အခန်း (၃၇၂)
Vol. 27 Ch. 372
ဟွမ်ကျစ်ဟူက ချစ်မွေးပါသည်။ သူမက အမျိုးသမီးကျင့်ကြံသူများကို အဒေါ်ဟုခေါ်ပြီး အမျိုးသားကျင့်ကြံသူများကို ဦးလေးဟု ခေါ်ခဲ့သည်။ ပိုအသက်ကြီးသောလူများကို အဘိုးဟုခေါ်သည်။
သူမက အစိမ်းရောင်သန်းနေသော သစ်သီးများကိုမလိုချင်သလို မတောက်ပသော ဝိညာဉ်ကျောက်တုံးများကိုလည်း မလိုချင်ခဲ့ပေ။
ဟန်မူယဲ့က လက်ဆောင်ပစ္စည်းများကို အိတ်လေးတစ်လုံးထဲသို့ ထည့်ပေးခဲ့သည်။
ထို့နောက် ညနေတွင် သူက ဟွမ်ကျစ်ဟူကို ခြံဝိုင်းထဲသို့ ပြန်ပို့ပေးခဲ့သည်။ မူဝမ်၊ ပိုင်စုကျန်းနှင့် တခြားလူများက ဟွမ်ကျစ်ဟူ၏လက်ဆောင်များကို ရေတွက်ပေးခဲ့သည်။
“ဝိညာဉ်လက်နက်တစ်ခု ပေးလိုက်တဲ့အထိ ရက်ရောတဲ့လူက ဘယ်သူများလဲ။ မနက်ဖြန်ကျရင် ကျွန်မလည်း လျှောက်သွားရမယ်” ပိုင်စုကျန်းက အပြုံးတစ်ခုနှင့်အတူပြောလိုက်ပြီး တစ်ပေရှည်သောဓားတစ်လက်ကို ကိုင်ထားသည်။
“ဒါက ကျောက်စိမ်းအလှဆေးလုံးမဟုတ်လား။ ပစ္စည်းကောင်းပဲ” မူဝမ်က မျက်လုံးပြူးသွားပြီး လက်ဆောင်ပစ္စည်းပုံထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးကို ဆွဲထုတ်သည်။
ထန်ထန်က ဟွမ်ကျစ်ဟူအတွက် ချိုမြိန်သောသစ်သီးများကို ရွေးပေးနေသည်။
လင်းယွီရှနှင့် လုချန်းဖျင်တို့က လက်တွေ့ကျသည်။ သူတို့က ဝိညာဉ်ကျောက်တုံးများကို ရေတွက်ပြီး လက်ဆောင်ပေးခဲ့သောလူများကို စာရင်းလုပ်နေသည်။
“လွင့်မျောနေမင်းဂိုဏ်းရဲ့ တာအိုတန်ခိုးရှင်ဝူယုက ကျစ်ဟူသကြားလုံးဝယ်စားဖို့ဆိုပြီး အဆင့်မြင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးသုံးတုံး ပေးခဲ့တယ်”
“ပိုင်စန်းတာအိုဂိုဏ်းရဲ့ အကြီးအကဲကောင်းမူဖန်က ဝိညာဉ်တစ်ဝက်အဆင့်လက်နက်ဖြစ်တဲ့ ကျောက်စိမ်းဝိညာဉ်ဆေဘာဓားကို ပေးခဲ့တယ်”
....
ဟန်မူယဲ့က ခြံဝိုင်းထဲမှထွက်လာသောအခါတွင် မူဝမ်က နောက်မှလိုက်လာသည်။
“အစ်ကိုဟန်၊ ဒါတွေက ကျွန်မ အခုတစ်လောရှာတွေ့ထားတဲ့ ဝိညာဉ်သွေးကြောနဲ့ ဝိညာဉ်အမြစ်ကို ပြုပြင်နိုင်မယ့် ဆေးညွှန်းတွေပါ။ ကြည့်လိုက်ပါအုံး”
“ပြီးတော့ ဒီမှာ ထိပ်တန်းအဆင့်ဆေးလုံးတွေလည်း ရှိသေးတယ်”
ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မူဝမ်က နှုတ်ခမ်းကိုက်ထားသည်။ “အစ်ကိုဟန်က ဒါတွေမလိုလောက်ဘူးဆိုတာကို ကျွန်မသိပါတယ်။ ဒါပေမဲ့ အစ်ကိုဟန်ကို နည်းနည်းလောက်ကူညီနိုင်မယ်ဆိုရင် ပိုကောင်းမယ်ထင်လို့ပါ”
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး သူမ၏ဆံပင်ကို ပွတ်သပ်ပေးသည်။ ထို့နောက် သူက ကျောက်စိမ်းပေလွှာနှင့် အိတ်အသေးကို ယူလိုက်သည်။
သူက ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး ရပ်တန့်သည်။ သူက နောက်သို့ ပြန်လှည့်လာပြီး ပြောလိုက်သည်။ “ရက်အနည်းငယ်ကြာရင် လက်ရွေးစင်တပည့်တွေက လျှို့ဝှက်နယ်မြေကို သွားကြလိမ့်မယ်။ မင်းတို့လည်း သွားသင့်တယ်”
“ကျွန်မက ဘယ်လိုတိုက်ခိုက်ရမလဲမသိဘူး။ ဆေးပဲဖော်တတ်တာ ....” မူဝမ်က ခေါင်းငုံ့ထားသည်။
“အဆင်ပြေပါတယ်။ ငါလည်းသွားမှာ” ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ပြောသည်။
ဟန်မူယဲ့လည်း သွားမည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါတွင် မူဝမ်က မျက်လုံးများတောက်ပသွားပြီး ခေါင်းညိတ်သည်။
မူဝမ်က ခြံဝိုင်းလေးထဲသို့ ပြန်လာသောအခါတွင် တခြားလူများ လူစုခွဲသွားပြီဖြစ်သည်။ လုချန်းဖျင်တစ်ယောက်တည်းကပဲ ကျောက်တုံးစားပွဲပေါ်တွင်ရှိသောအရာများကို သိမ်းဆည်း၍ နေရာမှတင် ထိုင်နေခဲ့သည်။
“ညီမမူဝမ်၊ စီနီယာအစ်ကိုဟန်က တာအိုလက်တွဲဖော်မရှိသေးဘူး” လုချန်းဖျင်က ပြုံးသည်။
မူဝမ်၏မျက်နှာက နီရဲသွားပြီးရှင်းပြတော့မည့်အချိန်တွင် လုချန်းဖျင်၏ တီးတိုးစကားသံကို ကြားလိုက်ရသည်။ “ဆိုင်ရှင်ပိုင်က ရှန့်ယန်မိစ္ဆာဂိုဏ်းချုပ်ရဲ့ သမီးပဲ။ သူမရဲ့နောက်ခံက ထူးခြားတယ်။ တကယ်လို့ သူမက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့မယ်ဆိုရင် အံ့အားသင့်စရာကောင်းလိမ့်မယ်”
“မိစ္ဆာမလေးထန်ထန်ရဲ့နောက်ကွယ်မှာ ကောင်းကင်ဘုံအဆင့်မဟာမိစ္ဆာရှိတယ်။ စပါးစိမ်းတောင်ကုန်းရဲ့ မရေမတွက်နိုင်လောက်တဲ့ ဝိညာဉ်ဆေးပင်တွေကိုလည်း လက်ဖွဲ့အဖြစ် ရနိုင်သေးတယ်။ သူတို့ရဲ့ကြွယ်ဝမှုက တကယ့်ကိုမနည်းဘူး”
“လင်းမိသားစုရဲ့ညီမလေးက နောက်ခံကောင်းမရှိပေမဲ့ လေ့ကျင့်ရေးမှူးလင်းရဲ့ညီမဖြစ်နေတယ်။ သူမက စီနီယာအစ်ကိုဟန်နဲ့ နီးစပ်တယ်”
လုချန်းဖျင်၏စကားများကို ကြားလိုက်ရသောအခါတွင် မူဝမ်၏မျက်နှာက ဖြူဖျော့သွားသည်။
“ငါထန်ထန့်ဆီကကြားခဲ့တယ်။ စီနီယာအစ်ကိုဟန်က အလယ်ပိုင်းကုန်းမြေကိုသွားပြီး ကျင်းချွမ်မြို့ရဲ့ နံပတ်တစ်အလှလေးနဲ့ တစ်ညတာကုန်ဆုံးခဲ့တယ်တဲ့”
လုချန်းဖျင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
မူဝမ်၏မျက်လုံးများ တောက်ပသွားသည်။
“ငတုံးမလေး၊ စီနီယာအစ်ကိုဟန်က မဟာမိတ်နဲ့ကြွယ်ဝမှုတွေကို လိုအပ်နေတယ်ထင်လို့လား” လုချန်းဖျင်က မတ်တပ်ရပ်လိုက်ပြီး တခစ်ခစ်ရယ်လျက် မူဝမ်ကိုဖက်သည်။
မူဝမ်က သူမကိုကြည့်သည်။
“အဲ့ဒီလူရဲ့ကံကြမ္မာက မှော်အဆန်ဆုံးပဲ” လုချန်းဖျင်က မူဝမ်၏ပခုံးကိုဖက်ထားပြီး ကောင်းကင်ကိုမော့ကြည့်သည်။
“ငါက ဟွမ်လောင်လျှို့ကို သနားတာပဲရှိခဲ့တယ်။ တခြားအတွေးတွေ မရှိခဲ့ဘူး”
”ငါ့အပေါ်မှာထားတဲ့ သူ့ခံစားချက်တွေကို ငါသတိထားမိခဲ့ပေမဲ့ ငါတို့က တာအိုလက်တွဲဖော်တွေဖြစ်လာလိမ့်မယ်လို့ တွေးမထားခဲ့ဘူး”
လုချန်းဖျင်၏မျက်နှာက မည်းမှောင်နေပြီး လမင်းကိုမော့ကြည့်သည်။
“အခုအချိန်မှာ ငါက ကျင်းယန်မြို့ရဲ့ ကြွယ်ဝမှုနဲ့ခွန်အားကို ဂရုမစိုက်တော့ဘူး။ အစ်ကိုခြောက် ဟွမ်လောင်လျှိုပြန်လာပြီး ငါတို့မိသားစုသုံးယောက် အတူတူရှိနိုင်ဖို့ပဲ မျှော်လင့်တယ်”
သူမက မူဝမ်ကိုကြည့်ပြီး တီးတိုးပြောသည်။ “အရာအားလုံးက အလိုလိုဖြစ်သွားမှာပါ”
“ငါတို့အားလုံးက ကျင့်ကြံသူတွေပဲ။ ငါတို့က အကြာကြီးရှေ့ဆက်လျှောက်ရဦးမယ်”
မူဝမ်က ခေါင်းညိတ်လိုက်ပြီး လုချန်းဖျင်၏လက်ကောက်ဝတ်ကို ညင်သာစွာဆုပ်ကိုင်သည်။
“အစ်မ၊ အစ်ကိုဟွမ်လောင်လျှိုက သေချာပေါက်ပြန်လာမှာပါ”
လုချန်းဖျင်က ခေါင်းညိတ်လိုက်ပြီး ပြုံးသည်။ “သူပြန်မလာဘဲနေရဲရင် သူ့ကိုရှာဖို့ ကျစ်ဟူကိုလွှတ်လိုက်မယ်”
“စီနီယာအစ်ကိုဟန်ရဲ့သင်ကြားမှုနဲ့ဆိုရင် အနာဂတ်မှာ ကျစ်ဟူရဲ့ကျင့်ကြံခြင်းက သေချာပေါက်အားကောင်းလာလိမ့်မယ်”
....
ဓားစံအိမ်ရှေ့တွင်ရှိသော ကျောက်တုံးပြာရင်ပြင်တွင် ဟန်မူယဲ့က အစိမ်းရောင်ဝတ်စုံကိုဝတ်ထားပြီး လှေကားထစ်ပေါ်တွင်ရပ်နေသည်။
သူ့နောက်တွင် ယန်မင်ရွှမ်၊ လျှိုဟုန်နှင့် ကျန်းမင်တို့က လေးနက်စွာရပ်နေသည်။
အောက်တွင် ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တပည့်များသည် ဦးညွှတ်ထားပြီး တိတ်ဆိတ်စွာရပ်နေသည်။၊
“အားလုံးပဲ၊ ငါတို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းဖြစ်နေတဲ့အတွက် ကိုယ်ပိုင်ဟန်တော့ ရှိရမှာပေါ့”
“ဒီနေ့မှာ ငါတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေကို ဝေမျှပေးမယ်”
“လျှို့ဝှက်နယ်မြေမှာ မင်းတို့ရလာတဲ့ပစ္စည်းတိုင်းက မင်းတို့နဲ့ပဲ သက်ဆိုင်တယ်”
“မင်းတို့ကြားမှာ ထူးချွန်လာတဲ့လူတွေကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဆုချလိမ့်မယ်”
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်။
“ဝီ”
ရွှေရောင်အလင်းတန်းတစ်ခုသည် အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ အလင်းလွှာက မြင့်တက်လာပြီး ပေတစ်ရာရှည်သောတံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွားသည်။
လေဟာနယ်စွမ်းအား
စောင့်ကြည့်နေသော ဂိုဏ်းအသီးသီးမှကျွမ်းကျင်သူများသည် ဟန်မူယဲ့ကို အံ့အားသင့်စွာကြည့်သည်။
အင်မော်တယ်ဟန်က ကျင့်ကြံဆင့် ပြန်မရသေးပုံပေါ်သော်လည်း သူ့လေဟာနယ်စွမ်းအားသည် အထင်ကြီးစရာကောင်းသည်။၊
သူက ရုပ်ခန္ဓာကျင့်ကြံသည့်အပြင် ကွန်ဖြူးရှပ်တာအိုကိုလည်း လေ့လာခဲ့သည်ဟု ပြောကြသည်။
လူတစ်ယောက်၏လောဘသည် အဆုံးမရှိဟုပြောကြသည်။ သို့သော် အင်မော်တယ်ဟန်ဆီသို့ ရောက်လာသောအခါတွင် ထိုအကြောင်းအရာများသည် အဓိပ္ပာယ်မရှိတော့ပေ။
လက်ရွေးစင်တပည့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သွမ့်ရီဟုန်နှင့် တခြားလူများက တည်နေရာရွှေ့ပြောင်းခြင်းဂိတ်တံခါးထဲသို့ ဝင်သွားခဲ့သည်။
သူတို့ ပြန်ပေါ်လာသောအခါတွင် ပူလောင်နေသော မူလမီးတောက်ကမ္ဘာထဲသို့ ရောက်နေသည်။
“အားလုံးပဲ၊ ငါတို့က တိမ်တိုက်ကောင်းကင်ကမ္ဘာရဲ့ကျင့်ကြံသူတွေကို ဝိုင်းထားတယ်။ မင်းတို့က အချိန်ကိုက်ရောက်လာတာပဲ”
သူတို့က မူလမီးတောက်ကမ္ဘာထဲသို့ ရောက်သွားသောအခါတွင် အသံတစ်သံကြားလိုက်ရသည်။
ဓားနှစ်လက်ကိုင်ထားသောဟယ်ရွှမ်ချီက အော်ဟစ်လိုက်ပြီး ပျံသန်းသွားသည်။
‘တိမ်တိုက်ကောင်းကင်ကမ္ဘာရဲ့ ကျင့်ကြံသူတွေ’
‘တိမ်တိုက်ကောင်းကင်ကမ္ဘာက ဘယ်မှာလဲ’
‘ဒီလျှို့ဝှက်နယ်မြေက ဘယ်လိုမျိုးလဲ’
“ဘုန်း”
ရှေ့တွင် ပေါက်ကွဲသံကိုကြားရသည်။
သွမ်ရီဟုန်နှင့် တခြားလူများက နောက်မှ လျင်မြန်စွာလိုက်သွားပြီး တိုက်ပွဲတွင် ပါဝင်လိုက်သည်။
တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျွမ်းကျင်သူများသည် အလွန်သန်မာသည်။ ထိုကျွမ်းကျင်သူများနှင့်တိုက်ခိုက်လျှင် သေခြင်းရှင်ခြင်းကြားတွင် လျှောက်လှမ်းနေရသည်။
ရာချီသော တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျွမ်းကျင်သူများ ဝိုင်းရံသတ်ဖြတ်ခံလိုက်ရသည်။
တိုက်ပွဲပြီးသွားသောအခါတွင် လူအများစု၏နောက်ကျောတွင် ချွေးများရွှဲနေသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လက်ရွေးစင်တပည့်များသည် အသားကျနေပုံပေါ်သည်။
သွမ့်ရီဟုန်နှင့် တခြားတပည့်များက ထိတ်လန့်သွားကြသည်။
ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ လက်ရွေးစင်တပည့်များနှင့်တိုက်ခိုက်ခဲ့လျှင် ဆုံးရှုံးမှုကြီးမားလိမ့်မည်။
“မင်းတို့က ဒီလိုမျိုး တိုက်ခိုက်နေကျလား” ဖုန်းလင်ဓားဂိုဏ်း၏တုဖုန်းက တီးတိုးမေးသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဖုန်းလင်ဓားဂိုဏ်းသည် ဆက်ဆံရေးမကောင်းပေ။ သူတို့က ရန်သူများဖြစ်သည်။
တုဖုန်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည်လည်း တိုက်ခိုက်ခဲ့သည်။
“ဒီလိုမျိုးလား”
တုဖုန်း၏စကားကို ကြားရသောအခါတွင် ဟယ်ရွှမ်ချီက ပြုံးလိုက်ပြီး ပြောသည်။ “ဒါက ဘာမှမဟုတ်ဘူး”
သူက ကောင်းကင်ကိုမော့ကြည့်ပြီး ခပ်ဟဟရယ်သည်။ “ခေါင်းဆောင်က ကောင်းကင်ဂိတ်ဝမှာ စောင့်ကြပ်နေတုန်းပဲ။ သူတို့က ဝင်မလာနိုင်သေးဘူး”
“ဘုန်း”
သူပြောပြီးသွားသောအခါ ကောင်းကင်ထက်တွင် မီးနဂါးတစ်ကောင် ပေါက်ကွဲသွားသည်။
ကောင်းကင်ထက်တွင် မီးတိမ်တိုက်များဖြင့်ပြည့်နေပြီး တစ်လောကလုံးကို အလင်းပေးလိုက်သည်။
ခေါင်းဆောင်တောက်ရင်
ကောင်းကင်ထက်တွင် သောင်းကျန်းနေသောလူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ မီးမျိုးဆက်ခေါင်းဆောင်ဖြစ်သည်။
သူက နေမင်းရောင်ဝါနန်းတော်ဟောင်းတွင် ရှိနေခဲ့သည်ဟု ပြောကြသည်။ သို့သော် ဤလျှို့ဝှက်နယ်မြေတွင် ရှိနေခြင်းဖြစ်သည်။
ပေါက်ကွဲသွားသောမီးနဂါးကို မြင်လိုက်ရသောအခါတွင် လူတိုင်းက ပင့်သက်ရှိုက်မိသည်။
ထိုစွမ်းအားမျိုးသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ထက် ကျော်လွန်နေသည်။
‘ခေါင်းဆောင်တောက်ရင်က ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်သွားပြီလား’
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ နောက်တစ်ယောက်ရှိနေသည်။
“ကောင်စုတ်လေးတွေ အသင့်ပြင်ထား။ ငါက ကောင်စုတ်လေးတချို့ လွှတ်ပေးလိုက်မယ်”
ကောင်းကင်ထက်တွင် ခေါင်းဆောင်တောက်ရင်၏အသံ ပေါ်ထွက်လာသည်။
ထို့နောက် ကောင်းကင်သည် နှစ်ခြမ်းကွဲသွားပုံပေါ်သည်။ သဘာဝစွမ်းအင်အလင်းတစ်ခု ကျဆင်းလာပြီး ပြင်ပဘုံကျင့်ကြံသူများ ပြေးထွက်လာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် မူလမီးတောက်နယ်မြေကို လေ့ကျင့်ရေးကွင်းအဖြစ် သဘောထားခဲ့သည်။ တိမ်တိုက်ကောင်းကင်ကမ္ဘာသည်လည်း အတူတူပင်ဖြစ်သည်။
ခေါင်းဆောင်တောက်ရင်နှင့် တခြားလူများ၏ပြောစကားအရ မူလမီးတောက်ကမ္ဘာတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ သန်မာသောပြိုင်ဘက်များရှိနေသဖြင့် တိမ်တိုက်ကောင်းကင်ကမ္ဘာမှ ပုံရိပ်ယောင်တာအိုဂိုဏ်း၏ မူလမီးတောက်ကမ္ဘာအတွက်ဝင်ခွင့်သည် အဆပေါင်းများစွာ ဈေးတက်သွားခဲ့သည်။
သို့သော် ဝင်ခွင့်အတွက် တိုက်ခိုက်နေသောလူများ ပိုများလာသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် အသက်လုတိုက်ပွဲများသည် တပည့်များ၏တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်။ တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ကျင့်ကြံသူများအတွက်လည်း အတူတူပင်ဖြစ်သည်။
သူတို့က နားလည်မှုအချို့ရထားသည်။ ခေါင်းဆောင်တောက်ရင်က မကြာခဏဆိုသလိုပဲ ကောင်းကင်ဘုံဂိတ်တံခါးကိုဖွင့်၍ တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများကို ဝင်ခွင့်ပြုလိမ့်မည်။
ယခုအချိန်တွင် ကောင်းကင်ဘုံဂိတ်တံခါးပွင့်သွားပြီး တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ မရေမတွက်နိုင်လောက်သောကျင့်ကြံသူများ ဝင်ရောက်လာသောကြောင့် လက်ရွေးစင်တပည့်အများအပြားသည် အသင့်ဖြစ်မနေသော်လည်း ပျံတက်သွားခဲ့ရသည်။
ရုတ်တရက်ဆိုသလိုပဲ ဟိန်းဟောက်သံများပေါ်ထွက်လာပြီး ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ တောက်ပသွားသည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူ၏လက်ကို ကိုင်ထားပြီး ပေတစ်ရာရှည်လျားသော တောင်ပံဖြူတစ်စုံပေါ်တွင် ရပ်နေသည်။
သူတို့၏ဘေးတွင် ယန်မင်ရွှမ်နှင့် လျှိုဟုန်ရှိနေသည်။ ပိုင်စုကျန်း၊ မူဝမ်နှင့် တခြားလူများအားလုံးလည်း တောင်ပံဖြူပေါ်တွင် ရှိနေသည်။
ပိုင်စုကျန်းက အဆင်ပြေသည်။ သူမ၏ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလင်းတန်းများရှိနေသည်။ သူမတွင် ကာကွယ်ရေးရတနာများ အများအပြားရှိနေသည်။
လုချန်းဖျင်နှင့် လင်းယွီရှတို့၏ကျင့်ကြံဆင့်သည် သိပ်မမြင့်ပေ။ သူမတို့က ပြင်းထန်သောတိုက်ပွဲကိုကြည့်လိုက်ပြီး မျက်နှာထားလေးနက်နေသည်။
သူတို့နှင့်ယှဉ်လိုက်လျှင် မူဝမ်၏မျက်နှာသည် ဖြူဖျော့နေသည်။