ကျန်ရစ်ခဲ့ပြီး သူ့တည်နေရာကို ပြသနေသည်။ ထို့နောက်တွင် ပုန်းမနေဘဲ ပန်းပဲထုနေသဖြင့် ကောင်းကင်နတ်ဆိုးများစွာ သူ့ကို ပစ်မှတ်ထားကြခြင်း ဖြစ်၏။
ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ သိုင်းပညာရှင်များအနေဖြင့် ကောင်းကင်နတ်ဆိုးများအား လမ်းတွင် တွေ့ရန် အခွင့်အရေးနည်းလေသည်။ ချန်းယွမ်က ဤအခြင်းအရာကို သတိထားမိသဖြင့် ချင်မူ့ဆီသို့ သွားရာလမ်းတွင် သတိထားစောင့်နေခဲ့၏။ တောင်ထိပ်ပေါ်၌ ကျဲ့ဟွလီ ရပ်နေပြီး ဟွမ်ယွဲ့ကိုလည်း မြင်လျှင် သူမ ဝမ်းသာအားရဖြင့် တောင်ပေါ်တက်လာခဲ့သည်။ သူမ၏ရည်ရွယ်ချက်က အဆင့် ၃ ကောင်းကင်နတ်သိုင်းပညာရှင် ဟွမ်ယွဲ့ဖြင့် ကောင်းကင်နတ်ဆိုးအား ရှင်းပစ်ရန် ဖြစ်သည်။
“အစ်ကိုတော်ဟွမ်ယွဲ့၊ ရှင်နဲ့ အစ်မတော်ယွီဟယ်က အစစ်အမှန်နတ်ဘုရားပန်ယုရဲ့ တပည့်တွေပဲ... လက်ရှိအခြေအနေက အရေးပိုကြီးတာ သိမှာပါ”
ချန်းယွမ်က ကျဲ့ဟွလီကို တင်းမာခက်ထန်သောအမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် အလေးအနက် ဆက်ပြောလိုက်၏။ “ဒီတိုက်ပွဲက ရှင့်ရဲ့အငြှိုးအတေးတစ်ခုတည်းအတွက် မဟုတ်သလို၊ ရှင့်လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို အဆုံးစွန်ထိ မြှင့်တင်နိုင်မယ့် အခွင့်အရေးလည်း မဟုတ်ဘူး... လီမြို့နဲ့ ပတ်သက်နေတယ်... ကျွန်မတို့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကံကြမ္မာနဲ့ ပတ်သက်နေတယ်... ရှင်ဖြစ်ဖြစ်၊ ကျွန်မဖြစ်ဖြစ် တစ်ယောက်တည်းဆို ဒီလူ့ကို ရှင်းပစ်ဖို့ ခက်လိမ့်မယ်... အတူတူ ပူးပေါင်းရင်တော့ သူ့ကို သတ်ပစ်နိုင်တယ်”
“ငါ နင်နဲ့ မပူးပေါင်းဘူး.. နောက်ဆုတ်” ဟွမ်ယွဲ့က ခက်ထန်စွာ ပြော၍ ခေါင်းယမ်းလိုက်သည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဖြစ်တာ ထောက်ထားပြီး ငါ နင့်ကို မသတ်ဘူး... ဒါပေမဲ့ ငါတို့ တိုက်ခိုက်နေတုန်း နင် နောင်တော်ကျဲ့ဟွလီကို အလစ်ဝင်တိုက်ရင် ငါ့ကို ရက်စက်တယ်လို့ အဆိုးမဆိုနဲ့”
သူက ပြတ်သားသောမျက်ဝန်းများဖြင့် ကျဲ့ဟွလီကို ကြည့်သည်။ ဟွမ်ယွဲ့သည် လမ်းစဉ်ကို အလွန်တရာ ရှာတွေ့ချင်သူဖြစ်၏။ သူက ဟက်ခနဲ ရယ်လိုက်သည်။ “ငါ နိုင်ရင် သူ ငါ့လက်ထဲမှာ သေလိမ့်မယ်... ငါ ရှုံးရင်လည်း သူ ဒဏ်ရာအပြင်းအထန် ရမှာပဲ... အဲဒီအချိန်ကျမှ နင် လှုပ်ရှားလို့ရတယ်... အခုတော့ စောင့်ကြည့်နေဦး။ ငါ ရက်စက်မှ အဆိုးလာမဆိုနဲ့”
ချန်းယွမ် မျက်မှောင်အနည်းငယ် ကြုတ်သွားသော်လည်း နောက်တစ်လှမ်း ဆုတ်လိုက်သည်။
ဟွမ်ယွဲ့ စိတ်လှုပ်ရှားလာသည်နှင့်အမျှ သူ၏အရှိန်အဝါက ပို၍ပင် အားကောင်းပြင်းထန်လာသည်။ “ကျဲ့ဟွလီ ... ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါ”
“မင်းက ငါ့ပြိုင်ဘက်မဟုတ်ဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက အစစ်အမှန်နတ်ဘုရားငယ်လို့ ခေါ်တဲ့ လူတွေအားလုံးက ငါ့မျက်လုံးထဲမှာတော့ ရယ်စရာကောင်းတဲ့ကောင်တွေပဲ” ကျဲ့ဟွလီ၏အမူအရာက အေးစက်နေသည်။ “အစစ်အမှန်နတ်ဘုရားဆိုတာ ဘာလဲ မင်းတို့တွေ နားမလည်ကြဘူး... ရုပ်ခန္ဓာက အစစ်အမှန်နတ်ဘုရားငယ်အဆင့် ရောက်တာနဲ့ပဲ မင်းတို့ကိုယ်မင်းတို့ အစစ်အမှန်နတ်ဘုရားဖြစ်ပြီ ထင်နေကြတယ်... တကယ်တမ်းက အဝေးကြီး လိုနေသေးတယ်.... ရုပ်ခန္ဓာ၊ မူလဝိညာဉ်နဲ့ လမ်းစဉ်ဆိုတဲ့ သုံးမျိုးမှာ အစစ်အမှန်နတ်ဘုရားငယ်အဆင့် တက်မှ အစစ်အမှန်နတ်ဘုရားငယ်လို့ ခေါ်တာ..... မင်းတို့က တစ်ခုပဲ အဆင့်တက်သေးပေမယ့် ငါကတော့ မတူဘူး “
သူ့ကျောနောက်ရှိ မိစ္ဆာဓားမက ညင်ညင်သာသာ တုန်ခါလာပြီး တဝှမ်ဝှမ် မြည်လာ၏။ သူက အေးအေးဆေးဆေး ပြောလိုက်သည်။ “ငါ အောက်ဘုံကို ဆင်းမလာခင် လမ်းစဉ်ကလွဲလို့ ကျန်တဲ့နေရာနှစ်နေရာမှာ အဆင့်တက်ပြီးပြီ... ဖုရွေ့လော်ကို ဆရာတင်မြှောက်ခဲ့တဲ့ ငါ့ရည်ရွယ်ချက်က လမ်းစဉ်ရှာဖွေဖို့ပဲ... ဟွမ်ယွဲ့ ... မင်းက လမ်းစဉ်၊ ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို သိပ်ရူးသွပ်တဲ့လူဆိုတော့ လမ်းစဉ်မှာ အစစ်အမှန်နတ်ဘုရားငယ်အဆင့် တက်တော့မှာပါ.... မင်း စိတ်ပြတ်သားတာကို ငါ လေးစားတယ်... ဒါကြောင့် နှစ်ယောက်လုံး အတူလာခဲ့.. မင့်အသက်ကို အလကားမဆုံးရှုံးစေနဲ့”
“ငါ့ကို မင်း အထင်သေးစရာမလိုဘူး... ငါ့လမ်းစဉ်၊ ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း မင်းအထင်သေးစရာ မလိုဘူး... သိုင်းသမားတစ်ယောက်ဟာ ပိုသန်မာအားကောင်းတဲ့ လူနဲ့တွေ့မှ ပိုသန်မာလာမှာ...တောင်ကို နင်းချေမည့် စစ်တပ်သိုင်းကွက်”
ဟွမ်ယွဲ့က ဟိန်းဟောက်၍ ဒေါသတကြီး ပြေးထွက်သွားသည်။ သူ့လက်သီးက ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်လိုက်၏။ ထိုအခိုက်အတန့်တွင် လက်သီးအရိပ်များစွာ ပေါ်လာပြီး တောင်ကြီးသဖွယ် ဖွဲ့တည်သွားသည်။
သူ့လက်သီးချက်များက အလွန်လေးလံပြင်းထန်သောကြောင့် လေခွင်းသံများက မိုးခြိမ်းသံများ သောသောညံနေသကဲ့သို့ ကြမ်းတမ်းအားကောင်းလှသည်။
ဟွမ်ယွဲ့၏သိုင်းကွက်က သူ၏အံ့အားသင့်ဖွယ် လက်သီးသိုင်းကို ဖော်ကျူးပြသသွား၏။ စစ်မြေပြင်ထက်တွင် ကျဲ့ဟွလီနှင့် တိုက်ခိုက်ခဲ့ရတုန်းက လိုအပ်ချက်များကို သဘောပေါက်ခဲ့ပြီး ယခု ကျဲ့ဟွလီနှင့် ပြန်တွေ့ရသည့်အခါ သန်မာအားကောင်းသော ရန်သူ၏ဖိအားအောက်တွင် နောက်တစ်ဆင့်သို့ တက်သွားနိုင်ချေပြီ။ သူ၏ ‘တောင်ကို နင်းချေမည့် စစ်တပ်’ သိုင်းကွက်က ပြီးပြည့်စုံသော အဆင့်သို့ ရောက်ပေတော့မည်။
ကျဲ့ဟွလီ၏ကျောနောက်ရှိ မိစ္ဆာဓားမ၏မျက်လုံးက ပွင့်လာပြီး ဝဲကဲ့သို့ လည်ရင်း ပြန့်ကားလာကာ သွေးရောင်လွှမ်းနေသည်။
ကျဲ့ဟွလီက ဓားမကို ဆွဲထုတ်၍ ‘တောင်ကို နင်းခြေမည့် စစ်တပ်’သိုင်းကွက်ကား ခုတ်ချလိုက်သည်။ ဓားမရောင် တမုဟုတ်ချင်း ဖြာထွက်သွားပြီး လက်သီးအရိပ်များကို ဝင်တိုက်သွား၏။ ဓားမရောင်က ပြန်ကန်ထွက်၍ ဓားမအလက်တစ်သောင်းအဖြစ် ကွဲထွက်သွားပြီး ဓားမတောင်ကြီးအသွင် ဖွဲ့တည်ကာ ‘တောင်ကိုနင်းခြေမည့် စစ်တပ်’ အား ထိုးဖောက်ဖျက်စီးပစ်လိုက်သည်။
ထို့နောက် ဓားမရောင်တစ်သောင်းက ဓားမတစ်လက်အဖြစ် ရုတ်တရက် ပေါင်းစည်းသွားပြီး ဟွမ်ယွဲ့ခေါင်းဆီ ပြေးဝင်လာသည်။
ဟွမ်ယွဲ့ လှမ်းဖမ်းလိုက်သော်လည်း မိစ္ဆာဓားမက နှစ်လက်ကွဲသွားသဖြင့် ဟွမ်ယွဲ့၏အမူအရာ ပြောင်းလဲသွားသည်။ သူ့ချိုင်းအောက်၌ အသားဘုကြီး ထွက်လာပြီး လက်နှစ်ချောင်း ပေါက်လာကာ ဒုတိယဓားမကို ဖမ်းလိုက်၏။
သို့သော် သူ သက်ပြင်းမချနိုင်ခင် မိစ္ဆာဓားမနှစ်လက်က လေးလက်အဖြစ် ကွဲထွက်သွားသည်။
ဟွမ်ယွဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည့်အခါ သူ့ချိုင်းအောက်၌ အသားများ လူးလွန့်ထွက်လာသည်။ လက်လေးဖက်က သူ့ဆီ ပိုင်းချလိုက်သော ဓားမများကို လှမ်းဖမ်းလိုက်၏။
ထို့နောက် ဓားမလေးလက်က ရှစ်လက် ကွဲထွက်သွားသဖြင့် ဟွမ်ယွဲ့ မျှော်လင့်ချက် မဲ့သွားတော့သည်။
ရွှပ် ရွှပ် ရွှပ်
ဓားမများက ခုတ်ချလိုက်သည်။ ဟွမ်ယွဲ့က မြေကြီးထဲ ဝင်ရောက်ပျောက်ကွယ်သွားသော ဓားမများကို ငုံ့ကြည့်နေသည်။ သူ့မျက်နှာပေါ်ရှိ ရှည်မျောမျော ဓားရာလေးချက် ပေါ်လာပြီး တဖြည်းဖြည်း ရှည်သထက် ရှည်၊ ကြီးသလက် ကြီးလာ၏။
ကျဲ့ဟွလီ မိစ္ဆာဓားမကို အသာအယာ လှုပ်ခါကာ ကျောရှိ ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည့်အချိန်တွင် ဟွမ်ယွဲ့မှာ အပိုင်းပိုင်းပြတ်သွားပြီဖြစ်သည်။
ထို့နောက် ကျဲ့ဟွလီက ဖြည်းဖြည်းချင်း နောက်ဆုတ်နေသော ချန်းယွမ်ကို ကြည့်လိုက်သည်။
“သွား ... ငါ မိန်းမတစ်ယောက်ကို မသတ်ဘူး” ကျဲ့ဟွလီက မှင်သေသေ ပြောလိုက်သည်။
ချန်းယွမ်က စိတ်ချလက်ချမထားနိုင်ဘဲ တည်တည်ငြိမ်ငြိမ် နောက်ဆုတ်သွားသည်။ တစ်မိုင်ကွာသည့်အခါ သူမက ချာခနဲ လှည့်၍ အသက်လုပြေးတော့သည်။ ထိုအချိန်တွင် ကျဲ့ဟွလီ၏ ကြွက်သားအမြှောင်းများ တောင့်တင်းသွားပြီး သူမဆီသို့ အားကုန်ပြေးလိုက်သည်။ သူက ဝုန်းခနဲ ပေါက်ကွဲသံနှင့်အတူ အသံ၏အမြန်နှုန်းထက် ကျော်တက်သွားပြီး လက်နှစ်ဖက်လုံးဖြင့် ဓားမကို ဆွဲထုတ်ကာ ရှေ့သို့ ခုတ်ချလိုက်၏။
ဓားမရောင်က ချန်းယွမ်၏ နောက်ကျောဆီသို့ တမုဟုတ်ချင်း ရောက်သွားသည်။ ချန်းယွမ်က ချာခနဲ လှည့်ကာ ဓားစက်လုံးကို ပစ်လွှတ်၍ ဖြန့်ကားလိုက်သည်။ သို့သော် ဓားပျံများ မထွက်လာနိုင်ခင် ဓားမက သူမကို ငယ်ထိပ်မှ စ၍ နှစ်ပိုင်းခြမ်းပစ်လိုက်ပြီ ဖြစ်သည်။
ကျဲ့ဟွလီ ရပ်ပြီး ဓားမကို သိမ်းကာ လှည့်ထွက်လာသည်။
“ငါ့ဆရာရဲ့ ဓားကွက်တွေကို ပန်းချီကားထဲက တစ်ယောက်ဆီ သွားပြဖို့ လိုတယ်... ဒဏ်ရာအရမခံနိုင်လို့ နင့်ကို နောက်ကျောကနေ သတ်ပစ်ရတာပဲ” သူက တည်ငြိမ်အေးဆေးသောအမူအရာဖြင့် တူထုနေသံ လာရာဆီသို့ နားစွင့်လိုက်သည်။ “မိန်းကလေး၊ နင် လှည့်လိုက်တာနဲ့ နင့်ဟာကွက်က အကြီးဆုံး ဖြစ်သွားပြီ... ငါ့ကို ဘယ်တော့မှ ကျောမပေးသင့်ဘူး”
သူ့အနောက်တွင် ချန်းယွမ် လဲကျသွားသည်။
အခြားတစ်ဖက်တွင် လူရိပ်နှစ်ခု အပြင်းအထန် တိုက်ခိုက်နေသောကြောင့် တောင်တန်းများ တုန်ခါနေ၏။ ဓားသွားကဲ့သို့ ချွန်ထက်နေသော တောင်တန်းများမှာ ထိုးဖောက်ခံလိုက်ရသည်နှင့် သင်္ကေတများအဖြစ် ကြေမွလွင့်ပျယ်သွားသည်။
တိုက်ပွဲက မြန်မြန်ဆန်ဆန် ပြီးသွားပြီး ယွီဟယ်က မျက်နှာပေါ်ရှိ ဒဏ်ရာကို ထိလိုက်သည်။ ရန်သူ သေသွားသော်လည်း သူ့ကြောင့် သူမ ဒဏ်ရာရခဲ့သေး၏။
သူမ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ယံတွင် လင်းခနဲ လက်၍ ပျောက်ကွယ်သွားသော ဓားမရောင်ကို မြင်လိုက်ရသည်။
‘ကျဲ့ဟွလီ... နင်နဲ့ ပန်းပဲဆရာက တည်နေရာတွေ ဖော်ပြထားပေမယ့် ငါ နင့်ကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိဘူး’ သူမ လှည့်ထွက်သွားသည်။ ‘မောင်လေးတွေ၊ ညီမလေးတွေကို လိုက်ရှာပြီးမှပဲ နင့်ကို လာသတ်မယ်’
သဲစားပွဲကမ္ဘာမှာ အလွန်ကျယ်ပြောသဖြင့် ကျန်ရှိသူများအား ရှာဖွေရန် အလွန်ခက်ချေသည်။
တောင်တန်းများအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များက ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် ဆုံတွေ့ကြပြီး တစ်ဖက်လူအား အသေသတ်ရန် အစွမ်းကုန်ကြိုးစားကြ၏။
ထို့ကြောင့် နှစ်ဖက်ဆုံသည်နှင့် တိုက်ပွဲက အချိန်တိုအတွင်း ပြီးဆုံးသွားတတ်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်များမှာ သေလျှင်သေ၊ မသေလျှင် ဒုက္ခိတ ဖြစ်ကုန်ကြ၍ အခြေအနေသိပ်မကောင်းကြပေ။
အချိန်တိုအတွင်း တိုက်ပွဲပြီးသွားသော်လည်း ထိုအချိန်က သူတို့ ဆယ်နှစ်မိုင်ကျော်တစ်လျှောက် တိုက်ခိုက်သွားရန် လုံလောက်၏။ သူတို့ဖြတ်သွားသော နေရာတိုင်းတွင် တောင်တန်းများ ပြတ်တောက်ပြိုကျကုန်တတ်သည်။ ပျက်စီးမှုများက အတော်လေး ထိတ်လန့်ဖွယ်ကောင်းလှသည်။
တချို့၏ ကောင်းကင်နတ်သိုင်းများဆိုလျှင် မိုင်တစ်ရာပတ်ပတ်လည်ကို ဖျက်စီးပစ်နိုင်ရာ အမှန်တကယ် ကြောက်စရာကောင်းလှ၏။
မှန်သည်၊ ဤသည်မှာ သဲစားပွဲကမ္ဘာသာ ဖြစ်၏။ အစစ်အမှန်ကမ္ဘာ မဟုတ်ပေ။ အပြင်ကမ္ဘာတွင်ဆိုပါက ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များသည် အားမနည်းသော်လည်း ထိုမျှဖျက်စီးနိုင်မည်မဟုတ်ပေ။
ပုဆိန်နှင့်လှံ ကြက်ခြေခတ်လျက် ရှိနေသော နေရာမှာတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။
စန်းဟွာက စိတ်လှုပ်ရှားစွာဖြင့် ထောင်ချောက်ဆင်၍ ရန်သူများ ထောင်ချောက်ထဲ ဝင်လာမည်ကို တိတ်ဆိတ်စွာ စောင့်နေ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နှစ်နာရီကြာသော် ကျစ်ဆံမြီးလေးနှစ်ချောင်းဖြင့် မိန်းကလေး၏ ခေါင်းလေးက ပုန်းနေသောနေရာမှ ပြူထွက်လာသည်။
နောက်နှစ်နာရီကြာသော် စန်းဟွာ ပုဆိန်ပေါ်တွင် ထိုင်နေသည်။ သူမက မေးထောက်လျက် ထိုင်နေပြီး ခြေထောက်နှစ်ချောင်းအား ပျင်းရိပျင်းတွဲ လွှဲနေ၏။
နောက်နှစ်နာရီကြာသော် စန်းဟွာ ပုဆိန်ပေါ်တွင် ပက်လက်လှန်နေသည်။ သူမက ကောင်းကင်ကို ကြည့်ရင်း တွေးနေ၏။ “အားလုံး ဘယ်ရောက်သွားတာလဲ”
သူမက ငေါက်ခနဲ ထထိုင်လိုက်သည်။ “သူတို့အားလုံး ဘယ်ရောက်နေကြတာတုန်း ... ဒီနေရာက အားလုံး တိုက်ခိုက်ကြမယ့် နေရာ မဟုတ်ဘူးလား... ရန်သူပဲဖြစ်ဖြစ်၊ မိတ်ဆွေပဲဖြစ်ဖြစ် တစ်ယောက်ယောက်တော့ လာမှာပါ”
သဲစားပွဲကမ္ဘာ၏အပြင်တွင် နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများမှာ တိုက်ပွဲများကို ကြည့်ရင်း ဝမ်းသာလိုက်၊ စိုးရိမ်လိုက် ဖြစ်နေကြသည်။ များစွာမကြာသေးသော်လည်း တိုက်ပွဲအတော်များများ ပြီးဆုံးသွားပြီဖြစ်၏။
ချင်မူ ကောင်းကင်နတ်ဆိုးသုံးယောက်ကို သတ်၍ လေးယောက်မြောက်ကို မျှားခေါ်ရန် အလောင်းသဖွယ် သေချင်ယောင်ဆောင်လိုက်တုန်းက မိစ္ဆာနတ်ဘုရားအများစုမှာ ရင်တမမ ဖြစ်နေကြသည်။ အနားရှိ တောင်ပေါ်တွင် ပုန်းနေသော ကောင်းကင်နတ်ဆိုးမိန်းကလေးအတွက် သူတို့အားလုံး ချွေးပြန်လာကြ၏။
ကံကောင်းစွာဖြင့် သူမက အလှည့်စားမခံဘဲ လှည့်ထွက်သွားခဲ့သည်။ ထိုအခါ မိစ္ဆာနတ်ဘုရားအများစုမှာ သက်ပြင်းချနိုင်တော့သည်။
“အရှင်... သူက တကယ့်ကို အရှင့်ရဲ့ ဆက်ခံသူပဲ” ကျားနတ်မင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
သစ်ခုတ်သမားက အပြုံးအရယ်မရှိသော်လည်း ဖုရွေ့လော်က ပြုံးလိုက်သည်။ နှစ်ယောက်သား အကြည့်တခဏ ဆုံသွားပြီး ပြန်လွှဲလိုက်ကြ၏။
ကျဲ့ဟွလီ ဓားမနှစ်လက်ဖြင့် ဟွမ်ယွဲ့နှင့် ချန်းယွမ်အား သတ်ပစ်ခဲ့သည်ကို မြင်လျှင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားအများစု ချွေးပြန်လာကြသည်။ သူတို့အားလုံး ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ကောင်းကင်နတ်သိုင်းပညာရှင်များအတွက် စိုးရိမ်လာကြတော့သည်။
သို့သော် အားလုံးအထဲ အစိုးရိမ်ဆုံးတစ်ယောက်ကတော့ စန်းဟွာ၏အဖေ နတ်ဘုရားစန်းယဲ့ပင်။ သူ့မှာ လက်သီးတင်းတင်းဆုပ်ထားမိပြီး ချွေးတဖြိုက်ဖြိုက်ကျနေသည်။
‘သမီးလေး လိမ္မာတယ်.. ထွက်မလာနဲ့... အဲဒီမှာပဲ ငြိမ်ငြိမ်လေး နေ...’
နတ်ဘုရားစန်းယဲ့မှာ ပုဆိန်နှင့်လှံရှိရာနေရာအား မမှိတ်မသုန် ကြည့်နေပြီး တခဏကြာသော် စန်းဟွာ ပုဆိန်ပေါ်မှ ခုန်ချလိုက်သည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ ‘အပြင်မထွက်နဲ့... အပြင်မထွက်လိုက်နဲ့..”
စန်းဟွာ ပြေးထွက်သွားသည်။
‘ရန်သူနဲ့ မတွေ့ပါစေနဲ့ ... ရန်သူနဲ့ မတွေ့ပါစေနဲ့...’
ကောင်းကင်နတ်ဆိုးမိန်းကလေးတစ်ယောက်က သူမဆီသို့ တန်းတန်းမတ်မတ် ပြေးလာနေသည်။
နတ်ဘုရားစန်းယဲ့ မိုက်ခနဲ ဖြစ်သွား၏။ ‘သေတော့မှာပဲ...’