လုံကျန်းယု၏ဆိုးရွားသောအခြေအနေ
Vol. 86 Ch. 1194
“မင်း ဒီကို မလာတာ အတော်ကြာပြီ၊ ကောင်လေး။ မင်းက ငါ့ကို မေ့သွားပြီလို့တောင် ငါ ထင်ထားတာ”လီလုံဂျီက စိတ်လှုပ်ရှားစွာ ပြော၏ “မင်း ပြန်လာပြီး ငါတို့ရဲ့ကြယ်တာရာမြို့တိုင်းရင်းဆေးရုံမှာ ဆေးကုသပေးဖို့ ငါ ဆုတောင်းနေတာ”
“ဆေးကုဖို့ကိစ္စနဲ့ ပတ်သက်ပြီး နောက်မှ ပြောကြတာပေါ့၊ ဆေးရုံအုပ်လီ”ထန်ရှုက ပြော၏ “ကျုပ်မှာ မေးစရာတစ်ခုရှိတယ်”
လူအိုကြီး၏အမူအရာက တည်တံ့သွားပြီး သူ့လေသံက ချက်ချင်းလေးနက်သွား၏ “ပြောပါ”
“လုံကျန်းယုက ဒဏ်ရာရထားပြီး ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံမှာ ကုသနေတယ်လို့ ပြောတယ်။ သူ့ရဲ့လက်ရှိအခြေအနေက ဘယ်လိုရှိလဲ။ ပြင်းထန်လား”
“အရမ်းဆိုးတယ်”လီလုံဂျီက ရှုံ့မဲ့ပြုံးလျက် ဆက်ပြော၏ “ငါက သူ့ကို စစ်ဆေးခဲ့တဲ့သူပဲ။ နံရိုးသုံးချောင်းကျိုးပြီး သရက်ရွက်က ဒဏ်ရာအပြင်းအထန်ရထားတယ်၊ အတွင်းပိုင်းသွေးယိုတာလဲ ရှိတယ်။ အပြင်ကနေ ပြင်းထန်တဲ့တိုက်ခိုက်မှုကြောင့် သူ့ဉီးနှောက်နှင့်အာရုံကြောက ထိခိုက်ပြီး အခုထိ ကိုမာကနေ မသက်သာလာသေးဘူး။ တကယ်တော့ သူက အန္တရာယ်အရှိဆုံးအချိန်ကိုတောင် မဖြတ်ကျော်ရသေးဘူး။ ဒါပေမယ့် ကံမကောင်းဆုံးအရာက မျိုးပွားအင်္ဂါနဲ့ ပတ်သက်ပြီးတော့ပဲ။ ထူးခြားတဲ့နည်းလမ်းတွေမရှိရင် သူက ဒီတစ်သက် ယောကျ်ားတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်တော့ဘူး”
“ဘာ…”ထန်ရှုက အံ့အားသင့်သွားသည်။
သူ့ရဲ့မျိုးပွားအင်္ဂါထိခိုက်ပြီး သူက ယောကျ်ားတစ်ယောက်မဖြစ်နိုင်တော့ဘူးလား။
မယုံကြည်နိုင်မှုက ထန်ရှု၏မျက်လုံးထဲ၌ စီးဆင်းသွားပြီး သတ်ဖြတ်ခြင်းဆန္ဒက သူ့နှလုံးသားထဲ၌ မွေးဖွားလာသည်။ ကမ္ဘာမြေပေါ်သို့ သူ ပြန်ရောက်လာပြီးနောက် လုံကျန်းယုက သူ၏ပထမဆုံးသောမိတ်ဆွေများထဲမှ တစ်ယောက်ဖြစ်၏။ သူ့ကြောင့်သာမဟုတ်လျှင် သူနှင့်သူ၏ကုမ္ပဏီက ဒီလောက်လျင်မြန်စွာ တိုးတက်လာမည်မဟုတ်ပေ။
နောက်ပိုင်းတွင် သူတို့က အဆက်မပြတ် ဆက်သွယ်ခဲ့သည်။ လုံကျန်းယုက သူ့အား ရိုးရိုးသားသားဆက်ဆံပြီး သူ၏သရုပ်မှန်ကြောင့် သူ၏သစ္စာရှိမိတ်ဆွေဖြစ်လာခဲ့သလို သူကလည်း လုံကျန်းယုအား သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် သတ်မှတ်ခဲ့သည်။ ယခု လုံကျန်းယုက သူ၏ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဖိတ်ခေါ်ခဲ့သည့် ပြည်ပအဖွဲ့များကြောင့် ဒဏ်ရာအပြင်းအထန်ရသွား၏။
“အနေအထားကို ကျုပ် သိပြီ၊ ဆေးရုံအုပ်လီ။ နောက်နာရီဝက်လောက်ကျရင် ဆေးရုံကို ကျုပ် ရောက်လာလိမ့်မယ်။ ခင်ဗျားက ဆေးရုံမှာ အခု မရှိရင် ကျုပ်တို့ နောက်မှ တွေ့ကြတာပေါ့”သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ထန်ရှုက ပြော၏။
“ဒီကိုသာလာပါ။ ငါ ဆေးရုံမှာ ရှိနေသေးတယ်”လီလုံဂျီက လျင်မြန်စွာ ပြော၏။
နာရီဝက်ကြာပြီးနောက် ထန်ရှုက ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံတွင် ထွက်ပေါ်လာပြီး သူ့ကားအား ကားပါကင်တွင် ရပ်လိုက်သည်၊ သက်လတ်ပိုင်းအရွယ်ဆရာဝန်လေးယောက်နှင့်အတူ သူ့ထံ ချဉ်းကပ်လာနေသောလီလုံဂျီအား မြင်လိုက်ရ၏။
“ထန်ရှု…”
လီလုံဂျီက ရှေ့တိုးကာ ထန်ရှု၏လက်အား ကိုင်လျက် ခါယမ်းလိုက်သည်။
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ကာ ပြောလိုက်၏ “ငါတို့ လုံကျန်းယုဆီ တန်းသွားလို့ရမလား၊ ဆေးရုံအုပ်လီ။ ငါ သူ့ရဲ့အခြေအနေကို တစ်ချက်ကြည့်ချင်တယ်။ ငါ သူ့ကို ကုသဖို့ အကောင်းဆုံးလုပ်ရမယ်၊ မသန်မစွမ်းဖြစ်တာက သူ့ရဲ့ဘဝကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်။ အဲဒါက သူ့ကိုတောင် ပျက်ဆီးစေနိုင်တယ်”
“သူက လက်ရှိ ICUမှာ ရှိတယ်။ ငါ မင်းကို ခေါ်သွားပေးမယ်”လီလုံဂျီက ခေါင်းညိတ်ကာ ပြော၏ “ပြီးတော့ အဲကို သွားတဲ့လမ်းပေါ်မှာ မင်းကို ဒီလူတွေနဲ့ ငါ မိတ်ဆက်ပေးမယ်။ သူတို့လေးယောက်က ဆေးရုံက ကျွမ်းကျင်တဲ့ဒေါက်တာတွေပဲ။ သူတို့က လုံကျန်းယုရဲ့ကုသမှုမှာ တာဝန်ရှိတဲ့ဆရာဝန်တွေပဲ”
ထန်ရှုက ထိုလူလေးယောက်အား ခေါင်းညိတ်ပြကာ ပြောလိုက်၏ “ကြယ်တာမြို့တရုတ်တိုင်းရင်းဆေးရုံကို ငါ မလာတာ အတော်ကြာပြီ။ ဆေးရုံက ယခင်ကထက် အများကြီးပြောင်းလဲသွားမယ်လို့ ငါ မထင်ထားဘူးပဲ။ ဒါက ကြယ်တာရာမြို့ရဲ့နံပါတ်တစ်ပြည်သူ့ဆေးရုံထက်ကို သာလွန်သွားတာ မဟုတ်လား”
“ဒီလိုအခွင့်အရေးဖြစ်ပေါ်လာတာ မင်းကြောင့်ပဲလေ”လီလုံဂျီက ပြုံးကာ ပြော၏ “မင်းကြောင့်သာ မဟုတ်ရင် လက်ရှိကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံက ယခင်အခြေအနေမှာပဲ တံ့နေမှာ”
မိတ်ဆက်ပြီးနောက် လီလုံဂျီက ထန်ရှုအား ICUအခန်းတည်ရှိရာ အသစ်ဆောက်ထားသောလူနာဆောင်သို့ ခေါ်သွား၏။ ထန်ရှုက ပိုးသတ်ထားသောဝတ်စုံကိုပင် မဝတ်ဘဲ အထဲသို့ တန်းဝင်သွား၏။ သူက အောက်စီဂျင်မျက်နှာဖုံးတပ်ထားသောလုံကျန်းယုအား ကြည့်လိုက်သည်၊ လက်ရှိတွင် လုံကျန်းယု၏ခန္ဓာကိုယ်ထဲသို့ ပြွန်အချို့ ထည့်သွင်းထား၏။ ထို့နောက် ထန်ရှုက လက်ကောက်ဝတ်အား ဆန့်ကာ သူ့သွေးကြောအား စစ်ဆေးလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် သူက အောက်ဆီဂျင်မျက်နှာဖုံးအပါအဝင် လုံကျန်းယု၏ခန္ဓာကိုယ်ပေါ်ရှိ ပြွန်အားလုံးဆွဲထုတ်လိုက်သည်။ ပြီးနောက် သူက သိုလှောင်လက်စွပ်မှ မြင့်မြတ်သန့်စင်ဆေးရည်ယူထုတ်ကာ လုံကျန်းယု၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူက မူလဖရိုဖရဲစွမ်းအားအား လုံကျန်းယု၏ခန္ဓာကိုယ်အဖွဲ့အစည်းထဲသို့ ထည့်သွင်းလိုက်၏။ မြင့်မြတ်သန့်စင်ဆေးရည်ကို ချေဖျက်ရန် လုံကျန်းယုအား ကူညီပေးပြီးနောက် ထန်ရှုက ထိုလူငါးယောက်အား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဆေးရုံအုပ်လီ၊ လုံကျန်းယုကို ကုသဖို့ ငါပဲ လုပ်တော့မယ်။ ဆေးရုံက အကောင်းဆုံးဂရုစိုက်ပေးဖို့ပဲ လိုအပ်တယ်”
“မင်းက သူ့ကို ကုသနိုင်မယ်လို့ ယုံကြည်လား”လီလုံဂျီက ကမန်းကတန်းမေးလိုက်သည်။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူ့ဒဏ်ရာကို ကုသနိုင်တယ်ဆိုပေမယ့် စိတ်ဝိညာဉ်ဆေးပင်တစ်ခုကို ရှာမတွေ့ရင် သူ့ရဲ့ဉီးနှောက်ထိခိုက်မှုနဲ့ ပတ်သက်ပြီး ငါ ဘာမှမတတ်နိုင်ဘူး”
“ဘာဆေးပင်လဲ”လီလုံဂျီက မေးလိုက်သည်။
“စိတ်လိပ်ပြာပန်း”ထန်ရှုက ပြောလိုက်သည်။
လီလုံဂျီက မှင်တက်သွားသလို အခြားလေးယောက်ကလည်း မျက်မှောင်ကြုတ်လိုက်၏။ သူတို့က အကြည့်ချင်း လျင်မြန်စွာ ဖလှယ်လိုက်ကြပြီး တစ်ယောက်မှ ဤစိတ်ဝိညာဉ်ဆေးပင်အား မကြားဖူးသည်ကို ဖော်ပြရန် ခေါင်းခါယမ်းလိုက်၏။
ထန်ရှုက အားတင်းပြုံးကာ ပြောလိုက်သည် “လက်တွေ့မှာတော့ ဒီစိတ်ဝိညာဉ်ဆေးပင်ကို ဘယ်နေရာမှာ ရှာရမလဲဆိုတာ ငါ မသိဘူး၊ အဲဒါက တကယ်ကို ရှားတယ်။ အဲဒါက များသောအားဖြင့် မီးတောင်ဝတွေမှာ ကြီးထွားတယ်။ အာ၊ အဲဒါကို အရင်ထားလိုက်ရအောင်။ အခြားအဖြေတွေ ရှိအုံးမယ်လို့ ငါ ထင်တယ်၊ အရင်ကလို ပြန်ဖြစ်အောင် ငါ အကောင်းဆုံးကြိုးစားမှာပါ”
“မင်းရဲ့ဆေးပညာအရ လုပ်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ်”လီလုံဂျီက ခေါင်းညိတ်လိုက်သည်။
ထန်ရှုက ထပ်မပြောတော့ဘဲ လူငါးယောက်အား အရင်ထွက်သွားရန် အရိပ်အမြွက်ပြလိုက်၏။ ထို့နောက် သူက လုံကျန်းယု၏ခန္ဓာကိုယ်လုံဆောင်ချက်များအား ထိန်းညှိရန် စတင်ခဲ့ပြီး သူ၏မူလဖရိုဖရဲစွမ်းအင်အား အသုံးပြုကာ လုံကျန်းယု၏ထိခိုက်ထားသောခန္ဓာကိုယ်အား အာဟာရဖြည့်လိုက်သည်။
နာရီဝက်ကြာပြီးနောက် သူက ICUမှ ထွက်လာပြီး အပြင်ဘက်တွင် စောင့်နေသောလူဆယ်ယောက်ကျော်အား မြင်လိုက်ရသည်။ လီလုံဂျီတို့ငါးယောက်အဖွဲ့အပြင် လုံမိသားစုသာမက ခန်းရှနှင့်အန်ဒီတို့လည်း ရှိ၏။
“ထန်ရှု၊ ကျန်းယု…ဘယ်လိုလဲ…သူ အခု ဘယ်လိုလဲ”လုံဟန်ဝမ်က သူ့လက်အား ဆုပ်ကိုင်ကာ မျှော်လင့်စောင့်စားသောမျက်နှာနှင့် မေးလိုက်၏။
“ငါ သူ့ရဲ့ဒဏ်ရာတွေကို ကုသပြီးပြီ၊ ဉီးလေးလုံ။ ဒဏ်ရာက နောက်ထပ်ပြဿနာတစ်ခုဖြစ်မှာ မဟုတ်တော့ဘူး”ထန်ရှုက သူ့အား နှစ်သိမ့်လိုက်၏ “ဒါပေမယ့် သူ့ရဲ့အာရုံကြောနဲ့ဉီးနှောက်ထိခိုက်မှုကို ဘယ်လိုကုသရမလဲဆိုတာ ငါ မဖော်ထုတ်နိုင်ဘူး။ သူက ဘာနောက်ဆက်တွဲမှ မရှိဘဲ မကြာမီ နိုးထလာဖို့ ဖြစ်နိုင်သလို ဉီးနှောက်နှင့်အာရုံကြောထိခိုက်မှုကြောင့် အကြာကြီး ကိုမာဖြစ်လာဖို့ အခွင့်အရေးတစ်ခုလဲ ရှိတယ်။ ဒါပေမယ့် စိတ်ချပါ။ ဖြစ်နိုင်သမျှ သူ့ကို နိုးဖို့ နည်းလမ်းတစ်ခုကို ငါ ရှာပါ့မယ်”
သူ့ရှင်းပြချက်အား ကြားပြီးနောက် လုံဟန်ဝမ်က သိလိုစိတ်နှင့် ထပ်မေးလိုက်၏ “သူ နိုးလာရင် လက်ထပ်ပြီး ကလေးရနိုင်သေးလား”
“ဒါ ပြဿနာမရှိဘူး”ထန်ရှုက ပြုံးကာ ဆက်ပြော၏ “သူက သာမန်လူတစ်ယောက်နဲ့ ဘာမှ မကွာခြားစေရဘူး”
နောက်ဆုံးတွင် လုံဝမ်ဟန်၏စိုးရိမ်သောကက များစွာ လျော့ကျသွားပြီး အပြုံးတစ်ခုက သူ၏လေးထောင့်မျက်နှာ၌ ထွက်ပေါ်လာ၏။ သူက သက်ပြင်းချလိုက်သည် “ကျန်းယုမှာ မင်းလိုသူငယ်ချင်းတစ်ယောက်ရှိတာ သူ့အတွက် တကယ်ကို ကောင်းချီးတစ်ခုပဲ။ မင်းရဲ့ထူးချွန်တဲ့ဆေးပညာကျွမ်းကျင်မှုအရ မင်းက သူ့ကို နိုးအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ ယုံတယ်”
“သူက ငါ့သူငယ်ချင်းပါ၊ ငါ သူ့ကို အကောင်းဆုံးကုသရမှာပေါ့”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဉီးလေးလုံ၊ ဆေးရုံအုပ်လီက ကျန်းယုအတွက် ဆေးရုံရဲ့ကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေ စီစဉ်ပေးပြီး သူ့ရဲ့အခြေအနေကို အချိန်ပြည့် စစ်ဆေးပေးမှာပါ၊ ဒါကြောင့် ဉီးလေးနဲ့အခြားသူတွေ ဒီနေရာမှာ ထပ်နေစရာမလိုပါဘူး။ ကျေးဇူးပြုပြီး အိမ်ကို အရင်ပြန်ပါ”
လုံဟန်ဝမ်က တစ်ချက်တွေးကာ ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ၊ ငါတို့ အရင်ပြန်ကြတာပေါ့။ ဒါပေမယ့် တစ်ခုခုဖြစ်ရင် ငါတို့ကို အရင်ခေါ်ပါ”
“ငါ နေခဲ့မယ်”လုံရွှယ်ယောင်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည် “ပြီးတော့ ထန်ရှုနဲ့ ဆွေးနွေးစရာတစ်ခုရှိတယ်”
လုံဟန်ဝမ်က ခဏမှင်တက်သွားပြီးနောက် ထူးဆန်းသောအမူအရာဖြစ်သွား၏။ ထို့နောက် သူက ထန်ရှုအား တစ်ချက်ကြည့်ကာ ရုတ်တရက် ပြုံးကာ ပြောလိုက်သည် “ကောင်းပြီလေ၊ ရွှယ်ယောင်၊ ထန်ရှုကို အဖော်ပြုပေးပြီး သူတောင်းဆိုတာတွေကို ကျေနပ်အောင် အကောင်းဆုံးလုပ်ပေးလိုက်ပါ”
ရှိနေသူတိုင်းက ထက်မြက်သောသူများသာ၊ လုံဟန်ဝမ်၏မှတ်ချက်ကို ကြားပြီး သူတို့က အဓိပ္ပါယ်ပါသောအပြုံးတစ်ခုအား ပြုံးလိုက်ကြ၏။ သို့သော် အန်ဒီက ထန်ရှုဘေးနားသို့ လျင်မြန်စွာ လျှောက်လာပြီး သူ့လက်အား ကိုင်လိုက်သောအခါ လုံဟန်ဝမ်နှင့်လူတိုင်း၏မျက်နှာပေါ်ရှိအပြုံးများက ရုတ်ချည်း အေးခဲသွားတော့၏။
ထန်ရှုက ရှုံ့မဲ့လျက်သာ ပြုံးနိုင်သည်။ လုံဟန်ဝမ်တို့အဖွဲ့နှင့် လီလုံဂျီနှင်ဆရာဝန်များအဖွဲ့က ထွက်သွားပြီးနောက် သူက လုံရွှယ်ယောင်ဘက်လှည့်ကာ မေးလိုက်၏ “မင်း ငါ့ကို ရှာတဲ့ကိစ္စက အတိအကျဘာများလဲ”
“ငါ့ရဲ့သူငယ်ချင်းတစ်ယောက်က သန်ဘက်ခါကျရင် လက်ထပ်ပွဲတစ်ခုကျင်းပလိမ့်မယ်၊ သူမရဲ့လက်ထပ်ပွဲကို ရှင် သူမနဲ့အတူ လိုက်ပေးနိုင်မလား”လုံရွှယ်ယောင်က တုံ့ဆိုင်းလျက် မေးလိုက်သည်။
“မင်းက ငါ့ကို မင်းနဲ့အတူ မင်းသူငယ်ချင်းရဲ့လက်ထပ်ပွဲကို သွားစေချင်တာလား”ထန်ရှုက ခေါင်းရှုပ်သွားသည် “မင်းက လူမှားရှာနေတာလား။ ဒီလိုကိစ္စမျိုးမှာ မင်းနဲ့အတူ သွားဖို့ မင်းရဲ့ချစ်သူကို မေးသင့်တယ်”
“ကျွန်မမှာ ချစ်သူမရှိဘူး”လုံရွှယ်ယောင်က ရှုံ့မဲ့ပြုံးလိုက်သည် “ပြီးတော့ အဲဒါက ရှင်ထင်သလိုမဟုတ်ဘူး။ ငါ့ရဲ့ဒီသူငယ်ချင်းက အနည်းငယ်…ထူးခြားတယ်။ ရှင် ကျွန်မနဲ့အတူ လိုက်လာရင် သူမရဲ့ရောဂါကို ကုသပေးနိုင်တယ်”
“ဘာလို့ သူမက ဆရာဝန်ဆီ မသွားတာလဲ”ထန်ရှုက မေးလိုက်သည်။
လုံရွှယ်ယောင်က ခန်းရှနှင့်အန်ဒီတို့အား တစ်ချက်ကြည့်ကာ ပြောလိုက်၏ “သူမရဲ့အနေအထားက အလွန်ရှုပ်ထွေးပြီး လက်ရှိအချိန်မှာ အဲဒါကို ရှင့်ကို ရှင်းပြလို့မရဘူး။ ကျွန်မနဲ့အတူ ရှင် သွားနိုင်မလားမသွားနိုင်ဘူးလားဆိုတာကိုပဲ ပြောဖို့ လိုအပ်တယ်။ အဲဒါက အချိန်သိပ်မကြာဘူးလို့ ကျွန်မ ကတိပေးတယ်”
ထန်ရှုက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည် “လုံကျန်းယုက ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် လောလောဆယ် ငါ မင်းကို ကတိမပေးနိုင်ဘူး။ ငါ့ရဲ့ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက ဒီကိစ္စနဲ့ ဆက်စပ်ပြီး တာဝန်ကနေ ရှောင်လွှဲလို့မရဘူး၊ ဒါကြောင့် ငါ ဒီပြဿနာကို ဖြေရှင်းရမယ်။ ကောင်းပြီလေ၊ မနက်ဖြန်ညအထိ ငါ့ရဲ့အဖြေကို စောင့်ပါ။ သန်ဘက်ခါကျလို့ ငါ အချိန်ရရင် မင်းနဲ့အတူသွားပေးမယ်။ အိုကေတယ်မလား”
“ကောင်းပြီလေ”
လုံရွှယ်ယောင်က ထန်ရှု၏အခြေအနေအား နားလည်သည်၊ ထို့ကြောင့် သူမက ခေါင်းညိတ်ကာ ပြော၏ “ဒါဆို မနက်ဖြန်ညအထိ အဖြေကို ငါ စောင့်နေမယ်။ နောက်မှ တွေ့ကြတာပေါ့”
သူမ ပျောက်ကွယ်သွားသည်အထိ ထန်ရှုက သူမနောက်ကျောအား ကြည့်နေ၏။ ထို့နောက် သူက သူ့အကြည့်အား ပြန်ရုတ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ခန်းရှ၊ ဒီနေရာမှာ အဲဒီနိုင်ငံခြားကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး အနေအထားက ဘာလဲ”
ခန်းရှက အားတင်းပြုံးကာ ပြောလိုက်၏ “ငါတို့ရဲ့ထုတ်ကုန်တွေအတွက် ဖြန့်ဝေသူကို ရှာနေတယ်ဆိုတဲ့ကြေညာချက်က ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းရှင်အမြောက်အများကို ဒီနေရာကို ရောက်ရှိလာစေတယ်။ ငါတို့မှာ ပစ္စည်းအနည်းငယ်ပဲရှိပေမယ့် ဒီနေရာကို လာတဲ့ကုမ္ပဏီတွေရဲ့အရေအတွက်က နှစ်ရာကျော်တယ်။ တစ်ရာက နတ်ဘုရားဝတ်ရည်ဝိုင်အတွက်ပဲ လာတဲ့ကုမ္ပဏီကြီးတွေ။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုက နောက်ထပ်တောင်းဆိုမှုတွေပြုရင်တောင် သူတို့က ပူးပေါင်းဆောင်ရွက်နိုင်သေးတယ်လို့ သူတို့အားလုံးက ပြောကြတယ်”
“ဒါက ငါတို့က အဲဒီကုမ္ပဏီတွေရဲ့မျက်လုံးထဲမှာ ရွှေဉတဲ့ငန်းတွေလို ငါ့ကို ခံစားရစေတယ်”ထန်ရှုက သက်ပြင်းချလိုက်၏ “နောက်ကျရင် ငါတို့ကုမ္ပဏီက သူတို့ရဲ့အိတ်ကပ်ထဲကို ငွေစက္ကူတွေထည့်ပေးမယ်လို့ သူတို့က တွေးထားတာ သိသာတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လုံကျန်းယုရဲ့ဒဏ်ရာအတွက် တာဝန်ရှိတဲ့ အဲဒီနိုင်ငံခြားကုမ္ပဏီကို စာရင်းကနေ ကန်ထုတ်လိုက်ပါ”
“ဖယ်ထုတ်ပြီးပါပြီ”ခန်းရှက ပြောလိုက်သည်။
ထန်ရှုက ခေါင်းညိတ်ကာ ဆက်ပြော၏ “နောက်တစ်ခုကတော့ အဲဒီကုမ္ပဏီတွေရဲ့အချက်အလက်တွေကို စုပြီး ငါ့ဆီ ပို့လိုက်ပါ။ အဲဒါတွေကို ဖတ်ပြီးမှ ငါတို့ ဒီကိစ္စကို ဆက်ဆွေးနွေးမယ်”
သို့သော် သူ မပြောခဲ့သည့်အချက်တစ်ခုရှိ၏၊ ကမ္ဘာအဆင့်ကုမ္ပဏီများစွာက ကျင့်ကြံသူများ၏ထိန်းချုပ်မှုအောက်တွင် ရှိသည်ဆိုသောအချက်ပင်။ သူ့ရန်သူများ၏ထိန်းချုပ်မှုအောက်တွင် ရှိသော ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမဆို ရှောင်တိမ်းရပေလိမ့်မည်၊ သို့မဟုတ်လျှင် အနာဂတ်တွင် သူတို့က ထိပ်တိုက်တွေ့ဆုံမှုအချို့ရှိလာသည်နှင့် စီးပွားရေးအပေါ် ကြီးမားသောသက်ရောက်မှုတစ်ခု ရှိလာပေလိမ့်မည်။