ဖိနှိပ်ချုပ်တည်းခြင်း
Vol. 75 Ch. 1031
လသာဆောင်ပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ ရွှေရောင်လက်ကြီး ရှိရာဘက်သို့ ဝှေ့ယမ်းလိုက်၏။ ထိုအခါ ၎င်းနည်းတူ အရွယ်အစားကြီးမားသည့် ဧရာမ လက်ဖဝါးကြီးတစ်ခုမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ချက်ချင်းပေါ်ပေါက်လာသည်။
၎င်းမှာ မီတာသုံးထောင် ရှည်လျားပြီး အရောင်ကိုးရောင် ရှိနေ၏။ ထို လက်ဖဝါးကြီး ပေါ်ပေါက်လာသည်နှင့် ၎င်းအား မြင်လိုက်ရသည့် ကျင့်ကြံသူအားလုံးမှာ အံသြတုန်လှုပ်သွားကြသည်သာ ဖြစ်သည်။ သူတို့ထဲမှ အများစုမှာဆိုလျှင် ခန္ဓာကိုယ်များပေါ်၌ အရောင်အမျိုးမျိုး ပေါ်ပေါက်လာကြ၏။
အဘယ်ကြောင့်ဆိုသော် ထိုလက်ဖဝါးကြီးထဲ၌ ရှေးဟောင်းဂြိုဟ်ကိုးလုံး၏ စည်းမျဉ်းဥပဒေသကိုးခု ကိန်းအောင်းနေသောကြောင့်ပင်။
ကျင့်ကြံသူအများစု၏ နတ်ဘုရားစွမ်းရည်များမှာ ထို စည်းမျဉ်းဥပဒေသကိုးခုနှင့် ဆက်နွှယ်နေကြသည်သာ ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်အား ဝှေ့ယမ်းလိုက်ရုံနှင့် ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအားများကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်းရှိနေရုံသာမက ထို စည်းမျဉ်းဥပဒေသ ကိုးခုအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း တုန်ရီလာရသည်သာ ဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ဆွဲငင်ခြင်းကိုခံလိုက်ရပြီး သူတို့၏ စွမ်းအားများထဲမှ အချို့အဝက်ကို ထုတ်လွှတ်မိလိုက်ကြသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ အရောင်မျိုးစုံ တောက်ပလာကြခြင်းဖြစ်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့ မီးတောက်ကြယ်စင်စုထဲ၌ အချိန်အပိုင်းခြားတစ်ခုအထိ ကျင့်ကြံခြင်းလေ့ကျင့်ခဲ့ပြီးနောက် တတ်မြောက်လာခဲ့သည့် နည်းလမ်းတစ်ခုဖြစ်သည်။ သူသည် ရှေးဟောင်းဂြိုဟ်ကိုးလုံးအကြောင်း ပိုမိုနားလည်လာသည်နှင့်အမျှ ၎င်းတို့အား အသုံးပြုရာ၌ ပိုမိုကျွမ်းကျင်လာ၏။ သူသည် ထိုနည်းလမ်းအား တတ်မြောက်သွားပြီဖြစ်ရာ အုပ်စုဖွဲ့တိုက်ပွဲများထဲတွင် သူ့အတွက် အလွန်အင်မတန်မှ အထောက်အကူပြုနိုင်ပေသည်။
ယခုတွင် ဈေးထဲရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များထဲမှ အလင်းရောင်မျိုးစုံ ထွက်ပေါ်လာကြပြီးနောက် ထို အလင်းရောင်များမှာ အလင်းတန်းများအသွင် ပြောင်းလဲသွားကြပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် လက်ဖဝါးကြီးဆီသို့ ဦးတည်သွားနေကြပြီ ဖြစ်သည်။ ၎င်းတို့အားလုံး အတူတကွ စုစည်းသွားကြချိန်တွင် ထို လက်ဖဝါးကြီးမှာ ပို၍ပင် အရွယ်အစားကြီးမားလာပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာနေသည့် ရွှေရောင်လက်ကြီးဆီသို့ ဦးတည်သွားတော့သည်။
ထို ရွှေရောင်လက်ကြီးမှာ မီတာသုံးထောင်ခန့် ရှည်လျားနေသည့်တိုင်အောင် အဝေးမှကြည့်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့၏ လက်ဖဝါးကြီး၏ ရှေ့၌ အရွယ်အစားသေးငယ်နေဆဲပင်။ ထိုမြင်ကွင်းကြောင့် သူတို့ဆီသို့ ဦးတည်ပျံသန်းလာနေသည့် ရှဲ့ယွင်ထန့်မှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။
သူ မျက်နှာအမူအရာ ပြောင်းလဲသွားစဉ်မှာပင် လက်ဖဝါးကြီးနှစ်ခုမှာ ဝင်တိုက်မိသွားကြသဖြင့် မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုပင် တုန်ရီသွားစေနိုင်သည့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံကြီးမှာ မိုးခြိမ်းသံများထက်ပင် ပို၍ကျယ်လောင်နေပြီး အရပ်မျက်နှာအနှံ၌ ပဲ့တင်ထပ်နေပြီဖြစ်သည်။ ထို လက်ဖဝါးကြီးနှစ်ခု ရိုက်ခတ်သွားရာမှ ထွက်ပေါ်လာသည့် ပြင်းအားမှာ အားကောင်းလွန်းလှသောကြောင့် တုန်ခါမှုလှိုင်းများအသွင် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံသွားတော့သည်။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ဈေးကြီးတစ်ခုလုံးမှာ ပျက်စီးသွားရ၏။ အဆောက်အဦပေါင်း မြောက်မြားစွာ ပြိုကျလာကြပြီး ဈေးထဲရှိ ကျင့်ကြံသူအများစုမှာလည်း သွေးများအန်ထွက်ကာ အဝေးသို့ လွင့်ထွက်သွားကြသည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့ရှိနေသည့် အထူးဧည့်သည်အဆောင်တစ်ခုသာလျှင် အပျက်အစီးများ၏ ကြား၌ မလှုပ်မယှက် ကျန်ရစ်ခဲ့၏။ သူသည် လသာဆောင်ပေါ်တွင် ရပ်ရင်း တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် လေထဲရှိ ရှဲ့ယွင်ထန့်အား လှမ်းကြည့်လိုက်သည်။ ရှဲ့ယွင်ထန့်မှာမူ နောက်သို့ ပေတစ်ထောင်တိတိ ဆုတ်ခွာသွားလိုက်ရ၏။
" မင်း ... " ရှဲ့ယွင်ထန့်မှာ မျက်စိမျက်နှာ ပျက်နေပြီဖြစ်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ လသာဆောင်ပေါ်မှနေ၍ ရယ်မောကာ ဆိုလိုက်သည်။
" စိတ်ဝင်စားစရာပဲ " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လေပေါ်သို့ ပျံတက်သွား၏။ သူသည် မြန်ဆန်လွန်းနေသောကြောင့် သူ၏နောက်တွင် ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့သည်။ တစ်အောင့်ခန့်အကြာတွင် သူသည် ရှဲ့ယွင်ထန့်၏ ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် လေထုကြီးမှာ တွန့်လိမ်ပုံပျက်လာပြီး မြူခိုးများအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ တိမ်လွှာလက်ချောင်းပညာရပ် ဖြစ်ပေသည်။
ထို ပညာရပ်မှာ နဂိုကတည်းက တမူထူးခြားနေပြီးသားဖြစ်၏။ ဝမ်ပေါင်လဲ့ လေ့လာထားခဲ့သမျှ နတ်ဘုရားစွမ်းရည်များထဲတွင် ၎င်းမှာ ဝှက်ဖဲအဖြစ် အသုံးပြုနိုင်သည့် ပညာရပ်အနည်းစုထဲမှ တစ်ခုဖြစ်သည်။ ယခုတွင် သူ၏ အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများနှင့် ရှေးဟောင်းဂြိုဟ်များ၏ အားဖြည့်ပေးမှုများကြောင့် ၎င်း၏ စွမ်းအားမှာ အခြား အလယ်အလတ် ဂြိုဟ်အဆင့် ကျင့်ကြံသူများ၏ စွမ်းအားများထက် ပို၍သာလွန်နေပြီဖြစ်သည်။
အမှန်အတိုင်းဆိုရလျှင် ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်အား ကယ်တင်ပေးခဲ့သည့် အချိန်တုန်းကသာလျှင် သူ၏ တာအိုဂြိုဟ်အား အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းအား ထပ်၍ အသုံးမပြုရသေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ တာအိုဂြိုဟ်အား အသုံးမပြုဘဲ မည်မျှအထိ အစွမ်းထက်နိုင်မည်နည်းဟု သိလိုသောကြောင့်ပင်။
ထို့ကြောင့် ထို တိမ်လွှာလက်ချောင်းပညာရပ်ထဲ၌ သူ၏ စွမ်းအားများအားလုံး ကိန်းအောင်နေခြင်းမရှိပေ။ သို့သော်ငြားလည်း ရှဲ့ယွင်ထန့်မှာ မျက်နှာအမူအရာပြောင်းလဲသွားပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားရဆဲပင်။ ထိုအချိန်တွင် သူ၏နောက်တွင် ရှိနေသည့် ထာဝရကြယ်အဆင့် ကိုယ်ရံတော်ရှစ်ယောက်မှာ ရှေ့သို့လှမ်းလာရန် ပြင်လိုက်၏။
" ဝင်မပါကြနဲ့ " ထိုအခါ ရှဲ့ယွင်ထန့်မှာ ရုတ်တရက် အော်ပြောလိုက်၏။
" ငါတစ်ယောက်တည်းပဲ တိုက်ခိုက်မယ် " သူသည် ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့ဆုတ်ခွာသွားခြင်းမရှိတော့ဘဲ ရှေ့သို့ ပြေးထွက်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိသွားသည်နှင့် သူ၏လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ ဝှေ့ယမ်းလိုက်တော့သည်။
" ကြယ် "
သူ ထိုသို့ဆိုလိုက်ချိန်တွင် သူ၏ ဒွာရခုနစ်ပေါက်နှင့် ချွေးပေါက်များ အပါအဝင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာတိုင်းမှ မရေမတွက်နိုင်လောက်အောင် များပြားသည့် ချည်မျှင်များ ထိုးထွက်လာကြ၏။
ထို ချည်မျှင်များ အားလုံးမှာ အနက်ရောင်ဖြစ်နေပြီး အဆိပ်ပြင်းသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေကြသည်။ ထို့အပြင် ၎င်းတို့မှာ အသွားထက်ကြသောကြောင့် ၎င်းတို့ ပေါ်ပေါက်လာသည်နှင့် ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တွန့်လိမ်ပုံပျက်လာရပြီး ဆုတ်ပြဲသွားတော့မည့်ပုံ ပေါက်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ထို ချည်မျှင်များအားလုံး ထွက်ပေါ်လာကြပြီးနောက် ရှဲ့ယွင်ထန့်အား ဝန်းရံသွားကြ၏။ ၎င်းတို့မှာ သူ့အား ဝန်းရံပြီးသွားသည်နှင့် အနက်ရောင် ပိုးအိမ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားသည်။
ထို ပိုးအိမ်ကြီးမှာ ရှေးဆန်သော အငွေ့အသက်တစ်မျိုးကို ပိုင်ဆိုင်ထား၏။ သေသေချာချာကြည့်လိုက်မည်ဆိုလျှင် ၎င်းမှာ အထူးဂြိုဟ်တစ်လုံး ဖြစ်နေသည်ကို မြင်လိုက်ရမည်သာဖြစ်သည်။
၎င်းမှာ ရှဲ့မိသားစု၏ တိုက်ရိုက်သွေးမျိုးဆက်ထဲမှ ပဉ္စမမြောက် အမွေဆက်ခံသူဖြစ်သည့် ရှဲ့ယွင်ထန့်နှင့် ပေါင်းစည်းခဲ့သည့် ဂြိုဟ် ဖြစ်ပေသည်။ ၎င်းမှာ အထူးဂြိုဟ်တစ်လုံး ဖြစ်သည့်အပြင်... တာအိုဂြိုဟ်အဖြစ်သို့ မတက်လှမ်းနိုင်ခဲ့သည့် ရှေးဟောင်းဂြိုဟ်တစ်လုံးလည်း ဖြစ်နေ၏။
၎င်း၏ စည်းမျဉ်းဥပဒေသမှာဆိုလျှင် ပို၍ပင်ထူးဆန်းသည်။ ၎င်းမှာ သာမန် မီး၊ ရေ၊ လျှပ်စီး အစရှိသော စည်းမျဉ်းဥပဒေသများမဟုတ်ဘဲ... ချည်မျှင်စည်းမျဉ်းဥပဒေသ ဖြစ်၏။
ထို စည်းမျဉ်းဥပဒေသမှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲ၌ အလွန်အင်မတန်မှရှားပါး၏။ ထိုအချက်ကိုကြည့်လျှင် ရှဲ့မိသားစုမှာ မည်မျှအထိ အရှိန်အဝါကြီးမားကြောင်း သိနိုင်ပေသည်။
ယခုတွင် ထို ဂြိုဟ်ကြီး ပေါ်ပေါက်လာပြီး အနက်ရောင်ပိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွားသည်။ သို့သော် သူ ထုတ်လွှတ်လိုက်သည့် တိမ်လွှာလက်ချောင်းမှာ ရပ်တန့်သွားခြင်းမရှိဘဲ ထို ပိုးအိမ်ကြီးအား အသံအကျယ်ကြီးမြည်အောင် ရိုက်ခတ်သွား၏။
ထိုအသံကြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားချိန်တွင် ချည်မျှင်များဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင် ပိုးအိမ်ကြီးမှာ တစ်လွှာပြီးတစ်လွှာ စတင် ပျက်စီးလာတော့သည်။ သို့သော် တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့၏ တိမ်လွှာလက်ချောင်းမှာလည်း အလျင်အမြန် ပျောက်ကွယ်သွားနေပြီဖြစ်သည်။ နောက်ဆုံးတွင် အနက်ရောင်ပိုးအိမ်ကြီး၏ ရှစ်ဆယ်ရာခိုင်နှုန်းတိတိ ပျက်စီးသွားပြီး တိမ်လွှာလက်ချောင်းမှာ လေထုထဲ၌ လွင့်ပါးပျောက်ကွယ်သွား၏။
" ချုပ်နှောင်စေ " တိမ်လွှာလက်ချောင်း ပျောက်ကွယ်သွားသည်နှင့် ပိုးအိမ်ကြီးထဲ၌ ရှိနေသည့် ရှဲ့ယွင်ထန့်မှာ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် အော်ဟစ်လိုက်၏။ သူထိုသို့ အော်ဟစ်လိုက်သောအခါ အပိုင်းပိုင်း ပြတ်သွားကြပြီး အရပ်မျက်နှာအနှံ့၌ ပြန့်ကြဲနေသည့် ချည်မျှင်များမှာ အကောင်းအတိုင်းပြန်ဖြစ်သွား၏။ ထို့နောက် ၎င်းတို့မှာ အရပ်မျက်နှာအနှံ့မှနေ၍ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
သို့ဖြစ်ရာ ၎င်းတို့မှာ လေးဖက်လေးတန်စလုံးအား ပိတ်ဆို့ထားသည့် ဧရာမ ပိုက်ကွန်ကြီးတစ်ခုနှင့် တူနေ၏။
အဝေးမှ ကြည့်လိုက်မည်ဆိုပါက ရှဲ့ယွင်ထန့်မှာ ဧရာမပင့်ကူကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
ထို ပိုက်ကွန်ကြီးအား ချည်မျှင်ပေါင်း ထောင်သောင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထို ချည်မျှင်တစ်မျှင်ချင်းစီတိုင်းထဲတွင် ကြောက်မက်ဖွယ်ရာစွမ်းအားများ ကိန်းအောင်းနေ၏။ ထို့ကြောင့် အဝေးမှနေ၍ ကြည့်ရှုနေကြသည့် ကျင့်ကြံသူများမှာ အံသြတုန်လှုပ်သွားကြရသည်သာဖြစ်သည်။
" အစွမ်းထက်လိုက်တာ "
" ဒီ စည်းမျဉ်းဥပဒေသရဲ့ စွမ်းအားက... "
" ရှဲ့မိသားစုရဲ့ နံပါတ်ငါးသခင်လေးဆိုတဲ့ ရာထူးနဲ့ ထိုက်တန်ပါပေတယ် "
ကျင့်ကြံသူများအားလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြစဉ် လသာဆောင်ပေါ်တွင် ရှိနေသည့် ရှဲ့ဟေးရန်မှာလည်း အံ့သြတုန်လှုပ်နေသည့်ပုံ ပေါက်နေ၏။ သူသည် ရှဲ့ယွင်ထန့်၏ စွမ်းအားများကြောင့် အံ့အားသင့်နေရခြင်းမဟုတ်ပေ။ ထို့အပြင် သူသည် ရှဲ့ယွင်ထန့်၏ ရှေးဟောင်းဂြိုဟ်ကြောင့် အံ့အားသင့်နေရခြင်းလည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သည်လည်း ရှေးဟောင်းဂြိုဟ်တစ်လုံး ပိုင်ဆိုင်ထားသောကြောင့်ပင်။
သို့သော် သူတို့ ပိုင်ဆိုင်ထားကြသည့် စည်းမျဉ်းဥပဒေသများမှာမူ မတူကြပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့ကြောင့် အံ့အားသင့်သွားရခြင်းသာ ဖြစ်သည်။
ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ တိုးတက်မှုနှုန်းများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကို အကြမ်းဖျင်း ခန့်မှန်းမိထားသည့်တိုင်အောင် ယခုတွင် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်နေရဆဲပင်။
အဘယ်ကြောင့်ဆိုသော သူသည် ဝမ်ပေါင်လဲ့မှာ ကြယ်အချုပ်အနှောင်ပညာရပ်နှင့် တာအိုဂြိုဟ်အား အသုံးမပြုရသေးကြောင်း သိထားသောကြောင့်ပင်။
" ပြီးတော့ သူ့ရဲ့ ရှေးဟောင်းဂြိုဟ်ကိုးလုံးက... " ရှဲ့ဟေးရန်တစ်ယောက် စိတ်ထဲ၌ ရေရွတ်နေစဉ် လေထဲတွင် ရစ်ဝဲနေသည့် ဝမ်ပေါင်လဲ့မှာ ပြုံးကာ ဆိုလိုက်၏။
" အခုမှ စိတ်ဝင်စားစရာကောင်းသွားတာ " ဝမ်ပေါင်လဲ့မှာ ယခုလို ထူးဆန်းလွန်းလှသည့် စည်းမျဉ်းဥပဒေသတစ်ခုနှင့် ကြုံလိုက်ရသဖြင့် အလွန်အင်မတန်မှကျေနပ်သွား၏။ သူသည် ပြုံးမိသွားသလို သူ၏ မျက်ဝန်းထဲရှိ တိုက်ခိုက်လိုစိတ်များမှာလည်း ပို၍ပင် အားကောင်းလာရသည်။ ထို့ကြောင့် သူသည် နောက်သို့ ထွက်ပြေးဆုတ်ခွာသွားခြင်းမရှိသလို ရှောင်တိမ်းနေခြင်းလည်း မရှိဘဲ သူ၏ ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တော့သည်။
ထို လက်သီးချက်မှာ ကြက်သွေးရောင် တောက်ပနေ၏။
၎င်းမှာ... ရှေးဟောင်းဂြိုဟ်ကိုးလုံးထဲမှ တစ်လုံး၏ စည်းမျဉ်းဥပဒေသဖြစ်သော အနီရောင်သွေးတာအို ဖြစ်ပေသည်။
ထို လက်သီးချက်ကြီး ပေါ်လာသည်နှင့် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွား၏။ ၎င်းဆီမှ ထွက်ပေါ်နေသည့် ကြက်သွေးရောင်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ သွေးရောင်များကဲ့သို့ပင်။ နောက်ဆုံးတွင် ၎င်းမှာ ချည်မျှင်များဖြင့် ဖွဲ့စည်းထားသည့် ပိုက်ကွန်ကြီးအား ဝင်တိုက်သွား၏။
" ရှေးဟောင်းဂြိုဟ်ပါလား " ထိုအခါ ရှဲ့ယွင်ထန့်မှာ အံ့အားသင့်သွားရ၏။
ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။ ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားမှု အပြည့်ရှိသော အမူအရာဖြင့် ရှေ့သို့ ခြေလှမ်းတစ်လှမ်း ထပ်လှမ်းကာ နောက်ထပ် လက်သီးချက်တစ်ချက်အား ထုတ်လွှတ်လိုက်ပြန်သည်။
ထို လက်သီးချက်မှာ လိမ္မော်ရောင်ဖြစ်ပြီး ၎င်းထဲ၌ လိမ္မော်ရောင်သံစဉ်တာအို ကိန်းအောင်းနေ၏။ ထို လက်သီးချက်ကြီး ပေါ်ပေါက်လာသည်နှင့် သဘာဝတရားကြီး၏ သံစဉ်များ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားပြန်သည်။
ထိုမြင်ကွင်းကြောင့် ရှဲ့ယွင်ထန့်မှာ ပို၍ပင် မျက်နှာပျက်သွားရ၏။
" နောက်ထပ် ရှေးဟောင်းဂြိုဟ်တစ်လုံးပါလားဟ "
မကြာသေးမီတုန်းက သူသည် အလောတကြီး ရောက်ရှိလာခဲ့သောကြောင့် ရှဲ့ဟေးရန်၏ ဘေးတွင် ရပ်နေသည့် ကျင့်ကြံသူမှာ မည်သူမည်ဝါမှန်း သတိမထားမိခဲ့ပေ။ သို့သော် ယခုတွင်မူ လတ်တလောအတွင်း ဂုဏ်သတင်းကျော်ကြားလာခဲ့သည့် နာမည်တစ်ခုမှာ သူ၏ အသိစိတ်ထဲ၌ အလိုလို ပေါ်ပေါက်လာတော့သည်။
" ဝမ်ပေါင်လဲ့ “