အခန်း (၃၇၇)
Vol. 27 Ch. 377
စုကျီကျန်းက အော်ဟစ်လိုက်သည်။ “မဖြစ်ဘူး”
တုန်းဖန်ရှုက သူ့ကိုလှည့်ကြည့်သည်။
“ဆရာသခင်တုန်းဖန်၊ ငါ စုကျီကျန်းက ဒီလိုတာဝန်ကြီးကို မယူနိုင်ဘူး” စုကျီကျန်းက အကူအညီမဲ့စွာ တီးတိုးပြောသည်။
တုန်းဖန်ရှုက မျက်မှောင်ကြုတ်သည်။ သူစကားမပြောနိုင်ခင် ဟန်မူယဲ့၏အသံကို ထပ်ကြားလိုက်ရသည်။ “ဒီဂိတ်တံခါးကိုပိတ်ချင်ရင် အလယ်ပိုင်းကုန်းမြေက အံ့ဖွယ်ကိုးပါးတောင်ဆီကို ဓားကျင့်ကြံသူတွေ ခေါ်လာနိုင်တယ်”
“အံ့ဖွယ်ကိုးပါးတောင်ကို အနိုင်ရရင် ဂိတ်တံခါးက ပိတ်သွားလိမ့်မယ်”
“မင်းတို့သဘောမတူရင် ငါ ဟန်မူယဲ့က ဒီနေ့မှာ ကောင်းကင်အတားအဆီးကို အပြည့်အဝဖျက်ဆီးပစ်မယ်”
“အမတ်ချုပ်ကြီးဝမ်က အလယ်ပိုင်းကုန်းမြေမှာမရှိဘူး။ ငါတို့အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကံကြမ္မာနဂါးကို ဘယ်သူတားနိုင်မလဲကြည့်ရအောင်”
အမတ်ချုပ်ကြီးဝမ်သည် အလယ်ပိုင်းကုန်းမြေတွင်မရှိပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဓားအလင်းနဂါး စုစည်းလာသောအခါတွင် ဟန်မူယဲ့က ခံစားမိလိုက်သည်။
အလယ်ပိုင်းကုန်းမြေ၏ကောင်းကင်တာအိုသည် ကွန်ဖြူးရှပ်တာအိုနှင့် ချိတ်ဆက်နေသည်။ ကွန်ဖြူးရှပ်တာအိုမရှိလျှင် အလယ်ပိုင်းကုန်းမြေ၏တာအိုက မပြည့်စုံပေ။
မဟာတာအိုတိုက်ပွဲတွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်တာအိုက အားနည်းသော်လည်း အခွင့်ကောင်းယူ၍ ကောင်းကင်အတားအဆီးကိုဖြတ်တောက်ပြီး အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်တာအိုကို ဒဏ်ရာအပြင်းအထန်ရသွားစေသည်။
“ကောင်းပြီ။ ကောင်းကင်ဂိတ်တံခါးကိုဆုံးဖြတ်ဖို့အတွက် ဓားတာအိုကို အသုံးပြုကြတာပေါ့”
လေထုထဲတွင် အသံတစ်သံထွက်လာသည်။
စုကျီကျန်းက မော့ကြည့်လိုက်သောအခါတွင် အဖြူရောင်ဝတ်စုံနှင့်လူအိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့နောက်တွင် အနက်ရောင်ဝတ်စုံနှင့် ဓားလွယ်ထားသော အံ့ဖွယ်နေမင်းသက်တော်စောင့်များ ရှိနေသည်။
“ဆရာသခင်မူရှန်း” စုကျီကျန်းက ဦးညွှတ်သည်။
လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး တုန်းဖန်ရှုကိုကြည့်သည်။ “ညီအစ်ကိုတုန်းဖန်၊ နန်းမြို့တော်ကျောင်းတော်ကို ပြန်လာဖို့စိတ်ကူးရှိလား”
လူအိုကြီး၏စကားကို ကြားလိုက်ရသောအခါတွင် တုန်းဖန်ရှုက လက်ကိုဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားသည်။
“လောကမှာ သင်ကြားမှုနဲ့ပတ်သတ်ပြီး ဘာဖြစ်လို့ခွဲခြားနေရမှာလဲ”
တုန်းဖန်ရှု၏ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။
တုန်းဖန်ရှုထွက်သွားသောအခါတွင် မူရှန်းက နောက်သို့လှည့်ပြီး ပြောသည်။ “လုရှောင်ယွင်၊ အံ့ဖွယ်ကိုးပါးတောင်ကို သွားလိုက်ပါ”
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့အခြေအနေက ပြောင်းလဲထားတာမကြာသေးဘူး။ စည်းကမ်းတွေအရ အံ့ဖွယ်နေမင်းသက်တော်စောင့်တွေကလည်း ဂုဏ်ပြုလက်ဆောင်ပေးသင့်တယ်”
ထိုသို့ဖြင့် သူက လက်မြှောက်လိုက်သောအခါ သူ့လက်ထဲတွင် အနက်ရောင်မင်တုံးတစ်တုံး ပေါ်လာသည်။
“ကောင်းကင်နဲ့မြေကြီးက မိုင်တစ်သိန်းကိုခွဲခြားထားပြီး ကြည်လင်နေတဲ့အငွ့အသက်က လောကတစ်ခုလုံးမှာ ပြည့်နေတယ်”
အစိမ်းရင့်ရောင်သန်းနေသော အလင်းက မင်တုံး၏အလင်းနှင့်ပေါင်းစပ်သွားပြီး အက်ကွဲသွားသော ကောင်းကင်အတားအဆီးကို ပြုပြင်လိုက်သည်။
ဓားအလင်းနှင့် အနက်ရောင်အလင်းသည် ထိတွေ့သွားခဲ့သည်။ ကောင်းကင်အတားအဆီးတွင်ရှိသော အက်ကွဲကြောင်းက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး ပေတစ်ထောင်ရှည်လျားသောဂိတ်တံခါးတစ်ခုကိုပဲ ချန်ထားခဲ့သည်။
ဂိတ်တံခါးထဲတွင် ဓားချီများ သွယ်ယှက်နေသည်။ ဓားသယ်ထားသောကျင့်ကြံသူများပဲ ဖြတ်သန်းသွားနိုင်လိမ့်မည်။
အက်ကွဲကြောင်းကို ပြုပြင်ပြီးသောအခါတွင် မူရှန်းက စုကျီကျန်းကို လှည့်ကြည့်သည်။
“ရှုရှီဒေသအုပ်ချုပ်သူ စုကျီကျန်းက ဒီတာအိုပြိုင်ပွဲအတွက် တာဝန်ယူရမယ်”
မူရှန်းက ပြုံးလိုက်သည်။ “မင်းတို့ရှုရှီဒေသမှာ ကွန်ဖြူးရှပ်တာအိုဆရာသခင်တစ်ယောက် ရှိနေတယ်။ သမင်ဖြူတောင်တန်းကျောင်းတော်၊ အနောက်ဘက်နယ်စပ်ကုန်းမြေကို ဆက်သွယ်နေတဲ့ ဒီဂိတ်တံခါးနဲ့ဆိုရင် မင်းမြင့်တက်လာဖို့က အချိန်တစ်ခုပဲကြာမှာပါ”
စုကျီကျန်းက အားတင်းပြုံးလိုက်ပြီး ခေါင်းခါသည်။ “ကံကောင်းခြင်းနဲ့က့ဆိုးခြင်းကို ခန့်မှန်းဖို့က တကယ်ခက်တာပဲ”
မူရှန်းက ရယ်လိုက်ပြီး စုကျီကျန်းကို ကြည့်သည်။
စုကျီကျန်းက အင်္ကျီလက်ကိုခါလိုက်ပြီး ပြောသည်။ “ဆရာသခင်မူရှန်းက ရှုရှီဒေသကို တစ်ခါတလေမှလာတာဆိုတော့ တခြားနေရာတွေကို မသွားရင်တောင် ရှီစိုင်တောင်ကို သွားကြည့်သင့်တယ်”
“ရှီစိုင်တောင်လား။ မက်မွန်ပွင့်တွေ၊ စမ်းချောင်းနဲ့ငါးကြင်းတွေရှိတဲ့နေရာလား” မူရှန်း၏မျက်လုံးများက တောက်ပသွားသည်။ သူက လက်နှစ်ဖက်ကိုပွတ်သပ်လိုက်ပြီး သက်ပြင်းချသည်။ “နောက်ဆုံးကဗျာစာသားက ဘယ်လိုအဆုံးသတ်သွားမလဲ သိချင်မိတယ်”
“ဒါနဲ့ သမင်ဖြူတောင်တန်းရဲ့အဲ့ဒီလူက တကယ့်ကိုရှားပါးတဲ့ပါရမီရှင်တစ်ယောက်ပဲ။ အနောက်ဘက်မြို့စောင့်တပ်ဘုရင်ရဲ့သမီးတော်က နန်းမြို့တော်ကိုရောက်လာတဲ့အခါမှာ ကဗျာကောင်းတစ်ပုဒ် ယူလာခဲ့တယ်။ ဆရာသခင်ဟန်မူယဲ့ ရေးထားခဲ့တာပဲ”
“မင်းတော့သိမှာမဟုတ်ဘူး။ အဲ့ဒီကဗျာက နန်းမြို့တော်မှာ နာမည်ကြီးနေပြီ။ ငါက ကဗျာစပ်ပေးဖို့အတွက် ဆရာသခင်ဟန်မူယဲ့ဆီမှာ တောင်းဆိုချင်မိတယ်”
သူတို့နှစ်ယောက်က စကားပြောလျက် အဝေးသို့ပျံသန်းသွားသည်။ ဓားချီများနှင့်ပြည့်နှက်နေသော ပေတစ်ထောင်ဂိတ်တံခါးသည် နောက်တွင်ကျန်ရစ်ခဲ့သည်။
ကောင်းကင်ဘုံဖွင့်လှစ်ခြင်း ဓားဂိတ်တံခါး
ဓားအလင်းနဂါးပြန်လှည့်လာသည်အထိ အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင်ရှိသောလူများ အသိဝင်မလာခဲ့ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်၏အကြီးအကဲဖြစ်သူ အင်မော်တယ်ဟန်သည် အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အလယ်ပိုင်းကုန်းမြေကြားတွင်ရှိသော ကောင်းကင်အတားအဆီးကို ဓားတစ်ချက်ဖြင့် ဖျက်ဆီးခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် ဓားစံအိမ်သည် မည်မျှသန်မာသနည်း။
ကောင်းကင်ဘုံအဆင့်ဝိညာည်သူငယ်ကျင့်ကြံသူများသည် ထိုခွန်အားကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။
ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် အထက်တွင်ရှိနေလျှင်ပင် ဓားတစ်လက်ဖြင့်ကောင်းကင်ကိုထိုးခွဲနိုင်ရန် ခက်ခဲလိမ့်မည်။
“ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံသူတွေအားလုံးကိုယ်စား ကံကောင်းခြင်းအချို့ကို တိုက်ခိုက်ရယူပေးခဲ့တဲ့အတွက် အကြီးအကဲကောင်းကင်ဝံပုလွေကို ကျေးဇူးတင်ပါတယ်” ထောင်ချီနေသောဓားအလင်းများ ပြန်ရောက်လာပြီး လေထုထဲတွင် တိတ်ဆိတ်စွာလွင့်မျောနေသော ဓားဆေးလုံးတစ်လုံးကိုပဲ ချန်ထားခဲ့သည်။ ဟန်မူယဲ့က ဦးညွှတ်လိုက်သည်။
ကောင်းကင်ဝံပုလွေ
သူက အနောက်ဘက်နယ်စပ်ကုန်းမြေကိုစောင့်ရှောက်ပြီး ပြင်ပဘုံကျွမ်းကျင်သူကြီးအား သတ်ဖြတ်ခဲ့သည်ဟု ပြောကြသည်။
အံ့အားသင့်ရန်မလိုတော့ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကောင်းကင်ဝံပုလွေကိုအသုံးပြု၍ ဓားချက်၏စွမ်းအားကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
တည်ငြိမ်နေသောဟန်မူယဲ့ကိုကြည့်လိုက်ပြီး မရေမတွက်နိုင်သောလူများ၏မျက်လုံးထဲတွင် နောင်တများပေါ်လာသည်။ ထို့နောက် သူတို့က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
အင်မော်တယ်ဟန်က လုံလောက်စွာမသန်မာတော့သည့်အတွက် နှမြောစရာကောင်းသည်။
သို့သော်လည်း အင်မော်တယ်ဟန်က အလွန်သန်မာနေလျှင် သူ့ရှေ့တွင် ခေါင်းမော့ရဲမည့်လူ ရှိမည်မဟုတ်ပေ။
အင်မော်တယ်ဟန်က သိပ်မသန်မာသောကြောင့် လက်ရွေးစင်တပည့်များအနေဖြင့် အမီလိုက်နိုင်သေးသည်။
ကောင်းကင်ထက်တွင် ဓားဆေးလုံးက တုန်ခါပြီး ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ပြုံးသည်။
တာအိုဆရာတယန်ပြောခဲ့သည့်အတိုင် ကောင်းကင်ဝံပုလွေသည် ဂုဏ်သတင်းကို အလွန်ဂရုစိုက်သည်။
သူက ကောင်းကင်အတားအဆီးတွင် ဂိတ်တံခါးဖွင့်ခဲ့သော ဟန်မူယဲ့၏ဓားချက်နှင့်ပတ်သတ်၍ စိတ်ကျေနပ်နေသော်လည်း စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့သည်။
သူက အားပေးစကားအနည်းငယ် ပြောခဲ့မည်ဆိုလျှင်ပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဂုဏ်သတင်းကို မြင့်တက်သွားစေလိမ့်မည်။
သို့သော် တွေးကြည့်လိုက်လျှင်လည်း ယနေ့မှစ၍ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏စွမ်းအားသည် တည်မြဲသွားပြီဖြစ်သည်။ ကောင်းကင်ဝံပုလွေ၏စွမ်းအားကို ငှားယူရန်မလိုတော့ပေ။
ဟန်မူယဲ့၏အရှိန်အဝါများ ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးဆေးသောပုံစံဖြင့် အရပ်မျက်နှာအနှံ့သို့ လက်သီးဆုပ်၍ နှုတ်ဆက်သည်။ “အားလုံးပဲ၊ အနာဂတ်မှာ ဓားကိုင်ထားပြီး အလယ်ပိုင်းကုန်းမြေရဲ့တိုးတက်မှုကို သွားကြည့်နိုင်ပါတယ်။ ငါတို့အားလုံး အတူတူပူးပေါင်းပြီး အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းလောကကို ပြန်အသက်သွင်းရမယ်”
သူတို့က အလယ်ပိုင်းကုန်းမြေသို့ ဓားယူသွားနိုင်သည်။
အလယ်ပိုင်းကုန်းမြေသည် တိုးတက်မှုရှိပြီး ကျင့်ကြံခြင်းလောက၏ မြင့်မြတ်နယ်မြေဟု လူသိများသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ပါရမီရှင်အချို့သည် အလယ်ပိုင်းကုန်းမြေသို့သွားခဲ့သော်လည်း စိတ်ဓာတ်ကျစွာ ပြန်လာခဲ့ရသည်။
ထိုသို့ တိုးတက်သောနေရာတစ်ခုတွင် နိမ့်ပါးသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများ မရှင်သန်နိုင်ပေ။
အလယ်ပိုင်းကုန်းမြေတွင် ကွန်ဖြူးရှပ်တာအိုသည် လေးစားခံရပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကျင့်ကြံသူများသည် ကွန်ဖြူးရှပ်တာအို၏ကန့်သတ်ချက်များကို မနှစ်သက်ကြပေ။
သို့သော် ထိုအကြောင်းပြချက်များသည် အလယ်ပိုင်းကုန်းမြေသို့ရောက်ဖူးသော ကျင့်ကြံသူများအတွက်သာဖြစ်သည်။
အလယ်ပိုင်းကုန်းမြေသို့မရောက်ဘူးသောလူများသည် ထိုနေရာသို့ သွားချင်ကြသည်။
အလယ်ပိုင်းကုန်းမြေ၏တိုးတက်မှုကို မမြင်ခဲ့လျှင် ကျင့်ကြံခြင်းခရီးစဉ်တစ်ခုအဖြစ် မယူဆနိုင်ပေ။
ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် ဓားတစ်လက်နှင့်အတူ အလယ်ပိုင်းကုန်းမြေသို့ခရီးသွားနိုင်ခြင်းသည် ဂုဏ်ယူဖွယ်တစ်ခုဖြစ်သည်။
ချက်ချင်းဆိုသလိုပဲ အံ့ဖွယ်ကိုးပါးတောင်၏ အတွင်းနှင့်အပြင်တွင်ရှိသော မရေမတွက်နိုင်လောက်သည့်ကျင့်ကြံသူများသည် အလယ်ပိုင်းကုန်းမြေသို့ သွားကြည့်ချင်နေသည်။
ထို့အပြင် အလယ်ပိုင်းကုန်းမြေ၏ဓားကျင့်ကြံသူများသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုစိန်ခေါ်ရန် ရောက်လာလိမ့်မည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အနိုင်ရလျှင် ကောင်းကင်ဂိတ်တံခါးသည် ဆက်ရှိနေလိမ့်မည်။
အနာဂတ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ မရေမတွက်နိုင်လောက်သောဓားကျင့်ကြံသူများ ရောက်လာနိုင်သည်။
‘အင်မော်တယ်ဟန်က ဓားကျင့်ကြံသူတွေအတွက် တော်ဝင်နယ်မြေဆိုတဲ့ဂုဏ်ပုဒ်ကို အရှေ့ပင်လယ်ဆီကနေ လုယူချင်တာလား’
လူအများအပြားက တောက်ပနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကိုကြည့်သည်။
သူက ဓားတစ်လက်ဖြင့် ကောင်းကင်ဂိတ်တံခါးကိုဖွင့်ပြီး အလယ်ပိုင်းကုန်းမြေ၏ဓားကျင့်ကြံသူများကို ကြိုဆိုနေမည်ဟု ပြောရဲသည်။ ဓားစံအိမ်၏ဟန်မူယဲ့သည် အင်မော်တယ်ဂုဏ်ပုဒ်နှင့် အမှန်တကယ်လိုက်ဖက်ညီသည်။
“ငါတို့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ကျင့်ကြံသူတွေက အင်မော်တယ်ဟန်ကို တကယ်ကျေးဇူးတင်သင့်တယ်” လူတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်သည်။
အံ့ဖွယ်ကိုးပါးတောင်တွင် မရေမတွက်နိုင်သောလူများ ဦးညွှတ်လိုက်သည်။
ကျင့်ကြံခြင်းလောကတွင် အခွင့်အရေးသည် အရေးအကြီးဆုံးဖြစ်သည်။
ဟန်မူယဲ့က ကောင်းကင်အတားအဆီးကို ဓားတစ်ချက်ဖြင့် ထိုးခွဲခဲ့ပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကအတွက် အခွင့်အရေးတစ်ခုရစေရန် တိုက်ခိုက်ပေးခဲ့သည်။ သူတို့က ထိုအကျိုးကျေးဇူးအတွက် ဟန်မူယဲ့ကို ကျေးဇူးတင်သင့်သည်။
ဟန်မူယဲ့က လေထုထဲတွင်ရပ်နေပြီး သူ့ပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်တာအိုစွမ်းအားများ၏ပြောင်းလဲမှုကို ခံစားကြည့်နေသည်။
ထိုစွမ်းအားသည် အလယ်ပိုင်းကုန်းမြေ၏ လူသားဆန္ဒစွမ်းအားနှင့် တူညီသည်။
လူသားများ၏ဆန္ဒကို သယ်ဆောင်ထားပြီး ကောင်းကင်နှင့်မြေကြီး၏ ကောင်းကင်တာအိုဖြင့် ပေါင်းစပ်လိုက်လျှင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ပိုမိုငှားယူနိုင်သည်။
သို့သော် အနာဂတ်တွင် သူက ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုနှင့် ပိုမိုပတ်သတ်မိပြီး ကောင်းကင်နှင့်မြေကြီးက သူ့အတွက် အချုပ်အနှောင်ဖြစ်လာလိမ့်မည်။
“တာအိုရောင်းရင်းတို့ ကျေးဇူးတင်နေစရာမလိုပါဘူး။ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အတွက် ဟန်မူယဲ့က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းလောက တိုးတက်လာအောင် အကျိုးဆောင်ပေးသင့်ပါတယ်”
ထိုသို့ဖြင့် ဟန်မူယဲ့က လူများ၏တုံ့ပြန်မှုကို မစောင့်တော့ဘဲ တစ်ဘက်လှည့်ပြီး ပြောသည်။ “ဂိုဏ်းချုပ်၊ ဓားစံအိမ်ရဲ့ဓားချီက အတော်လေးထိခိုက်သွားတယ်။ ကျွန်တော်က ပြန်ပြီးစောင့်ကြပ်လိုက်ပါအုံးမယ်”
ဓားစံအိမ်၏ဓားချီသည် အပြင်းအထန်ထိခိုက်သွားခဲ့သည်။ သို့သော် ထိုသတင်း၏မှန်ကန်မှုကို မည်သူမှ သေချာမပြောနိုင်ပေ။
အံ့ဖွယ်ကိုးပါးတောင်၏ အတွင်းနှင့်အပြင်တွင် လူအများအပြားက ပြုံးလိုက်သည်။
မည်သို့ပင်ဖြစ်စေ ဒဏ်ရာရသွားသောထို့ပါ့ချန်နှင့်ဟန်မူယဲ့ကို သူတို့ကိုယ်တိုင် မမြင်ရလျှင် ဒဏ်ရာရသွားသောသတင်းကို ယုံမည်မဟုတ်ပေ။
‘သူက ဟန်ဆောင်နေတာဖြစ်လိမ့်မယ်’ သူတို့ တွေးမိသည်။
ထို့ပါ့ချန်က ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။
ဟန်မူယဲ့၏ခြေထောက်အောက်တွင်ရှိသော ကြိုးကြာတောင်ပံသည် လှုပ်ရှားသွားပြီး အဝေးသို့ပျံသန်းသွားသည်။
“ဟူဟူကလည်း ကြိုးကြာတောင်ပံပေါ်မှာ ထိုင်ချင်တယ် ....” အဝေးတစ်နေရာတွင် ဟွမ်ကျစ်ဟူက ရေရွတ်လိုက်သည်။
“ဒေါင် ....”
အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင် ခေါင်းလောင်းသံမြည်လာသည်။
ဂိုဏ်းချုပ်ရာထူးအပ်နှင်းပွဲဖြစ်ပြီး ထို့ပါ့ချန်သည် ၃၄ယောက်မြောက်ဂိုဏ်းချုပ် ဖြစ်လာခဲ့သည်။
ဟန်မူယဲ့က ဂိုဏ်းချုပ်ဂုဏ်ပြုပွဲနှင့် ညစာစားပွဲတွင် ပါဝင်ဆင်နွဲရန် ရည်ရွယ်ချက်မရှိပေ။ သူက ဓားစံအိမ်၏အရှေ့သို့ ပျံသန်းသွားပြီး မော့ကြည့်လိုက်သည်။
ယနေ့တွင် နှစ်တစ်သောင်းဖိနှိပ်ထားသောစွမ်းအားကို ငှားယူခဲ့သည့်အတွက် ဓားစံအိမ်သည် ထိခိုက်သွားခဲ့သည်။
လေဟာနယ်ကိုဖိနှိပ်ထားသောစွမ်းအားသည် အားနည်းသွားလိမ့်မည်။ သူက အားပြန်ဖြည့်ရန်အတွက် ဓားများကို ပျိုးထောင်ပေးရန်လိုအပ်သည်။
သို့သော် ဓားစံအိမ်၏စွမ်းအားကို ငှားယူလိုက်သောကြောင့် သူက မရေမတွက်နိုင်သောဓားများကိုထိန်းချုပ်ပြီး ကောင်းကင်အတားအဆီးအား ချိုးဖောက်နိုင်သည့် ဓားအလင်းနဂါးတစ်ကောင်ကို ဖန်တီးနိုင်ခဲ့သည်။ ထိုစွမ်းအားသည် သူ့ကျင့်ကြံခြင်းနှင့် နားလည်နိုင်စွမ်းအတွက် အကျိုးရှိသည်။
ပင်လယ်ကိုမမြင်ဘူးသောလူများသည် ပင်လယ်၏ကျယ်ပြန့်ပုံကို မသိနိုင်ပေ။