အခန်း (၃၇၈)
Vol. 27 Ch. 378
ဟန်မူယဲ့က ဓားစံအိမ်အတွင်းသို့ဝင်သွားပြီး တတိယထပ်သို့ တက်မသွားဘဲ မြေအောက်ထပ်သို့ သွားလိုက်သည်။
တိတ်ဆိတ်နေသောအခန်းထဲတွင် အရာအားလုံးသည် ပုံမှန်အတိုင်းရှိနေသည်။
စားပွဲခုံလေးတစ်လုံး၊ သစ်သားသေတ္တာတစ်လုံးနှင့် လည်ပတ်နေသောရွှေရောင်အပြားတစ်ခုသည် ပြောင်းလဲမှုမရှိပေ။
သို့သော် စားပွဲခုံလေးပေါ်တွင် တစ်ပေရှည်သော အနက်ရောင်ဓားတစ်လက်ရှိနေသည်။
ဟန်မူယဲ့က ထိုဓားကို ပိုင်စုကျန်းဆီသို့ပေးခဲ့သည်။
ဟန်မူယဲ့က ရှေ့တက်လာပြီး အနက်ရောင်ဓားကို ကောက်ယူသည်။ ထို့နောက် ခဏတာစဉ်းစားလိုက်ပြီး သစ်သားသေတ္တာကို ဖွင့်ကြည့်သည်။
သစ်သားသေတ္တာထဲတွင် ချည်နှောင်ထားသောဆံပင်ထုံးသည် ယခင်အတိုင်းရှိနေသည်။
သို့သော် ဟန်မူယဲ့ထည့်ထားခဲ့သော သစ်သားဘီးက ပျောက်ကွယ်သွားခဲ့သည်။
“အကြီးအကဲလီမူပိုင်၊ ကျွန်တော့်ကို ရှင်းပြသင့်တယ်မဟုတ်လား”
ဟန်မူယဲ့က အနက်ရောင်ဓားကိုကိုင်ထားပြီး တည်ငြိမ်စွာပြောသည်။
လီမူပိုင်
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မိစ္ဆာဂိုဏ်းဖြစ်သော ရှန့်ယန်မိစ္ဆာဂိုဏ်း၏ ခေါင်းဆောင်
ထိုလူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်၏လျှို့ဝှက်နေရာတွင် ရောက်နေသည်။
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လည်ပတ်နေသော နေစုစည်းခြင်းကျောက်ပြားက တုန်ခါသွားပြီး အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက် ထွက်လာသည်။
“ကောင်လေး၊ မင်းက အင်မော်တယ်ဂုဏ်ပုဒ်နဲ့အညီ ထက်မြက်တာပဲ”
လီမူပိုင်က ဟန်မူယဲ့ကိုကြည့်သည်။ သူ့မျက်နှာထားက တည်ငြိမ်နေသော်လည်း လေးစားမှုအချို့ကို မြင်နိုင်သည်။
“ကျွန်တော် တကယ်ကိုပဲသိချင်မိတယ်။ အကြီးအကဲက ဒီနေရာကိုရောက်လာပြီဆိုမှတော့ ဒီကမ္ဘာကနေ ဘာဖြစ်လို့ထွက်မသွားသေးတာလဲ”
ဟန်မူယဲ့က လီမူပိုင်ကိုကြည့်လိုက်ပြီး မေးသည်။
ဤနေရာသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားနိုင်သော အာကသလမ်းကြောင်းသုံးခုတွင် တစ်ခုဖြစ်သည်။
အနက်ရောင်ဓားကို သော့အဖြစ်ရထားသောကြောင့် သူက ထွက်သွားနိုင်သည်။
သို့သော် အနက်ရောင်ဓားထဲတွင်ရှိသော အမှတ်အသားနှင့်လေဟာနယ်စွမ်းအားများကို ဟန်မူယဲ့က ထုတ်ယူထားသည်။ သူက အမှန်တကယ်ထွက်သွားချင်လျှင် အနက်ရောင်ဓားက စွမ်းဆောင်ပေးနိုင်မည်မဟုတ်ပေ။
“ငါထွက်သွားမယ်လို့ ဘယ်သူကပြောလဲ” လီမူပိုင်က ခေါင်းခါလိုက်ပြီး ပြုံးသည်။ “ငါက အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ပုံရိပ်ယောင်ဆန်ပြီးမခန့်မှန်းနိုင်တဲ့ပြင်ပကမ္ဘာကို ထွက်သွားသင့်တဲ့ မိစ္ဆာကျင့်ကြံသူတစ်ယောက်လို့ မင်းထင်နေတာလား”
လီမူပိုင်၏စကားကြောင့် ဟန်မူယဲ့က အံ့အားသင့်သွားသည်။
လီမူပိုင်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ထွက်သွားရန် ရည်ရွယ်ချက်မရှိဘဲ ဓားစံအိမ်၏အောက်တွင်ရှိသော လျှို့ဝှက်အခန်းထဲသို့ရောက်လာလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
ပုံမှန်အတိုင်းဆိုလျှင် အပြင်လူများသည် ဤလျှို့ဝှက်အခန်းအတွင်းသို့ ဝင်မလာနိုင်ပေ။
ဟန်မူယဲ့က ဓားစံအိမ်၏စွမ်းအားများကို အသုံးပြုခဲ့သောကြောင့် ခုခံနိုင်စွမ်းအားနည်းနေသည့်အတွက် လီမူပိုင်နှင့်ပိုင်စုကျန်းက ဝင်လာနိုင်ခဲ့သည်။
“ငါ့သမီးက လက်မလျော့ဘဲ ဝင်ကြည့်ချင်တယ်လို့ ပြောနေတာ ....” ဟန်မူယဲ့၏မျက်နှာထားက ရှုပ်ထွေးသွားပြီး တီးတိုးပြောသည်။ “အဲ့ဒီသစ်သားဘီးက သူ့အမေရဲ့ပစ္စည်းလေ”
ဟန်မူယဲ့က အနည်းငယ်အံ့အားသင့်သွားသည်။
သစ်သားသေတ္တာထဲတွင်ရှိနေသော သစ်သားဘီးသည် လီမူပိုင်၏ဇနီးသည်နှင့် သက်ဆိုင်နေသည်။
“ငါ လီမူပိုင်က မိစ္ဆာဖြစ်လာပြီး ငါ့ဇနီးကို ကိုယ်တိုင်သတ်လိုက်တယ်လို့ လူတိုင်းပြောကြတယ်” လီမူပိုင်၏မျက်လုံးထဲတွင် အထီးကျန်မှုနှင့် ဝမ်းနည်းမှုများရှိနေပြီး အသာအယာခေါင်းငုံ့ထားသည်။
ပြိုင်ဘက်ကင်းမိစ္ဆာကျင့်ကြံသူ၏မျက်နှာထားကို မြင်လိုက်ရသောကြောင့် ဟန်မူယဲ့က အနည်းငယ်အံ့သြသွားသည်။
“ငါက အဲ့ဒီလိုမျိုး ဘယ်လိုလုပ်နိုင်မှာလဲ ....” လီမူပိုင်က တီးတိုးရေရွတ်သည်။
လီမူပိုင်၏စကားကို မကြားခဲ့လျှင် ဟန်မူယဲ့က ကောလဟာလများ၏အမှန်တရားကို သိနိုင်မည်မဟုတ်ပေ။
ယခင်က ပိုင်မိသားစု၏သခင်မလေးသည် အကြည့်တစ်ချက်နှင့် ငမွဲကျင့်ကြံသူတစ်ယောက်ဟုသိနိုင်သော လီမူပိုင်နှင့် ချစ်ကြိုက်ခဲ့သည်။ သူမက မိသားစု၏ငြင်းဆန်မှုကို လျစ်လျူရှုထားပြီး သူ့ကို လက်ထပ်ခဲ့သည်။
ထိုနေ့ရက်များသည် အမှန်တကယ်လှပသည်။
သို့သော် နောက်ဆုံးတွင် လီမူပိုင်က မိစ္ဆာဂိုဏ်းတွင်ကျင့်ကြံရန် ပြန်သွားခဲ့သည်။
သခင်မလေးပိုင်ကလည်း မိစ္ဆာဂိုဏ်းတွင်ကျင့်ကြံရန် သူ့နောက်သို့ လိုက်လာသည်။
တစ်ယောက်သည် ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း တစ်ယောက်က ကုန်သည်မိသားစု၏ သခင်မလေးဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင်ရှိသော အဆင့်အတန်းနှင့်ကျင့်ကြံခြင်းသည် ဖြည်းဖြည်းချင်း ကွာခြားလာသည်။
အပြင်လူများမသိနိုင်သော်လည်း သခင်မလေးပိုင်က ထိုကွားခြားချက်ကို လက်မခံနိုင်ခဲ့ပေ။
“သူမက ပူးကပ်ခံလိုက်ရတယ်” လီမူပိုင်က လက်သီးဆုပ်ထားသည်။
“ငါက အရာအားလုံးကြိုးစားခဲ့ပေမဲ့ မတားနိုင်ခဲ့ဘူး”
“သူမရဲ့နှလုံးသားထဲမှာ မိစ္ဆာတစ်ကောင်ရှိနေပြီး ကောင်းကင်မိစ္ဆာရဲ့အသုံးချတာကို ခံခဲ့ရတယ်’ လီမူပိုင်၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များပေါ်ထွက်လာသည်။
“သူမက ကလေးတစ်ယောက်လိုချင်ခဲ့တယ်”
“နောက်ပိုင်းမှာ သူမက သူမရဲ့ဘဝကိုအဆုံးသတ်ပေးဖို့ ငါ့ကို တောင်းဆိုခဲ့တယ်”
လီမူပိုင်က ဟန်မူယဲ့ကိုမော့ကြည့်သည်။ “ငါက သူမကိုနှုတ်ဆက်ဖို့အတွက် ဓားစံအိမ်ကိုရောက်လာခဲ့တာ”
“သူမက မိစ္ဆာအဖြစ်ပြောင်းသွားပေမဲ့ ငါက မတိုက်ခိုက်ရက်ဘူး”
လီမူပိုင်၏မျက်လုံးထဲတွင် အကူအညီမဲ့မှုနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုများ ရှိနေသည်။ “ငါက အသုံးမကျတဲ့အတွက် ကောင်းကင်မိစ္ဆာကို မဖိနှိပ်နိုင်ခဲ့ဘူး”
ကောင်းကင်မိစ္ဆာ
ဟွမ်လောင်လျှိုက ဤအခန်းထဲတွင် မိစ္ဆာစွမ်းအင်များဖြင့် ထိတွေ့ခဲ့သည်။
‘ဒါက မိစ္ဆာကျင့်ကြံခြင်းနယ်မြေလား’
မိစ္ဆာဖြစ်သွားသောဟွမ်လောင်လျှိုက ပြန်လာနိုင်မည့်အခွင့်အရေး ရှိနိုင်သည်ဟု သူတွေးမိသည်။
အခန်းထဲတွင် ဟန်မူယဲ့နှင့်လီမူပိုင်က တိတ်ဆိတ်နေသည်။
အချိန်အတော်ကြာသောအခါတွင် လီမူပိုင်က သက်ပြင်းချလိုက်ပြီး ပြောသည်။ “ငါ့သမီးက သူ့အမေရဲ့သစ်သားဘီးကိုယူပြီး ဒီဓားကို ပြန်ထားခဲ့တယ်”
“ပြောရမယ်ဆိုရင်”
“မင်းနဲ့သူမကလည်း ငါနဲ့ရူလိုပဲ”
“ကံကြမ္မာကို တွန်းအားပေးလို့မရဘူး”
သူတွန်းအားမပေးနိုင်ခဲ့ပေ။
ယခင်က လီမူပိုင်နှင့် ပိုင်မိသားစုသခင်မလေးသည် လိုက်ဖက်ညီပြီး လှပသောစုံတွဲတစ်တွဲ ဖြစ်ခဲ့သော်လည်း တစ်ယောက်က မိစ္ဆာကျင့်ကြံသူဖြစ်ပြီး နောက်တစ်ယောက်က ကုန်သည်မိသားစု၏ သမီးတစ်ယောက်ဖြစ်သည်။
ထိုကွာဟချက်သည် လူတစ်ယောက်၏နှလုံးသားကို မကောင်းသောအတွေးများနှင့် ပြည့်လာစေသည်။
ယနေ့တွင် ဟန်မူယဲ့က ဓားစံအိမ်၏စွမ်းအားကိုထိန်းချုပ်ပြီး ဓားတစ်ချက်ဖြင့် ကောင်းကင်အတားအဆီးကို ထိုးခွဲခဲ့သည်။
ပိုင်စုကျန်း၏နောက်ကွယ်တွင် ရှန့်ယန်မိစ္ဆာဂိုဏ်းနှင့် ပိုင်မိသားစုရှိနေလျှင်ပင် သူမက သူ့ကို မော့ကြည့်နေရုံပဲ တတ်နိုင်သည်။
ထိုသို့ ကွာခြားချက်ကြီးမားနေသောကြောင့် သူတို့နှစ်ဦး အတူတူရှိနေလျှင် တခြားလူများ၏စိတ်ထဲတွင် မကောင်းသောအတွေးများ ဖြစ်လာလိမ့်မည်။
ဟန်မူယဲ့က အနက်ရောင်ဓားလေးကိုကိုင်ထားပြီး ပြောစရာစကား ရှာမတွေ့ခဲ့ပေ။
“အနာဂတ်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေက မင်းရဲ့လောကဖြစ်လာလိမ့်မယ်။ ငါတို့ရှန့်ယန်မိစ္ဆာဂိုဏ်းက မိစ္ဆာကျင့်ကြံသူတွေကို ထိန်းချုပ်ထားမယ်”
“မင်းက ငါတို့ကို ငြိမ်းငြိမ်းချမ်းချမ်းလေ့ကျင့်နိုင်ဖို့ အခွင့်အရေးတစ်ခုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“ငါက အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်သွားလိမ့်မယ်”
လီမူပိုင်က အနည်းငယ်အထီးကျန်နေသောပုံစံဖြင့် ထွက်သွားခဲ့သည်။
‘ဒီမိစ္ဆာကျင့်ကြံသူက ကောလဟာလတွေလိုမျိုး ကြမ်းတမ်းရက်စက်တဲ့ပုံမပေါ်ဘူး’ ဟန်မူယဲ့က တွေးမိသည်။
ကောလဟာလများကို အပြည့်မဝမယုံကြည်နိုင်ပေ။
ဟန်မူယဲ့က ဓားစံအိမ်၏တတိယထပ်သို့ရောက်လာပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူ့ကိုယ်ပေါ်တွင်ရှိသောဓားချီသည် ဓားစံအိမ်ထဲတွင် ပျံ့နှံ့သွားသည်။
သူ့ချီပင်လယ်အတွင်း၌ရှိသော ခရမ်းရောင်ဓားသည် မရေမတွက်နိုင်လောက်သော ဓားချီများအဖြစ်ပြောင်းလဲသွားပြီး ဓားစံအိမ်၏ ဖုံးကွယ်နေသောဓားများထဲသို့ တိုက်ရိုက်စီးဝင်သွားသည်။
ဓားစံအိမ်၏တတိယထပ်သည် ချက်ချင်းဆိုသလိုပဲ ခရမ်းရွှေရောင်တောက်လာသည်။
ဓားများကို ပျိုးထောင်ပေးခြင်း
ဓားဖြင့် ချီကိုအားဖြည့်ပေးခြင်း
ဓားကို ပျိုးထောင်ပေးသောလူများ
ဤနေရာသည် ဓားစံအိမ်ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းချုပ်အသစ်ဂုဏ်ပြုပွဲသည် သုံးရက်ကြာခဲ့သည်။ ဟန်မူယဲ့က နောက်ဆုံးနေ့တွင် ပြန်ပေါ်လာသည်။
ဂိုဏ်းချုပ်နှင့် အကြီးအကဲအများအပြားသည် ဟန်မူယဲ့နှင့် ခွက်ချင်းတိုက်ရန် ရောက်လာကြသည်။
“အကြီးအကဲဟန်” ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင် ကျန်းချန်က ရှေ့တက်လာပြီး လက်သီးဆုပ်၍ နှုတ်ဆက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်က ခန်းဆောင်၏အပြင်ဘက်သို့ ထွက်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်လာသောကြောင့် နံပတ်တစ်ဓားဂိုဏ်းလည်း အလိုလျောက် ဖြစ်လာခဲ့သည်။
ဖုန်းလင်ဓားဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကြားတွင်ရှိသော တိုက်ပွဲသည် အဆုံးသတ်သွားခဲ့သည်။
သူတို့ဂိုဏ်းနှစ်ဂိုဏ်းကြားတွင် မရေမတွက်နိုင်လောက်သောရန်ငြိုးများရှိသည်။
သို့သော် အလယ်ပိုင်းကုန်းမြေ၏ကျင့်ကြံသူများ လာရောက်တိုက်ခိုက်သောအခါတွင် ဖုန်းလင်ဓားဂိုဏ်း၏ခေါင်းဆောင်က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့်အတူ တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် ဖုန်းလင်ဓားဂိုဏ်း၏စိတ်ရင်းကို အနည်းနှင့်အများဆိုသလို ပြသနိုင်ခဲ့သည်။
“ငါက တောင်ပိုင်းကုန်းမြေရဲ့စွမ်းအားကိုငှားယူပြီး ကောင်းကင်ဘုံအဆင့်ကို ရောက်လာခဲ့တယ်” ကျန်းချန်က အံ့ဖွယ်ကိုးပါးတောင်ပေါ်တွင်ရှိနေသော တိမ်တိုက်များကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
ဟန်မူယဲ့က ထိုအကြောင်းကို သိထားသည်။
ထိုအရာသည် လျှို့ဝှက်ချက်မဟုတ်ပေ။
“မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေမှာ ကောင်းကင်ကပ်ဘေးကိုခုခံနိုင်တဲ့ ရတနာတစ်ပါးရှိတယ်”
ကျန်းချန်က ဟန်မူယဲ့ကိုလှည့်ကြည့်သည်။ “အဲ့ဒါက ကောင်းကင်ကိုထောက်ပံ့နိုင်တဲ့ နွားသိုးဦးချိုတစ်ခုပဲ”
နွားသိုးဦးချိုတစ်ခုသည် ကောင်းကင်ကပ်ဘေးကို တားဆီးနိုင်သည်။
ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ လက်ရှိအခြေအနေအရ တောင်ပိုင်းကုန်းမြေရဲ့ရွှေ့ပြောင်းမှုကိုဖိနှိပ်နိုင်ဖို့ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတွေ ပိုရှိလာမှရမယ်”
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူတွေ အများကြီးရှိနေပေမဲ့ ကောင်းကင်ကပ်ဘေးကို ခုခံနိုင်တဲ့လူ သိပ်မရှိဘူး”
“တကယ်လို့ မင်းက မိစ္ဆာတစ်သောင်းနယ်မြေရဲ့ရတနာကို ရနိုင်ရင် အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတွေ ပိုပြီးပေါ်ထွက်လာအောင် ကူညီပေးနိုင်လိမ့်မယ်”
ကျန်းချန်၏မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့်ပြည့်နေသည်။
ကျန်းချန်ထွက်သွားသောအခါတွင် ဟန်မူယဲ့က ကောင်းကင်ကိုကြည့်သည်။
ကျန်းချင်တွင် တခြားအစီအစဉ်များရှိနေနိုင်သည်။ သို့မဟုတ် သူက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများ တိုးလာခြင်းကို အမှန်တကယ်မြင်ချင်လိမ့်မည်။
သို့သော် ထိုအချက်သည် အရေးမကြီးပေ။
သူက မိစ္ဆာတစ်သောင်းနယ်မြေ၏ နွားသိုးဦးချိုကို လိုချင်သည်။
သူ့လက်ထဲတွင် နတ်ဘုရားသားရဲခွေ၏ သားရေရှိနေသောကြောင့် ဦးချိုကို စိတ်ဝင်စားမိသည်။
“စီနီယာအစ်ကိုဟန်” ဟန်မူယဲ့၏နောက်မှ အသံတစ်သံထွက်လာသည်။ “ကျွန်မတို့ နောက်ကျရင် မိတ်ဆွေဖြစ်နိုင်သေးလား”
ဟန်မူယဲ့က နောက်လှည့်ကြည့်လိုက်သောအခါ မျက်တွင်းကျနေသောပိုင်စုကျန်းကို မြင်ရသည်။
ပိုင်စုကျန်းက ဟန်မူယဲ့၏ဆံထုံးကို ကြည့်သည်။
ဆံထုံးတွင် အနက်ရောင်ဓားလေးတစ်ချောင်း ရှိနေသည်။
ဓားစံအိမ်၏စည်းကမ်းများအရ ဓားတစ်လက်ကို လက်ခံမထားလျှင် ဓားစံအိမ်ထဲသို့ မဝင်နိုင်ပေ။
ပိုင်စုကျန်းက ဓားစံအိမ်ထဲသို့ နှစ်ကြိမ်ကျူးကျော်ခဲ့သည်။
ထိုအရာသည် ဓားစံအိမ်၏စည်းကမ်းကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်။
“အကြီးအကဲလီမူပိုင်က မင်းကို အားလုံးပြောပြလိုက်ပြီထင်တယ်” ဟန်မူယဲ့က ပိုင်စုကျန်း၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ညင်သာစွာပြောသည်။
ပိုင်စုကျန်းက ခေါင်းညိတ်လိုက်ပြီး ခေါင်းခါသည်။
“ကျွန်မရဲ့အမေက ကျွန်မအတွက် စာချန်သွားတယ်”
သစ်သားဘီးထဲတွင် ပိုင်စုကျန်းမိခင်၏ ဝိညာဉ်အမှတ်အသားရှိနေသည်။
“ကျွန်မက ရှန်ယန်မိစ္ဆာဂိုဏ်းကို ပြန်သွားတော့မယ်။ နောက်ကျရင် ကျွန်မတို့ရဲ့စီးပွားရေးက ....”
ပိုင်စုကျန်းက ဟန်မူယဲ့ကိုမော့ကြည့်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီးပြောသည်။ “မိတ်ဆွေက မိတ်ဆွေ၊ စီးပွားရေးက စီးပွားရေးပဲ။ ခင်မင်ရင်းနှီးတာကိုအကြောင်းပြပြီး စီးပွားရေးအကြောင့် လွယ်လွယ်ပြောနိုင်မယ်မထင်နဲ့။ မင်းက ဈေးလျော့ရဲရင် ငါက စုကျန်းဈေးဆိုင်ကို ဖြိုချပစ်မယ်”
ခင်မင်ရင်းနှီးမှု
စီးပွားရေး
ပိုင်စုကျန်း၏မျက်နှာက တောက်ပလာပြီး လေးနက်စွာခေါင်းညိတ်သည်။
အနာဂတ်တွင် သူမနှင့်ဟန်မူယဲ့က ဆက်ဆံရေးတွင် ခြေတစ်လှမ်းထပ်တိုးရန် ခက်ခဲလိမ့်မည်။ သို့သော် ခင်မင်ရင်းနှီးမှုနှင့် စီးပွားရေးက ဆက်ရှိနေလိမ့်မည်။
“မူဝမ်က မိန်းမကောင်းလေးပါ”
ပိုင်စုကျန်းက ထွက်မသွားခင် မကျေမနပ်ရေရွတ်လိုက်သည်။