မျက်နှာပြောင်းကောင်းကင်နတ်သိုင်း
Vol. 39 Ch. 541
ကျဲ့ဟွလီက ကျန်းရီ၏အလောင်းကို သယ်ကာ ဖုရွေ့လော်နောက် လိုက်သွားသည်။ ချင်မူ့ဘေးမှ ဖြတ်သွားသည့် ချင်မူ့ဆီသို့ ခေါင်းလှည့်ကြည့်၏။
ချင်မူက စွမ်းအင်ဆေးလုံးများ ဖော်နေသော်လည်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ “နောင်တော်ကျဲ့ဟွလီ... အခွင့်အရေးရှိလာခဲ့ရင် ပြန်ဆုံကြတာပေါ့”
ကျဲ့ဟွလီက မည်သို့မျှခွန်းတုံ့မပြန်ဘဲ ဖုရွေ့လော်နှင့်အတူ ထွက်သွားသည်။
ကျားနတ်မင်းက နန်းဆောင်ထက်မှ ခုန်ဆင်းလာပြီး ချင်မူ့ကို တစ်ချက်ကြည့်၏။ ထို့နောက် သစ်ခုတ်သမားဆီသို့ လှမ်းကြည့်သည်။ တန်ခိုးရှင်သစ်ခုတ်သမားက ဧရာမပုဆိန်ကြီးကို တစ်နေရာတွင် သိမ်း၍ ဆေးလုံးဖော်စပ်နေသော ချင်မူ၏ လက်ဟန်နည်းစနစ်များအား လေ့လာနေသည်။
ကျန်နတ်ဘုရားများလည်း ခုန်ဆင်း၍ သူတို့အား ဝန်းရံလိုက်ကြသည်။ အားလုံးတွင် ပြောစရာ၊ မေးစရာများစွာ ရှိသော်လည်း အရိပ်အခြည် ကြည့်နေကြ၏။ တန်ခိုးရှင်သစ်ခုတ်သမား စကားမပြောသရွေ့ မည်သူမျှ ဦးစွာမပြောဝံ့ပေ။
နတ်ဘုရားစန်းယဲ့က စန်းဟွာကို ကပျာကယာ လှမ်းဆွဲပြီး ဆူချင်နေသော်လည်း မည်သူမှ စကားမပြောသေးသဖြင့် အခက်တွေ့နေသည်။
ချင်မူမှာမူ စွမ်းအင်ဆေးလုံးဖော်ရာတွင် အရေးကြီးသောအဆင့်သို့ ရောက်နေ၍ တခြားအတွေးမရှိဘဲ အာရုံစိုက်ထားသည်။ ပတ်ဝန်းကျင်ရှိ မည်သူ့ကိုမှ အာရုံမထားသော်လည်း နတ်ဘုရားအားလုံး၏အကြည့်က သူ့အပေါ်သို့ ကျရောက်နေရာ အနေရခက်လာပြီး စိတ်ဖိစီးလာမိ၏။ ချွေးစက်များက သူ့နဖူးထက်တွင် စို့လာပြီး စီးကျလာသည်။
တခဏကြာသော် ချင်မူ စွမ်းအင်ဆေးလုံးများ ဖော်စပ်ပြီးသွား၍ အသာအယာ ဖိခြေလိုက်သည်။ ထို့နောက် ရေခပ်လိုက်ပြီး အမှုန့်များအား အရည်ဖျော်သည်။ ဖော်ထားသည့်အရည်ကို ယွီဟယ်နှင့် ရွှီယောင်တို့၏ မျက်လုံးများနှင့် နားရွက်များထဲသို့ တစ်စက်ချင်းစီ ချပေးလိုက်၏။
သူက လူငယ်နှစ်ယောက်၏ မျက်အမြှေးပါးများနှင့် နားစည်များ ပြန်ထွက်လာသည်ကို အသေအချာ ကြည့်ပြီးသော် မျက်မှောင်ကြုတ်သွား၏။ သူ့ထောင်ကျယ်အိတ်ကို မွှေနှောက်ရင်း ဆေးပင်တချို့ ထုတ်ကာ လိမ်းဆေးတစ်မျိုး ဖော်လိုက်သည်။ ထို့နောက် အနာဖြစ်နေသောနေရာများအပေါ် သုတ်လိမ်းပေးလိုက်သည်။
“ဘာလို့ ဆေးနှစ်ကြိမ်လိမ်းရတာလဲ” တန်ခိုးရှင်သစ်ခုတ်သမားက ဇဝေဇဝါ မေးလိုက်သည်။ “ပထမတစ်ကြိမ်က သူတို့မျက်အမြှေးပါးတွေနဲ့ နားစည်တွေ ပြန်ထွက်လာစေဖို့ ဆိုပေမယ့် ဒုတိယဆေးမှာ အဆိပ်အနည်းငယ် ပါနေသလိုပဲ ... ဘာကြောင့်များလဲ”
ချင်မူက ယွီဟယ်နှင့် ရွှီယောင်၏မျက်လုံးများကို ဖြဲကြည့်ပြီး နားပေါက်များကိုလည်း ကြည့်လိုက်သည်။ ထို့နောက် ရှင်းပြလိုက်၏။ “ဒီလိမ်းဆေးက အဆိပ်မဟုတ်ပါဘူး... အသားတက်နှုန်းကို ဖိနှိပ်ပေးတဲ့ စွမ်းအင်ဆေးတစ်မျိုးပါ... ပထမဆေးရည်က သူတို့ရဲ့ ပေါက်ပြဲသွားတဲ့ မျက်အမြှေးပါးတွေနဲ့ နားစည်တွေကို ပြန်ထွက်လာစေပေမယ့် ကျွန်တော့်အနေနဲ့ အဲဒီလိုဆေးမျိုး ပထမဆုံးအကြိမ် ဖော်စပ်ဖူးတာဆိုတော့ အချိန်အဆ မမှန်ဘူးဖြစ်သွားတယ်
“ဆေးအာနိသင်က ပြင်းလွန်းသွားတော့ သူတို့ရဲ့ နားစည်တွေနဲ့ မျက်အမြှေးပါးတွေ ထူလာပြီး အမြင်အာရုံနဲ့ အကြားအာရုံ ထိခိုက်သွားနိုင်တယ်... ဒါကြောင့် အသားတက်နှုန်းကို ဖိနှိပ်ပေးမယ့် ဒုတိယဆေးကို ဖော်စပ်ရတာပါ” ချင်မူ ခါးဆန့်ပြီး ပြုံးလိုက်သည်။ “အခုတော့ အဆင်ပြေသွားပါပြီ.... သူတို့အမြင်အာရုံနဲ့ အကြားအာရုံက ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်”
ပတ်ဝန်းကျင်ရှိ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားအားလုံး သက်ပြင်းချလိုက်ကြသည်။ ယွီဟယ်နှင့် ရွှီယောင်သည် ခုနစ်စဉ်ကြယ်အဆင့်၌ သန်မာအားအကောင်းဆုံး လူငယ်သိုင်းပညာရှင်နှစ်ယောက် ဖြစ်၏။ နတ်ဘုရားဖြစ်လာနိုင်မည့် အရည်အချင်းရှိကြသူများဆိုလည်း မမှားပေ။ သူတို့နှစ်ယောက် မျက်ကန်း၊ နားကန်းဖြစ်သွားလျှင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအတွက် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မည်။
သဲစားပွဲကမ္ဘာအတွင်း၌ ဟွမ်ယွဲ့နှင့် ကျန်ရှိသူများ သေဆုံးခဲ့မှုကပင် သူတို့အတွက် များစွာဆုံးရှုံးနစ်နာနေပြီ ဖြစ်သည်။
ချင်မူက တန်ခိုးရှင်သစ်ခုတ်သမားကို တလေးတစား အရိုအသေပေးလိုက်သည်။ “ဂိုဏ်းသားချင်မူ ... ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်”
တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို ဆွဲထူပေးပြီး ပြုံးလျက် ပြောလာ၏။ “မင်းက ငါ့ချန်ခဲ့တဲ့ ပညာအမွေတွေကို သင်ယူခဲ့ရတာပဲ ဖြစ်မယ်... မင်းကို ငါကိုယ်တိုင် သင်ပေးခဲ့တာဆိုမှတော့ မင်းက ငါ့တပည့်ပါ... ဂိုဏ်းချုပ်လို့ ခေါ်စရာမလိုပါဘူး”
ချင်မူ အံ့ဩဝမ်းသာမိသည်။ တန်ခိုးရှင်သစ်ခုတ်သမား၏ တပည့်ဖြစ်လာလျှင် သူ၏ဝါစဉ်က မြင့်သွားလိမ့်မည်။ ထိုအခါ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဟောင်းများနှင့် ပြန်တွေ့ပါက ထိုအရိုးအိုကြီးများ ဝါစဉ်ကို အားကိုး၍ သူ့အား ဖိအားပေးနိုင်တော့မည်မဟုတ်ပေ။
ချင်မူမှာ တခဏ မဝံ့မရဲ ဖြစ်နေသော်လည်း အရဲစွန့်ကာ မေးကြည့်လိုက်သည်။ “ကောင်းကင်ဆရာသခင်... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆိုတာ ကြားဖူးလားဗျ”
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဟုတ်သလား” သစ်ခုတ်သမားက ဇဝေဇဝါဖြင့် ခေါင်းယမ်းလိုက်၏။ “တစ်ခါမှ မကြားဖူးဘူး”
ချင်မူ့မျက်နှာ ဖြူဖျော့သွားပြီး မိုက်ခနဲ ဖြစ်သွား၏။
တန်ခိုးရှင်သစ်ခုတ်သမားက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကြားပင် မကြားဖူးဘူးတဲ့လော....
သူ လက်မခံနိုင်သေး၍ ထပ်မေးကြည့်လိုက်သည်။ “ဒါဆို ဆရာကြီး ချန်ထားခဲ့တဲ့ အထွတ်အမြတ်သစ်ပင်၊ တန်ခိုးရှင်ကျောက်တုံးနဲ့ ပုဆိန်ခုတ်ရာတို့မှာရော အဓိပ္ပါယ်တွေဘာတွေ ရှိလား”
“အဲဒီထင်းရှူးပင်အိုကြီး အခုထိ မသေသေးဘူးလားဟ” တန်ခိုးရှင်သစ်ခုတ်သမား အံ့အားသင့်သွားသည်။ သူက အတန်ငယ် တွက်ချက်ကြည့်ပြီး ပြောလိုက်၏။ “အခုလောက်ဆို အဲဒီသစ်ပင်ကြီး အသက်နှစ်နှစ်သောင်းနီးပါး ရှိလောက်ပြီ ဟုတ်တယ်မလား.... ငါ ဒီလောက်ခုတ်ခဲ့တာတောင် အသက်ရှင်နေသေးတုန်းပေါ့... မကြာခင် မိစ္ဆာတစ်ကောင် ဖြစ်လာတော့မယ် ထင်တယ်”
ချင်မူ မိုက်ခနဲ ဖြစ်သွားပြန်ပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်မိသည်။ “ဆ...ဆ..ဆရာကြီး... တန်..တန်ခိုးရှင်... ကျောက်တုံးကရော....”
“ဘယ်က တန်ခိုးရှင်ကျောက်တုံးတုန်း... ဪ ငါ ပညာအမွေပေးခဲ့တုန်းက ထိုင်ခဲ့တဲ့ ကျောက်တုံးကို ပြောတာထင်တယ် ... အဲဒီကျောက်တုံးက ဘာဖြစ်လို့လဲ”
ချင်မူမှာ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ မေ့လဲချင်သွားသည်။ သူက ခပ်တိုးတိုး ပြောလိုက်၏။ “ဂိုဏ်းသခင်နန်းတက်ပွဲလို အခမ်းအနားတွေ ကျင်းပတိုင်း ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသားအားလုံး အဲဒီတန်ခိုးရှင်ကျောက်တုံးနဲ့ အထွတ်အမြတ်သစ်ပင်ကို ရှိခိုးကန်တော့ကြရတယ်.... ဂိုဏ်းအတွက် ကောင်းမှုကုသိုလ်အများကြီး လုပ်ပေးနိုင်ခဲ့တဲ့ ဂိုဏ်းသခင်တွေနဲ့ အကြီးအကဲတွေရဲ့ ပြာကိုပဲ အထွတ်အမြတ်သစ်ပင်အောက်မှာ မြှုပ်ခွင့်ရှိတယ်...”
တန်ခိုးရှင်သစ်ခုတ်သမားက ခေါင်းယမ်းလိုက်၏။ “ထုံးစံတွေ များလှချည်လား.... ငါကလည်း ထုံးစံတွေကို အမုန်းဆုံးပဲ... မဟုတ်မှ ငါ့တပည့် ဟိုကောင်လေး ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို တည်ထောင်ခဲ့တာများလား... မင့်အစ်ကိုကြီးက ပညာရပ်အားလုံး မလေ့လာခဲ့ဘဲ စည်းကမ်းတွေပဲ ထုတ်ခဲ့တယ်ပေါ့လေ... အဲဒီလိုစည်းမျဉ်းစည်းကမ်းတွေပဲ အာရုံစိုက်နေလို့ ငါ သူ့ကို သင်ကြားပို့ချပေးခဲ့တဲ့ အကြောင်းရင်းကို မမြင်တော့နေမှာ... အသုံးမကျချက်.... အသုံးမကျချက်”
သူ ပြောနေသော ‘တပည့်’ နှင့် ‘အစ်ကိုကြီး’ ဆိုသူမှာ တည်ထောင်သူဂိုဏ်းသခင် ဖြစ်၏။ ဖုန်းတုတွင်ပင် မတွေ့ရသည်အထိ ပျောက်ချက်သားကောင်းနေသူလည်း ဖြစ်သည်။
ချင်မူ့မျက်နှာမှာ လင်းလိုက်၊ မှောင်လိုက် ဖြစ်နေသည်။ ဂိုဏ်းသားအားလုံး ရတနာများအဖြစ် တန်ဖိုးထားသော အထွတ်အမြတ်သစ်ပင်နှင့် တန်ခိုးရှင်ကျောက်တုံးက တန်ခိုးရှင်သစ်ခုတ်သမား၏ မျက်လုံးထဲတွင် အဓိပ္ပါယ်မရှိသည့်အရာများ ဖြစ်နေ၏။ ဤသတင်းသာ ပြန့်သွားလျှင် ဖုန်းတုရှိ လူငယ်ဂိုဏ်းချုပ်နှင့် ဂိုဏ်းသခင်ဟောင်းများအပါအဝင် ဂိုဏ်းသားအားလုံး ရူးသွားလောက်သည်။
ကျားနတ်မင်းက ငေးကြောင်နေသော ချင်မူ့ကို ကြည့်ကာ ပါးစပ်ဟလိုက်၏။ သို့သော် မပြောဖြစ်လိုက်ဘဲ သူ့ဘာသာသူ တွေးနေသည်။ ‘ငါ့အရှင်က ငါ့ကိုပဲ အမြဲဆူတယ်.. ဒီကောင်လေးရဲ့ စိတ်အခြေအနေက လုံးဝနိမ့်ကျနေတာကျ မမြင်ဘူး... တခဏလေးအတွင်း သူ့မျက်နှာအမူအရာက ဆယ်ကြိမ်ကျော် ပြောင်းလဲသွားပြီးပြီ...’
အစစ်အမှန်နတ်ဘုရားဟန်ယုက လျှောက်လာပြီး ယွီဟယ်၏ မျက်လုံးများနှင့် နားများကို စစ်ဆေးကြည့်ရှုသည်။ ရွှီယောင်ကိုလည်း ကြည့်နေ၏။ အကောင်းအတိုင်း ရှိနေကြောင်း မြင်မှ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “မိတ်ဆွေလေးချင်မူက မင်းတို့နှစ်ယောက်ကို ကယ်ပေးခဲ့တယ်... သူ့ကို ကျေးဇူးတင်စကား ပြောလိုက်ကြဦး.... မင်းတို့နှစ်ယောက် သဲစားပွဲကမ္ဘာကနေ ထွက်လာနိုင်တဲ့ အကြောင်းရင်းကလည်း သူ သူ့ကိုယ်သူ တည်ကြက်အနေနဲ့ ထားပြီး ရန်သူသုံးယောက်ကို အရင်ဆုံး သတ်ပေးခဲ့တာကြောင့်ပဲ”
ယွီဟယ်နှင့် ရွှီယောင်တို့ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားကာ အော်လိုက်မိကြသည်။ “သူက ကောင်းကင်နတ်ဆိုးသုံးယောက်ကို တစ်ယောက်တည်း သတ်ပစ်ခဲ့တာလား”
“ကျန်းရီကိုပါ ထည့်တွက်ရင် လေးယောက်” ပန်ယုက သက်ပြင်းချရင်း ပြောလိုက်သည်။ “ကောင်းကင်နတ်ဆိုးဆယ်ယောက်ထဲမှာ လေးယောက်က သူ့လက်ချက်နဲ့ သေခဲ့ရတယ်... တစ်ဝက်နီးပါးပဲ... စန်းမိသားစု၏ မိန်းကလေး သတ်ပစ်လိုက်တဲ့ ကောင်းကင်နတ်ဆိုးကိုပါ ထည့်တွက်ရင်တော့ သူတို့နှစ်ယောက် ရှင်းပစ်ပေးခဲ့တာက တစ်ဝက်ရှိတယ်.... ကျန်တဲ့မင်းတို့ခြောက်ယောက်ကတော့ သေလုမျောပါး တိုက်ခိုက်ခဲ့ပေမယ့် ရန်သူလေးယောက်ကိုပဲ ရှင်းပစ်နိုင်ခဲ့တယ်... ကောင်းကင်နတ်ဆိုးမျိုးနွယ်က လျှော့တွက်လို့ မရသေးဘူး.... သူတို့ရဲ့ အစွမ်းအစတွေက တကယ်ကိုပဲ.....”
ပန်ယုက ခေါင်းတယမ်းယမ်းဖြင့် ဆက်မပြောတော့ပေ။
ယွီဟယ်နှင့် ရွှီယောင်မှာ တိတ်ဆိတ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်လက်ပျက် ကြည့်လိုက်မိကြသည်။
သေဆုံးသွားသည့် မိစ္ဆာမျိုးနွယ်ကိုးယောက်အနက် ချင်မူက လေးယောက်ရှင်းကာ စန်းဟွာက တစ်ယောက် သတ်ခဲ့၏။ ယင်းက အမှန်ပင် စွမ်းဆောင်နိုင်မှုကြီးတစ်ခု ဖြစ်သည်။
သူတို့နှစ်ယောက်မှာတော့ ကောင်းကင်နတ်ဆိုးတစ်ယောက်စီ သတ်ထားပြီး နှစ်ယောက်ပေါင်း၍ တစ်ယောက် သတ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ တိုက်ပွဲကျသွားသည့် လူသားသိုင်းပညာရှင်ခြောက်ယောက်မှာ ကောင်းကင်နတ်ဆိုးတစ်ယောက်ကိုသာ သတ်နိုင်ခဲ့သည်ဟု ဆိုလို၏။
ကောင်းကင်နတ်ဆိုးများ၏ သိုင်းစွမ်းအားက လူသားများထက် များစွာမြင့်မားပေသည်။ ချင်မူသာ ရောက်မလာခဲ့လျှင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လူငယ်မျိုးဆက်တစ်ဆက်လုံး မျိုးပြုတ်သွားလိမ့်မည်။
ယွီဟယ်နှင့် ရွှီယောင်ကို အားနည်းဖျော့တော့စွာ သက်ပြင်းချမိကြသည်။ သူတို့က စိတ်ညစ်နေသော ချင်မူ့ဆီသို့ သွား၍ ကျေးဇူးတင်စကားဆိုလိုက်ကြ၏။
ချင်မူက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူတို့ကို ပြန်နှုတ်ဆက်သည်။ “ကျွန်တော် ဓားပျံတွေကို အဆင့်မြှင့်ဖို့ပဲ တွေးနေခဲ့တာနဲ့ မမကြီးနဲ့ နောင်ကြီးကို မနှုတ်ဆက်ခဲ့မိဘူး... ကျွန်တော်က ချင်မူပါ... ယောက်ျားကြီးနှစ်ယောက် ကျည်ပွေ့ကို ကိုင်ပြီး ခြွေလှေ့တဲ့ ချင်နဲ့ နွားကျောင်းတဲ့ မူပါဗျ... မမကြီးယွီဟယ်နဲ့ နောင်ကြီးရွှီယောင်ကို အရိုအသေပေးပါတယ်”
မျက်နှာတစ်ခုလုံး လင်းလိုက်၊ မှောင်လိုက်ဖြစ်နေရာမှ မျက်စိတစ်မှိတ်အတွင်း အပြုံးပန်းများ ဝေဆာသွားသည့် ချင်မူ့ကို ကြည့်ရင်း ကျားနတ်မင်းက နှာခေါင်းရှုံ့လိုက်သည်။ ‘ငါ့အရှင်ကတော့ ဒီကောင်လေး မျက်နှာအပြောင်းအလဲ ဘယ်လောက်မြန်လဲ မမြင်နိုင်ဘူးထင်ပါရဲ့’
ယွီဟယ်နှင့် ရွှီယောင်လည်း သူ့ကို ကမန်းကတန်း အရိုအသေပြန်ပေးပြီး ရွှီယောင်က အားတုံ့အားနာ ပြောသည်။ “ငါတို့ နောင်ကြီးချင်မူကို အထင်သေးပြီး ခြွေလှေ့တဲ့ကောင်လေး၊ ပန်းပဲထုတဲ့ကောင်လေးလို့ ခေါ်ခဲ့မိပါတယ်... နောင်ကြီး ဗွေမယူဖို့ မျှော်လင့်ပါတယ်ဗျာ”
ချင်မူ အလေးအနက်အမူအရာဖြင့် ပြောလိုက်၏။ “ကျွန်တော့်ရဲ့ချင်က တကယ်လည်း ယောက်ျားကြီးနှစ်ယောက် ကျည်ပွေ့ကို ကိုင်ပြီး ခြွေလှေ့တဲ့ ချင်ပါ... နောက်နေတာ မဟုတ်ပါဘူး... အမှန်အတိုင်းပြောရရင် ဒီညီလေးက ဆရာဖြစ်သူဆီကနေ ဘာသာစကားအားလုံးနီးပါး သင်ထားပါတယ်.. မိစ္ဆာဘာသာစကားတို့၊ နဂါးဘာသာစကားတို့၊ ဗုဒ္ဓပါဠိတို့၊ ယိုတုဘာသာစကားတို့ပေါ့... နတ်ဘုရားဘာသာစကားလည်း နည်းနည်းပါးပါး တတ်ထားပါတယ်.... ဒါကြောင့် ကျွန်တော်က တစ်ခါတလေ စကားလုံးတစ်လုံးကို အကျအန အသေးစိတ် အဓိပ္ပါယ်ဖွင့်လေ့ရှိပါတယ်... ကြွားတယ်လို့တော့ မမှတ်ပါနဲ့”
‘ဒီကောင်လေး မျက်နှာထား ပြောင်းလဲသွားပြန်ပြီ’ ကျားနတ်မင်း အံကြိတ်လိုက်မိသည်။ ‘ဒါတောင် ငါ့အရှင်က မမြင်နိုင်ဘူး’
“မမကြီးယွီဟယ်၊ နောင်ကြီးရွှီယောင်” ချင်မူ၏ တည်ကြည်လေးနက်နေသော အမူအရာ ပျောက်သွားပြီး အပြုံးများက နွေဦးပေါက်စ နေမင်းကြီးလို တောက်ပလာ၏။ သူက မျက်ခုံးနှစ်ဖက်ကို ပင့်လိုက်၊ နှိမ့်လိုက် လှုပ်ရင်း မေးလိုက်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို ကြားဖူးလား... ညီလေးက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်ပါ... တည်ထောင်ခဲ့တဲ့လူကတော့ ကျွန်တော့်ဆရာ.... ဒီအထွတ်အမြတ်ဆရာသခင်ပါပဲ... ဆရာက ဉာဏ်ပညာကြီးမားပြီး သူရဲကောင်းဆန်တဲ့လူ၊ ကတိတည်တဲ့လူအဖြစ်လည်း ကျော်ကြားတာကို မမကြီးနဲ့ နောင်ကြီးလည်း သိပါတယ်... ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ ပညာရပ်တွေကလည်း တကယ်ကောင်းတယ်.... အင်မတန် ပြောင်မြောက်တယ်... ထွက်ရပ်မြောက်ရာ တန်ခိုးရှင်ဆိုတာကလည်း.... သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှုမှ လွဲ၍ အခြားမရှိတဲ့......”
တခဏကြာသော် ချင်မူ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချပြီး ယခုလေးတင် နတ်ဂိုဏ်းသို့ ဝင်လိုက်သော ယွီဟယ်နှင့် ရွှီယောင်အား တောက်ပစွာ ပြုံးပြလိုက်သည်။ ‘ငါ့နတ်ဂိုဏ်းတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ဂိုဏ်းခွဲရှိသွားပြီ.. ဒီနေ့ ကံကောင်းတယ်... နတ်ဘုရားဖြစ်လာနိုင်မယ့် အရည်အချင်းရှိတဲ့ စံအိမ်သခင်နှစ်ယောက်ကို ဂိုဏ်းထဲ ထည့်လိုက်နိုင်ပြီ... တန်ခိုးရှင်သစ်ခုတ်သမား ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကို မသိချင်ယောင်ဆောင်နေလည်း နေပေါ့... သူ တိတ်တိတ်လေးနေသရွေ့ အဆင်ပြေတယ်... ဟုတ်သား စန်းဟွာလည်း ရှိသေးတာပဲ’
ကျားနတ်မင်းက ပျင်းရိပျင်းတွဲဖြင့် နားရွက်နှစ်ဖက်အား လှုပ်နေသည်။ ‘ငါ့အရှင်ကတော့ မမြင်နိုင်ဘူး....’
ချင်မူ စန်းဟွာနှင့် စန်းယဲ့ဆီ ခပ်သွက်သွက် ပြေးလိုက်သော်လည်း နတ်ဘုရားများက သူ့ကို ဝိုင်းအုံလာကြ၏။ သူတို့က သူ့ကို ချီးကျူးနေ၍ ချင်မူမှာ နှိမ့်ချလျက်သာ ပြန်ဖြေနေရသည်။ နတ်ဘုရားများစွာ၏ ဝိုင်းချီးကျူးအမွှမ်းတင်မှုကြောင့် ချင်မူကား မာန်တက်လာပြီး ဝမ်းသာပီတိဖြာနေတော့သည်။
‘ငါ့အရှင်ကတော့ အခုထိ မမြင်နိုင်သေးဘူး...’ ကျားနတ်မင်းက နားရွက်တစ်ဖက်ကို ရှေ့ပို့၍ ကျန်တစ်ဖက်ကို နောက်ပို့ရင်း တစ်ယောက်တည်း တွေးနေသည်။
ချင်မူမှာ နတ်ဘုရားများကြောင့် ရှေ့ဆက်သွားမရ ဖြစ်နေ၏။ လူစွဲကွဲသွားသည့်အခါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ နတ်ဘုရားများက လီမြို့အား ကောင်းကင်နတ်ဆိုးများ ပြန်မသိမ်းနိုင်အောင် မြို့တွင် အင်အားဖြည့်ရန် ထွက်ခွာသွားကြသည်။ စန်းဟွာမှာလည်း နတ်ဘုရားစန်းယဲ့နောက် လိုက်သွားရသဖြင့် ချင်မူတစ်ယောက်တည်း သက်ပြင်းချနေမိသည်။
“ငါ့နောက်လိုက်ခဲ့ မင်းကို မေးစရာရှိတယ်” တန်ခိုးရှင်သစ်ခုတ်သမားက ပြောလိုက်သည်။
ချင်မူ သူ့နောက်သို့ ကပျာကယာ လိုက်သွား၏။ ကျားနတ်မင်းလည်း လိုက်လာချင်သော်လည်း တန်ခိုးရှင်သစ်ခုတ်သမား လှည့်ကြည့်သည့်အခါ ရပ်လိုက်သည်။ ကျားနတ်မင်းက တန်ခိုးရှင်သစ်ခုတ်သမားနှင့် အကြည့်ချင်းမဆုံဘဲ တစ်နေရာသို့ လှမ်းကြည့်နေသည်။
“မင်းက မိစ္ဆာနတ်ဆိုးလား... လူသားလား” ချင်မူမှာ တန်ခိုးရှင်သစ်ခုတ်သမားနှင့်အတူ တိတ်ဆိတ်သောနေရာတစ်နေရာသို့ ရောက်သွားသည့်အခါ တန်းမေးခွန်းထုတ်ခံရသည်။ “မင်းက ငါ့ပညာရပ်တွေကို လေ့လာပြီး ငါ့အမွေကို ဆက်ခံခဲ့ပေမယ့် မင်းကိုယ်ထဲမှာ ထူးဆန်းတဲ့ မိစ္ဆာနတ်ဆိုးစွမ်းအား ရှိနေသေးတယ်... စစ်မြေပြင်ရဲ့အလယ်၊ ကောင်းကင်နတ်ဆိုးတွေရဲ့ ကြားထဲမှာ ရုတ်တရက် ပေါ်လာတာကလည်း မသင်္ကာစရာကောင်းတယ်... ငါ့ကို ပြောစမ်း။ မင်းက ဘယ်ကလာတာလဲ”
ချင်မူ တခဏ တွန့်ဆုတ်သွားပြီးနောက် ဖြေလိုက်၏။ “ရွှင်ပျော်ပျော်ကျေးရွာပါ”
တန်ခိုးရှင်သစ်ခုတ်သမားက တမုဟုတ်ချင်း လှည့်လာပြီး အမှန်ပြောနေသည်လား၊ လိမ်ပြောနေသည်လား မြင်ရအောင် သူ့ကို စိုက်ကြည့်နေသည်။
ချင်မူက အေးဆေးတည်ငြိမ်စွာ ဆက်ပြောသည်။ “ကျွန်တော်က ရွှင်ပျော်ပျော်ကျေးရွာမှာ မွေးတာမဟုတ်ဘူး... ကျွန်တော့်အမေနဲ့ အဖေ ထွက်လာတုန်းက ကျွန်တော်က အမေ့ဗိုက်ထဲမှာ ရှိသေးတယ်... လမ်းမှာ သူတို့ ရန်သူတွေနဲ့ တွေ့ခဲ့ရလို့ ထွက်ပြေးရင်း ယိုတုမှာ ကျွန်တော့်ကို မွေးခဲ့တာပဲ... ယမမင်း ပြောတာကတော့ အဲဒီမှာ မွေးခဲ့လို့ ထူးဆန်းတာတစ်ခု ဖြစ်လာခဲ့တယ်တဲ့... ကျွန်တော့်ခန္ဓာကိုယ်ထဲကို ယိုတုရဲ့ မိစ္ဆာသဘာဝ ဝင်သွားတယ် ပြောတယ်”
‘ငါ့အရှင်ရယ် သူ့မျက်နှာထား ပြန်တည်ငြိမ်သွားတာတောင် သူ့မျက်နှာကို စိုက်ကြည့်နေပြီး မမြင်နိုင်သေးဘူးလား’ အဝေးရှိ ကျားနတ်မင်းမှာ ဒေါသတချောင်းချောင်း ထွက်နေသည်။
“မင်းက ရွှင်ပျော်ပျော်ကျေးရွာကဆိုရင် သက်သေပြစရာရှိလား” တန်ခိုးရှင်သစ်ခုတ်သမားက မေးလာသည်။
ချင်မူ လည်ပင်း၌ ဆွဲထားသော ကျောက်စိမ်းလည်ဆွဲကို အလျင်အမြန် ထုတ်ပြလိုက်၏။