အခန်း (၃၇၃)
Vol. 27 Ch. 373
သူမပြောခဲ့သည့်အတိုင်း သူမက ဆေးလုံးဖော်စပ်ရာတွင်ပဲ ကျွမ်းကျင်သည်။
ဟန်မူယဲ့က သူတို့ကို တိုက်ခိုက်ရန်အတွက် မူလမီးတောက်ကမ္ဘာသို့ ခေါ်လာခြင်းမဟုတ်ပေ။ သို့သော် သူတို့အတွက် စူးစမ်းလေ့လာပြီး ပိုမိုနားလည်နိုင်ရန် အခွင့်ကောင်းတစ်ခုဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အနေဖြင့် အသက်စွန့်၍မတိုက်ခိုက်ဘဲ မနေနိုင်ပေ။
ထိုသို့မဟုတ်လျှင် ကျင့်ကြံခြင်းလမ်းစဉ်တွင် အဝေးသို့ရောက်မည်မဟုတ်ပေ။
ကျင့်ကြံခြင်းသည် ယှဉ်ပြိုင်မှုတစ်ခုဖြစ်သည်။
ဟန်မူယဲ့က သူတို့ကို တိတ်ဆိတ်စွာလေ့လာကြည့်နေသည်။ ဟွမ်ကျစ်ဟူက ငယ်ရွယ်သော်လည်း ကြမ်းတမ်းလှသောတိုက်ပွဲကို ကြောက်ရွံ့နေပုံမပေါ်ပေ။ သူမက စပ်စုချင်ပုံပေါ်ပြီး မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုအချို့လည်း ရှိနေသည်။
ဟန်မူယဲ့က သူတို့ကို စောင့်ကြည့်နေစေခဲ့သည်။ တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ ကျင့်ကြံသူများ ဝိုင်းရံတိုက်ခိုက်မှုမှ လွတ်မြောက်လာလျှင် ယန်မင်ရွှမ်နှင့်လျှိုဟုန်က သတ်ဖြတ်လိမ့်မည်။
ယန်မင်ရွှမ်၏တိုက်ခိုက်မှုသည် ကြမ်းတမ်းသည်။ သူနှင့်ယှဉ်လိုက်လျှင် လျှိုဟုန်က လူသစ်လေးတစ်ယောက်သာဖြစ်သည်။
ယန်မင်ရွှမ်က မူလမီးတောက်ကမ္ဘာတွင် ၂နှစ်ကြာအောင် တိုက်ခိုက်ခဲ့သည်။ သူ့တိုက်ကွက်၏ ကြမ်းတမ်းမှုများကြောင့် တိမ်တိုက်ကောင်းကင်ကမ္ဘာ၏ကျင့်ကြံသူများက ထိတ်လန့်သွားခဲ့ရသည်။
တိုက်ပွဲပြီးသွားသောအခါတွင် ဟန်မူယဲ့က လက်ရွေးစင်တပည့်များကိုစုစည်းလိုက်ပြီး သူမြင်ခဲ့သည့်အတိုင်း လမ်းညွှန်ပေးခဲ့သည်။
ဟန်မူယဲ့က ဟွမ်ကျစ်ဟူ၏လက်ကို ကိုင်ထားသည်။ သူက ရှေ့တွင်ရှိသောလူကို မြင်လိုက်ရသောအခါတွင် တိုက်ပွဲမြင်ကွင်းကို ပြန်စဉ်းစားမိသည်။
“လောင်ကျွမ်းနေမင်းဓားဂိုဏ်းရဲ့ မူထျန်းယန်၊ မင်းတို့ဂိုဏ်းရဲ့ဓားနည်းစနစ်က မဆိုးဘူး။ ဒါပေမဲ့ မင်းက လေ့ကျင့်နေတဲ့အချိန်မှာ တွန့်ဆုတ်နေတယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး အဖြူရောင်ဝတ်စုံနှင့်လူငယ်၏ လက်ထဲတွင်ရှိသောဓားကို ယူလိုက်သည်။ ထို့နောက် အကြိမ်ရေအနည်းငယ် ဝှေ့ယမ်းသည်။
“ဒီဓားချက်ရဲ့နောက်ကနေ နေပြင်ညီခုတ်ချက်ပါလာရင် သတ်ဖြတ်နိုင်စွမ်းက အနည်းဆုံး ၃၀%တိုးသွားလိမ့်မယ်”
ဟန်မူယဲ့က ဓားကွက်အနည်းငယ်ပြပြီး ဓားထဲရှိမှတ်ဉာဏ်အချို့ကို စုစည်းခဲ့သည်။ ထို့နောက် တစ်ဖက်လူ၏ လေးစားပြီးကျေးဇူးတင်နေသောအကြည့်အောက်တွင် ဓားကို ပြန်ပေးခဲ့သည်။
မူထျန်းယန်က မတုံးအပေ။ သူက ဓားကိုလက်ခံပြီး ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို လျင်မြန်စွာထုတ်ပေးသည်။
ဟွမ်ကျစ်ဟူက တောက်ပနေသောဝိညာဉ်ကျောက်တုံးများကို မငြင်းပေ။
ဟန်မူယဲ့က ရယ်လိုက်ပြီး ဟွမ်ကျစ်ဟူ၏အိတ်ကပ်လေးထဲသို့ ဝိညာဉ်ကျောက်တုံးများ ကူထည့်ပေးလိုက်သည်။ ထို့နောက် သူက သူမကို တခြားနေရာသို့ ခေါ်သွားသည်။
“မွေးစားအဖေ၊ သူတိုက်ခိုက်တာ အရမ်းနှေးတာပဲ”
ဟွမ်ကျစ်ဟူ၏စကားများကြောင့် ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။ သူက ရယ်လိုက်ပြီး ပြောသည်။ “ကောင်မလေး၊ မင်းက ဓားထိန်းတစ်ယောက်ဖြစ်လာဖို့ မွေးလာတာပဲ”
ဟန်မူယဲ့က ဟွမ်ကျစ်ဟူနှင့်အတူ ဓားနည်းစနစ်များကို ညွှန်ပြပေးနေသည်။
လုချန်းဖျင်၊ မူဝမ်နှင့် တခြားမိန်းကလေးများက ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များကို ယူလာခဲ့သည်။
ခြောက်ယောက်မြောက်မရီး လုချန်းဖျင်၊ မူမိသားစု၏ ပါရမီရှင် မူဝမ်၊ ရှန့်ယန်မိစ္ဆာဂိုဏ်း၏ အကြီးဆုံးသမီး ပိုင်စုကျန်းက လက်ရွေးစင်တပည့်များကို နှစ်သိမ့်ပေးခဲ့သည်။ သူတို့၏နောက်ခံများကြောင့် လက်ရွေးစင်တပည့်များက သူတို့ကို လျစ်လျူမရှုရဲပေ။
တိုက်ပွဲဖြစ်နေသောအချိန်တွင် မူဝမ်က လက်ရွေးစင်တပည့်များကို မကြည့်ရဲခဲ့ပေ။ သို့သော် ယခုအချိန်တွင် ဒဏ်ရာများကို ပတ်တီးစည်းပေးခြင်း၊ နေရာမှာတင် ဆေးလုံးသန့်စင်ခြင်းတို့ကို တောက်ပသောမျက်လုံးများဖြင့် တိကျစွာဆောင်ရွက်နေသည်။
မူဝမ်တို့က ဒဏ်ရာများကိုကုသပြီး ဆေးလုံးသန့်စင်ပေးနေသည်။
သူမတို့အုပ်စုသည် လက်ရွေးစင်တပည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
ဟန်မူယဲ့က ဘေးမှကြည့်နေပြီး ပြီးသွားသောအခါတွင် မူဝမ်တို့ကို လမ်းညွှန်ပေးခဲ့သည်။
လက်ရွေးစင်တပည့်များ၏တိုက်ခိုက်နိုင်စွမ်းသည် မသိလိုက်ဘဲ တိုးတက်လာခဲ့သည်။
အသက်လုတိုက်ပွဲတွင် ရရှိလာသော နားလည်မှုများသည် အနက်ရှိုင်းဆုံးဖြစ်သည်။
“အားလုံးပဲ၊ မနက်ဖြန်တိုက်ပွဲပြီးရင် အံ့ဖွယ်ကိုးပါးတောင်ကို ပြန်ကြမယ်” ဟန်မူယဲ့က တောင်စောင်းပေါ်တွင်ရပ်လိုက်ပြီး အောက်သို့ငုံ့ကြည့်သည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းက ကြောင်အသွားသည်။
“မြန်လိုက်တာ ....” အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်၏မျက်နှာပေါ်တွင် တွန့်ဆုတ်မှုများပေါ်လာသည်။
လျင်မြန်စွာတိုးတက်လာမည့်အခွင့်အရေးကို မရရှိခင် လဝက်ကုန်ဆုံးသွားခဲ့သည်။
ကျန်လူများကလည်း ရှုပ်ထွေးနေသောမျက်နှာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်သည်။
သူတို့ကိုယ်ပေါ်တွင် ဒဏ်ရာများရှိနေသော်လည်း မပြင်းထန်ပေ။
ခေါင်းဆောင်တောက်ရင်၏ ကာကွယ်မှု၊ ဟန်မူယဲ့၏ လမ်းညွှန်မှု၊ မူဝမ်တို့၏ ကုသပေးမှုကြောင့် လက်ရွေးစင်တပည့်များအားလုံးကို သေချာစောင့်ရှောက်ထားနိုင်သည်။
တိုက်ခိုက်နိုင်စွမ်းတိုးလာရန် အခွင့်အရေးရှားပါးသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ်ဂုဏ်ပြုပွဲက စတင်တော့မယ်။ ငါတို့အားလုံး ပြန်သွားရမယ်”
ဟန်မူယဲ့က လူတိုင်း၏မျက်နှာထားကိုကြည့်လိုက်ပြီး ပြုံးလျက်ပြောသည်။ “ဒါပေမဲ့ ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မူလမီးတောက်ကမ္ဘာကို ဝေမျှဖို့စီစဉ်ထားတယ်။ နောက်ကျရင် မင်းတို့က ဒီကိုလာဖို့ အခွင့်အရေးရှိတယ်”
ဝေမျှမယ်
နောက်ကျရင် ဒီကို ပြန်လာနိုင်တယ်
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လက်ရွေးစင်တပည့်များက မျက်လုံးပြူးသွားသည်။
‘သူက ဒီလိုရတနာနယ်မြေမျိုးကို တကယ်ဝေမျှချင်တာလား’
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တကယ့်ကို အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းပဲ ....” ဓားရှည်တစ်လက်ကိုင်ထားသော လူငယ်တစ်ယောက်က ညင်သာစွာပြောသည်။
“ငါက ကျားလင်မြစ်မှာ အင်မော်တယ်ဟန်ရဲ့သင်ပြမှုကို ကြားခဲ့ရတယ်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လင်တောက်တာအိုဂိုဏ်းနဲ့ မတူဘူးဆိုတာကို ငါသိခဲ့တယ်” ခရမ်းဖျော့ရောင်ဝတ်စုံကိုဝတ်ထားသော လူငယ်တစ်ယောက်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။
လင်တောက်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အင်အားစုများနှင့် ကျင့်ကြံခြင်းလောကကို နှစ်ပေါင်းတစ်သောင်းကြာသည်အထိ ဖိနှိပ်ခဲ့သည်။
လွန်ခဲ့သောနှစ်တစ်သောင်းတွင် ပစ္စည်းကောင်းများကို မဝေမျှနိုင်ရုံတင်မကဘဲ ရတနာတစ်ခုခု ရလာလျှင်ပင် ကာကွယ်နိုင်ရန် ခက်ခဲသည်။
လင်တောက်တာအိုဂိုဏ်း၏ အပြုအမူများနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ယှဉ်ကြည့်လိုက်လျှင် ကွဲပြားမှုကို သိသာစွာမြင်နိုင်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လူများ၏နှလုံးသားကို အနိုင်ရရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သူတို့သိထားသော်လည်း ပစ္စည်းကောင်းများကို ဝေမျှပေးရန်မလိုပေ။
သူတို့အားလုံးက တိတ်ဆိတ်စွာခေါင်းညိတ်ပြီး အသက်ရှူနှုန်းကို ထိန်းညှိခဲ့သည်။
တိုက်ပွဲများသည် အလွန်ခက်ခဲ၏။
နေဝင်ချိန်တွင် မိုးကုပ်စက်ဝိုင်းမှထွက်ပေါ်လာသော ခေါင်းဆောင်တောက်ရင်၏ရယ်သံကို ကြားရသည်။
“ဝေါင်း ....”
မီးနဂါးသည် ကောင်းကင်ထက်တွင် ဟိန်းဟောက်ခဲ့သည်။ အဆုံးမရှိသောမီးတောက်များနှင့် ဆည်းဆာရောင်သည် တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေသည်။
ထိုသို့ ကြမ်းတမ်းလှသောခွန်အားမျိုးသည် မျက်စိကျိန်းသွားစေနိုင်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ရှန့်ယန်မိစ္ဆာဂိုဏ်းချုပ် လီမူပိုင်ကပဲ ခေါင်းဆောင်တောက်ရင်နဲ့ တိုက်ခိုက်နိုင်စွမ်းခြင်းယှဉ်နိုင်လောက်တယ်” ကောင်းကင်ထက်တွင်သောင်းကျန်းနေသော မီးနဂါးကိုကြည့်လိုက်ပြီး တပည့်တစ်ယောက်က တီးတိုးပြောသည်။
ထူစွန်းရှစ်က အနောက်ဘက်နယ်စပ်ကုန်းမြေမှ ထွက်သွားခဲ့သည်။ သူတော်စင်ဝမ်ဟွားက သေဆုံးသွားသည်။ ယခင်ကရှိခဲ့သော မဟာကျင့်ကြံသူကြီးသုံးဦးတွင် ကောင်းကင်ဘုံတတိယအဆင့်သို့ရောက်နေသော ရှန့်ယန်မိစ္ဆာဂိုဏ်း၏ လီမူပိုင်ပဲ ကျန်ရစ်ခဲ့သည်။
တခြားကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများသည် အဆင့်တက်ခါစဖြစ်ပြီး ကျင့်ကြံဆင့်နှင့်တိုက်ခိုက်နိုင်စွမ်း အားနည်းသည်။
“အားလုံးပဲ၊ ပြန်သွားဖို့အချိန်ရောက်ပြီ” ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် တံခါးတစ်ချပ် ပေါ်လာပြန်သည်။
သူတို့အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်သည်။ ထို့နောက် သွေးစွန်းသောစစ်မြေပြင်ကို ပြန်ကြည့်လိုက်ပြီး တံခါးထဲသို့ဝင်သွားခဲ့သည်။
ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တပည့်များထွက်သွားခဲ့သည်။ ဟန်မူယဲ့က ယန်မင်ရွှမ်နှင့် တခြားလူများကိုကြည့်လိုက်သည်။
“မင်းတို့က ခြောက်ယောက်မြောက်မရီးနဲ့ တခြားလူတွေကို ပြန်ပို့လိုက်။ ငါက လုပ်စရာရှိသေးတယ်”
ထိုသို့ဖြင့် သူက လုချန်းဖျင်တို့ကို ခေါင်းညိတ်ပြလိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
မူဝမ်၊ ပိုင်စုကျန်းနှင့် တခြားလူများက ရှုပ်ထွေးသောမျက်နှာထားဖြင့် ပျံသန်းသွားသောဟန်မူယဲ့ကို ကြည့်နေသည်။ သူတို့က ယန်မင်ရွှမ်၊ လျှိုဟုန်နှင့် တခြားလူများ၏ကာကွယ်မှုအောက်တွင် ထွက်သွားခဲ့သည်။
သူတို့က တိုက်ခိုက်နိုင်စွမ်းသိပ်မရှိသောကြောင့် ဟန်မူယဲ့ကို အများအပြားမကူညီနိုင်ပေ။
ဟန်မူယဲ့က ကောင်းကင်၏အပြင်ဘက်သို့ရောက်သွားပြီး ရပ်တန့်လိုက်သည်။
သူက ကောင်းကင်အပြင်ဘက်သို့ ရောက်လာသောအခါတွင် ခန္ဓာကိုယ်ထဲသို့တိုးဝင်လာသော လေဟာနယ်စွမ်းအားအချို့ကို ခံစားမိသည်။
ဟန်မူယဲ့က ပြုံးသည်။
ထိုအရာသည် အံ့ဖွယ်အနှစ်သာရတာအိုနည်းစနစ်ကို ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။
မဟာတာအို၏ နည်းစနစ်တစ်သောင်းနှင့် အင်မော်တယ်အဆင့်ဝိညာဉ်အမြစ်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသောကြောင့် သူက သဘာဝစွမ်းအင်အမျိုးမျိုးကို အာရုံခံနိုင်သည်။
အနာဂတ်တွင် လေဟာနယ်စွမ်းအားကို လိုအပ်လာသည့်အခါ အာကာသထဲတွင် အပြည့်အဝကျင့်ကြံနိုင်လိမ့်မည်။
လေဟာနယ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ဟန်မူယဲ့က လေဟာနယ်စွမ်းအားများကို ခြေထောက်အောက်တွင်ရှိနေသော ကောင်းကင်ကြိုးကြာတောင်ပံထဲသို့ ထည့်ပေးလိုက်သည်။
တိတ်ဆိတ်နေခဲ့သော ကောင်းကင်ကြိုးကြာတောင်ပံက ပေတစ်ရာရှည်လျားသော ကျောက်စိမ်းဖြူတောင်ပံအလင်းအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့၏နောက်ကျောတွင် စုစည်းလာသည်။
လေဟာနယ်စွမ်းအားများသည် အလင်းတောင်ပံထဲသို့ တိုးဝင်သွားသည်။ အိပ်စက်နေခဲ့သော ကောင်းကင်ကြိုးကြားများက ဖြည်းဖြည်းချင်းနိုးထလာကြောင်း သူခံစားမိသည်။
ထိုဖြစ်ရပ်သည် ကောင်းမွန်သည်။ မူလမီးတောက်ကမ္ဘာတွင် ကောင်းကင်ကြိုးကြာသွေးအဆီအနှစ်များ ရှိနေသည်။ ကောင်းကင်ကြိုးကြာဥတချို့ကလည်း အကောင်ပေါက်လာခဲ့သည်။ သူက မူလမီးတောက်ကမ္ဘာတွင်နေထိုင်ပြီး မျိုးပွားနိုင်မည့် ကောင်းကင်ကြိုးကြာတချို့ ချန်ထားခဲ့မည်။
ဟန်မူယဲ့က လေဟာနယ်စွမ်းအားကိုစုပ်ယူနေပြီး ရှေ့သို့ကြည့်သည်။
ထိုနေရာတွင် ပေတစ်သောင်းရှည်လျားသောမီးနဂါးတစ်ကောင်က လူနှစ်ယောက်ကို ရစ်ပတ်ထားသည်။
ခေါင်းဆောင်တောက်ရင်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်စွမ်းအားဖြင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်ကို တိုက်ခိုက်နေသည်။
ခေါင်းဆောင်တောက်ရင်ကဲ့သို့ ကျွမ်းကျင်သူမျိုးကပဲ ထိုသို့လုပ်နိုင်သည်။
“ဘန်း”
မီးနဂါးသည် ပျက်စီးသွားပြီး ခေါင်းဆောင်တောက်ရင်က ပေထောင်ချီအကွာသို့ လွင့်စင်သွားသည်။
“တာအိုရောင်းရင်း၊ မင်းရဲ့ကျင့်ကြံဆင့်က လိုအပ်နေသေးတယ်။ ငါတို့နဲ့ သေဆုံးသည်အထိတိုက်ခိုက်ဖို့ မလိုအပ်ဘူး” အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်က ခေါင်းဆောင်တောက်ရင်ကို အေးစက်စွာကြည့်သည်။
“ဟားဟား၊ မင်းရဲ့ဂိတ်တံခါးကိုပဲစောင့်ကြပ်ပြီး ဒီကမ္ဘာကို ငါတို့ပုံရိပ်ယောင်တာအိုဂိုဏ်းဆီ ပေးလိုက်ပါ။ စိတ်မပူပါနဲ့ ငါတို့က မင်းကိုမသတ်ပါဘူး” မီးခိုးရောင်တာအိုဝတ်စုံနှင့် မုတ်ဆိတ်မွေးများရှိသော လူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။
ခေါင်းဆောင်တောက်ရင်က မူလမီးတောက်ကမ္ဘာထဲတွင် ပုန်းနေသောကြောင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကတောင် သူ့ကို မည်သည့်အရာမှ မလုပ်နိုင်ချေ။
သို့သော် သူက မူလမီးတောက်ကမ္ဘာမှ ထွက်သွားခဲ့လျှင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ၏တိုက်ခိုက်မှုကို မခုခံနိုင်ပေ။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူနှစ်ယောက်က ပူးပေါင်းတိုက်ခိုက်ပြီး ခေါင်းဆောင်တောက်ရင်ကို အနိုင်ယူခဲ့သည်။
သူတို့၏စကားကို ကြားလိုက်ရသောအခါတွင် ခေါင်းဆောင်တောက်ရင်က ပြုံးသည်။ “ငါပြောခဲ့ပြီးပြီ။ ငါအဆင့်တက်သွားရင် မင်းတို့ကို ခွေးတွေလိုမျိုး နှိပ်စက်နိုင်တယ်”
အနက်ရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်၏မျက်နှာသည် အေးစက်နေသည်။ မီးခိုးရောင်ဝတ်စုံနှင့်လူအိုကြီးက ပြုံးလိုက်ပြီး ပြောသည်။ “အဲ့ဒါဆိုရင်လည်း မင်းအဆက့်တက်သွားမယ့်အချိန်ကို ငါစောင့်နေ ..... အကျိုးနည်း”
သူတို့ရှေ့တွင် ခေါင်းဆောင်တောက်ရင်၏ခန္ဓာကိုယ်ပေါ်၌ ချီစွမ်းအင်အလင်းများ တောက်ပလာသည်။ ဓားအလင်းများပျံဝဲနေပြီး မိုးကြိုးလျှပ်စီးများ ပေါ်လာခဲ့သည်။
သူက အမြူတေကိုဖျက်ဆီးပြီး ဝိညာဉ်သူငယ်ကိုဖန်တီး၍ ကောင်းကင်ဘုံအဆင့်သို့ ချိုးဖျက်နေသည်။
“သူ့ကိုသတ်” အနက်ရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်သည် အေးစက်စွာအော်ဟစ်လိုက်ပြီး ပျံသန်းသွားသည်။ သူ့လက်ထဲတွင်ရှိသော သစ်သားတုတ်ချောင်းသည် သွေးနီရောင်အလင်းကိုထုတ်လွှတ်၍ ခေါင်းဆောင်တောက်ရင်ကို ရိုက်ချသည်။
မီးခိုးရောင်ဝတ်စုံနှင့်တာအိုတန်ခိုးရှင်သည် ခဏတာတုံ့ဆိုင်းနေပြီး ချီစွမ်းအင်အလင်းများတောက်ပနေသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။