အခန်း (၃၇၆)
Vol. 27 Ch. 376
ယနေ့တွင် အလယ်ပိုင်းကုန်းမြေ၏ မဟာကျင့်ကြံသူများက အံ့ဖွယ်ကိုးပါးတောင်သို့ ရောက်လာခဲ့သည်။ သူက ဓားစံအိမ်ကိုအပြောင်ရှင်းပြီး ပေးလိုက်လျှင်ပင် သူတို့က စိတ်ကျေနပ်မည်မဟုတ်ပေ။
ကျင့်ကြံခြင်းလောကတွင် ခွန်အားကပဲ အရေးပါသည်။
ကောင်းကင်ထက်တွင် ဟန်မူယဲ့က ဖြောင့်မတ်စွာရပ်လိုက်ပြီး ရှေ့သို့ကြည့်သည်။ ထက်မြိသောဓားချီအချို့ စိမ့်ထွက်လာသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်မှာ ငါတို့ရဲ့အမွေအနှစ်က ၁၂ကြိမ်အထိ ပျက်စီးလုနီးပါးဖြစ်သွားခဲ့တယ်”
“အံ့ဖွယ်ကိုးပါးတောင်မှာ ငါးကြိမ်တိုက်ခိုက်ခံခဲ့ရတယ်”
“တောင်ထိပ်နေရာကလည်း မကြာခဏပျက်စီးသွားခဲ့တယ်”
“ဒါပေမဲ့ ဓားစံအိမ်နဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီမှာရှိနေတုန်းပဲ”
“အံ့ဖွယ်ကိုးပါးတောင်မှာ သွေးစွန်းဖြစ်ရပ်တွေရှိခဲ့ပေမဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့အမွေအနှစ်ကတော့ ဆက်ရှိနေခဲ့တယ်”
ဟန်မူယဲ့၏ကိုယ်ပေါ်တွင် မဖော်ပြနိုင်လောက်သောအငွေ့အသက်များ စုစည်းလာသည်။
အောက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များနှင့် ဂိုဏ်းအသီးသီးမှကျင့်ကြံသူများသည် နှလုံးသားတုန်ခါသွားကြောင်း ခံစားလိုက်ရသည်။ သူတို့က ခက်ခဲသောအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။
လမ်းတစ်လျှောက်တွင် သွေးစွန်းနေသောအရိုးစုများရှိသည်။
အမွေအနှစ်အဆုံးသတ်မသွားစေရန်အတွက် ဂိုဏ်းများသည် အန္တရာယ်အမျိုးမျိုးကို ကျော်ဖြတ်ခဲ့ရသည်။
‘ဒီနေ့အခြေအနေက အရင်ကထက် ပိုအန္တရာယ်များနေလို့လား’
‘အနာဂတ်က အမြဲတမ်းချောမွေ့နေမှာလား’
လေထုထဲတွင် ဆုံးဖြတ်ချက်ပြတ်သားမှုများ ပေါ်ထွက်လာသည်။
အန္တရာယ်နှင့် အခက်အခဲများအားလုံးသည် လေ့ကျင့်မှုဖြစ်သည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် အခက်အခဲများကိုရင်ဆိုင်ပြီး လောကကိုဆန့်ကျင်၍ အနိုင်ယူရန်ဖြစ်သည်။
သေဆုံးပြီးသည့်နောက် ဆက်လက်ရှင်သန်ရန်ဆန္ဒမရှိလျှင် ထာဝရရှင်သန်ရန် ကျင့်ကြံစရာမလိုတော့ပေ။
‘ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူဆိုတော့ရော ဘာဖြစ်လဲ’
‘ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူ ဆယ်ယောက်ရှိနေရင်ရော ဘာဖြစ်လဲ’
ဓားစံအိမ်ပျက်စီးမသွားသေးသ၍ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ကျဆုံးသွားမဟုတ်ပေ။ အနောက်ဘက်နယ်စပ်ကုန်းမြေသည်လည်း ဆက်လက်တည်ရှိနေလိမ့်မည်။
လေထုထဲတွင် ကောင်းကင်တေးသံတစ်ခု ပျံ့နှံ့လာသည်။
အရှိန်အဝါများ စုစည်းနေသည်။
“သူက အလယ်ပိုင်းကုန်းမြေရဲ့ အပြောကောင်းတဲ့ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတွေနဲ့ တကယ်ယှဉ်နိုင်တယ်” ဖူယွီရှန့်၏ဘေးတွင် အစိမ်းရောင်ဝတ်စုံနှင့်ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
ကျန်လူများကလည်း မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်သည်။
ထိုအရှိန်အဝါများစုစည်းလာခြင်းသည် သူတို့အတွက် မကောင်းပေ။
“စီနီယာအစ်ကိုဖူ၊ မတော်တဆဖြစ်လာမှာတွေကို တားဆီးဖို့အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ချက်ချင်းဖျက်ဆီးလိုက်ရအောင်” မီးခိုးရောင်ဝတ်စုံကို ဝတ်ထားပြီး ကျောပေါ်တွင် ဓားရှည်တစ်လက်လွယ်ထားသည့် လူအိုကြီးတစ်ယောက် ခပ်အုပ်အုပ်အော်ပြောလိုက်သည်။ သူက သင်္ဘောပျံထဲမှထွက်လာသည်။ သူ့ခန္ဓာကိုယ်ကို ဓားအလင်းများက ဝိုင်းရံထားသည်။
သူက ပေတစ်ထောင်ရှိသောဓားပုံရိပ်နှင့်အတူ ဟန်မူယဲ့ကို ခုတ်ချသည်။
ဓားအလင်းတိုးဝင်လာသောအခါတွင် ဟန်မူယဲ့က မျက်နှာထားပြောင်းလဲမသွားဘဲ အဝေးတစ်နေရာကိုကြည့်သည်။
“အလယ်ပိုင်းကုန်းမြေ၊ ကောင်းကင်ဝံပုလွေ၊ မင်းတို့က ငါ့ဓားစံအိမ်ရဲ့အခြေခံအုတ်မြစ်ကို ကြည့်ချင်တာလား”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို မဖိနှိပ်နိုင်မှာ စိုးရိမ်နေတာလား”
ဟန်မူယဲ့က ရေရွတ်လိုက်ပြီး ဖြည်းဖြည်းချင်းလက်မြှောက်သည်။
“ငါက မင်းတို့ကိုပြောဖို့ မေ့သွားခဲ့တယ်”
သူ့မျက်လုံးထဲမှ တောက်ပသောအလင်းစက်ကွင်းများ ထွက်လာသည်။ သူ့ကိုယ်ပေါ်တွင်ရှိသော တိုက်ပွဲဆန္ဒသည် ကောင်းကင်အထိ ထိုးတက်သွားသည်။ သူက ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီး တောင်နှင့်မြစ်များကို တုန်ခါသွားစေသည်။
“နှစ်တစ်သောင်းကြာသည်အထိ အံ့ဖွယ်ကိုးပါးတောင်ကို ကျူးကျော်လာတဲ့ရန်သူတိုင်းက အံ့ဖွယ်ကိုးပါးတောင်မှာပဲ အသက်စွန့်သွားခဲ့ရတယ်”
“ချွင်းချက်မရှိဘူး”
“ဒီနေ့လည်း အတူတူပဲ”
ဟန်မူယဲ့၏ဝတ်ရုံက တဖျပ်ဖျပ်လွင့်နေသည်။ အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် များပြားသောဓားချီများ စုစည်းလာသည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တပည့်တွေရဲ့ဓား ဘယ်ရောက်နေလဲ”
ဟန်မူယဲ့က အော်ဟစ်လိုက်သည်။
“ဒီမှာပါ”
“ခလွမ် ....”
ချက်ချင်းဆိုသလိုပဲ အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ဓားဆွဲထုတ်သံများနှင့်ပြည့်သွားသည်။
ဓားအလင်းသည် တောင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။
ဓားတစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်း
လောကတွင် ဓားအလင်းပဲ ကျန်ရစ်ခဲ့သည်။
“ဓား”
ဟန်မူယဲ့က လက်မြှောက်သည်။
ထောင်ချီနေသောဓားအလင်းများသည် တစ်ခုတည်းအဖြစ် စုစည်းသွားသည်။
“ဝီ”
ဓားစံအိမ်သည် တုန်ခါသွားခဲ့သည်။
ဓားစံအိမ်၏အထပ်သုံးထပ်တွင် ပြတင်းပေါက်များပွင့်လာသည်။ ဓားရှည်များသည် အလင်းများအဖြစ်ပြောင်းလဲ၍ စုစည်းခဲ့သည်။
ဓားတစ်သောင်းသည် တစ်ခုတည်းဖြစ်လာသည်။
မဟုတ်သေးပေ။ ဓားတစ်သိန်း၊ ဓားတစ်သန်းသည် တစ်ခုတည်းအဖြစ်ပေါင်းစပ်သွားသည်။
ဓားအလင်းသည် တစ်ခုတည်းအဖြစ်ပြောင်းလဲပြီး ကောင်းကင်နှင့်မြေကြီးကို ဖိနှိပ်ထားသည်။
ဓားအလင်းက ကောင်းကင်ကိုပင့်တပ်ပြီး အဆုံးမရှိသောမြေပြင်ကို ဖိနှိပ်ခဲ့သည်။
ထိုဓားဖြင့် လွဲခုတ်ရန်မလိုအပ်ပေ။
ထိုဓားသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မိုင်သန်းချီအတွင်း၌တည်ရှိသော တောင်နှင့်မြစ်များကို အလိုလျောက်ဖိနှိပ်ထားနိုင်သည်။
ဤနေရာတွင် ဓားရှိနေလျှင် လောကကို ချုပ်နှောင်ပြီးသားဖြစ်သွားလိမ့်မည်။ အငွေ့အသက်နှင့် တိမ်တိုက်များအားလုံးသည် ရေခဲတုံးများကဲ့သို့ အေးခဲသွားသည်။
ဓားတစ်လက်သည် လောကတစ်ခုလုံးကို ဖိနှိပ်နိုင်သည်။
ထိုဓားရှိနေသောကြောင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို လုယက်ရဲမည့်လူ မရှိနိုင်ပေ။
ထိုဓားရှိနေသောကြောင့် လောကတွင်ရှိသောစွမ်းအားများသည် အံ့ဖွယ်ကိုးပါးဓာဂိုဏ်းကို မဖျက်ဆီးနိုင်ပေ။
“အံ့ဖွယ်ကိုးပါးဓာဂိုဏ်းရဲ့တာအိုရောင်းရင်းတို့ ငါတို့ကွမ်ဟွားဂိုဏ်းက မင်းတို့ကိုရန်စဖို့ စိတ်ကူးမရှိပါဘူး။ ဒါတွေအားလုံးက ဖူယွီရှန့်ရဲ့ ကိုယ်ရေးကိုယ်တာရန်ငြိုးပါပဲ”
အဝေးမှ အော်ဟစ်သံများထွက်လာသည်။
ဓားအလင်း၏ရှေ့တွင် ပေတစ်ထောင်ရှည်သောသင်္ဘောပျံအပါအဝင် ဖူယွီရှန့်နှင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများအားလုံးသည် နေရာတွင် အေးခဲနေသည်။
“ငါပြောခဲ့ပြီးပြီ။ အံ့ဖွယ်ကိုးပါးတောင်ကို ကျူးကျော်လာခဲ့တဲ့လူတိုင်း အသက်ရှင်လျက် ပြန်ထွက်မသွားနိုင်ဘူး”
ဟန်မူယဲ့၏အသံက ဓားအလင်းနှင့်တစ်သားတည်းဖြစ်နေသကဲ့သို့ အေးစက်နေသည်။
သူစကားပြောပြီးသောအခါတွင် ကောင်းကင်နှင့်မြေကြီးကြားတွင်ရှိသော ဧရာမဓားကြီးသည် ပြင်းထန်စွာခုတ်ချလိုက်သည်။
“ဘုန်း”
ဓားအလင်းသည် မရေမတွက်နိုင်လောက်သောဓားများအဖြစ် ပြောင်းလဲသွားပြီး ရှေ့တွင်ရှိသောသင်္ဘောပျံကို လွှမ်းခြုံလိုက်သည်။
ဓားအလင်းသည် လေဟာနယ်ကို အမှန်တကယ် ထိုးဖောက်သွားခဲ့သည်။
ချီစွမ်းအင်အလင်းတချို့မှလွဲ၍ မည်သည့်အရာမှ မကျန်ခဲ့ပေ။
ဓားချက်ပြီးသောအခါတွင် လောကသည် ဗလာဖြစ်သွားခဲ့သည်။
ဓားအလင်းသည် လေထုထဲတွင်လွင့်မျောနေပြီး ဓားအလင်းနဂါးအဖြစ် ပြောင်းလဲသွားသည်။ နဂါးသည် ခေါင်းမော့၍ ဟိန်းဟောက်လိုက်သောအခါတွင် ဓားမြည်သံတစ်ခုက ကောင်းကင်ကို တုန်ခါသွားစေသည်။
“အလယ်ပိုင်းကုန်းမြေရဲ့ကွမ်ဟွားဂိုဏ်းက ငါတို့အနောက်ဘက်နယ်စပ်ကုန်းမြေကို ဝင်လာခဲ့တယ်။ အလယ်ပိုင်းကုန်းမြေက ရှင်းပြချက်ပေးမလား ငါသိချင်မိတယ်” ဟန်မူယဲ့က လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး တည်ငြိမ်စွာပြောသည်။
ယခုအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏မဟာတာအိုသည် အံ့ဖွယ်ကိုးပါးတောင်နှင့် သက်ဆိုင်နေသည်။
ဓားအလင်းနဂါးသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကံကောင်းခြင်းနဂါးဖြစ်သည်။
“ဟင်း၊ အံ့ဖွယ်ကိုးပါးတောင်က ကောင်းကင်နဲ့မြေကြီးရဲ့ကျယ်ပြန့်မှုကို မသိဘူးပဲ ....”
အဝေးတစ်နေရာတွင် အေးစက်သောနှာမှုတ်သံထွက်လာပြီး ကျယ်လောင်သောစကားသံကို ကြားလိုက်ရသည်။ “အလယ်ပိုင်းကုန်းမြေရဲ့ ကွမ်ဟွားဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို အကြောင်းပြချက်မရှိဘဲကျူးကျော်ခဲ့တဲ့အတွက် အလယ်ပိုင်းကုန်းမြေမှာ ဂိုဏ်းထောင်ခွင့်မရှိတော့ဘူး။ ရှုရှီဒေသက အနောက်ဘက်နယ်စပ်ကုန်းမြေကို လျော်ကြေးပေးလိမ့်မယ် ....”
“ငါတို့လိုချင်တဲ့လျော်ကြေးကို ငါတို့ကိုယ်တိုင်ယူမယ်” ဟန်မူယဲ့က မဖော်ပြနိုင်သောအလင်းများတောက်ပနေသည့် မျက်လုံးတစ်စုံဖြင့် အေးစက်စွာအော်ပြောသည်။
ဓားအလင်းနဂါးက ဟိန်းဟောက်လိုက်သည်။
ထိုအချိန်တွင် နဂါးပုလဲလုံးနှင့်တူသော ချီစွမ်းအင်အလင်းတစ်ခုပေါ်လာပြီး ဓားအလင်းနဂါးနှင့် ပေါင်းစပ်လိုက်သည်။
ဟန်မူယဲ့က တုန်ခါသွားပြီး ပြုံးသည်။
ကောင်းကင်ဝံပုလွေ
ယခုအချိန်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေကို ကာကွယ်ပေးရန်အတွက် ဓားဘုရင်ယွမ်ထျန်းချန်ထားခဲ့သော ဓားဆေးလုံးက ဓားအလင်းနဂါးနှင့်ပေါင်းစပ်ရန် ရွေးချယ်ခဲ့သည်။
ကောင်းကင်ဝံပုလွေက ဓားအလင်းနဂါးနှင့် ပေါင်းစပ်လိုက်သောအခါတွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏တာအိုများအားလုံးသည် တစ်ခုတည်းဖြစ်သွားခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေသည် အားနည်းသော်လည်း ပြီးပြည့်စုံသောတာအိုကို ပိုင်ဆိုင်ထားသည်။
ကောင်းကင်တာအိုစွမ်းအားများ ဝင်ရောက်လာပြီး ဓားအလင်းနဂါး၏ကိုယ်ပေါ်တွင် ကြေးခွံများ ထင်ရှားစွာပေါ်လာသည်။
ကောင်းကင်ဝံပုလွေက အနောက်ဘက်နယ်စပ်ကုန်းမြေကို စောင့်ကြပ်ထားသောကြောင့် မြင့်တက်လာမည့်အနောက်ဘက်နယ်စပ်ကုန်းမြေကို မြင်ချင်သည်။
အံ့ဖွယ်ကိုးပါးဓာဂိုဏ်းက အနောက်ဘက်နယ်စပ်ကုန်းမြေကို မြှင့်တင်ပေးရန်အတွက် ဆုံးဖြတ်ထားလျှင် ကောင်းကင်ဝံပုလွေက ကူညီပေးရန်အတွက် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်တာအိုကို အသုံးပြုလိမ့်မည်။
ကုန်းမြေတစ်ခု၏ကောင်းကင်တာအိုသည် အရာအားလုံးကို ဖိနှိပ်နိုင်သည်။
“တာအိုရောင်းရင်း၊ ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါ ....”
အဝေးတစ်နေရာတွင် တောင်းပန်သံကိုကြားနိုင်သည်။
ကံမကောင်းစွာဖြင့် ဟန်မူယဲ့က သူ့ကို ခွင့်လွှတ်လိမ့်မည်မဟုတ်ပေ။
ကွမ်ဟွားဂိုဏ်းက အံ့ဖွယ်ကိုးပါးတောင်ကို ကျူးကျော်ရဲသောကြောင့် သူတို့က ကမ္ဘာမကြေရန်သူများ ဖြစ်သွားခဲ့သည်။
ယနေ့ဓားချက်သည် အံ့ဖွယ်ကိုးပါးဓာဂိုဏ်း၏စွမ်းအားဖြစ်သလို အနောက်ဘက်နယ်စပ်ကုန်းမြေ၏ သဘောထားလည်းဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေသည် အနောက်ဘက်နယ်စပ်ကုန်းမြေဖြစ်သည်။
အလယ်ပိုင်းကုန်းမြေက ဝင်ရောက်စွက်ဖက်ရန်အတွက် အဆင့်မမီပေ။
“ဘုန်း”
ဓားသည် မိုင်တစ်သိန်းအထိပျံသန်းသွားပြီး လေဟာနယ်ထဲတွင်ပုန်းနေသော ကွမ်ဟွားဂိုဏ်း၏ကျင့်ကြံသူကို လွှမ်းခြုံလိုက်သည်။ ထို့နောက် ဓားအလင်းနဂါးသည် ပြန်လှည့်လာပြီး အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အလယ်ပိုင်းကုန်းမြေကြားတွင်ရှိသော ကောင်းကင်အတားအဆီးကို ဝင်တိုက်လိုက်သည်။
ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲမှ အဆုံးမရှိသောစွမ်းအားများ ပေါ်ထွက်လာသည်။ အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင်ရှိသော ကျင့်ကြံသူများအားလုံးက မျက်လုံးပြူးသွားသည်။
ဟန်မူယဲ့က ထိုဓားချက်ဖြင့် ကောင်းကင်အတားအဆီးကို ချိုးချက်ချင်သည်။
“ဘုန်း”
ဓားအလင်းသည် ကောင်းကင်အတားအဆီးကို ဝင်တိုက်လိုက်ပြီး ပေတစ်သိန်းရှည်လျားသော ဒေါင်လိုက်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။
အက်ကွဲကြောင်းပေါ်လာသောအခါတွင် သဘာဝစွမ်းအင်များသည် အနောက်ဘက်နယ်စပ်ကုန်းမြေသို့ စီးဝင်လာသည်။
ရှုရှီဒေသ၏ အုပ်ချုပ်သူဖြစ်သော စုကျီကျန်းက အက်ကွဲကြောင်း၏ရှေ့တွင် ရပ်နေသည်။ သူ့လက်ထဲမှ ခရမ်းရောင်လူသားဆန္ဒစွမ်းအားနှင့် ရွှေရောင်သမာဓိစွမ်းအားများ ကျဆင်းလာသော်လည်း အက်ကွဲကြောင်းကို မပြုပြင်နိုင်ခဲ့ပေ။
“သမင်ဖြူတောင်တန်းရဲ့ ဆရာသခင်၊ ကျေးဇူးပြုပြီး ကူညီပေးပါ” စုကျီကျန်းက ထိတ်လန့်နေသောမျက်နှာထားဖြင့် သမင်ဖြူတောင်တန်းကို လှည့်ကြည့်သည်။
ကောင်းကင်အတားအဆီးကို မပြုပြင်နိုင်လျှင် ကောင်းကင်နှင့်မြေကြီးကြားတွင်ရှိသော သဘာဝစွမ်းအင်က အလွန်လျော့နည်းသွားလိမ့်မည်။ ရှုရှီဒေသတင်မကဘဲ အလယ်ပိုင်းကုန်းမြေတစ်ခုလုံး၏ သဘာဝစွမ်းအင်က ဖရိုဖရဲဖြစ်သွားလိမ့်မည်။
ထိုသို့ဖြစ်လာလျှင် စုကျီကျန်းက အရာရှိရာထူးနှင့် ကျင့်ကြံခြင်းကို ဆုံးရှုံးရလိမ့်မည်။
ထိုအရာသည် လောကတွင်ရှိသော အကြီးမားဆုံးပြစ်မှုဖြစ်သည်။
‘အနောက်ဘက်နယ်စပ်ကုန်းမြေကို ကွမ်ဟွားဂိုဏ်းရောက်သွားအောင် ပို့လိုက်တဲ့လူက ဘယ်သူလဲ’
စုကျီကျန်းက နောင်တရနေသည်။
“တည်ငြိမ်ခြင်း”
တီးတိုးအသံကို ကြားရသည်။ ရွှေရောင်စာလုံးများသည် ကောင်းကင်အတားအဆီးပေါ်သို့ရောက်သွားပြီး အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်နှင့်မြေကြီးစွမ်းအားများကိုအသုံးပြု၍ အက်ကွဲကြောင်းကို ဖြည်းဖြည်းချင်းပြုပြင်လိုက်သည်။
တုန်းဖန်ရှု၏ပုံရိပ်က ကောင်းကင်အတားအဆီး၏ရှေ့တွင် ပေါ်လာသည်။
တုန်းဖန်ရှုက လက်နှစ်ဖက်ကိုဆုပ်ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်းပေါင်းစပ်နေသော ကောင်းကင်အတားအဆီးကို ကြည့်သည်။ “အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့တာအိုရောင်းရင်း၊ ဒီကောင်းကင်အတားအဆီးကို ဘယ်လိုပြုပြင်ရမလဲ”
စုကျီကျန်းကလည်း ကောင်းကင်အတားအဆီးကို စိုးရိမ်စိတ်များနှင့်အတူ ကြည့်နေသည်။
ယခုအမြန်နှုန်းနှင့်ဆိုလျှင် အတားအဆီးက နှစ်တစ်ရာကြာသွားလျှင်ပင် ပြန်ကောင်းလာမည်မဟုတ်ပေ။ ထို့အပြင် အတားအဆီး၏တစ်ဘက်ခြမ်းတွင် အဆုံးမရှိသောစွမ်းအားများဖြင့် နဂါးပုံရိပ်က အချိန်မရွေးခုတ်ချရန် အသင့်အနေအထားဖြင့် ရှိနေသည်။
‘သူက အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ အလယ်ပိုင်းကုန်းမြေကြားမှာ စစ်ပွဲစတော့မှာလား’
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ဟန်မူယဲ့က တိတ်ဆိတ်စွာလွင့်မျောနေသည်။ သူက အဝေးတစ်နေရာရှိကောင်းကင်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။ “ဒီနေ့မှာ ဟန်မူယဲ့က ဓားတစ်လက်နဲ့ ကောင်းကင်အတားအဆီးကိုဖွင့်ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေက ရောင်းရင်းကျင့်ကြံသူတွေအတွက် ကံကောင်းခြင်းတချို့ရအောင် ယူပေးခဲ့တယ်”
“နောက်ထပ်နှစ်တစ်ထောင်ကြာသည်အထိ အနောက်ဘက်နယ်စပ်ကုန်းမြေနဲ့ အလယ်ပိုင်းကုန်းမြေကြားမှာ ဂိတ်တံခါးတစ်ခုရှိလာလိမ့်မယ်။ ဓားသယ်ထားတဲ့ကျင့်ကြံသူတိုင်းက အလယ်ပိုင်းကုန်းမြေနဲ့ အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖြတ်သန်းနိုင်တယ်”
ကောင်းကင်ဖွင့်လှစ်ခြင်းဓားဂိတ်တံခါး
သူက ကောင်းကင်အတားအဆီးပေါ်တွင် ဂိတ်တံခါးတစ်ခု ချန်ထားခဲ့ချင်သည်။