ဘိုးဘေးပုံရိပ်ယောင်ကြီး
Vol. 75 Ch. 1032
ဝမ်ပေါင်လဲ့မှာ မီးတောက်ကြယ်စင်စုထဲ၌ လေ့ကျင့်နေခဲ့သဖြင့် ပြင်ပလောကထဲရှိ သူ၏ ဂုဏ်သတင်းအကြောင်းကို သိရှိထားခြင်းမရှိပေ။ အမှန်တွင် ကြယ်သုသာန်စာရင်း ထွက်ပေါ်လာခဲ့သည့် အချိန်ကတည်းက သူ၏ နာမည်မှာ အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးထဲ၌ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်သည်။
အင်အားကြီး မိသားစုမျိုးနွယ်စုများနှင့် အဖွဲ့အစည်းပေါင်း မြောက်မြားစွာမှာ လောဘစိတ်များဖြင့် သူ့အား စောင့်ကြည့်နေခဲ့ကြ၏။ အစတွင် သူတို့မှာ သူ၏ တာအိုဂြိုဟ်ကိုသာ စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
သို့သော် မီးတောက်ခေါင်းဆောင်ကြီး ဝမ်ပေါင်လဲ့အား တပည့်အဖြစ် လက်ခံလိုက်သည့် သတင်းများ ပျံ့နှံ့သွားခဲ့ချိန်တွင် အဆုံးမဲ့တာအိုနယ်မြေ တစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားရ၏။ ဝမ်ပေါင်လဲ့အား စောင့်ကြည့်နေကြသည့် အင်အားကြီးအဖွဲ့အစည်းများမှာလည်း အံ့သြတုန်လှုပ်သွားခဲ့ရသည်သာ ဖြစ်သည်။
ထို့ကြောင့် သူတို့မှာ သူတို့၏ လောဘစိတ်များကို ချုပ်တည်းခဲ့ရ၏။ မီးတောက်ခေါင်းဆောင်ကြီးမှာ သူ၏ တပည့်များအား ကာကွယ်စောင့်ရှောက်ပေးရာ၌ အလွန်အင်မတန်မှ နာမည်ကျော်ကြားသည် မဟုတ်ပါလော။ ထိုအချက်ကြောင့်လည်း ထို အဖွဲ့အစည်းများမှာ ဝမ်ပေါင်လဲ့အပေါ် အမြင်ပြောင်းလဲလာကြတော့သည်။
သူ၏ နောက်တွင် မီးတောက်ခေါင်းဆောင်ကြီး ရှိနေသည့်အပြင် သူ ကိုယ်တိုင်သည်လည်း တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားသည်ဖြစ်ရာ လူအများမှာ သူ့အား ပါရမီရှင်တစ်ယောက်အဖြစ် အသိအမှတ်ပြုလိုက်ကြ၏။
ထိုအချိန်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေး ရှုယင်လင်းမှာ မီးလောင်ရာလေပင့်ခဲ့သဖြင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် နာမည်ကြီးလာရ၏။ မိသားစုအသီးသီးမှ ပါရမီရှင်များ အားလုံးနီးပါးမှာ သူ့အကြောင်းကိုသာမက သူ ရှေးဟောင်းဂြိုဟ်ကိုးလုံးဖြင့် ဖွဲ့စည်းထားသည့် တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့သည့် အကြောင်းကိုပါ ကြားသိသွားတော့သည်။
ထို့ကြောင့်လည်း ရှဲ့ယွင်ထန့်မှာ သူ၏ ရှေ့၌ ရှေးဟောင်းဂြိုဟ်နှစ်လုံး၏ စည်းမျဉ်းဥပဒေသများကို ထုတ်သုံးခဲ့သည့် အစွမ်းထက်ကျင့်ကြံသူအား မြင်လိုက်ရပြီး ရှဲ့ဟေးရန်တစ်ယောက် မီးတောက်ကြယ်စင်စုထဲသို့ ရောက်သွားခဲ့သည့်အချက်အား ပြန်၍သတိရသွားသည်နှင့် သူ ရင်ဆိုင်နေရသည့် ရန်သူမှာ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းသိရှိသွားတော့သည်။
" ဝမ်ပေါင်လဲ့ "
ရှဲ့ယွင်ထန့် ထိုသို့ဆိုလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ သွေးစည်းမျဉ်းဥပဒေသနှင့် သံစဉ်စည်းမျဉ်းဥပဒေသတို့ကြောင့် ဆုတ်ဖြဲအားကောင်းသည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာသဖြင့် ပိုက်ကွန်ကြီးမှာ တုန်ရီသွားရပြီး စတင် ယိုယွင်းပျက်စီးလာတော့သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုမျှလောက်နှင့် အားမရသေးသောကြောင့် ရှေ့သို့ ခြေလမ်းတစ်လှမ်း ထပ်လှမ်းကာ လက်သီးချက် သုံးချက်တိတိ ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။
ထို လက်သီးချက်များထဲတွင် အစိမ်းရောင်အပင်တာအို၊ မိုးပြာရောင် တိမ်တာအို၊ အပြာရောင် လေတာအိုဆိုသည့် စည်းမျဉ်းဥပဒေသသုံးခု ကိန်းအောင်းနေ၏။
ထို စည်းမျဉ်းဥပဒေသသုံးမျိုး၏ အလင်းရောင်သုံးခုမှာ ဝမ်ပေါင်လဲ့၏ လက်သီးချက်များထဲ၌ တောက်ပလာ၏။ ထို လက်သီးချက်သုံးချက်မှာ မိုးထိုးလုမတတ် မြင့်မားနေသည့် သစ်ပင်ကြီးတစ်ပင်၊ တလိပ်လိပ်ထနေသည့် တိမ်တိုက်များနှင့် အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေသည့် လေမုန်တိုင်းများကဲ့သို့ ယိုယွင်းပျက်စီးနေပြီဖြစ်သည့် ပိုက်ကွန်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားနေပြီ ဖြစ်သည်။
ခဏအကြာတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ ချည်မျှင်များဖြင့် ဖွဲ့စည်းထားသည့် ပိုက်ကွန်ကြီးမှာ ရှေးဟောင်းဂြိုဟ်တစ်လုံး၏ စွမ်းအားများ ပိုင်ဆိုင်ထားသည့်တိုင်အောင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ရှေးဟောင်းဂြိုဟ်တစ်လုံးကိုသာ ယှဉ်နိုင်စွမ်းရှိပေသည်။ သို့သော် သူသည် ရှေးဟောင်းဂြိုဟ်ကိုးလုံးတိတိ ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ၏ တိုက်ကွက်များအား ရပ်တန့်၍မရနိုင်ပေ။ ထို့ကြောင့် ချည်မျှင် စည်းမျဉ်းဥပဒေသအား ပိုင်ဆိုင်ထားသည့် ရှဲ့ယွင်ထန့်၏ ရှေးဟောင်းဂြိုဟ်မှာ ဝမ်ပေါင်လဲ့အား တားဆီးနိုင်စွမ်း မရှိပေ။
သို့ဖြစ်ရာ သူ၏အဖြစ်မှာ ကျောက်တုံးအား ကြက်ဥဖြင့် ပေါက်နေသကဲ့သို့ပင်။ ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြသည်သာ ဖြစ်သည်။ ရှဲ့ယွင်ထန့်မှာမူ အချိန်တိုလေးအတွင်းတွင် ငါးကြိမ်တိတိ ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။
ဝမ်ပေါင်လဲ့ လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်တိုင်း သူသည် သွေးများအန်ထွက်လာရပြီး နောက်သို့ ဆုတ်ခွာသွားရသည်သာဖြစ်သည်။ သူ၏နောက်တွင် ပေါ်ပေါက်လာခဲ့သည့် ရှေးဟောင်းဂြိုဟ်ကြီး၏ ပုံရိပ်ယောင်မှာလည်း တဖြည်းဖြည်းနှင့် တွန့်လိမ်ပုံပျက်လာ၏။
သို့သော်... ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ အလျင်အမြန် လှုပ်ရှားလိုက်ပြီး နောက်ထပ် လက်သီးချက် သုံးချက် ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။
ထို လက်သီးချက်များထဲတွင်မူ ခရမ်းရောင် ဝါးမျိုခြင်းတာအို၊ အဖြူရောင် အလင်းတာအိုနှင့် အနက်ရောင် မရဏတာအိုဆိုသည့် စည်းမျဉ်းဥပဒေသသုံးခု ကိန်းအောင်းနေကြ၏။
ထို စည်းမျဉ်းဥပဒေသသုံးခု ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းသစ်စေ့မှာလည်း စတင်အသက်ဝင်လာ၏။ ထို့ကြောင့် သူ၏ လက်သီးချက်များမှာ အရာအားလုံးကို ဝါးမျိုပစ်နိုင်စွမ်းရှိသော အာကာသတွင်းနက်ကြီး တစ်ခုကဲ့သို့ပင်။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ဖိအားများကိုသာမက သေမင်းအငွေ့အသက်များနှင့် အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသည့် အလင်းရောင်ပင်လယ်ကြီးတစ်စင်းကိုပါ ထုတ်လွှတ်ရင်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။
ထို့ကြောင့် ထစ်ချုန်းသံများ ထပ်၍ ပဲ့တင်ထပ်သွားပြီး ကျန်ရှိနေသေးသည့် ပိုက်ကွန်ကြီးမှာ လုံးဝပျက်စီးသွားတော့သည်။ ၎င်းတို့မှာ အစအန ရှာမရလောက်အောင် ပြာကျသွားခြင်းဖြစ်၏။ ရှဲ့ယွင်ထန့်မှာမူ နောက်ထပ်သုံးကြိမ်တိတိ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာ၏။ သူ၏ ဆံပင်မှာ ရှုပ်ပွနေပြီဖြစ်သလို သူ၏ နောက်တွင် ရှိနေသည့် ရှေးဟောင်းဂြိုဟ် ပုံရိပ်ယောင်ကြီးမှာလည်း ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ နောက်ဆုံးတွင် ၎င်း၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာပြီး ၎င်းမှာ လွင့်ပါးပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ ဆက်လက်တိုက်ခိုက်ခဲ့ခြင်းမရှိဘဲ နောက်သို့ ဆုတ်ခွာသွားနေသည့် ရှဲ့ယွင်ထန့်ကိုသာ အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ သူသည် သူ၏ တာအိုဂြိုဟ်အား အသုံးပြုခဲ့ခြင်းမရှိသလို သူ၏ မီးစည်းမျဉ်းဥပဒေသကိုလည်း အသုံးပြုခဲ့ခြင်းမရှိပေ။ ထို့အပြင် သူ၏ ဝှက်ဖဲများ ဖြစ်သည့် ကြယ်အချုပ်အနှောင်ပညာရပ်နှင့် မီးတောက်ဝိညာဉ်ကျိန်စာတို့ကိုလည်း ထုတ်သုံးခဲ့ခြင်းမရှိပေ။
သို့သော်ငြားလည်း သူသည် လူအများက ပါရမီရှင်ဟု သတ်မှတ်ထားကြသည့် ရှဲ့ယွင်ထန့်အား အပြတ်အသတ် အနိုင်ယူချေမှုန်းနိုင်ခဲ့ဆဲပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ပျက်သွားရ၏။
" ငါ့ကို မနှောင့်ယှက်နဲ့ " ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ ဆိုလိုက်ပြီးနောက် သူ၏ အကြည့်အား ပြန်လည်ရုပ်သိမ်းကာ အပျက်အစီးများကြား၌ အကောင်းအတိုင်း ကျန်ရှိနေသေးသည့် တစ်ခုတည်းသော အဆောက်အဦဖြစ်သည့် အထူးဧည့်သည့်အဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
" မင်း " ရှဲ့ယွင်ထန့်၏ ဘဝတစ်လျှောက်လုံး၌ မည်သူကမှ သူ့အား ယခုလို မထီမဲ့မြင်ပြုခဲ့ဖူးခြင်း မရှိပေ။ သူသည် သူ၏ ဂုဏ်သိက္ခာနှင့် မာနအား အထိပါးမခံနိုင်သောကြောင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ၏ ရှေးဟောင်းဂြိုဟ်မှာ လုံးဝပျက်စီးသွားခြင်း မရှိပါသော်လည်း သူ ရရှိလိုက်သည့် ဒဏ်ရာမှာ ပြင်းထန်လွန်းလှသောကြောင့် ၎င်း၏ အခြေခံအုတ်မြစ်မှာ ထိခိုက်သွားရပြီ ဖြစ်သည်။ သူ နောက်သို့ဆုတ်ခွာသွားချိန်တွင် မကြာသေးမီတုန်းက သူ တားခဲ့သည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူရှစ်ယောက်မှာ သူ၏ ပတ်ပတ်လည်၌ ရုတ်တရက် ပေါ်ပေါက်လာသည်။ သူတို့မှာ အေးစက်စက် မျက်နှာအမူအရာများဖြင့် သူတို့၏ ညာဘက်လက်များကို မြှောက်ကာ ရှဲ့ယွင်ထန့်ဆီသို့ ဆန်ထုတ်လိုက်ကြ၏။
ထိုအခါ ရှဲ့ယွင်ထန့်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ ပြန်လည်သက်သာလာ၏။ သူ၏ နောက်တွင်ရှိနေသည့် ရှေးဟောင်းဂြိုဟ် ပုံရိပ်ယောင်ကြီးမှာလည်း ထိုနည်းတူပင်။ ထိခိုက်ပျက်စီးသွားပြီဖြစ်သည့် ၎င်း၏ အခြေခံအုတ်မြစ်မှာ ယခုတွင် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားပြီဖြစ်သည်။
" နံပါတ်ငါး သခင်လေး။ လုပ်ကြစို့ " ထိုအချိန်တွင် ရှဲ့ယွင်ထန့်အား ကုသပေးနေသည့် အဘိုးကြီးတစ်ယောက်မှာ ဆိုလိုက်၏။
" မလိုဘူး။ ဘေးဖယ်ကြ။ ဒီလို အမှိုက်သာသာကောင်မျိုးကို ငါကိုယ်တိုင် ချေမှုန်းပြမယ် " ရှဲ့ယွင်ထန့်မှာမူ ခေါင်းယမ်းကာ ပြန်ပြောလိုက်၏။ သူ၏ အမူအရာမှာ ပြန်လည်တည်ကြည်သွားပြီ ဖြစ်သည့်တိုင်အောင် သူ၏ မျက်ဝန်းများထဲတွင်မူ ရူးသွပ်မှု အရိပ်အယောင်များ တောက်ပနေသလို သူ၏ ခန္ဓာကိုယ်ထဲမှလည်း အနက်ရောင်ချီများ ထွက်ပေါ်လာနေဆဲပင်။ သူသည် ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် သူ၏ လက်နှစ်ဖက်ကိုမြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး ဝမ်ပေါင်လဲ့ဆီသို့ နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးတည်သွားလိုက်ပြန်သည်။
" ဝမ်ပေါင်လဲ့ " သူ ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် အနက်ရောင်ချီများမှာ ပို၍ပင် အားကောင်းလာ၏။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် သူသည် မြူခိုးလုံးတစ်လုံးနှင့် တူသွားတော့သည်။
ထို မြူခိုးလုံးကြီးမှာ မည်းနက်နေပြီး ချက်ချင်းဆိုသလိုပင် အရွယ်အစားကြီးမားလာ၏။ ထို့နောက် ၎င်းဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအင်လှိုင်းများမှာလည်း ပို၍အားကောင်းလာသည်။ နောက်ဆုံးတွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်ရှိလာပြီး ပေါက်ကွဲသွားတော့သည်။
၎င်း၏ ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများ၏ ပြင်းအားမှာ ရှဲ့ယွင်ထန့်၏ ကျင့်ကြံခြင်းအဆင့်ထက်ပင် ပို၍သာလွန်နေသည်။ ၎င်းမှာ ချက်ချင်းဆိုသလိုပင် နှစ်ဆမှ သုံးဆအထိ တိုးတက်သွား၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ လသာဆောင်ပေါ်သို့ တက်ရန် ပြင်နေပါသော်လည်း ရုတ်တရက်ဆိုသလို ခြေလှမ်းများရပ်တန့်သွားရ၏။ မကြာသေးမီတုန်းက သူသည် စိတ်ပျက်သွားခဲ့ရပါသော်လည်း ယခုတွင်မူ သူ၏ စိတ်ထဲ၌ အန္တရာယ်ကြီးတစ်ခု ပေါ်ပေါက်လာသည့်အလား ခံစားလိုက်ရပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ရှဲ့ယွင်ထန့်အား လှမ်းကြည့်မိလိုက်၏။
သူ ထိုသို့ လှမ်းကြည့်လိုက်သည်နှင့် ရှဲ့ဟေးရန်၏ စိုးရိမ်တကြီးဖြစ်နေသည့် စကားသံကြီးမှာ သူ၏ နားထဲ၌ ပေါ်ပေါက်လာသည်။
" ပေါင်လဲ့။ သတိထား... အဲတာ ရှဲ့မိသားစုမျိုးနွယ်စုထဲက တိုက်ရိုက်သွေးမျိုးဆက်ရဲ့ ဝှက်ဖဲတစ်ချပ်ဖြစ်တဲ့ ဘိုးဘေးပုံရိပ်ယောင်ပဲ။ အဲဒီပညာရပ်ကို အသုံးပြုလိုက်မယ်ဆိုရင် ကိုယ့်ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းအားတွေ တိုးတက်လာမှာ "
ရှဲ့ဟေးရန် ထိုသို့ဆိုလိုက်ချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် ရှဲ့ယွင်ထန့်၏ ပတ်ပတ်လည်တွင်ရှိနေသော မြူခိုးများ မီးတောက်များကဲ့သို့ တဟုန်းဟုန်းတောက်လောင်ကာ ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် ထိုမြူခိုးများမှာ လူပုံစံ ပုံရိပ်တစ်ခုအဖြစ် အတူတကွ ပြန်လည်စုစည်းသွား၏။
ထိုပုံရိပ်ကြီးမှာ မီတာသုံးရာတိတိ မြင့်မားပြီး ၎င်း ပေါ်ပေါက်လာသည်နှင့် သင်္ဘောပျံကြီး တစ်စင်းလုံး တုန်ရီသွားရရုံသာမက အပြင်ဘက်တွင်ရှိနေသည့် စကြဝဠာကြီးပါ တွန့်လိမ်ပုံပျက်သွားရ၏။ ထို့နောက် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာသဖြင့် သင်္ဘောပျံကြီးမှာ ရပ်တန့်သွားရသည်။
ထိုပုံရိပ်ကြီး မြူခိုးများထဲ၌ ရုပ်လုံးပေါ်လာချိန်တွင် ၎င်းဆီမှ ရှေးဆန်သည့် အငွေ့အသက်တစ်မျိုးမှာ အတားအဆီးမရှိ ပျံ့လွင့်လာ၏။ ထို အငွေ့အသက်များမှာ အားကောင်းသည့် ဖိနှိပ်အားတစ်ခုအသွင် ပြောင်းလဲသွားပြီး ထိုနေရာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ဝမ်ပေါင်လဲ့မှာ မြူခိုးများထဲရှိ ထို ပုံရိပ်ကြီး၏ မျက်နှာအား ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရ၏။ ၎င်းမှာ ဒေါသထွက်နေခြင်း မရှိသည့်တိုင်အောင် သြဇာအာဏာကြီးမားသည့်ပုံ ပေါက်နေသော အဘိုးကြီးတစ်ယောက်၏ မျက်နှာဖြစ်သည်။ သူ၏ အကြည့်မှာ အဓိပ္ပါယ်နက်နဲပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးအပေါ် အကျိုးသက်ရောက်နိုင်စွမ်းရှိသော ထူးဆန်းသည့်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
" ဘိုးဘေးပုံရိပ်ယောင် ဟုတ်လား " ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ထို ပုံရိပ်ကြီး၏ အငွေ့အသက်များမှာ ပို၍အားကောင်းလာပြီး မြူခိုးများထဲမှ အော်ဟစ်မြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ဆီသို့ ရုတ်ခြည်းဆိုသလို ဦးတည်လာတော့သည်။
" ဝမ်ပေါင်လဲ့ သေပေတော့ "
" ဘိုးဘေးကြီးရဲ့ ပုံရိပ်ကို ဆင့်ခေါ်နိုင်စွမ်းရှိတဲ့ နတ်ဘုရားစွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားတာပဲ။ ရှဲ့မိသားစုဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လိုက်ပါပေတယ်... ဘိုးဘေးကြီးရဲ့ စွမ်းအားတွေမဟုတ်ဘဲ ပုံရိပ်တစ်ခုကိုပဲ ဆင့်ခေါ်နိုင်တာဆိုပေမယ့် အစွမ်းထက်နေတုန်းပါပဲ။ ငါ့အထင်တော့ ဒီ ဘိုးဘေးပုံရိပ်ကြီးက... အဆုံးမဲ့မျိုးနွယ်စုဆီမှာ ရင်းနှီးမြှုပ်နှံခဲ့ပြီးတော့ ရှဲ့မိသားစုကို စပြီးတည်ထောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးရဲ့ ပုံရိပ်ပဲ ဖြစ်ရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတာ အသက်ပြင်းပြင်း ရှူမိသွား၏။ သူသည် အသက်အန္တရာယ်နှင့် ကြုံနေရသည့်တိုင်အောင် သူ၏ နှလုံးသားထဲမှ တိုက်ခိုက်လိုစိတ်များမှာ ပို၍ အားကောင်းလာဆဲပင်။ ထို့ကြောင့် ထို မြူခိုးပုံရိပ်ကြီး သူ၏ အနီးသို့ ရောက်ရှိလာသည်နှင့် ဝမ်ပေါင်လဲ့မှာ အသံအကျယ်ကြီး အော်ဟစ်ရယ်မောလိုက်ပြီး သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် ကြယ်တာရာများကဲ့သို့ ဝင်းလက်တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် လှမ်းပြောလိုက်တော့သည်။
" မင်း ငါ့ကို သေစေချင်တယ်ဆိုရင် ငါ့ရဲ့ဆရာ သဘောတူမတူ အရင်ဆုံး မေးထားဖို့လိုတယ် “