← Chapters

တန်ဖိုးအကြီးဆုံးလုယက်ခြင်း

Vol. 86 Ch. 1188

တန်ဖိုးအကြီးဆုံးလုယက်ခြင်း

Vol. 86 Ch. 1188

မြေအောက်နေရာလပ်က ခြောက်မီတာနီးပါးမြင့်ကာ ဘောလုံးကွင်းတစ်ခု၏အရွယ်အစားရှိပြီး အလယ်တွင် တိုင်လုံးကြီးတစ်ခုဖြင့် ထောက်ထားသည်။ စင်တန်းများအား နေရာ၏တစ်ဝက်လောက် စီစီရီရီ ခင်းကျင်းထားပြီး အုပ်အရွယ်အစားရွှေချောင်းများက ဘေးနားတွင် စုပုံထားသည်။ ယခင်က ရွှေပမာဏအမြောက်အများအား မြင်ဖူးသော်ငြား မြင်ကွင်းက ထန်ရှုအား အတော်လေးအံ့အားသင့်စေသည်။

ဒီရွှေချောင်းတွေက အနည်းဆုံးတန်တစ်ရာကျော်ရှိတယ်။

သူက ပမာဏအား စိတ်ထဲ၌ ခန့်မှန်းလိုက်သည်၊ သူ့ခန့်မှန်းချက်က သိပ်မကွာလောက်ပေ။

စင်တန်း၏တစ်ဖက်တွင် ငွေအပုံလိုက်ရှိသည်။ ဤလက်သီးအရွယ်အစားငွေချောင်းများက ထိုရွှေချောင်းများထက် မလျော့ဟု သူက အကြမ်းဖျင်းခန့်မှန်းထားသည်၊ ထို့ပြင် ဤနေရာတွင် ငွေဇွန်းများစွာလည်း အစုလိုက်အပုံလိုက်ရှိနေသည်။ အခြားတစ်ဖက်တွင် ရွှေ၊ ငွေ၊ ပုလဲနှင့် ရတနာအမြောက်အများရှိသည်။ ထန်ရှုက သူ့စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်ပြီး စုပုံနေသောစိန်တုံးအရေအတွက်အား တွေ့ကာ တုန်လှုပ်သွား၏။

မိုအားဝူက သူ၏မှင်တက်နေသောအမူအရာအား သတိပြုမိကာ ပျော်ရွှင်စွာ ပြောလိုက်သည် “မြင်ကွင်းက ဂိုဏ်းချုပ်ကို တုန်လှုပ်စေတယ်မလား။ ဒီနေရာကို ပထမဆုံးအကြိမ် ဝင်တုန်းက ငါတို့လဲ အဲလိုဖြစ်ခဲ့တယ်။ ဒီတစ်ကြိမ်ရန်သူက သေချာပေါက်ကို ကျိကျိတက်ချမ်းသာတာပဲ။ ဒီပျော်ရွှင်ခြင်းနန်းတော်သခင်က ဒီလောက်များတဲ့ကြွယ်ဝမှုကို ဘယ်နေရာကရလဲ မသိဘူး”

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ့အား လှည့်ကြည့်လျက် မေးလိုက်သည် “ကမ္ဘာမှာ ကြွယ်ဝမှုကို အမြန်ဆုံးရနိုင်တဲ့နည်းလမ်းကို မင်း သိလား”

“အာ..ဘဏ်ဖောက်တာလား”ခဏစဉ်းစားပြီးနောက် မိုအားဝူက ဖြေလိုက်သည်။

ထန်ရှုက သူ့အား ရှင်းပြမည့်ဆဲဆဲတွင် ဓာတ်လှေကားတံခါးက ပွင့်သွား၏။ ထို့နောက် ယုဂျီ၏အသံက ထွက်ပေါ်လာသည်။ “ကမ္ဘာမှာ ချမ်းသာကြွယ်ဝဖို့ အမြန်ဆုံးနည်းလမ်းက ဓားပြတိုက်တာပဲ။ ချမ်းသာတဲ့သူတွေကို လုယက်တာက အကောင်းဆုံးလမ်းကြောင်းပဲ။ ပျော်ရွှင်ခြင်းနန်းတော်က ဆယ်စုနှစ်ချီတည်ရှိခဲ့တာ၊ ဂျပန်သူဌေးအမြောက်အများကို လုယက်ခဲ့ပြီ။ ငါတို့က နဂါးနှိမ်နင်းပညာရှိရဲ့အကောင့်ကို ကြည့်လို့မရတာ ကံမကောင်းတာပဲ၊ မဟုတ်လို့ကတော့ သူဌေးက ကမ္ဘာအချမ်းသာဆုံးထိပ်တန်းလူစာရင်းထဲကို ဝင်သွားလိမ့်မယ်”

ထန်ရှုက သူမအား ကြည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည် “ယောကျ်ားတွေက သူတို့ရတာနဲ့ ပတ်သက်ပြီး နှိမ့်ချဖို့ သင်ယူရမယ်လေ”

“ဒါနဲ့ ပျော်ရွှင်ခြင်းနန်းတော်ရဲ့အစီအရင်ကို ဖျက်ဆီးခဲ့တာ ငါပဲ၊ သူဌေး၊ မဟုတ်ရင် အစီအရင်ကို ဖျက်ဆီးဖို့အတွက် သူတို့က အပြင်မှာပဲ ရှိနေအုံးမှာ၊ ဒီလိုကြီးကျယ်ခမ်းနားတဲ့အကျိုးဆောင်မှုတစ်ခုအတွက် မင်း ငါ့ကို ဘယ်လိုဆုချမှာလဲ”

ထန်ရှုက သူမထံ လျှောက်ကာ ကြည့်လိုက်သည်။ အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး မေးလိုက်၏ “ဒါဆို မင်းက ဘာဆုလာဘ်လိုချင်တာလဲ”

ယုဂျီ၏နှလုံးသားက အေးစက်သွားပြီး သူမက ကမန်းကတန်း ဉီးညွှတ်လိုက်သည် “ဟာသပြောတာပါ၊ သူဌေး။ မင်းက ငါ့ကို ဘာတစ်ခုမှ ဆုမချရင်တောင် ယုဂျီက မတောင်းဆိုရဲပါဘူး”

“ဟမ့်”ထန်ရှုက နှာခေါင်းရှုံ့ကာ စိတ်မဝင်စားစွာ ပြောလိုက်သည် “ဉာဏ်ရှိတယ်ဆိုတာက ဆုလာဘ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ မမေးတာပဲ။ ဒါပေမယ့် မင်းက ကောင်းကောင်းလုပ်ခဲ့တာပဲ။ မင်းက ငါ့ကို မေးမှတော့ မင်းရမယ့်ဆုလာဘ်က ဆေးလုံးတွေဆိုတာ ငါ ပြောပြမယ်”

ထိုသို့ပြောပြီးနောက် ထန်ရှုက သိုလှောင်လက်စွပ်မှ ဆေးပုလင်းနှစ်လုံးယူထုတ်ကာ သူမထံ ပစ်ပေးလိုက်၏ “ဒီဆေးလုံးတွေက မင်းရဲ့ကျင့်ကြံခြင်းကို နောက်တစ်ဆင့်တိုးစေလိမ့်မယ်”

ဝမ်းသာအားရလျက် ယုဂျီက ကမန်းကတန်း ဉီးညွှတ်လိုက်သည် “ကျေးဇူးအများကြီးတင်ပါတယ်၊ သူဌေး”

“အမ်…”

ထန်ရှုက ပြန်လှည့်ကာ အတွင်းသို့ ဉီးတည်သွား၏။ စိတ်ဝိညာဉ်အာရုံအား ထုတ်လွှတ်လိုက်ချိန်တွင် ထိုရွှေချောင်းအနည်းငယ်မှ ထူးခြားမှုအချို့အား သူက တွေ့လိုက်၏။ သူတို့ထဲမှအချို့တွင် ရွှေအဆီအနှစ်ပါဝင်မှန်း သူက ခန့်မှန်းခဲ့သည်။

မိုအားဝူက ယုဂျီထံ ကပ်သွား၏၊ လျှောက်နေရင်း သူက ထန်ရှုနောက်ကျောအား တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သူက ယုဂျီပခုံးအား ပုတ်ကာ တိုးတိုလေးပြောလိုက်သည် “ဒီနေ့မှာ သင်ခန်းစာယူပြီး နောက်ကျရင် မင်းက ဉာဏ်ရှိဖို့ ငါ မျှော်လင့်တယ်”

ထိုသို့ပြောပြီးနောက် သူက ထန်ရှုနောက် လျင်မြန်စွာ လိုက်သွား၏။

ယုဂျီက မှင်တက်ကာ ခေါင်းရှုပ်သွားသည်။ ဒါက ဘယ်လိုလုပ်ပြီး သင်ခန်းစာတစ်ခုဖြစ်နိုင်မှာလဲ။ သူက ငါ့ကို ဆုလာဘ်တစ်ခု ပေးခဲ့တာပဲမလား။

တစ်ချက်တွေးပြီးနောက် သူမက မိုအားဝူအား လျင်မြန်စွာ အမီလိုက်ကာ တီးတိုးမေးလိုက်သည် “နင် ပြောတာက ဘာကို ဆိုလိုတာလဲ”

မိုအားဝူက ပြုံးကာ သူတို့နှစ်ယောက်သာ ကြားနိုင်သည့်အသံနှင့် ပြန်ပြော၏ “မင်းက ထန်ဂိုဏ်းသားတစ်ယောက်မဟုတ်ဘူးဆိုတော့ လူတိုင်းရဲ့အကျိုးဆောင်မှုအတွက် သူဌေးက အမြဲတမ်း ဆုချတယ်ဆိုတာ မင်း မသိဘူးပေါ့။ ဒီတစ်ကြိမ် မင်းရဲ့လုပ်ဆောင်ချက်က ကြီးကျယ်လွန်းတယ်၊ ဒါကြောင့် ငါ မင်းကို အနည်းငယ် ပြောမယ်။ ဒီတစ်ကြိမ် မင်းရဲ့အကျိုးဆောင်မှုနဲ့ဆိုရင် မင်းက သူဌေးကို ဆုချဖို့ မပြောဘူးဆိုရင် မင်းရနိုင်မယ့်ပမာဏက အခုမင်းရခဲ့တာထက် ဆယ်ဆပိုလိမ့်မယ်”

“ဆယ်ဆကျော်လို့ မင်း ပြောတာလား”ယုဂျီက အံ့အားသင့်စွာ ပြောလိုက်သည်။

မိုအားဝူက သူမအား ဆက်သရော်လိုက်သည် “ဟုတ်တယ်၊ ဒါကြောင့် ဒီသင်ခန်းစာကို အမြဲတမ်း မှတ်ထားပါ”

ယုဂျီ၏မူအရာက အဆက်မပြတ်ပြောင်းလဲသွားပြီး နက်ရှိုင်းသောနောင်တတရားက သူမမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ အခု သူမရခဲ့သည့် ဆေးလုံးအရေအတွက်ထက် ဆယ်ဆတဲ့။ အဲဒီဆေးလုံးတွေသာ ရခဲ့မယ်ဆိုရင် သူမရဲ့ကျင့်ကြံခြင်းက အချိန်တိုအတွင်းမှာ အများကြီးပိုသန်မာလာနိုင်မှာ။

ရုတ်တရက် သူမက တစ်ခုခုအား အမှတ်ရကာ မိုအားဝူအား အမိလိုက်လျက် မေးလိုက်သည် “ငါ့ကို ပြောပါ၊ ထန်ဂိုဏ်းမှာ အကျိုးဆောင်မှုတွေ လုပ်ဖို့အတွက် အခွင့်အရေးအများကြီးရှိလား”

မိုအားဝူက ခေါင်းခါယမ်းလိုက်သည် “ကမ္ဘာမြေက ငြိမ်းချမ်းသောကမ္ဘာတစ်ခုလို့ ဂိုဏ်းချုပ်က ပြောတယ်။ ဒါကြောင့် တိုက်ပွဲတွေ အနည်းငယ်ပဲ ရှိနိုင်မှာ။ ဒါကြောင့် အကျိုးဆောင်မှုတွေ လုပ်ဖို့ဆိုရင် ဂိုဏ်းသားတွေက အချိန်အကြာကြီး စောင့်ရဖို့ လိုမယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ ဂိုဏ်းချုပ် မင်းကို ပေးတဲ့ စမ်းသပ်ချက်ကို အောင်အောင်မြင်မြင်ကျော်ဖြတ်ပြီး ဂိုဏ်းရဲ့တရားဝင်တပည့်ဖြစ်လာတာနဲ့ မင်းက ကျင့်ကြံခြင်းအရင်းအမြစ်တွေကို နှစ်စဉ်ခွဲတမ်းရရှိလိမ့်မယ်။ ထပ်ပြောရရင် မင်းက ဆေးပင်တွေ၊ သတ္တုတွေဒါမှမဟုတ်သားရဲအစိတ်အပိုင်းနဲ့အရိုးတွေလို အခြားအရင်းအမြစ်တွေကို ဝယ်ယူပြီး ဆေးလုံးတွေနဲ့ ဖလှယ်နိုင်တယ်”

ရှင်းပြချက်ကို ကြားပြီးနောက် ယုဂျီ၏နောင်တရမှုက အမြောက်အများလျော့ကျသွား၏။ သူမတွင် ပိုက်ဆံရှိသည်၊ သူမကိုယ်သူမ ကျိကျိချမ်းသာကြွယ်ဝသည်ဟု ပြောနိုင်သည်။ သူမ၏ထိန်းချုပ်မှုအောက်ရှိ စက်ရုံအချို့က သူမအား နှစ်စဉ် အကျိုးအမြတ် ယူလာပေးသည်။

ရွှေအစုအပုံတွင်။

ထန်ရှုက ရွှေချောင်းအချို့ ယူလိုက်သည်။ ထိုရွှေချောင်းများက အရည်ကျိုထားသော်လည်း ပါဝင်သည့်ရွှေအဆီအနှစ်က အကောင်းပတိရှိသေး၏။ အနည်းငယ်တွေးပြီးနောက် သူက တတိယထပ်ရှိရွှေငွေရတနာနှင့်အခြားပစ္စည်းကောင်းတွေအားလုံးအား သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် ဟာလာဟင်းလင်းဖြစ်သွားသောတတိယအထပ်အား ယုဂျီက အံ့ဩမှင်တက်စွာ ကြည့်လိုက်သည်။ သူမနှလုံးသားထဲရှိ ထိတ်လန့်တုန်လှုပ်မှုက မဖော်ပြနိုင်လောက်အောင်ပင်။ အတိတ်တွင် အကြွင်းအကျန်နယ်မြေအချို့၌ ပျော်ရွှင်ခြင်းနန်းတော်သခင်က သိုလှောင်လက်စွပ်အချို့ ရရှိခဲ့သည်။ ထိုသိုလှောင်လက်စွပ်များ၏အကြီးမားဆုံးနေရာလပ်က စတုရန်းမီတာအနည်းငယ်ရှိသောအခန်းတစ်ခန်း၏အရွယ်အစားခန့်သာ ရှိသည်။

သို့သော် အခု ထန်ရှုက တတိယအထပ်ကပစ္စည်းတွေအားလုံးကို သူ့သိုလှောင်လက်စွပ်ထဲကို ထည့်ခဲ့တာပဲ။ အထဲကနေရာလပ်က ဘယ်လောက်ထိ ကြီးမားနိုင်မလဲ။ ၎င်းရဲ့နေရာလပ်က နဂါးနှိမ်နင်းပညာရှိပိုင်ဆိုင်ခဲ့တာတွေတွေထက် ဆယ်ဆကျော်ပိုကြီးမားတယ်လို့ ဆိုလိုတာမဟုတ်လား။

ထန်ရှုက အချိန်မဖြန်းလိုတော့ပေ။ ဤနေရာက သူ့ပိုင်နက်မဟုတ်၊ ယူနိုင်သမျှအားလုံးကို ယူရမည်၊ ကြာရှည်မနေလိုပေ။ ဓာတ်လှေကားက ဒုတိယထပ်တွင် ရပ်သွားသည်၊ သူက တံခါးမှ ထွက်ကာ ရှေးဟောင်းပစ္စည်းများ၊ အဖိုးတန်သတ္တုများနှင့် သားရဲအရိုးတို့အား အမြောက်အများ တွေ့လိုက်ရ၏။

“အမ်…”

သူ့ပုံရိပ်က ဆယ်မီတာအကွာရှိ နံရံအရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာသည်။ သူက ကြမ်းပြင်ပေါ်ရှိ သားရဲအရိုးစုအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ သူက လျှို့ဝှက်ပညာရပ်တစ်ခု ထုတ်ဖော်လိုက်၏၊ သားရဲ၏ရင်ဘက်အရိုးများမှ ဆယ်စင်တီမီတာရှည်သည့်ရွှေရောင်အရိုးတစ်ချောင်းက အတွင်းမှ လွင့်မျောလာကာ သူ့ရှေ့၌ ထွက်ပေါ်လာသည်။

“အင်မော်တယ်သားရဲတစ်ကောင်ရဲ့လက်အရိုးတစ်ခုလား”

ဤလက်ရိုးတွင် ပါဝင်သော ကြီးမားသည့်အင်မော်တယ်စွမ်းအားအား သူက အာရုံခံနိုင်သည်။ သူက ဤအရိုးအား အသုံးပြုနိုင်မည်ဆိုလျှင် သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အားက အဆအနည်းငယ်တိုးလာရုံသာမက သူ့၏ကျင့်ကြံခြင်းကလည်း အကြီးအကျယ် တိုးလာပေလိမ့်မည်။

ဤနေရာက ရတနာများနှင့် ပြည့်နေသည်။ သူတို့ထဲမှ ကြုံရာတစ်ခုယူကာ အပြင်ကမ္ဘာတွင် ရောင်းချလျှင် ကောင်းကင်ပမာမြင့်မားသောဈေးနှုန်းအား ရရှိပေလိမ့်မည်။ သို့သော် ထန်ရှုအတွက် တတိယထပ်မှ ရွှေငွေများအပါအဝင် ကျန်ရတနာများအားလုံးက ဤအရိုးအပိုင်းအစလောက် တန်ဖိုးမရှိပေ။

များမကြာမီ ဤနေရာရှိ ပစ္စည်းအားလုံးအား သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ ပထမအထပ်သို့ ဉီးတည်လိုက်သည်။ ပျော်ရွှင်ခြင်းနန်းတော်သခင်က တန်ဖိုးကြီးဆေးပင်အမြောက်အများအား စုဆောင်းထားမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤနေရာတွင် နှစ်ဆယ်သန်းဂျင်ဆင်းကိုပင် သိမ်းဆည်းထားသည်။

မြေအောက်နေရာလပ်မှ ထွက်လာပြီးနောက် မိုအားဝူနှင့်ယုဂျီတို့နှင့်အတူ ထန်ရှုက ကျွန်းတစ်ခုလုံးအား လှည့်ပတ်လိုက်သည်။ ထို့နောက် မိုအားဝူတို့အဖွဲ့က ဤနေရာမှ တန်ဖိုးကြီးပစ္စည်းအားလုံးအား လုယက်ခဲ့သည်ကို သိလိုက်ရသည်။ ပျော်ရွှင်ခြင်းနန်းတော်သခင်အသုံးပြုသည့်အိပ်ရာကိုပင် မိုအားဝူက သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်ကို သူက မြင်လိုက်၏။ ထိုအိပ်ရာက ရွှေပိုးမျှင်နှင့် ပြုလုပ်ထားသောကြောင့်ပင်။

“ဒီတစ်ခုကို ဂိုဏ်းချုပ်အတွက် ငါ ချန်ထားပေးတယ်”

သူလုထားသည့် ပစ္စည်းအား မိုအားဝူက ထန်ရှုအား မပေးချင်သည်မှာ သိသာလှ၏၊ သို့သော် ၎င်းက သူ မသိမ်းထားရဲသည့်အရာတစ်ခုဖြစ်၏၊ ရေခဲကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့်ကုလားထိုင်တစ်ခုပင်။

“ဒီနေရာမှာ မင်းက ပစ္စည်းကောင်းအချို့ ရခဲ့တာပဲ”ထန်ရှုက အံ့အားသင့်သွားသည်။

“တကယ်ပဲ”မိုအားဝူက ပြုံးကာ ပြန်ဖြေသည် “ဒါကြောင့် ဒီတပည့်က အဲဒါကို မသိမ်းထားရဲတာ”

ထန်ရှုက သူ့ပခုံးအား ပုတ်ကာ ပြုံးလျက် ပြောလိုက်သည် “ဒီစိတ်ဝိညာဉ်တိုးပွားဆေးလုံးတွေကို ယူလိုက်။ နဂါးကိုးကောင်းကျွန်းကို ရောက်တဲ့အခါ မင်းက တံခါးပိတ်ကျင့်ကြံပေါ့”

မိုအားဝူက စိတ်ထဲ၌ ဝမ်းသာသွားပြီး ကမန်းကတန်း မေးလိုက်သည် “ဂိုဏ်းချုပ်၊ ဒီစိတ်ဝိညာဉ်တိုးပွားဆေးရဲ့အကျိုးသက်ရောက်မှုက…”

“မင်းက ဒီစိတ်ဝိညာဉ်တိုးပွားဆေးကို သုံးမယ်ဆိုရင် မင်းရဲ့စိတ်ဝိညာဉ်အာရုံက အကြီးအကျယ် တိုးလာလိမ့်မယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “ဒါကို သုံးပြီးရင် မင်းရဲ့စိတ်ဝိညာဉ်အာရုံက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေပိုင်ဆိုင်တဲ့စိတ်ဝိညာဉ်အာရုံနဲ့ ညီမျှလာလိမ့်မယ်”

အဟွတ်…

မိုအားဝူက ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။ သူ့ခွန်အားက လျင်မြန်စွာ တိုးလာသော်လည်း စိတ်ဝိညာဉ်အာရုံတိုးတက်မှုက အများကြီး ပိုနှေးသည်။ သူ့ညီမိုအားဝမ်ထက်ပင် သူ၏စိတ်ဝိညာဉ်အာရုံက ပိုအားနည်းသည်။ ထို့ကြောင့် လက်ရှိတွင် ကျင့်ကြံခြင်းတိုးတက်စေသည့်ဆေးလုံးများထက် စိတ်ဝိညာဉ်အာရုံတိုးစေသည့်ဆေးလုံးအမျိုးအစားအား ရှာဖွေရန် သူက ပိုစိတ်အားထက်သန်နေ၏။

“ဂိုဏ်းချုပ်…”

မိုအားဝူက ရင်ထဲတွင် အတော်လေးထိသွား၏၊ သူက ပါးစပ်ဟလိုက်သော်လည်း ပြောမည့်စကားအား ပြန်မျိုချလိုက်၏။

သစ္စာရှိတဲ့ငယ်သားတစ်ယောက်က သူ့သခင်အတွက် သေပေးရမယ်။

ဤအခါတွင်မှ ထိုစာကြောင်း၏အဓိပ္ပါယ်အား မိုအားဝူက နောက်ဆုံးတွင် နားလည်ခဲ့သည်။ လက်ရှိတွင် ထန်ရှုက သူ့အား သေရန် အမိန့်ပေးခဲ့ပါက သူက မျက်တောင်တစ်ချက်ပင် မခတ်မည်ကို သိ၏။

ဘေးနားရှိ ယုဂျီက သူတို့၏စကားများကို နားထောင်ရင်း အားကျမိနေသည်။ သူမလည်း ကျင့်ကြံသူတစ်ယောက်ဖြစ်သည်၊ ဤစိတ်ဝိညာဉ်တိုးပွားဆေးက ဘယ်လောက်တန်ဖိုးရှိသလဲကို သူမက ဘာလို့ မနားလည်နိုင်ရမှာလဲ။ သူမကသာ ဤဆေးလုံးအား ရခဲ့လျှင် သူမ၏စွမ်းအားက တစ်ဟုန်တိုးမြင့်တက်သွားပေလိမ့်မည်။

All Chapters