အခန်း (၃၇၀)
Vol. 27 Ch. 370
ကျင့်ကြံသူကြီးများသည် ကိုယ်ပိုင်အတွေးရှိသည်။
“အဲဒီတော့ ငါက ဘယ်လိုပြုပြင်ရမလဲ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး ရှေ့တွင်ရှိသောစားပွဲခုံကို ကြည့်သည်။
သူ့ရှေ့တွင်ရှိသောစားပွဲခုံသည် အသက်ဝင်လာပုံရသည်။
အပင်ပေါက်လေးထွက်လာပြီး ကြီးထွားနေသည်။
စိမ်းလန်းသောသစ်ပင်သည် မိုးနှင့်လေကြားတွင် ယိမ်းထိုးနေခဲ့သည်။
သစ်ပင်ကို ကိုက်ခဲနေသောအင်းဆက်များ၊ ထိုးဆိတ်နေသော ငှက်များ၊ လေပြင်း၊ မိုး၊ နှင်း၊ ပူလောင်သောနေမင်း ....
နှစ်တစ်ရာအကြာတွင် သစ်ပင်က ကောင်းကင်ပေါ်သို့ ရောက်လာလိမ့်မည်။
ငှက်နှင့်အင်းဆက်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
လေပြင်း၊ မိုးနှင့် ဆီးနှင်းများသည် သစ်ပင်ကို ဆက်လက်တိုက်ခိုက်နေလိမ့်မည်။ သို့သော် သူတို့က သစ်ပင်ကို တုန်ခါမသွားစေနိုင်တော့ပေ။
“အရာအားလုံးမှာ ကိုယ်ပိုင်လမ်းစဉ်ရှိတယ်”
“ငါက ထာဝရရှင်သန်ခြင်းကို ကျင့်ကြံရင် ငါ့မှာ ထာဝရရှင်သန်ခြင်းလမ်းစဉ် ရှိလိမ့်မယ်”
ချက်ချင်းဆိုသလိုပဲ ဟန်မူယဲ့၏မျက်လုံးများ တောက်ပလာသည်။
သူ့စိတ်နယ်ပယ်ထဲတွင် ရွှေရောင်အလင်းစီးကြောင်းတစ်ခု ပေါက်ကွဲထွက်သွားသည်။ သူ၏ မူလဝိညာဉ်သည် ရွှေရောင်သမာဓိစွမ်းအား၊ လူသားလောကမန္တန်တို့ဖြင့် ပေါင်းစပ်သွားပြီး ရွှေရောင်ဓားရှည်တစ်ချောင်း ဖြစ်လာသည်။
သူ့ချီပင်လယ်ထဲတွင် ခရမ်းရောင်ဓားရှည်တစ်ချောင်းဖြစ်လာသည်။ လူသားဆန္ဒစွမ်းအားများသည် ဓားရှည်ကို တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ထားသည်။
သူ့ဒန်ထျန်ထဲတွင် ဘုံကိုးလွှာပြိုကျသွားပြီး အစိမ်းရောင်ဓားရှည်တစ်ချောင်းဖြစ်လာသည်။ ပတ်ဝန်းကျင်တွင် ဓားဆေးလုံးဆယ်လုံး လွင့်မျောနေသည်။
ဓားသည် အရိုးဖြစ်သည်။
ဓားသည် ဆန္ဒဖြစ်သည်။
ဓားသည် ဝိညာဉ်ဖြစ်သည်။
ကွန်ဖြူးရှပ်တာအို၏ သမာဓိစွမ်းအားနှင့် လူသားဆန္ဒစွမ်းအားများသည် ဓားရှည်၏အပြင်ဘက်တွင်ပဲ ရစ်ဝဲနေသည်။
ဓားတာအိုသည် အရိုးဖြစ်ပြီး ကွန်ဖြူးရှပ်တာအိုသည် အရေပြားဖြစ်သည်။
ဓားသည် မယိုင်လဲနိုင်သောဝိညာဉ်ဖြစ်ပြီး ကွန်ဖြူးရှပ်တာအိုသည် နှိမ့်ချမှုရှိပြီး ကြင်နာတတ်သည်။
လောကသည် ဓားတစ်လက်ကဲ့သို့ ကြမ်းတမ်းပြီး ပြတ်သားသည့်အပြင် မယိုင်လဲနိုင်ပေ။
ကျောင်းတော်သားတစ်ယောက်သည် ကြင်နာတတ်ပြီး သဘောထားကြီးမြတ်သည့်အပြင် နှိမ့်ချမှုရှိသည်။
ထိုအရာသည် ဟန်မူယဲ့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ဖြစ်သည်။
ချက်ချင်းဆိုသလိုပဲ ဟန်မူယဲ့၏အငွေ့အသက်က ရုတ်တရက်ပြောင်းလဲသွားသည်။
ထက်မြိသောဓားဆန္ဒသည် နှလုံးသားထဲတွင် ပုန်းအောင်းနေပြီး သူက နှိမ့်ချတတ်သော ကျောင်းတော်သားအငွေ့အသက်ကို ထုတ်လွှတ်နေသည်။
သူက ကျောက်စိမ်းနှင့်တူသော်လည်း နှလုံးသားသည် ဓားတစ်လက်သဖွယ်ဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် ခိုင်မာမှုရှိပြီး ရှေ့ဆက်သွားရန်ဖြစ်သည်။
ထိုအရာသည် လောက၏လမ်းစဉ်ဖြစ်သည်။
ကျင့်ကြံခြင်း၊ ဘဝ၊ အရာအားလုံးသည် မဟာတာအိုဖြစ်သည်။
“မဟာတာအိုကို အခြေခံအုတ်မြစ်အနေနဲ့ အသုံးပြုထားတဲ့အတွက် ဒီကျင့်ကြံခြင်းနည်းစနစ်ကို အံ့ဖွယ်အနှစ်သာရ တာအိုနည်းစနစ်လို့ ခေါ်မယ်” ဟန်မူယဲ့က ရေရွတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်တွင် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
ယခုအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက တစ်ခုခုကို အာရုံခံမိပုံပေါ်သည်။ မဟာတာအိုသည် တုန်ခါသွားသောကြောင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများက နားမလည်နိုင်စွာ မော့ကြည့်မိသည်။
‘ကျွမ်းကျင်သူတစ်ယောက် ဆင်းသက်လာတာလား။ ဒါမှမဟုတ် ပြင်ပဘုံကျွမ်းကျင်သူကြီးတစ်ယောက် တိုက်ခိုက်လာတာလား’
အမတ်ချုပ်ကြီးဝမ်၏လက်ထဲတွင်ရှိသော စုတ်တံက တုန်ခါသွားပြီး တစက်စက်ကျနေသောမင်ရည်စက်များကို သတိမထားမိခဲ့ပေ။
“နောက်ဆုံးမှာတော့ ငါတို့က အနောက်ဘက်နယ်စပ်ကုန်းမြေကို မထိန်းချုပ်နိုင်ခဲ့ဘူးပဲ ....”
အမတ်ချုပ်ကြီးဝမ်က ခေါင်းမော့ကြည့်သည်။ သူ့မျက်လုံးထဲတွင် မလိုလားခြင်းနှင့် ကျေနပ်ဝမ်းမြောက်ခြင်းများ ပေါ်လာသည်။
“ငါနဲ့အတူ အဖော်ပြုပေးမယ့် တာအိုရောင်းရင်းတစ်ယောက်ရှိနေတာ ရှားပါးတယ် ....”
ဟန်မူယဲ့က တစ်လကြာသည်အထိ ကျင့်ကြံရာမှ ထွက်မလာခဲ့ပေ။
စပါးစိမ်းတောင်ကုန်း၏ ဝိညာဉ်ဆေးပင်များကို လက်ခံပြီးသောအခါတွင် ဟန်မူယဲ့က ဆေးလုံးသန့်စင်ရန်အတွက် တံခါးပိတ်ကျင့်ကြံလိုက်ပြန်သည်။ ဝိညာဉ်အမြစ်ကို ပြန်လည်တည်ဆောက်နိုင်သော တိမ်မြူရွှေကြာစေ့များကို မီးပြင်းဖိုထဲသို့ထည့်လိုက်ပြီး ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံး သုံးစုံစာ သန့်စင်ခဲ့သည်။
သူက တုံ့ဆိုင်းမနေဘဲ ကိုးနဝင်းတိမ်မြူရွှေကြာစေ့ဆေးလုံးခြောက်လုံးကို စားသုံးလိုက်ပြီး အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်ကို ပြန်လည်ပြုပြင်လိုက်သည်။
သူက ပျက်စီးခြင်းမရှိဘဲ ပြန်လည်တည်ဆောက်ခြင်းမရှိနိုင်သောအရာကို ခံစားမိသည်။
ပြန်လည်ကောင်းမွန်လာသောဝိညာဉ်အမြစ်သည် ယခင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာလာပုံပေါ်သည်။
ချီစွမ်းအင်ကို စုစည်းလိုက်သောအခါတွင် ပိုမိုလျင်မြန်လာပြီး သန့်စင်ခြင်းဖြစ်စဉ်ကလည်း ပိုမိုလွယ်ကူလာသည်။
လဝက်အကြာတွင် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်။
ယခုအချိန်တွင် သူ့ကျင့်ကြံခြင်းက ကမ္ဘာမြေအဆင့်သို့ ပြန်ရောက်နေသည်။
ဝိညာဉ်နိုးထခြင်း ပဥ္စမအဆင့်
အင်မော်တယ်အဆင့် ဝိညာဉ်အမြစ်
သူ့စိတ်နယ်ပယ်ထဲတွင် ရွှေအလင်းတောက်ပနေသော ဝိညာဉ်လိပ်ပြာဓားရှိသည်။ ဓားသည် တစ်လက်တည်းအဖြစ်စုစည်းနိုင်သလို ဓားဆယ့်ရှစ်လက်အဖြစ်လည်း ခွဲထွက်နိုင်သည်။
ဝိညာဉ်လိပ်ပြာဓားသည် သမာဓိစွမ်းအားဖြင့် ပေါင်းစပ်နေသည်။ ဓားကို အသုံးပြုလိုက်လျှင် မိစ္ဆာနှင့်တစ္ဆေများကို တိုက်ရိုက်ခုတ်ဖြတ်နိုင်သည်။ ထိုအရာသည် လောကတွင်ရှိသော တက်ကြွမှုအရှိဆုံးနှင့် အမှန်ကန်ဆုံး ဝိညာဉ်နည်းစနစ်ဖြစ်သည်။
ဟန်မူယဲ့၏ ချီပင်လယ်တွင် ဧရာမဓားကြီးတစ်လက် ရှိနေသည်။
ထိုဓားသည် ခရမ်းရောင်သန်းနေပြီး ချီစွမ်းအင်အလင်းများဖြင့် တောက်ပနေသည်။
ထိုဓားများကို ပေါင်းစပ်လိုက်သောအခါတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို သတ်ဖြတ်နိုင်သည်။
ထိုဓားသည် ကမ္ဘာမြေအဆင့်ကို လွှမ်းမိုးနိုင်သော ဓားဆန္ဒ၁၀၈ခုအဖြစ် ပြောင်းလဲနိုင်သည်။
ထိုဓားဆီမှ လူသားဆန္ဒစွမ်းအားများ ပေါ်ထွက်နေသည်။ ထိုဓားသည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများဖြင့် ဆက်သွယ်နေပြီး စိတ်နယ်ပယ်ထဲတွင်ရှိသော သမာဓိစွမ်းအားကို အသက်သွင်းနိုင်သည်။ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်သည် ထိုဓားရှေ့တွင် ခေါင်းမော့ရဲမည်မဟုတ်ပေ။
နှိုင်းယှဉ်ကြည့်လိုက်လျှင် ဟန်မူယဲ့၏ရုပ်ခန္ဓာကျင့်ကြံခြင်းနှင့် ဒန်ထျန်အတွင်းရှိ ချီစွမ်းအင်များသည် အားအနည်းဆုံးဖြစ်သည်။
ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်သို့ရောက်နေသော ရုပ်ခန္ဓာကျင့်ကြံခြင်းနှင့် ချီစွမ်းအင်ကျင့်ကြံခြင်းသည် သူ့တိုက်ခိုက်နိုင်စွမ်းကို တိုးမလာစေနိုင်ပေ။
“စီနီယာအစ်ကိုဟန်၊ မူမိသားစုရဲ့ နတ်မိမယ်မူဝမ်၊ ခြောက်ယောက်မြောက်မရီးနဲ့ သခင်မလေးကျစ်ဟူတို့ အလည်လာပါတယ်”
ဟန်မူယဲ့က အောက်ထပ်သို့ဆင်းသွားသောအခါတွင် လျှိုဟုန်က သတင်းပေးလိုက်သည်။
သူက တီးတိုးပြောသည်။ “ဒီမှာ ဆိုင်ရှင်ပိုင်လည်းရောက်နေတယ်။ စပါးစိမ်းတောင်ကုန်းရဲ့ မိစ္ဆာမလေးထန်ထန်နဲ့ လေ့ကျင့်ရေးမှူးလင်းရဲ့ညီမလည်း ရှိတယ်”
ထိုသို့ဖြင့် သူက ဟန်မူယဲ့ကို အကြည့်တစ်ချက်ပေးသည်။ “စီနီယာအစ်ကိုဟန်၊ ပြန်ပြီးကျင့်ကြံနေလိုက်ပါ့လား”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး အဝတ်များကိုဆွဲဆန့်သည်။ ထို့နောက် ဓားစံအိမ်အပြင်ဘက်သို့ ထွက်သွားသည်။
လေသည် တရှဲရှဲမြည်အောင်တိုက်ခတ်ပြီး ရေများအေးစက်နေသည်။
ဟွမ်လောင်လျှို၏သမီးသည် ဟွမ်လောင်လျှိုနှင့် ပိုတူသည်။ သူမသည် အနည်းငယ်ဝပြီး ချစ်စရာကောင်းသည်။
သူမတွင် ချိုသာသောပါးစပ်လေးလည်း ရှိသည်။
ကျင်းယန်မြို့သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဂုဏ်ပြုပွဲအတွက် ရောက်လာသည်။ ထို့ကြောင့် လုချန်းဖျင်က ဟန်မူယဲ့နှင့်တွေ့နိုင်ရန်အတွက် ဟွမ်ကျစ်ဟူကို တစ်ခါတည်းခေါ်လာခဲ့သည်။
လတ်တစ်လောတွင် ဟန်မူယဲ့၏ ဝိညာဉ်အမြစ်နှင့် ကျင့်ကြံခြင်းပျက်စီးသွားခဲ့ပြီး ပြန်လည်မကျင့်ကြံနိုင်တော့ကြောင်း ကောလဟာလများ ပေါ်ထွက်နေသည်။
သို့သော် အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် တခြားကောလဟာလများ ရှိနေသည်။
အကြီးအကဲထို့ပါ့ချန်သည် သွေးထွက်သွားအောင် အရိုက်ခံရသောအချိန်တိုင်းတွင် ပိုမိုသန်မာလာသည်။
ယခုအချိန်တွင် သူက ကောင်းကင်ဘုံအဆင့်သို့ ရောက်သွားပြီး ဂိုဏ်းချုပ်ဖြစ်လာတော့မည်။
ဓားစံအိမ်၏အကြီးအကဲဟန်သည် ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံခြင်းပျက်စီးခဲ့ခြင်းမဟုတ်ပေ။ သူက သေချာပေါက် ပြန်လည်ကျင့်ကြံနိုင်လိမ့်မည်။
ထိုသို့ဖြင့် ဓားအင်မော်တယ်နာမည်ကို ရလာခြင်းဖြစ်သည်။
ဓားအင်မော်တယ်ဂုဏ်ပုဒ်သည် သာမန်လူသားတစ်ယောက်အဖြစ် ရိုက်ချခံလိုက်ရပြီး ပြန်လည်မြင့်တက်လာခြင်းကို ဆိုလိုကြောင်း ဟန်မူယဲ့က မသိခဲ့ပေ။
မူဝမ်နှင့် တခြားလူများသည် ဧည့်သည်များကို နေရာချထားပေးသော အပြင်းစည်းခြံဝိုင်းတွင် ပန်းရောင်ဝတ်စုံနှင့်ကလေးမလေးတစ်ယောက်ကို ဝိုင်းရံထားသည်။
“နင်တို့က ကျစ်ဟူလိုမျိုးကလေးကို နှစ်သက်ရင် တစ်ယောက်လောက်မွေးလိုက်လေ” ဟန်မူယဲ့က ခြံဝိုင်းအတွင်းသို့ ဝင်လာသောအခါတွင် လုချန်းဖျင်၏အသံကို ကြားလိုက်ရသည်။
ဟန်မူယဲ့က ကျင့်ကြံရာမှထွက်လာသောကြောင့် မူဝမ်၊ လုချန်းဖျင်နှင့် တခြားလူများက ပျော်ရွှင်နေကြသည်။
“စီနီယာအစ်ကိုဟန်က သီးသန့်ကျင့်ကြံနေတာကနေ ထွက်မလာခဲ့ရင် ကျွန်မတို့စုကျန်းဈေးဆိုင်ကို ပိတ်ရတော့မယ်” ပိုင်စုကျန်းက မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့ကိုကြည့်၍ အပြုံးတစ်ခုနှင့်အတူ လျှောက်လာသည်။
ကျန်လူများက ပိုပြီးထိန်းသိမ်းမှုရှိသည်။ သူတို့က ခေါင်းညိတ်ပြီး ပြုံးပြသည်။ သို့မဟုတ် စီနီယာအစ်ကိုဟန်ဟု နှုတ်ဆက်သည်။
လုချန်းဖျင်က ကလေးမလေး၏လက်ကိုဆွဲပြီး လျှောက်လာခဲ့သည်။ ထို့နောက် သူမက ခေါင်းငုံ့လိုက်ပြီး ပြောသည်။ “ကျစ်ဟူ၊ မွေးစားအဖေကို မြန်မြန်လေးအရိုအသေပေးလိုက်”
ကလေးမလေးက မြေပြင်ပေါ်တွင် ချက်ချင်းဒူးထောက်ပြီး အရိုအသေပေးသည်။
ဟန်မူယဲ့က ထိတ်လန့်သွားခဲ့သည်။
ပတ်ဝန်းကျင်တွင်ရှိသော အမျိုးသမီးကျင့်ကြံသူများက ပွဲကျသွားသည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူ၏လက်ကို ကိုင်လိုက်ပြီး စပါးစိမ်းတောင်ကုန်းမှရလာသော ဝိညာဉ်သစ်သီးအချို့ကို ထည့်ပေးလိုက်သည်။
ကလေးမလေးသည် စိတ်ကျေနပ်ရန်လွယ်ကူသည်။ သူမက ဝိညာဉ်သစ်သီးများကိုယူသွားပြီး ကစားနေခဲ့သည်။
မူဝမ်နှင့်တခြားမိန်းကလေးများ စုစည်းနေခြင်းသည် တိုက်ဆိုင်မှုသက်သက်သာဖြစ်သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဆက်ခံပွဲသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အခမ်းနားဆုံးပွဲဖြစ်လိမ့်မည်။
မူဝမ်၊ ပိုင်စုကျန်းနှင့် လင်းယွီရှတို့သည် အံ့ဖွယ်ကိုးပါးတောင်နှင့် ဆက်သွယ်နေသည်။ သူတို့၏ဂိုဏ်းများက အံ့ဖွယ်ကိုးပါးတောင်သို့ ဂုဏ်ပြုပွဲတက်ရန် ရောက်လာသောအခါတွင် သူတို့ကို အရင်ဆုံးခေါ်လိမ့်မည်။
မူဝမ်ရှိနေသောကြောင့် လင်ဟွားစံအိမ်သည် အံ့ဖွယ်ကိုးပါးတောင်သို့လာပြီး ဆေးခန်းဆောင်၏ကျင့်ကြံသူများနှင့် ဆက်သွယ်နိုင်သည်။ သူတို့က ခြံဝိုင်းတစ်ခုကိုတောင် ရနိုင်ခဲ့သည်။
ပိုင်စုကျန်းနှင့် ရှန့်ယန်မိစ္ဆာဂိုဏ်း၏လူများသည် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းမှဖြစ်သည်။ ထို့ကြောင့် သူတို့ကို လေးနက်စွာဆက်ဆံရမည်။
လင်းယွီရှ၏ဂိုဏ်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လက်အောက်ခံဂိုဏ်းဖြစ်သည်။ သူမအတွက် တောင်ပေါ်တွင် နေစရာမရှိပေ။ ထို့ကြောင့် လင်းရှန်ကိုရှာပြီး အကူအညီတောင်းခဲ့သည်။
လက်ရှိအချိန်တွင် လေ့ကျင့်ရေးမှူးလင်းသည် အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် အတော်လေးနာမည်ကြီးသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူကတောင် တောင်နှင့်မြစ်ကို ဓားတစ်ချက်ဖြင့် မိုင်သုံးရာဖြတ်တောက်နိုင်မည်မဟုတ်ပေ။
လင်းရှန်က ဓားစံအိမ်တွင်မနေဘဲ အံ့ဖွယ်ကိုးပါးတောင်၏ တခြားနေရာတွင် ရှိနေမည်ဆိုလျှင် အနည်းဆုံး ဂိုဏ်းခွဲမှူးတစ်ယောက် ဖြစ်နေလိမ့်မည်။
ဓားစစ်ပွဲခန်းဆောင်၏လူများသည် မကြာခဏရောက်လာခဲ့သည်။
အမျိုးသမီးကျင့်ကြံသူများအားလုံးက ဟန်မူယဲ့၏ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ မေးမြန်းခဲ့သည်။
ဟန်မူယဲ့က သေချာရှင်းမပြခဲ့ပေ။ ပြန်လည်ကျင့်ကြံရန် အခွင့်အရေးရှိသည်ဟု သူပြောခဲ့သည်။
သူက ခြံဝိုင်းထဲတွင် အချိန်ကြာအောင်မနေခဲ့ပေ။ သူက သက်တောင့်သက်သာရှိသည်ဟု မခံစားရပေ။
သူထွက်မသွားခင် လုချန်းဖျင်က ရုတ်တရက်ပြောသည်။ “စီနီယာအစ်ကိုဟန်၊ ကျစ်ဟူကို ဓားစံအိမ်မှာ နေခွင့်ပေးလိုက်ပါ”
ဟန်မူယဲ့က ကြောင်အသွားပြီး သူမကိုလှည့်ကြည့်သည်။
“ဟွမ်လောင်လျှိုနဲ့ စီနီယာအစ်ကိုဟန်တို့က ဓားစံအိမ်ကပဲလေ။ ကျစ်ဟူက ဓားစံအိမ်မှာ ကြီးပြင်းလာသင့်တယ်” လုချန်းဖျင်က ကျစ်ဟူ၏လက်ကို ကိုင်ထားပြီး မတ်တပ်ရပ်လာသည်။
“ကျစ်ဟူ၊ နင့်အဖေနဲ့ မွေးစားအဖေလိုမျိုး သူရဲကောင်းတစ်ယောက် ဖြစ်လာချင်လား”
လုချန်းဖျင်၏မေးခွန်းကို ကြားလိုက်ရသောအခါတွင် ဝိညာဉ်သစ်သီးအားကိုင်ထားသော ဟွမ်ကျစ်ဟူက လေးနက်စွာခေါင်းညိတ်သည်။
“အမေ၊ သူရဲကောင်းတွေက နေ့တိုင်း သစ်သီးစားရတယ်မဟုတ်လား”