နာမည်ကြီးရန် လမ်းစပေါ်လာခြင်း
Vol. 74 Ch. 1029
ဖက်တီးလေးမှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရပြီး သူ၏ အကြည့်နှင့် နှုတ်ခမ်းအား လျှာဖြင့်လျက်နေသည့် အမူအရာတို့ကို မြင်လိုက်ရသောအခါ ရင်ထဲ၌ ထိတ်ခနဲဖြစ်သွား၏။ သူသည် ကြယ်သုသာန်ထဲ၌ သူ လှည့်စားခံခဲ့ရသည့် အခိုက်အတန့်များကို ပြန်၍သတိရသွားခြင်းဖြစ်သည်။
" ငါ အဲဒီ ဓားကို လိုချင်တယ်လို့ ဘယ်သူပြောလဲ။ မလိုချင်ပါဘူး " သူသည် အထင်မြင်သေးသည့် အမူအရာဖြင့် ချက်ချင်း ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းကာ သလင်းကျောက်နီ အတုံးတစ်သောင်း တန်ကြေးရှိသော သလင်းကျောက်ကတ်ပြားတစ်ပြားအား သူ၏ သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်သည်။
" ဒီ ဓားပျံလေးက မဆိုးဘူးလို့ပဲ ငါ ပြောခဲ့တာ။ တစ်ခါလောက် ကြည့်ခွင့်ရဖို့ သလင်းကျောက်နီ အတုံးတစ်သောင်းလောက်တော့ ပေးရလောက်တယ် " ဖက်တီးလေးမှာ ထိုသို့ ဆိုလိုက်ပြီးနောက် သူလှမ်းပစ်ပေးလိုက်သည့် သလင်းကျောက်ကတ်ပြားကိုပင် ကြည့်မနေတော့ဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
ထိုအခါ သူ၏ ရှေ့တွင် ရှိနေသည့် အဘိုးကြီးသုံးယောက်မှာမူ ကြက်သေသေသွားရ၏။ သူတို့မှာ နားမလည်နိုင်လောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။ သူတို့၏ သခင်လေးမှာ အလွန်အင်မတန်မှ ကပ်စေးနှဲသည့် လူတစ်ယောက်ဖြစ်ကြောင်း သူတို့က သိထားပြီးမဟုတ်ပါလော။ သို့ဖြစ်ရာ သူ့ဆီမှ ငွေညှစ်ရခြင်းမှာ သူ၏ အသဲနှလုံးအား ဖောက်ထုတ်ရခြင်းထက်ပင် ပိုခက်ပေသည်။
သို့သော် ယခုတွင်မူ သူတို့သုံးယောက်မှာ သူတို့၏ သခင်လေး သလင်းကျောက်နီ အတုံးတစ်သောင်းအား မပြောမဆိုနှင့် ထုတ်ပေးလိုက်သည်ကို မြင်လိုက်ရသည်မဟုတ်ပါလော။ ထို့ကြောင့် ထို အဘိုးကြီးသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ကြပြီးနောက် ဖက်တီးလေးနှင့်အတူ ထွက်ခွာသွားတော့သည်။
ရှဲ့ဟေးရန်မှာလည်း ဇဝေဇဝါ ဖြစ်နေရ၏။ သူသည် ထို အခြင်းအရာကြီးမှာ ထူးဆန်းလွန်းနေသည်ဟု ခံစားလိုက်ရသဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာဖြင့် သလင်းကျောက်ကတ်ပြားအား လှမ်းဖမ်းလိုက်၏။
" ဒီဖက်တီးကောင်က ငါ့ကို ဘာလို့ ပိုက်ဆံတွေ ပေးသွားတာလဲဟ။ ငါ ဘာမှမလုပ်ရသေးဘူးလေ။ ဒီ ဓားပျံကို ဝယ်ချင်တာ သေချာလားလို့ပဲ မေးရသေးတာကို " ဝမ်ပေါင်လဲ့မှာလည်း ထို ဖက်တီးလေး၏ လုပ်ရပ်အား အဖြေမထုတ်နိုင်ဘဲ ဖြစ်နေရ၏။ သူသည် သွေးရိုးသားရိုးနှင့် မေးမြန်းလိုက်ခြင်းသာဖြစ်ပြီး အခြား မည်သည့်အကြံအစည်မှ မရှိပေ။ သူ၏ နှုတ်ခမ်းအား လျှာဖြင့်လျက်နေခဲ့ရခြင်းမှာမူ သူ ကလိမ်ကကျစ်ကျဖူးခဲ့သည့် လူများနှင့် ပြန်လည်ဆုံတွေ့ရသည့် အချိန်တိုင်း အလိုလို ပေါ်ပေါက်လာတတ်သော အမူအရာတစ်ခုသာဖြစ်သည်။
" မဟုတ်မှလွဲရော။ ယောက်ျားတွေတောင်မှ ငါ့ရဲ့ ညှို့ဓာတ်အားကို ခုခံနိုင်စွမ်းမရှိတော့တာလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် အသက်ပြင်းပြင်းရှုလိုက်၏။ သူ၏ ဘေးနားတွင်မူ ရှဲ့ဟေးရန်မှာ ဆွံ့အနေရပြီ ဖြစ်သည်။ သူ၏ အမြင်တွင် ဝမ်ပေါင်လဲ့မှာ ပို၍ပင် ပဟေဠိဆန်လာ၏။
ထိုအချိန်တွင် စျေးဆိုင်ထဲမှ ထွက်ခွာသွားခဲ့သည့် ဖက်တီးလေးမှာ အရှိန်မြှင့်တင်လိုက်သည်။ သူသည် လမ်းအနည်းငယ်အကွာသို့ ရောက်သွားသောအခါမှသာ စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်ပြီး သူ၏နဖူးပေါ်မှ ချွေးများအား သုတ်လိုက်တော့သည်။
နောက်ဆုံးတွင် သူ၏ နောက်တွင်ရှိနေသည့် အဘိုးကြီးသုံးယောက်ထဲမှ တစ်ယောက်မှာ မနေနိုင်တော့သဖြင့် မေးမိလိုက်၏။
" သခင်လေး။ ဘာလို့ သူ့ကို သလင်းကျောက်နီတွေ ထုတ်ပေးခဲ့ရတာလဲ "
" မင်းတို့တွေ နားမလည်ပါဘူး " ထိုအခါ ဖက်တီးလေးမှာ နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့ ရှိနေခဲ့သည့် ဈေးဆိုင် ရှိရာဘက်သို့ လှမ်းကြည့်ကာ ဆိုလိုက်သည်။
" အဲဒီကောင်က ခေါင်းထဲမှာ မကောင်းတဲ့ အကြံအစည်တွေနဲ့ပဲ ပြည့်နေတဲ့ကောင်။ သူက တခြားသူတွေကို အမြဲတမ်း လှည့်စားဖို့ကြိုးစားနေတာ။ ငွေညှစ်တဲ့နေရာနဲ့ လိမ်စားတဲ့နေရာမှာလည်း တော်တော်လေးကို ကျွမ်းတယ်။ ဖြစ်နိုင်မယ်ဆိုရင် သူက သေခါနီးလူကိုတောင် လိမ်စားရဲလောက်တဲ့အထိ အရှက်မရှိတဲ့ လူတစ်ယောက်ပဲ "
" ငါ အဲဒီ ဓားပျံကို ဝယ်မယ်လို့ ပြောလိုက်တာနဲ့ သူက အဲဒီဓားပျံကို တစ်ခုခုလုပ်လိုက်မှာ သေချာတယ်။ ဥပမာပြရရင် သူ ငါ့ကို အဲဒီဓား ပေးလိုက်တဲ့အချိန် ကျိုးသွားတာမျိုးပေါ့။ ပြီးရင် ငါက အဲဒီ ဓားအကျိုးကြီးအတွက် ပိုက်ဆံထုတ်ပေးရမှာ "
" ဒါမှမဟုတ် ငါ အဲဒီဓားကို ဝယ်လိုက်ရင် အဆိပ်မိသွားလောက်တယ်။ အဲဒီအချိန်ကျမှ သူက အဆိပ်ဖြေဆေးထုတ်ရောင်းမှာ "
" ဒါမှမဟုတ် ငါ ဝယ်ဖို့ သဘောတူလိုက်တာနဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးပေါ်ပေါက်လာပြီး ငါပေးတဲ့စျေးက မှားနေတယ်လို့ ပြောရင်ပြောကြမှာ "
ဖက်တီးလေးမှာ မလှုပ်မယှက်ရပ်ကာ ဝမ်ပေါင်လဲ့အကြောင်း နောကျေနေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။ ထိုအခါ အဘိုးကြီးသုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။
" ဟွန်း။ ဒါတောင် ကံကောင်းလို့။ ငါသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘူးဆိုရင် အခုလောက်ဆို ရှဲ့တလုရဲ့ ထောင်ချောက်ထဲကို နောက်ထပ်တစ်ခေါက် ထပ်ရောက်သွားလောက်ပြီ။ ရှဲ့တလု၊ ရှဲ့တလု။ မင်းရဲ့ ခေါင်းထဲမှာ မကောင်းတဲ့အကြံတွေနဲ့ပဲ ပြည့်နေတယ်ဆိုတာ ငါမသိဘူးလို့ ထင်မနေနဲ့။ မင်း ငါ့အတွက် ကြိုပြီးတော့ စီစဉ်ထားတဲ့ နောက်ချန်အစီအစဉ်တွေ အများကြီးရှိဦးမှာ။ အဲတာဆိုရင် နောက်ဆုံးကျရင် ငါက သလင်းကျောက်နီတွေကို သိန်းနဲ့ချီပြီး ထုတ်ပေးရလောက်တယ် " ကျိုးလင်ဖုန်းမှာ ထိုသို့ တွေးမိလိုက်ပြီးနောက် သူသည် ပြဿနာကြီးတစ်ခုအား လိမ္မာပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။
" နောက်ကျရင် အဲဒီကောင်က ဘယ်လောက်ထိ ကြောက်ဖို့ကောင်းသလဲဆိုတာ မင်းတို့တွေ သိလာလိမ့်မယ် " ဖက်တီးလေးမှာ ထိုသို့ ရှင်းပြလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် ဝမ်ပေါင်လဲ့နှင့် အတော်အသင့် ကွာဝေးသည့်နေရာသို့ ရောက်နေပြီဖြစ်သည့်တိုင်အောင် ဘေးကင်းလုံခြုံမှုရှိသည်ဟု မခံစားရသေးပေ။ ထို့ကြောင့် သူသည် ဆက်တိုက်ဆိုသလို အရှိန်မြှင့်တင်ကာ အဝေးသို့ ပြေးထွက်သွား၏။ သို့သော် သိပ်မကြာခင်တွင် ထို ဖက်တီးလေးမှာ ရုတ်တရက်ဆိုသလို ခြေလှမ်းများရပ်တန့်သွားပြီး သူ၏ ပေါင်အား လက်ဝါးဖြင့်ရိုက်မိလိုက်တော့သည်။
" ငါသိပြီ။ စောစောတုန်းက ငါ ပြောခဲ့တဲ့အရာတွေက ရှဲ့တလုရဲ့ လုပ်ပုံကိုင်ပုံနဲ့ ကိုက်ညီမှုမရှိဘူး။ ဒီ ရှဲ့တလုဆိုတဲ့ကောင်က အဲဒီဓားပျံလေး ငါ့ရဲ့လက်ထဲ ရောက်လာတဲ့အချိန် ပေါက်ကွဲသွားအောင် တစ်နည်းနည်းနဲ့ လုပ်ထားလောက်တယ်။ အဲဒါဆိုရင် သူလည်း ဒဏ်ရာရသွားမှာဆိုတော့ ငါ သူ့ကို တိုက်ခိုက်ခဲ့ပြီး အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်ခဲ့တဲ့ပုံ ပေါက်နေမှာပဲ။ အခု ငါတို့က ရှဲ့မိသားစုရဲ့ ဈေးထဲမှာ ရှိနေတာဆိုတော့ သူက ငါ့ကို သေချာပေါက် ရန်တွေ့ပြီး အနည်းဆုံး သလင်းကျောက်နီ အတုံးတစ်သန်းလောက်အထိ လျော်ကြေးတောင်းလောက်တယ် "
" တော်တော်လေးကို အကြံပက်စက်တဲ့ကောင် " ဖက်တီးလေးမှာ အကြောက်လွန်နေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ ရှိနေသည့် ဈေးဆိုင်ဘက်သို့ ပြန်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်ကာ အရှိန်မြှင့်တင်၍ အဝေးသို့ ထွက်ပြေးသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို သိရှိထားခြင်းမရှိပေ။ ယခုတွင် သူသည် သူ၏ လက်ထဲရှိ ဓားပျံလေးအား ဆုပ်ကိုင်ထားရင်း နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် အံ့ဩတုန်လှုပ်မှုများအား ချုပ်တည်းထားရသည်။ ထို့နောက် သူသည် ရှဲ့ဟေးရန်နှင့်အတူ သူတို့ရောက်နေသည့် သင်္ဘောပျံကြီးပေါ်၌ ဆက်၍ လှည့်လည်သွားလာလိုက်၏။
သူတို့မှာ လမ်းတစ်လျှောက်တွင် ပစ္စည်းမျိုးစုံဝယ်ယူခဲ့သဖြင့် ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်နှင့်ပင် မဆံ့တော့ပေ။ နောက်ဆုံးတွင် ရှဲ့ဟေးရန်မှာ သူ့အား အရွယ်အစား ပိုမိုကြီးမားသည့် သိုလှောင်အိတ်တစ်လုံး ပေးလိုက်ရ၏။
ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွားပြီး ကြယ်စင်စုဈေးကြီးမှာလည်း ကံကြမ္မာဂြိုဟ်၏ အနီးသို့ ရောက်လာပြီဖြစ်သည်။ ၎င်းမှာ လမ်းတစ်လျှောက်တွင်လည်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် ရပ်နားခဲ့သေးသည်။ ကျင့်ကြံသူများမှာလည်း အတက်အဆင်း မှန်မှန်လုပ်နေကြသဖြင့် သင်္ဘောပျံကြီးများမှာ စည်ကားသိုက်မြိုက်နေကြ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန်တို့မှာ နံပါတ်တစ် သင်္ဘောပျံဆီသို့ ရောက်ရှိလာကြသည်။
၎င်းမှာ နောက်ထပ် လဝက်အကြာတွင် ကံကြမ္မာကြယ်အဖွဲ့အစည်း၏ အပြင်ဘက်၌ ရှဲ့မိသားစု၏ ကြယ်စင်စုဈေးထဲမှ ပထမဆုံး ခွဲထွက်ပြီး ကံကြမ္မာဂြိုဟ်ဆီသို့ သွားချင်သည့် ကျင့်ကြံသူများအား လိုက်လံပို့ဆောင်ပေးမည့် သင်္ဘောပျံကြီး ဖြစ်သည်။ အခြားသူများမှာမူ ကံကြမ္မာ ကြယ်စင်စု၏ အပြင်ဘက်တွင် ရှိသည့် အခြားနေရာများဆီသို့ သွားကြမည် ဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ နံပါတ်တစ် သင်္ဘောပျံကြီးပေါ်ရှိ အထူးဧည့်သည်များအတွက် စီစဉ်ပေးထားသော အခန်းတစ်ခန်းထဲတွင် ထိုင်ရင်း အောက်ဘက်ရှိ ဈေးအား လှမ်းကြည့်နေ၏။ ရှဲ့ဟေးရန်မှာ သူ၏ ဘေးတွင် ရပ်ကာ လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
" ကျွန်တော် သေသေချာချာ စုံစမ်းပြီးသွားပြီ။ ကံကြမ္မာဂြိုဟ်ဆီ သွားမယ့် နံပါတ်တစ် သင်္ဘောပျံကြီးပေါ်မှာ ကျင့်ကြံသူ အယောက်နှစ်သောင်းကျော် ပါတယ်။ သူတို့ထဲက တချို့က မွေးနေ့ဆုမွန်ကောင်းတောင်းပေးဖို့ ရောက်လာကြတာဆိုပေမဲ့ အများစုကတော့ အဲဒီဂြိုဟ်ပေါ်ကနေ တခြားနေရာတွေဆီ ဆက်သွားကြမှာ။ မွေးနေ့ဆုမွန်ကောင်းတောင်းပေးဖို့ ရောက်လာကြတဲ့ လူတွေထဲမှာ ဦးလေးဆရာနဲ့ ကြယ်သုသာန်ထဲ အတူတူ သွားဖူးခဲ့တဲ့ ပါရမီရှင် ခုနစ်ယောက်ပါတယ် " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ကြည့်ကာ ထိုနာမည်ခုနစ်ခုအား ပြောပြလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ ကျိုးလင်ဖုန်းမှလွဲ၍ အခြားသူများ၏ နာမည်များကို မမှတ်မိပေ။ သို့သော် သူတို့၏ မျက်နှာများကို မြင်လိုက်ရပါက ချက်ချင်းမှတ်မိသွားမည်သာ ဖြစ်သည်။ သူသည် ကြယ်သုသာန်ထဲတွင် ရှိနေခဲ့စဉ်တုန်းက လူတိုင်းနီးပါးကို လှည့်စားကာ အမြတ်ထုတ်ခဲ့သည် မဟုတ်ပါလော။
" လီဝမ်အာကိုတော့ ကျွန်တော် ရှာမတွေ့ဘူး "
" ဖီးနစ်ကိုးကောင်ဂိုဏ်းက ရှုယင်လင်းကတော့ တာအိုဂြိုဟ်နဲ့ ပေါင်းစည်းနိုင်ခဲ့လို့ သူ့ရဲ့ ဂိုဏ်းထဲမှာ ရာထူးအဆင့်အတန်း တိုးတက်သွားခဲ့ပြီ။ အခု သူက နံပါတ်တစ် သူတော်စင်မ ဖြစ်လာပြီလေ။ အဲတာမလို့ သူ ရှဲ့မိသားစုရဲ့ ကြယ်စင်စုဈေးပေါ်မှာ လိုက်မလာတာ မထူးဆန်းပါဘူး "
" ဒါပေမဲ့... " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ရပ်တန့်သွား၏။
" ဘာလဲ... " ထိုအခါ ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား ကြည့်ကာ မေးလိုက်သည်။
" ဖီးနစ်ကိုးကောင်ဂိုဏ်းက ဘာအသံမှ မထွက်ပေမယ့် ရှုယင်လင်းက ဦးလေးဆရာကို သဘောကျနှစ်သက်တဲ့အကြောင်း သူ့ရဲ့ သက်တူရွယ်တူ မိတ်ဆွေတွေကို ခဏခဏ လိုက်ပြောနေတာတဲ့။ ပြီးတော့ ဦးလေးဆရာက တာအိုဂြိုဟ်ရဲ့ ကောင်ချီးပေးမှုကို ရခဲ့လို့ အဲဒီဂြိုဟ်နဲ့ အပြီးတိုင် မပေါင်းစည်းရသေးတာတောင် လက်ရှိမျိုးဆက်ရဲ့ ဂြိုဟ်အဆင့် ပါရမီရှင်တွေထဲက အစွမ်းအထက်ဆုံး သုံးယောက်ထဲမှာ ပါတယ်လို့လည်း ပြောနေတာ။ သူ့ကို သဘောကျနှစ်သက်တဲ့ ကျင့်ကြံသူတွေက အများကြီးလေ... အဲတာမလို့... " ရှဲ့ဟေးရန်၏ အမူအရာမှာ အထူးအဆန်းဖြစ်နေ၏။
" ငါ့ကို သူများတွေနဲ့ ရန်တိုက်ပေးပြီးတော့ ငါက တာအိုဂြိုဟ်နဲ့ အပြီးတိုင် မပေါင်းစည်းရသေးတာမလို့ အဲဒီဂြိုဟ်ကို လုယူလို့ ရသေးတယ်ဆိုပြီး သတင်းလွှင့်နေတာပဲ။ ဖီးနစ်ကိုးကောင်ဂိုဏ်းက ဒီသူတော်စင်မကလည်း ကလေးဆန်လိုက်တာ။ ကြည့်ရတာ သူ ကြယ်သုသာန်ထဲမှာ ဆုံးမခံခဲ့ရတာ မဝသေးတဲ့ပုံပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ရယ်မောလိုက်၏။ ထို့နောက် သူသည် အောက်ဘက်ရှိ ဈေးထဲတွင် သူ မျက်မှန်းတန်းမိနေသည့် လူတစ်ယောက်အား လှမ်းမြင်လိုက်ရသဖြင့် မျက်ဝန်းများ အေးစက်စွာတောက်ပသွားသည်။
ထိုသူမှာ ဝမ်ပေါင်လဲ့ ကြယ်သုသာန်ထဲသို့ စရောက်သွားခဲ့သည့် အချိန်ကတည်းက သူနှင့် ကတောက်ကဆဖြစ်ခဲ့သည့် လီလင်းကျစ် ဖြစ်ပေသည်။ သို့သော် နောက်ပိုင်းတွင်မူ သူသည် ဝမ်ပေါင်လဲ့အတွက် ပါမွှားအဆင့်တွင်သာ ရှိခဲ့၏။ ယခုတွင် သူသည် သူ၏ ခြွေရံသင်းပင်းများနှင့် လှည့်လည်သွားလာနေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဂြိုဟ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူ၏ ဂြိုဟ်မှာ အထူးဂြိုဟ်တစ်လုံး မဟုတ်သည့်တိုင်အောင် အင်မော်တယ်ဂြိုဟ်အဆင့်တွင် ရှိနေဆဲပင်။ ဝမ်ပေါင်လဲ့ သူ့အား လှမ်းကြည့်လိုက်ချိန်တွင် သူသည်လည်း အာရုံခံမိလိုက်သဖြင့် ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်၏။
ထိုအခါ လီလင်းကျစ်မှာ ချက်ချင်းဆိုသလိုပင် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရသည်။ သူသည် ခြေလှမ်းများ ရပ်တန့်သွားပြီး တစ်ခဏမျှ တွေဝေတုံ့ဆိုင်းသွားရ၏။ ထို့နောက် သူသည် သူ၏ အထက်ရှိ လသာဆောင်ပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့အား ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဂါရဝပြုလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ရှဲ့ဟေးရန်မှာ မျက်လုံးများ မှေးသွားရ၏။ သူသည် ကြယ်သုသာန်ထဲ၌ ဝမ်ပေါင်လဲ့ လုပ်ခဲ့သည့် လုပ်ရပ်များအား ကိုယ်တိုင်ကြုံတွေ့ခဲ့ရခြင်း မရှိဘဲ အခြားသူများ၏ ပြောစကားများမှတစ်ဆင့်သာ ကြားဖူးထားသည်ဖြစ်ရာ စိတ်ထဲတွင် သိပ်၍ အထင်ကြီးနေခြင်းမရှိပေ။ ထို့အပြင် သူသည် သူ ကြားခဲ့ရသည့် ကောလာဟလများမှာ ပုံကြီးချဲ့ရာ ကျလွန်းနေသည်ဟုပင် တွေးနေခဲ့သည်။ သို့သော် ယခုတွင် သူသည် ကျိုးလင်ဖုန်းနှင့် လီလင်းကျစ်တို့ နှစ်ယောက်စလုံး ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ ကြောက်ရွံ့နေကြသည်ကို မြင်လိုက်ရပြီဖြစ်ရာ သူ ကြားခဲ့ရသည့် ကောလာဟလများမှာ ပုံကြီးချဲ့ထားခြင်း မဖြစ်နိုင်ကြောင်း ခံစားလိုက်ရ၏။ သူ မသိသေးသည့် အရာများပင် ရှိနေနိုင်သေးသည်။
" နံပါတ်ဆယ့်ခြောက် ဦးလေးဆရာ။ သတိထားနော်။ ကံကြမ္မာဂြိုဟ်ကို သွားမယ့် ဒီခရီးစဉ်မှာ အလှည့်အပြောင်းတွေ အများကြီးနဲ့ ကြုံရနိုင်တယ်။ ဦးလေးဆရာ ကြယ်သုသာန်ထဲမှာ တွေ့ခဲ့တဲ့ မိတ်ဆွေအများစုလည်း ရောက်လာကြမှာ။ ပြီးတော့ ကြယ်သုသာန်ဆီ မသွားခဲ့ကြတဲ့ ဂြိုဟ်အဆင့် ကျင့်ကြံသူတချို့လည်း ကံကြမ္မာဂြိုဟ်ပေါ်မှာ ရှိနေကြမှာ "
" ဦးလေးဆရာက တာအိုဂြိုဟ်တစ်လုံး ပိုင်ဆိုင်ထားတာဆိုတော့ ပစ်မှတ်ထားခံရနိုင်တယ် "
" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာ ရယ်မောကာ ဆိုလိုက်ပြီး မျက်ဝန်းထဲ၌ တိုက်ခိုက်လိုစိတ်များ ပေါ်ပေါက်လာ၏။ သူသည် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှ ပြန်ရောက်လာခဲ့ပြီးနောက် အေးအေးဆေးဆေး နေနေခဲ့သည်မှာ အချိန်အကြာကြီး ရှိနေပြီဖြစ်ကြောင်း ခံစားနေရသည်။ ယခုတွင် မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့ရတော့မည်ဖြစ်ရာ သူသည်လည်း သူ၏ အစွမ်းအစများကို ပြန်လည် ထုတ်ပြရတော့မည် ဖြစ်သည်။
ထို့အပြင် သူ လေ့ကျင့်ထားသည့် ကြယ်အချုပ်အနှောင်ပညာရပ်ကြောင့် ပေါ်ပေါက်လာလဲ့သည့် အငွေ့အသက်ကြီးကိုလည်း ထုတ်ပြခွင့် ရတော့မည် ဖြစ်သည်။
" ဒါလည်း ဆရာ့ရဲ့ အစီအစဉ်တွေကထဲက တစ်ခုပဲ ထင်တယ် “