← Chapters

မင်းနဲ့ငါက ရေစက်ပါတယ်

Vol. 39 Ch. 540

မင်းနဲ့ငါက ရေစက်ပါတယ်

Vol. 39 Ch. 540

ကျဲ့ဟွလီက ကျယ်လောင်စွာ အော်ဟစ်ပြီး ချင်မူ့ဆီ ခြေတစ်လှမ်းတက်လိုက်သည်။

“အရှုံးပေးလိုက်” ကောင်းကင်၏အလွန်မှ ဖုရွေ့လော်၏အသံက မိုးခြိမ်းသံကြီးသဖွယ် ထွက်လာသည်။ “မင်းရဲ့ ဓားမကွက်တွေက တွက်ချက်မှုအပြည့်နဲ့ ပညာသားပါတယ်၊ တိကျသေသပ်တယ်... ဒါပေမဲ့ မင်းရဲ့စိတ်အခြေအနေက ဂယောက်ဂယက် ဖြစ်နေပြီ... ဒါကြောင့် မြန်မြန်ရှုံးလိမ့်မယ်... မြန်မြန်သေနိုင်တယ်... သေသွားတဲ့ မင့်မိတ်ဆွေတွေအတွက် မင်း လက်စားချေပေးရဦးမယ်.... သူတို့အတွက် ကလဲ့စားမချေဘဲ အသေခံလိုက်ရင် မင်းက ဆန်ကုန်မြေလေးထက် မပိုဘူး”

ကျဲ့ဟွလီ တွန့်ဆုတ်သွားပြီး ဘယ်လက်ဖြင့် ဓားမကို ဆွဲထုတ်လိုက်သည်။

သဲစားပွဲကမ္ဘာ၏အပြင်တွင် ဖုရွေ့လော် မျက်မှောင်ကြုတ်သွားသော်လည်း သဲစားပွဲကမ္ဘာထဲရှိ ကျဲ့ဟွလီကို မတားပေ။

ထိုမြေပြင်မှာ သူနှင့် တန်ခိုးရှင်သစ်ခုတ်သမား ဖန်တီးထားသော ကမ္ဘာဖြစ်သည့်အတွက် သူ ဝင်ပါလိုက်လျှင် တန်ခိုးရှင်သစ်ခုတ်သမားကလည်း ငြိမ်ခံနေမည်မဟုတ်‌ပေ။ ထိုသို့ဖြစ်လာပါက အခြေအနေများ ရှုပ်ထွေးသွားပြီး အနိုင်ယူနိုင်ရန် ခဲယဉ်းသွားလိမ့်မည်။

တန်ခိုးရှင်သစ်ခုတ်သမားက ဤကမ္ဘာဆီသို့ ဆင့်ခေါ်ခံလိုက်ရပြီး ရောက်လာသည်နှင့် သူ၏အစီအစဉ်များကို ဖျက်စီးပစ်ခဲ့သည်။ ထို့ကြောင့် ယခုလို လီမြို့ဖြင့် လောင်းကြေးထပ်ခဲ့ရခြင်း ဖြစ်သည်။ သူ့အနေဖြင့် သူကိုယ်တိုင် ချမှတ်ထားသော စည်းကမ်းများကို မချိုးဖောက်နိုင်ပေ။ မဟုတ်လျှင် အရာအားလုံး ဆုံးရှုံးလိုက်ရလိမ့်မည်။

သူ့အတွက် အချိန်လို၏။

ကျဲ့ဟွလီကို သူ လေးစားသလို၊ ထိုကောင်လေးတွင် ဆရာရှိထားသော်လည်း သူ၏ဆက်ခံသူအဖြစ်လည်း မြင်ထားမိသည်။ သို့သော် ထိုကောင်လေးအား မည်မျှပင် လေးစားစေကာမူ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အကျိုးစီးပွားနှင့်ပတ်သက်လာပါက လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ရလိမ့်မည်။

ကျဲ့ဟွလီ၏ မျက်လုံးထောင့်စွန်းများ တွန့်နေပြီး မိစ္ဆာဓားမ၏လက်ကိုင်ပေါ်ရှိ မိစ္ဆာမျက်လုံးက ထူးဆန်းလာသည်။ ၎င်းကြည့်နေသောနေရာက ချင်မူမဟုတ်ဘဲ ကျဲ့ဟွလီ၏ ညာဘက်လက် ဖြစ်နေ၏။

ကျဲ့ဟွလီ ဓားမကို ပင့်မြှောက်လိုက်သည်။

ချင်မူ မှန်သည်။ လော့ဝူရွှမ်၏ ဓားမသိုင်းကို သူ ပြီးပြည့်စုံစွာ မထုတ်ဖော်နိုင်ပေ။ ပြီးပြည့်စုံစွာ ထုတ်ဖော်လိုလျှင် ညာလက်မောင်းအား ဖြတ်တောက်ရလိမ့်မည်။ မဟုတ်ပါက ညာလက်သည် သူ့အတွက် အတားအဆီးတစ်ခု ဖြစ်လာမည်။

အောက်ဘုံသို့ သူ ဆင်းလာခဲ့သည့် အကြောင်းရင်းမှာ လက်နှစ်ဖက်လုံးဖြင့် ဓားကိုင်နိုင်မည့် နည်းလမ်းအား ရှာဖွေရန် ဖြစ်သည်။ သူက သူ၏ဓားမသိုင်းဖြင့် ဓားမ,လမ်းကို ရှာဖွေပြီး လော့ဝူရွှမ်၏ လောင်းရိပ်မှ ထွက်သွားချင်၏။

စောစော ချင်မူ့ဓားမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ရင်သပ်ရှုမောဖွယ်ကောင်းလှပြီး သူသာဆိုလျှင်လည်း ‌ရှောင်နိုင်မည်မဟုတ်ဟု ခံစားခဲ့ရသည်။

သူ့မှာ လက်တစ်ဖက်တည်းဖြင့်သာ လော့ဝူရွှမ်၏ ဓားမသိုင်းအား အပြည့်အဝ ထုတ်ဖော်နိုင်မည်မဟုတ်ပါ၏လော။

သို့သော် လက်ကို ဖြတ်လိုက်လျှင်လည်း လော့ဝူရွှမ်၏ လောင်းရိပ်အောက်မှ ဘယ်သောအခါမှ မထွက်လာနိုင်တော့သလို၊ သူ၏ကိုယ်ပိုင်ဓားမလမ်းစဉ်ကိုလည်း ရှာတွေ့မည်မဟုတ်ပေ။ သူ့တက်လမ်းကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ကျဲ့ဟွလီ၏မျက်နှာတွင် ခံစားချက်များစွာ ဖြတ်ပြေးနေသည်။ ထို့နောက် ဓားမရောင်က မြေပြင်ကို ခုတ်ချလိုက်၏။

“ငါ ရှုံးသွားပြီ”

သူ မြေပြင်ပေါ် ဒူးထောက်လျက်သား ကျသွားသည်။ သို့သော် ချင်မူတို့ကို ဒူးထောက်နေခြင်းမဟုတ်... ကျန်းရီ၏အလောင်းကို ဒူးထောက်နေခြင်း ဖြစ်သည်။

ကျဲ့ဟွလီက အလောင်းကို အရိုအသေပေး၍ ပြန်ထလိုက်ပြီးနောက် ကျန်းရီ၏အလောင်းကို သယ်ကာ ချင်မူ့ဘက်သို့ ခေါင်းလှည့်ကြည့်၏။ “ငါ မင်းရဲ့ ဓားကွက်ကို မြင်ခဲ့ပြီးပြီ... ဒါပေမယ့် ငါ့ဆရာကို မပြဘူး... ဘာကြောင့်လဲသိလား... ငါ မင်းကို ကိုယ်တိုင် သတ်ပစ်ချင်လို့.... ငါ့သွေးသောက်ညီအစ်ကိုအတွက် ကလဲ့စားပြန်ချေမလို့ပဲ”

ချင်မူ အလေးအနက် ခေါင်းညိတ်လိုက်သည်။ “အဲဒီနေ့ ရောက်လာရင် ငါ နောင်တမရှိဘဲ သေနိုင်ပါပြီ”

ကျဲ့ဟွလီက မီးနံရံဆီသို့ လျှောက်သွားသည်။ သူ၏မိစ္ဆာဓားမက ပျံတက်လာပြီး နံရံကို ပိုင်းဖြတ်ကာ လမ်းဖွင့်လိုက်၏။ ကျဲ့ဟွလီက ကျန်းရီ၏အလောင်းကို သယ်လျက် ပျောက်ကွယ်သွားသည်။

ချင်မူ၏မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ ကျဲ့ဟွလီ၏အပြုအမူများက သူ့အား အတန်ငယ် စိတ်မသက်မသာ ဖြစ်မိစေသည်။

ကျဲ့ဟွလီသည် သူ့အောက် မနိမ့်ကျပေ။ မီးနံရံကို ပိုင်းဖြတ်သွားသော ဓားမကွက်က အတိုင်းထက်အလွန် သေသပ်လှပ၏။ သူ၏ရုပ်ခန္ဓာ၊ မှော်စွမ်းအင်၊ မူလဝိညာဉ်နှင့် ဓားချက်များမှတစ်ဆင့် သူ၏အစွမ်းအစများက ချင်မူ့အောက် မနိမ့်ကျကြောင်း ထင်ရှားသည်။ သူ၏ရုပ်ခန္ဓာက ချင်မူ့ထက်ပင် ပိုမိုသန်မာ၏။

ယခုကျဲ့ဟွလီမှာ ပထမလူသားဧကရာဇ်ကြောင့် စိတ်ဓာတ်ကျသွားသော ချင်မူသဖွယ် ဖြစ်သည်။

ပြန်ရုန်းထပြီး ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့သွားလျှင် ကပ်ဘေးဓား၏ ပထမဓားကွက်ကို ဖန်တီးနိုင်ခဲ့သော ချင်မူ့လို ဖြစ်လာလိမ့်မည်။ သူလည်း ကိုယ်ပိုင်ဓားမသိုင်းကို ရှာတွေ့ပြီး လော့ဝူရွှမ်၏ လောင်းရိပ်အောက်မှ ထွက်လာကာ ကလဲ့စားချေနိုင်လိမ့်မည်။

‘သူ မီးနံရံထဲ လှည့်ဝင်သွားတုန်း ငါသာ ဓားတစ်လက် ပစ်လွှတ်လိုက်ရင် သူ့ကို ရှင်းပစ်နိုင်ခဲ့မှာပဲ... ဘိုးဘိုးထော့ကျိုးသာဆို သေချာပေါက် တွန့်ဆုတ်နေမှာမဟုတ်ဘူး” ချင်မူ့မျက်နှာ လင်းလိုက်၊ မှောင်လိုက်ဖြစ်နေသည်။

သဲစားပွဲကမ္ဘာ၏အပြင်တွင် ကျားနတ်မင်းက သူ့အမူအရာကို လှမ်းမြင်လိုက်၍ တမုဟုတ်ချင်း စိတ်လှုပ်ရှားလာတော့သည်။ “အရှင်... အရှင်... မြင်လိုက်လား... ဒီကောင်လေး မျက်လုံးထောင့်စွန်းတွေ ခဏခဏ တွန့်နေတာ တွေ့တယ်မလား..... သူ့အမူအရာတွေကလည်း အကြီးအကျယ်ကို ပြောင်းလဲနေတာ... လင်းလိုက် မှောင်လိုက်နဲ့... တစ်ချက်တစ်ချက် တအံ့တဩတောင် ရေရွတ်နေသေးတယ်... သူ့စိတ်အခြေအနေက အသေအချာကို မကောင်းဘူး”

တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို စိုက်ကြည့်လိုက်၍ ကျားနတ်မင်းအမူအရာ ပြောင်းလဲသွားပြီး နားရွက်နှစ်ဖက် ကုပ်သွားသည်။

တန်ခိုးရှင်သစ်ခုတ်သမား လက်ဝါးဖြန့်ကာ ပုဆိန်၏လက်ကိုင်ကို လှမ်းဆွဲလိုက်၏။ တစ်ချိန်တည်းမှာပင် ဖုရွေ့လော်ကလည်း မိစ္ဆာလှံကို ဆုပ်ကိုင်လိုက်သည်။ နှစ်ယောက်လုံး လက်နက်များကို ဆွဲထုတ်လိုက်ကြ၏။

သဲစားပွဲကမ္ဘာထဲတွင် ရှိနေသော ချင်မူမှာ တစ်ခုခုမူမမှန်သည်ကို ရုတ်ခြည်း သတိထားမိလိုက်သည်။ ဟင်းလင်းပြင်က ပုဆိန်နှင့်လှံ ကြက်ခြေခတ်လျက် ရှိခဲ့သော နေရာမှ အစပြု၍ စတင်ပြိုကွဲလာသည်။ အရာအားလုံး ကျုံ့ဝင်သွားပြီး ခံ့ညားထည်ဝါသော တောင်တန်းများအား ဝါးမြိုနေ၏။

“မြန်မြန် သွား” ချင်မူက စန်းဟွာကို ရှင်းပြမနေတော့ဘဲ လှမ်းဆွဲလိုက်ပြီး သူ့ပတ်ပတ်လည်တွင် လှပကြော့ရှင်းသော သင်္ကေတအမှတ်အသားများ ဖွဲ့တည်လာသည်။ ၎င်းတို့ လည်နေစဉ် သူက လှမ်းပြောလိုက်သည်။ “မမကြီးယွီဟယ်၊ နောင်ကြီးရွှီယောင်.... လာ ကျွန်တော့်ဆီ မြန်မြန်လာ”

ယွီဟယ်နှင့် ရွှီယောင်မှာ ငေးငိုင်နေပြီး သူ့ကို အူကြောင်ကြောင် ကြည့်နေသည်။ နှစ်ယောက်သား စိတ်နှင့်ကိုယ် ပြန်မကပ်သေးဟန်တူ၏။

ပြိုကွဲနေသည့် ဟင်းလင်းပြင်က သူတို့နှင့် တစတစ နီးကပ်လာသဖြင့် ချင်မူ အံတင်းတင်းကြိတ်ကာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်လိုက်သည်။ ဖျတ်ခနဲ သူနှင့်စန်းဟွာ ပျောက်ကွယ်သွားသည်။

ထိုအခါမှ ယွီဟယ်နှင့် ရွှီယောင်မှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး နောက်လှည့်ကြည့်လိုက်ကြသည်။ သူတို့၏အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြပြီး ယွီဟယ်က အော်လိုက်၏။ “မောင်လေးရွှီယောင်၊ မီးနံရံကို အတူဖျက်စီးပြီး ဒီနေရာကနေ ထွက်ကြစို့”

နှစ်ယောက်သား အလွန်မြန်သော်လည်း ခြေထောက်မြှောက်လိုက်သည်နှင့် အန္တရာယ်ကို လျှော့တွက်မိခဲ့ကြောင်း သဘောပေါက်လိုက်သည်။ သူတို့နှစ်ယောက်လုံး အသံထက်မြန်သော အလျင်ဖြင့် တရှိန်ထိုး ပြေးလိုက်၏။ ချင်မူ အားကုန်ထုတ်၍ ပြေးသောအလျင်ထက်ပင် မြန်နေသော်လည်း ဟင်းလင်းပြင်ပြိုကွဲနှုန်းက ပို၍ပင် မြန်သေးသည်။

မီးနံရံက သူတို့အရှေ့တွင် ရှိနေသော်လည်း မည်မျှမြန်မြန်ပြေးစေကာမူ အနားမရောက်ပေ။

ထို့အပြင် အကွာအဝေးက ဝေးသထက် ဝေးသွားပြီး သူတို့မှာ ပြိုကွဲနေသော ဟင်းလင်းပြင်နှင့် နီးသထက် နီးလာတော့သည်။

ယွီဟယ်နှင့် ရွှီယောင်၏ နဖူးမှ ချွေးများကျလာကြသည်။ ပြိုကွဲနေသော ဟင်းလင်းပြင်ထဲတွင် တန်ခိုးရှင်သစ်ခုတ်သမား၏ ပုဆိန်နှင့် ဖုရွေ့လော်၏ လှံ ထိခတ်သွားသည့် စွမ်းအား ကိန်းဝပ်နေခဲ့၏။ ပုဆိန်နှင့် လှံ ထိခတ်သွားခဲ့တုန်းက စွမ်းအားက ပေါက်ကွဲထွက်မသွားဘဲ အကျယ် ကိုက်တစ်ရာ၊ အရှည် ကိုက်တစ်ရာ့ငါးဆယ် ရှိသော မြေကွက်လပ်ကို မိုင်တစ်ထောင်ကျယ်ဝန်းသော သဲစားပွဲကမ္ဘာအဖြစ် ဖန်တီးပေးခဲ့သည်။

ထိုကမ္ဘာပြိုကွဲသွားခြင်းက ကိန်းဝပ်ကျန်ရှိနေခဲ့သည့် အားလှိုင်းကို မုချထုတ်လွှတ်ပေးလိမ့်မည်။

ဤစွမ်းအားမှာ ခုနစ်စင်ကြယ်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များ မခုခံနိုင်သောအရာဖြစ်သည်။ ဝိညာဉ်ပင် မကျန်ခဲ့သည်အထိ အငွေ့ပျံသွားနိုင်၏။

‘စောစောက ချင်မူ ငါတို့ကို ခေါ်နေတာက ငါတို့ကိုပါ ခေါ်ထုတ်သွားချင်လို့များလား’

ယခုမှ နှစ်ယောက်သား နောင်တရလာကြသည်။ သူတို့မှာ ချင်မူ၏ဓားရောင်ကြောင့် မှင်သက်သွားသဖြင့် သူ ပြောခဲ့သည်ကို မကြားလိုက်ပေ။ စိတ်နှင့်ကိုယ် ပြန်ကပ်သွားသည့်အချိန်တွင်မူ ‌နောက်ကျသွားပြီဖြစ်၏။

ဤအခိုက်အတန့်တွင် အလင်းရောင်တစ်ရောင် ဖြတ်ခနဲ လက်သွားပြီး ချင်မူက သူတို့ဘေး၌ ပေါ်လာသည်။ မရေမတွက်နိုင်သော သင်္ကေတများက သူတို့ကို လှည့်ပတ်လွှမ်းခြုံကာ တဖျတ်ဖျတ် လက်သွား၏။ ယွီဟယ်နှင့် ရွှီယောင်မှာ တစ်ကမ္ဘာလုံး လည်နေသကဲ့သို့ အတန်ကြာ ခံစားလိုက်ရသည်။ မြေပြင်ပေါ် ရောက်၍ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မြေကွက်လပ်ထဲမှ ထွက်လာနိုင်ခဲ့ကြောင်း သတိထားမိလိုက်၏။

“ပြေး” ချင်မူက အော်ပြီး ပြေးသွားသည်။ “နန်းဆောင်ကြီးနောက်မှာ ပုန်း”

ယွီဟယ်နှင့် ရွှီယောင်လည်း သူ့နောက် အလျင်အမြန် ပြေးလိုက်သွားကြပြီး စန်းဟွာ ပုန်းနေသောနေရာဆီ ရောက်သွားကြ၏။ လေးယောက်လုံး စုံသည့်အခါ ချင်မူက ဆောင့်ကြောင့် ထိုင်ချပြီး မျက်လုံးကို မှိတ်၊ ပါးစပ်ကို ဖွင့်ကာ နားနှစ်ဖက်အား လက်နှစ်ဖက်ဖြင့် အုပ်လိုက်သည်။ စန်းဟွာလည်း သူ့အတိုင်း ကပျာကယာ လိုက်လုပ်သည်။

ယွီဟယ်နှင့် ရွှီယောင် လိုက်လုပ်ရန် တွေးပင်မတွေးနိုင်ခင် ကြောက်မက်ဖွယ်ရာအားလှိုင်းတစ်လှိုင်းက မြေကွက်လပ်၏အလယ်ဗဟိုမှ ဖြာထွက်လာပြီး တုနှိုင်းမဲ့သော အလင်းတန်းများ တောက်ပသွား၏။ တခဏအတွင်း သူတို့နှစ်ယောက် မျက်လုံးကန်းသွားပြီး မျက်လုံးပိတ်လိုက်သောအခါ သွေးကြောင်းနှစ်ကြောင်းက သူတို့ပါးတစ်လျှောက် စီးကျလာသည်။

နောက်တခဏ၌ ဟင်းလင်းပြင်ပြိုကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် အားလှိုင်းက သူတို့ဆီ ဖြာဆင်းလာ၏။ ယွီဟယ်နှင့် ရှီယောင်မှာ ခေါက်ဆွဲဖတ်များလို ဆွဲဆန့်ခံလိုက်ရသည်။

ကြောက်မက်ဖွယ်အရာအသံကြီးများ မြည်ဟည်းသွားပြီးနောက် သူတို့မည်သည့်အသံကိုမှ မကြားရတော့ပေ။ အားလုံး တိတ်ဆိတ်သွား၏။ ပူနွေးနွေးသွေးများက သူတို့နားများမှ စီးကျလာသည်။

နန်းဆောင်၏အပေါ်ရှိ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ နတ်ဘုရားများက နတ်စွမ်းအားများ ထုတ်လွှတ်၍ ကောင်းကင်အလင်းနံရံတစ်ခု တည်ဆောက်ကာ ပြိုကွဲသွားသည့် ဟင်းလင်းပြင်မှ အားလှိုင်းများကို ကာဆီးလိုက်သည်။ သို့တိုင်အောင် လူငယ်လေးနှစ်ယောက်မှာ ဆိုးဆိုးရွားရွား ညှင်းပန်းခံလိုက်ရ၏။

အခြားတစ်ဖက်တွင် ဆောင့်ကြောင့်ထိုင်နေသော ချင်မူနှင့် စန်းဟွာမှာ များများစားစား မထိခိုက်လိုက်ပေ။ အလင်းတန်းများ လွင့်ပျယ်သွားပြီး အားလှိုင်းများ အဝေးရောက်သွားသည့်အခါ နှစ်ယောက်သား ပါးစပ်ပိတ်၍ မျက်လုံးဖွင့်လိုက်ကြသည်။

ယွီဟယ်နှင့် ရှီယောင်မှာတော့ မြေကြီးပေါ် ဘုန်းခနဲ လဲကျသွားပြီး ခြေကားရားလက်ကားရားဖြင့် မလှုပ်နိုင်တော့ပေ။ သူတို့ပြန်ထသောအခါ မျက်နှာပေါ်တွင် သွေးများပေကြံနေ၏။ နှစ်ယောက်လုံး မြင်လည်း မမြင်၊ ကြားလည်း မကြားရတော့ပေ။

“မမကြီးနဲ့ တောင်ကြီးက ငယ်သေးတော့လည်း ဒီလိုမျိုး ဘယ်ကြုံဖူးပါ့မလဲ” ချင်မူက ခေါင်းယမ်းကာ သူတို့နှစ်ယောက်ကို စမ်းသပ်နေသည်။ “ကျွန်တော်က ဒီလိုဟာမျိုး ကြုံဖူးထားတော့... နတ်ဘုရားနဲ့မိစ္ဆာ တိုက်ခိုက်နေတဲ့ နေရာကို သွားလိုက်တာနဲ့ ဘာဖြစ်မလဲ သိတယ်... တော်သေးတယ် ဆိုးဆိုးရွားရွား မထိခိုက်သွားဘူး.. ခဏနေရင် မျက်အမြှေးပါးနဲ့ နားစည်တွေ ပြန်ထွက်လာအောင် ဆေးဖော်ပေးမယ်”

စန်းဟွာ စိတ်ပူနေသည်။ “ဘာဖြစ်သွားတာလဲ”

“မျက်အမြှေးပါးတွေ လောင်ပြီး နားစည်တွေ ပြဲကုန်တာ... ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ချင်မူက ထောင်ကျယ်ကို ဖွင့်ကာ ဆေးအမယ်များ ရှာနေသည်။ “မျက်လုံးတွေ ပေါက်ကွဲသွားရင်၊ နားထဲက အရိုးတွေ ကျိုးသွားရင်တော့ ငါလည်း ကုပေးနိုင်တော့မှာ မဟုတ်ဘူး... သူတို့ဦးနှောက်တောင် မီးကျွမ်းသွားနိုင်တယ်သိလား... အခုတော့ မျက်အမြှေးပါးတွေလည်း တစ်ပြင်လုံး လောင်မသွားဘူး... နားစည်မှာလည်း အပေါက်လေးတစ်ပေါက်ပဲ ပေါက်သွားတာဆိုတော့ ပြန်ထွက်လာနိုင်သေးတယ်

“မမကြီးယွီဟယ်နဲ့ နောင်ကြီးရွှီယောင်ရဲ့ ရုပ်ခန္ဓာတွေက အမှန်တကယ် သန်မာတာပဲ... ငါ့ထက်တောင် သန်မာသေးတယ်... ငါသာဆို မျက်အမြှေးပါးတွေ တစ်ပြင်လုံး လောင်သွားလောက်မှာ”

စန်းဟွာက လျှာကလေးတစ်လစ်ဖြင့် ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည်။ လီမြို့၏ အဆောက်အအုံတစ်ဝက်နီးပါး ပျက်စီးပြိုကျသွားကြောင်း မြင်လိုက်ရ၏။ ကောင်းကင်နတ်ဆိုးများလည်း မြေကြီးပေါ်တွင် နာကျင်စွာ လူးလွန့်နေကြသည်။

ဖုရွေ့လော် မိစ္ဆာလှံကို ဆွဲထုတ်ပြီးနောက် သူ၏မျက်နှာသုံးဖက်က တစ်ပြိုင်တည်း အော်လိုက်ကြသည်။ “သိုင်းသမားတစ်ယောက်ဆိုတာ စကားတည်ရတယ်... ကောင်းကင်နတ်ဆိုးအားလုံး နားထောင်၊ မြို့ကို ထားခဲ့ကြတော့။ ညီတော်စုမို.... ငါတို့လူအားလုံးကို လီမြို့အပြင် ထုတ်လိုက်ပါ”

မိစ္ဆာနတ်ဘုရားများက အမိန့်နာခံပြီး ကောင်းကင်နတ်ဆိုးများကို ဆုတ်ခွာခိုင်းနေသည်။

“ကောင်းကင်ဆရာသခင်၊ ဒီနေ့က မင်းနဲ့ တိုက်ခိုက်ဖို့ နေ့ကောင်းနေ့မြတ် မဟုတ်သေးဘူး.... နောက်ရက်မှ ဆက်တိုက်ကြတာပေါ့”

“ပြဿနာမရှိပါဘူး ပြဿနာမရှိပါဘူး”

ဖုရွေ့လော်က နန်းဆောင်ထက်မှ ခုန်ဆင်းပြီး အားလုံးကို ဦးဆောင်ကာ ထွက်သွားသည်။ ထိုအချိန်တွင် ချင်မူက ယွီဟယ်နှင့် ရွှီယောင်၏ ဒဏ်ရာများအတွက် ဆေးဖော်နေ၏။ ဖုရွေ့လော် ထွက်သွားသည်ကို မျက်လုံးထောင့်စွန်းမှ မြင်လျှင် သူ့ကို ကပျာကယာ လှမ်းကြည့်ပြီး မှင်သက်သွားမိသည်။

ဖုရွေ့လော်၏ နောက်စေ့တွင် ကွေးကွေးကောက်ကောက် ဆံပင်မွှေးထူထူများသာ ရှိပြီး လေးခုမြောက်မျက်နှာ ရှိမနေပေ။ နားရွက်ချွန်ချွန် နှစ်ဖက်သာ တွေ့ရသည်။

‘သူ့မှာ မျက်နှာသုံးဖက်ပဲ ရှိတာဟ”

ဤသို့ဖြင့် ချင်မူ့ရင်ထဲရှိ မေးခွန်းတစ်ခု အစာကြေသွားသည်။ ဖုရွေ့လော်ကို သူ မြင်ခဲ့ကတည်းက သူ့တွင် မျက်နှာမည်မျှရှိသလဲ သူ အလွန်သိချင်နေခဲ့သည်။ မကြာခဏ တွေးမိနေခဲ့ပြီး နောက်ဆုံးတွင်တော့ အဖြေရလိုက်ချေပြီ။

ဖုရွေ့လော်က သူ့အကြည့်ကို ခံစားလိုက်ရ၍ မျက်နှာတစ်ဖက်ဖြင့် လှည့်ကြည့်ကာ ပြုံးပြသည်။ “မင့်နာမည်က ချင်မူလား... ပန်းပဲဆရာချင်မူလား”

လူငယ်လေး ပြန်ဖြေရန် ပြင်လိုက်စဉ် လူရိပ်တစ်ခု ဖျတ်ခနဲ ရောက်လာသည်။ တန်ခိုးရှင်သစ်ခုတ်သမားက သူ့အရှေ့တွင် ပေါ်လာပြီး ဖုရွေ့လော်၏ အကြည့်ကို ကာလိုက်၏။

ချင်မူက သူ့နောက်မှ ခေါင်းပြူထွက်ကာ ပြုံးပြလိုက်သည်။ “ဟုတ်တယ်... ကျွန်တော့်နာမည်က ချင်မူပါ... ဝဇိရမိစ္ဆာနတ်ဘုရားကို ဂါဝရပြုပါတယ်”

“မင်း မိစ္ဆာစကားကို နားလည်တယ်ပေါ့... ဖုရွေ့လော်ဆိုတာ ... တကယ်လည်း ဝဇိရလို့ အဓိပ္ပါယ်ရတာပဲ” ဖုရွေ့လော်က ခေါင်းညိတ်၍ အလေးအနက် ပြောလိုက်သည်။ “မင်းနဲ့ငါက ရေစက်ပါတယ်.. ပြန်တွေ့ရဦးမှာပါ”

သူက စကားပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ “ကျဲ့ဟွလီ လိုက်ခဲ့”

All Chapters