ရှဲ့ဟေးရန်၏ ဒုက္ခ
Vol. 74 Ch. 1030
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား ကြည့်ရင်း နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။ သူ၏ ရှေ့တွင် မြင်နေရသည့် ဝမ်ပေါင်လဲ့မှာ သူ၏ မှတ်ဉာဏ်ထဲမှ ဝမ်ပေါင်လဲ့နှင့် မတူတော့ပေ။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲမှ ထွက်ခွာမလာခဲ့ခင်တုန်းက ရက်စက်ကြမ်းကြုတ်သည့် လူတစ်ယောက်ဖြစ်၏။ သူသည် သူ၏ ရန်သူများကိုသာမက သူ့ကိုယ်သူပင် မညှာတတ်သည့် လူတစ်ယောက်ဖြစ်သည်။
သို့သော် ထိုစဉ်တုန်းက သူသည် ထိုအရည်အသွေး တစ်ခုတည်းကိုသာ ပိုင်ဆိုင်ထားခဲ့၏။ ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့အား နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ပြန်လည်ဆုံတွေ့ခဲ့ရသည့်တိုင်အောင် သူ့အပေါ် အမြင်ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ ထိုစဉ်တုန်းကလည်း ဝမ်ပေါင်လဲ့မှာ ဖြတ်ထိုးဉာဏ်ကောင်းကာ ရက်စက်ကြမ်းကြုတ်သည့်လူတစ်ယောက် ဖြစ်နေဆဲပင်။ သို့သော် သူ့ဆီတွင် အငွေ့အသက်တစ်မျိုး ရှိမနေခဲ့ပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အတွက် အများကြီး ရင်းနှီးမြှုပ်နှံထားသည့်တိုင်အောင် သူ့ဆီမှ အကျိုးအမြတ် အလုံအလောက် ရရှိပြီးပါက သူ့အား အထူးတလည် အရေးပေးနေစရာ လိုတော့မည်မဟုတ်ဟု မှတ်ယူထားခဲ့၏။
သို့သော် ယခုတွင်မူ အခြေအနေများမှာ မတူတော့ပေ။ ဝမ်ပေါင်လဲ့မှာ ကျောထောက်နောက်ခံအသစ်တစ်ခု ရရှိသွားပြီဖြစ်သလို ရှဲ့ဟေးရန်မှာလည်း အကူအညီ လိုအပ်နေသည်မဟုတ်ပါလော။ အရေးကြီးဆုံး အချက်မှာမူ ဝမ်ပေါင်လဲ့ဆီ၌ အားကောင်းသည့် အငွေ့အသက်တစ်မျိုး ပေါ်ပေါက်လာခြင်းပင်။ ရှဲ့ဟေးရန်မှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် ထို အငွေ့အသက်အား လူအနည်းငယ်ဆီတွင်သာ အာရုံခံမိခဲ့၏။ ထို အငွေ့အသက်အား ပိုင်ဆိုင်ထားသည့် လူတိုင်းမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားခြင်းမရှိပါက တမူထူးခြားသည့် အောင်မြင်မှုများကို ဆွတ်ခူးနိုင်သည်သာ ဖြစ်သည်။ သူတို့အားလုံးမှာ ရှဲ့ဟေးရန်တစ်ယောက် ခေါင်းမော့၍ကြည့်ရသည့် အဆင့်အတန်းများဆီသို့ ရောက်ရှိသွားကြသည်သာ ဖြစ်သည်။
အမှန်တွင် ဝမ်ပေါင်လဲ့မှာလည်း သူ၏ ခန္ဓာကိုယ်ထဲ၌ ထိုပြောင်းလဲမှုများ ပေါ်ပေါက်လာခဲ့သည်ကို အာရုံခံမိထားပြီးသား ဖြစ်သည်။ ထို့အပြင် သူသည် သူ၏ စိတ်နေသဘောထား ပြောင်းလဲသွားသည်ကိုလည်း သတိထားမိနေ၏။ ထိုသို့ဖြစ်နေရခြင်းမှာ သူ ဆရာအသစ်တစ်ယောက် ရသွားခဲ့သောကြောင့် မဟုတ်ဘဲ ကြယ်အချုပ်အနှောင်ပညာရပ်အား လေ့ကျင့်ခဲ့သောကြောင့် ဖြစ်ပေသည်။
သူ နွားထီးအိုကြီး၏ ကြယ်မြေပုံ ပုံရိပ်ယောင်အား ဖန်တီးနိုင်ခဲ့သည်နှင့် တစ်ပြိုင်နက် ထို ပညာရပ်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ကိန်းအောင်းသွားခဲ့ပြီး သူ၏ ရက်စက်ကြမ်းကြုတ်မှုများအား အားကောင်းသည့် စိတ်ဆန္ဒတစ်မျိုးအဖြစ် ပြောင်းလဲသွားစေခဲ့၏။ ထို စိတ်ဆန္ဒမှာ အနိုင်မခံ အရှုံးမပေးသည့် စိတ်မျိုးဖြင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်၌ လျှောက်လှမ်းနိုင်ရန် ကူညီပေးနိုင်သည်။ သူသည် အခက်အခဲ အတားအဆီးများနှင့် ကြုံတွေ့ရပါက ၎င်းတို့အားလုံးကို ရင်ဆိုင်ကျော်လွှားကာ ဖျက်ဆီးချေမှုန်းပစ်မည်သာ ဖြစ်သည်။
သူသည် မီးတောက်ကြယ်စင်စုထဲတွင် ရှိနေခဲ့စဉ်တုန်းက စွမ်းအင်များ စုဆောင်းနေသကဲ့သို့ ဖြစ်နေခဲ့၏။ ယခုတွင် သူသည် ထို ကြယ်စင်စုအပြင်ဘက်သို့ ရောက်လာပြီ ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့အား ရန်စလိုက်မည်ဆိုပါက သူ၏ အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာမည် ဖြစ်သည်။
လက်ရှိတွင်ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်ဆီသို့ သွားမည့် ခရီးစဉ်အတွက် မျှော်လင့်တကြီး ဖြစ်နေ၏။ သူသည် အချိန်အကြာကြီး မစောင့်လိုက်ရပေ။ လဝက်တိတိ ကုန်ဆုံးပြီးသွားချိန်တွင် ရှဲ့မိသားစု၏ ကြယ်စင်စုဈေးကြီးမှာ သူ မရောက်ဖူးသည့် ကြယ်အဖွဲ့အစည်း တစ်ခုထဲ၌ ပေါ်ပေါက်လာ၏။ ကျင့်ကြံသူအများစုမှာ သူတို့၏ ခရီးပန်းတိုင်များဆီသို့ ရောက်ရှိလာကြပြီဖြစ်ရာ ထွက်ခွာသွားကြသည်။ သူ လိုက်ပါစီးနင်းလာသည့် နံပါတ်တစ် သင်္ဘောပျံကြီးမှာလည်း မွေးနေ့ပွဲသို့ တက်ရောက်မည့် ဧည့်သည့်များအား လိုက်လံပို့ဆောင်ပေးနိုင်ရန် ထစ်ချုန်းသံများနှင့်အတူ ကံကြမ္မာကြယ်အဖွဲ့အစည်းထဲသို့ ဝင်ရောက်သွားတော့သည်။
သူတို့ ထို ကြယ်အဖွဲ့အစည်းထဲသို့ ရောက်ရှိသွားသည်နှင့် သူတို့ လိုက်ပါစီးနင်းလာကြသည့် နံပါတ်တစ်သင်္ဘောပျံကြီးမှာ တုန်ရီသွား၏။ ထို့နောက် ၎င်း၏ နောက်ဘက်ရှိ ဟင်းလင်းပြင်ထဲတွင် အလင်းရောင်များ စူးရှတောက်ပလာပြီး တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားတစ်မျိုးမှာ ထို သင်္ဘောပျံကြီး တစ်စင်းလုံးအား စတင်လွှမ်းခြုံလာတော့သည်။
၎င်းမှာ ပြင်ပစွမ်းအားများကြောင့် ပေါ်ပေါက်လာခြင်းမဟုတ်သလို ချုံခိုတိုက်ခိုက်မှုတစ်ခုလည်း မဟုတ်ပေ။ တစ်စုံတစ်ယောက်မှာ ရှဲ့မိသားစု၏ သင်္ဘောပျံကြီးပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်အား အသုံးပြုကာ အဝေးတစ်နေရာမှနေ၍ တိုက်ရိုက် တည်နေရာပြောင်းရွှေ့လာခြင်း ဖြစ်သည်။
သင်္ဘောပျံကြီးပေါ်မှ ကျင့်ကြံသူတိုင်းမှာ ထိုမြင်ကွင်းအား ချက်ချင်းသတိထားမိသွားကြ၏။ ဝမ်ပေါင်လဲ့သည်လည်း ခပ်လှမ်းလှမ်းအား လှမ်းကြည့်လိုက်သည်။ ထို့အပြင် သူသည် အခြေအနေအား အကဲခတ်နိုင်ရန် သူ၏ နတ်ဘုရားအာရုံကိုပင် ထုတ်လွှတ်လိုက်သေးသည်။ တစ်ချိန်ထဲမှာပင် သူသည် ရှဲ့ဟေးရန်တစ်ယောက် အမူအရာ ပြောင်းလဲသွားသည်ကိုလည်း သတိထားမိလိုက်၏။
" ဘာဖြစ်လို့လဲ " ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်၏ အမူအရာ တဖြည်းဖြည်းနှင့် ရုပ်ပျက်ဆင်းပျက်ဖြစ်လာသည်ကို မြင်လိုက်ရသောအခါ မေးလိုက်၏။
" သင်္ဘောပျံတိုင်းမှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်တစ်ခု ပါတယ်။ ဒါပေမဲ့ အပြင်လူတွေ အသုံးပြုခွင့်မရှိဘူး။ ရှဲ့မိသားစုဝင်တွေပဲ အသုံးပြုခွင့်ရှိတာ။ ပြီးရင် တစ်ကြိမ် အသုံးပြုနိုင်ဖို့အတွက် မျိုးနွယ်စု ရမှတ်တွေ အများကြီး အသုံးပြုဖို့လိုတယ် "
" ပြီးရင်... တည်နေရာပြောင်းရွှေ့မယ့် အကွာအဝေး ပိုများလေလေ ပိုပြီးတော့ ဈေးကြီးလေလေပဲ။ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းတွေနဲ့ အလင်းရောင်တွေကလည်း ပိုပြီးတော့ အားကောင်းလာလေလေပဲ။ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး စပြီးတော့ အသက်ဝင်လာခဲ့တဲ့ အချိန်ကနေ အခုအထိ အသက်ရှူကြိမ် အကြိမ်သုံးဆယ် ကုန်သွားတာတောင် ဒီလုပ်ငန်းစဉ်ကြီးက မပြီးသေးဘူးဆိုတော့ ဒီကို ရောက်လာမယ့်လူက ဒီနေရာနဲ့ အဝေးကြီးမှာ ရှိနေတဲ့ နေရာတစ်ခုကနေ ရောက်လာတာပဲဖြစ်ရမယ် "
ရှဲ့ဟေးရန်မှာ မျက်စိမျက်နှာပျက်နေပြီး မျက်ဝန်းများနီမြန်းနေပြီ ဖြစ်သည်။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်၏ " သူက ကောင်းကင်ဘုံဓမ္မသခင်ကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ဖို့ရောက်လာတာပဲ ဖြစ်ရမယ်။ သူဘယ်သူလဲဆိုတာ ကျွန်တော်သိတယ် "
" သူက ကျွန်တော့် မိသားစုမျိုးနွယ်စုထဲက အစ်ကိုတစ်ယောက်ဖြစ်တဲ့ ရှဲ့ယွင်ထန့်ပဲ။ ကျွန်တော်တို့ မျိုးဆက်ထဲမှာဆိုရင် နံပါတ်ငါးသခင်လေးပေါ့ "
" ကျွန်တော်က နံပါတ်ကိုးမှာပဲရှိတာ။ သူနဲ့ ကျွန်တော့်ရဲ့ကြားမှာ ကမ္ဘာမကြေတဲ့ ရန်ငြိုးတစ်ခုရှိတယ် " ရှဲ့ဟေးရန် စကားဆုံးသွားသည်နဲ့ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများမှာ အားကောင်းလာပြီး စူးရှတောက်ပသည့် အလင်းရောင်ကြီးတစ်ခုမှာ သင်္ဘောပျံကြီးတစ်စင်းအား လွှမ်းခြုံသွား၏။ ထိုအခါ သင်္ဘောပျံကြီးပေါ်မှ ရှဲ့မိသားစုဝင် အမြောက်အမြားမှာ ရှေ့သို့ ပျံထွက်သွားကြပြီး ထို တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ဦးတည်သွားလိုက်ကြသည်။ သို့သော် သူတို့မှာ အနီးသို့ ချဉ်းကပ်သွားခြင်းမရှိဘဲ အပြင်ဘက်တွင်သာ ရပ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေ ဦးညွတ်လိုက်ကြ၏။
ခေါင်းဆောင်ကြီးယောင်နှင့် အခြား ထာဝရကြယ်အဆင့် ကျင့်ကြံသူများသာလျှင် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများကို ကျော်ဖြတ်ကာ အတွင်းပိုင်းသို့ ဝင်သွားကြပြီး စောင့်ဆိုင်းခွင့်ရကြသည်။
ခဏအကြာတွင် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ထို တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ၏ အလယ်ရှိ အလင်းရောင်ထဲတွင် လူရိပ်ကိုးခု ပေါ်ပေါက်လာတော့သည်။
သူတို့ထဲမှ တစ်ယောက်မှာ ရှေ့ဆုံးတွင် ရပ်နေပြီး ကျန်ရှစ်ယောက်မှာ သူ၏နောက်တွင် ရပ်နေ၏။ ထို လူရိပ်များ ရုပ်လုံးပေါ်လာသည်နှင့် ခေါင်းဆောင်ကြီးယောင်နှင့် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင် အနီးတွင် ရှိနေကြသည့် အခြားသူများမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တည်ကြည်မှုအပြည့်ရှိသော အမူအရာများဖြင့် ဦးညွှတ်အရိုအသေပေးလိုက်ကြတော့သည်။
" မင်္ဂလာပါ နံပါတ်ငါး သခင်လေး "
သူတို့၏ စကားသံများ ထွက်ပေါ်လာသည်နှင့် မန္တန်အစီအရင် အပြင်ဘက်ရှိ ရှဲ့မိသားစုဝင်များ အားလုံးမှာလည်း ဦးညွှတ်လိုက်ကြ၏။ ထို့နောက် သူတို့အားလုံးမှာ ပြိုင်တူ ဂါရဝပြုလိုက်ကြတော့သည်။
" မင်္ဂလာပါ နံပါတ်ငါး သခင်လေး "
သူတို့အားလုံး ဦးညွှတ်အရိုအသေပေးနေကြစဉ် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ထဲမှ လူရိပ်ကိုးခုမှာ နောက်ဆုံးတွင် လူတိုင်း၏ ရှေ့၌ ရုပ်လုံးပေါ်လာတော့သည်။ နောက်တွင်ရှိနေသည့် လူရှစ်ယောက်မှာ အနက်ရောင်ဝတ်ရုံရှည်များ ဆင်မြန်းထားကြ၏။ ထိုရှစ်ယောက်ထဲတွင် လူကြီးလူငယ် ကျားမ မရွေး ပါကြပြီး သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ ကြောက်မက်ဖွယ်ရာ ထာဝရကြယ်အဆင့် ကျင့်ကြံခြင်းအငွေ့အသက်များ ထုတ်လွှတ်နေကြ၏။ သူတို့၏ ခန္ဓာကိုယ်များထဲတွင်လည်း သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်ဖြစ်ရာ သူတို့မှာ ရက်စက်ကြမ်းကြုတ်သူများဖြစ်ကြောင်း သိနိုင်ပေသည်။
ထို ရှစ်ယောက်၏ ရှေ့တွင် ရွှေရောင်ဝတ်ရုံရှည်တစ်ခု ဆင်မြန်းထားသည့် လူငယ်လေးတစ်ယောက် ရှိနေ၏။ သူ၏ အနက်ရောင်ဆံပင်များမှာ လေထဲတွင် တလူလူ လွင့်နေသလို သူ၏ ရုပ်ရည်မှာလည်း အများနှင့်မတူလောက်အောင် ချောမောသည်။ သူသည် အပေါ်ယံတွင် ရှဲ့ဟေးရန်နှင့် ဆင်တူသည့်ပုံ ပေါက်ပါသော်လည်း သေသေချာချာ နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား နှိုင်းယှဉ်နေသကဲ့သို့ ဖြစ်နေမည်သာ ဖြစ်သည်။
ရွှေရောင်ဝတ်ရုံရှည်တစ်ခုအား ဆင်မြန်းထားသည့် ထိုလူငယ်လေးမှာ ဂြိုဟ်ထိပ်ဆုံးအဆင့်တွင်သာ ရှိနေသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ စူးရှတောက်ပသည့် အလင်းရောင်များနှင့် မျက်လုံးဖြင့် မမြင်နိုင်သည့် ဖိနှိပ်အားတစ်မျိုးကို ထုတ်လွှတ်နေသည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် မိစ္ဆာအငွေ့အသက်တစ်မျိုး ကိန်းအောင်းနေသည့်ပုံပင်။ ထို အငွေ့အသက် သူ၏ မျက်နှာနှင့် အတူတကွ ပေါင်းစည်းသွားချိန်တွင် သူသည် ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်သွား၏။ ထိုကဲ့သို့ ထူးဆန်းလှသည့် အပြောင်းအလဲကြောင့် သူ့အား မြင်လိုက်ရသည့်လူတိုင်းမှာ သူ၏မျက်နှာအား မေ့နိုင်မည်မဟုတ်ပေ။
" ငါ နောက်ကျသွားတော့မလို့ " ထိုလူငယ်လေးမှာ သူ၏ ညာဘက်လက်သန်းဖြင့် မျက်ခုံးနှစ်ဖက်ကြားရှိ နေရာအား ပွတ်ကာ ဆိုလိုက်၏။ သူ၏ စကားသံမှာ ကျီစယ်သည့်လေသံ ပေါက်နေသည်။ ထို့နောက် သူသည် ခေါင်းမော့လာပြီး မျက်လုံးများ မှေးသွား၏။ သူ၏ အကြည့်မှာ လျှပ်စီးတန်းတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းကာ ဈေးထဲရှိ အထူးဧည့်သည့်အဆောင်၏ လသာဆောင်ပေါ်ရှိ ဝမ်ပေါင်လဲ့၏ ဘေး၌ ရပ်နေသော ရှဲ့ဟေးရန်ပေါ်သို့ ကျရောက်လာတော့သည်။
" နံပါတ်ကိုး ညီလေး။ ငါ့ကို လာပြီးတော့ ဒူးထောက်အရိုအသေပေးစမ်း "
သူသည် အဝေးကြီးတွင်ရှိနေပြီး သာမန်လေသံဖြင့်သာ စကားပြောလိုက်ခြင်း ဖြစ်ပါသော်လည်း သူ၏ စကားသံများထဲ၌ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုး ကိန်းအောင်းနေသည့်ပုံပင်။ ထို စွမ်းအားမှာ ဝမ်ပေါင်လဲ့နှင့် ရှဲ့ဟေးရန် ရှိနေသည့် လသာဆောင်ပေါ်၌ ထစ်ချုန်းသံများနှင့်အတူ ပေါ်ပေါက်လာ၏။
ထိုစွမ်းအားမှာ အလွန်အင်မတန်မှ မိစ္ဆာဆန်ပြီး အရာအားလုံးကို တွန့်လိမ်ပုံပျက်သွားအောင် လုပ်နိုင်စွမ်းရှိသည်ပုံပင်။ ၎င်းမှာ လူတစ်ယောက်၏ ဝိညာဉ်ကိုပါ ထိခိုက်သွားအောင် လုပ်နိုင်ပေသည်။ ထို စွမ်းအားများမှာ လသာဆောင်ပေါ်၌ ပေါက်ကွဲထွက်ပေါ်လာသည်နှင့် ရွှေရောင်လျှပ်စီးတန်းများအဖြစ် ပြောင်းလဲသွားပြီး ရှဲ့ဟေးရန်အား လွမ်းခြုံသွား၏။ ၎င်းတို့မှာ ဧရာမ လက်ကြီးတစ်ဖက်ကဲ့သို့ ရှဲ့ဟေးရန်အား ဖမ်းဆုပ်ကာ ဆွဲခေါ်သွားတော့မည့်ပုံပင်။
ရှဲ့ဟေးရန်မှာ ခုခံတွန်းလှန်ရန် ကြိုးစားလိုက်ပါသော်လည်း သူ၏ မျက်နှာပေါ်၌ ကြက်သွေးရောင် အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ ထိုအခါ သူသည် ဖိနှိပ်ချုပ်တည်းခံလိုက်ရသည့်အလား တစ်ကိုယ်လုံးတုန်ရီသွားပြီး ပြန်လည်ခုခံနိုင်စွမ်း မရှိတော့ပေ။ ထိုအချိန်တွင် ရွှေရောင်ဝတ်ရုံနှင့် လူငယ်လေး၏ စကားသံမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။
" ငါတို့ရဲ့ မိသားစုမျိုးနွယ်စုက မင်းတို့ သွေးမျိုးဆက်ရဲ့ အကာအကွယ်စွမ်းအားတွေကို ပြန်ပြီးတော့ သိမ်းယူပြီးသွားပြီလေ။ အဲတာမလို့ မင်းက ဥပဒေစောင့် အရာရှိတစ်ယောက်အဆင့်မှာ ရှိနေတဲ့ ငါ့လိုလူမျိုးကို အာခံနိုင်မှာ မဟုတ်တော့ဘူးကွ။ အခုချက်ချင်း ငါ့ဆီလာခဲ့စမ်း " သူ ထိုသို့ ဆိုလိုက်သည်နှင့် ရွှေရောင်လျှပ်စီးများဖြင့် ဖွဲ့စည်းထားသည့် ဧရာမလက်ကြီးမှာ ရှဲ့ဟေးရန်အား ဆွဲခေါ်သွားရန် ပြင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး သူ၏ ညာဘက်ခြေထောက်ကို မြှောက်ကာ ရှေ့သို့ လှမ်းသွားလိုက်သည်။
သူ ထိုခြေလှမ်းအား လှမ်းလိုက်သည်နှင့် သူ၏ ခြေထောက်အောက်မှ တုန်ခါမှုလှိုင်းတစ်လှိုင်း ပျံ့လွင့်လာ၏။ ထို့နောက် အက်ကွဲသံများ ထွက်ပေါ်လာပြီး ရှဲ့ဟေးရန်၏ ပတ်ပတ်လည်တွင်ရှိနေသည့် ရွှေရောင်လျှပ်စီးတန်းများဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးမှာ ချက်ချင်းဆိုသလိုပင် စက္ကူရွက်များအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့ အားလုံးမှာ ၎င်းတို့၏ နတ်ဘုရားစွမ်းရည်များကို ဆုံးရှုံးလိုက်ရပြီး ဆီးနှင်းပွင့်များကဲ့သို့ အောက်သို့ပြုတ်ကျလာတော့သည်။
ထိုအခါ ရှဲ့ဟေးရန်မှာ တစ်ကိုယ်လုံးတုန်ရီသွား၏။ သူသည် အချုပ်အနှောင်များထဲမှ လွတ်မြောက်လာပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အလောတကြီး ဆိုလိုက်သည်။
" ပေါင်လဲ့။ ငါ မင်းကို ဒီအရှုပ်ထုပ်ကြီးထဲ ဆွဲခေါ်မိသလိုဖြစ်သွားပြီ။ ကြည့်ရတာ မျိုးနွယ်စုထဲမှာ တစ်ခုခုဖြစ်ခဲ့တဲ့ပုံပဲ။ သူက အဆင်သင့်ပြင်လာခဲ့တဲ့အပြင် ဒီ သင်္ဘောပျံကြီး တစ်စင်းလုံးကိုပါ ထိန်းချုပ်ပြီးသွားပြီ။ ဒီနေရာမှာ ဆက်ရှိနေမယ်ဆိုရင် ငါတို့တွေ အသာစီးရနိုင်မှာမဟုတ်ဘူး။ အခုချက်ချင်း ထွက်သွားဖို့လိုတယ် "
" မင်းက ထွက်သွားဖို့ ကြံနေတယ်ပေါ့ " ရှဲ့ဟေးရန် ထိုသို့ဆိုလိုက်သည်နှင့် ရွှေရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ မန္တန်အစီအရင်ကြီး၏ အလယ်၌ အထင်အရှား ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်လက်သွားကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ကြီးအား ထိုးခွင်း၍ သင်္ဘောပျံကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်းပျံသန်းလာတော့သည်။
သူ၏ နောက်တွင် ရှိနေသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက်မှာလည်း ခန္ဓာကိုယ်များ မှုန်ဝါးဝါးဖြစ်သွားကြပြီး သူ၏ နောက်မှ လိုက်လာကြ၏။ အဝေးမှ ကြည့်လိုက်မယ်ဆိုပါက အရာအားလုံးမှာ တုန်ရီနေပြီး သူတို့ကိုးယောက်မှာ အသွားထက် ဓားကိုးလက်ကဲ့သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြသည်ကို မြင်နိုင်ပေမည်။
ရှေ့ဆုံးတွင် ရှိနေသည့် ရှဲ့ယွင်ထန့်မှာ ဟင်းလင်းပြင်ကြီးအား ထိုးခွင့်လာရင်း သူ၏ ညာဘက်လက်အား လသာဆောင် ရှိရာဘက်သို့ ဆန့်ထုတ်လိုက်၏။ ထိုအခါ ရွှေရောင်လျှပ်စီးတန်းပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာကြပြီး အတူတကွ စုစည်းသွားကြပြန်သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့မှာ မီတာသုံးထောင်ရှည်လျားသည့် ရွှေရောင်လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး အောက်သို့ စတင်ကျဆင်းလာတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး အောက်သို့ ကျဆင်းလာနေသည့် ဧရာမလက်ကြီးအား ကြည့်ကာ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ရေရွတ်လိုက်၏ " ငါ ထွက်သွားမယ်လို့ ဘယ်သူပြောလဲ “