← Chapters

ခင်ဗျားမျိုးနွယ်ဝင်၊ ခင်ဗျားတာဝန်

Vol. 110 Ch. 1524

ခင်ဗျားမျိုးနွယ်ဝင်၊ ခင်ဗျားတာဝန်

Vol. 110 Ch. 1524

“ဟင်းဟင်း...”

ကျန်းရီသည် ခပ်သဲ့သဲ့သာ ပြုံးလိုက်ပြီး မည်သို့မှ မပြောပေ။ သူ မပြောသဖြင့် အဆိပ်ဝိညာဉ်ကလည်း မပြောချေ။ ချီချင်ချန်သည်လည်း အေးစက်စက်သာ ပြုံး၍ နှုတ်ဆိတ်နေသည်။

“ကျွန်တော် ရှင်းပြပါမယ်”

ချိုးရန်နှင့် ယိုထျန်းနီတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် ချိုးရန်က အံကြိတ်ကာ ပြောလိုက်သည်။

ကောင်းကင်ဘုရင်ဝူက ခေါင်းညိတ်ပြသောအခါ ချိုးရန်က ခေတ္တမျှ တွေးတော၍ ဆက်ပြောသည်။

“ဖြစ်ခဲ့တာက ဒီလိုပါ။ ကောင်းကင်ခွင်းတပ်က ကျွန်တော်တို့ကို တာဝန်တစ်ခု ပေးပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့တပ်ဖွဲ့က ကျန့်ရှဆန်းကြယ်နယ်မြေကိုလာပြီး ဝိညာဉ်သားပေါက်တွေကို ရှင်းပစ်ကြပါတယ်။ ကျွန်တော်တို့ ဝိညာဉ်သားပေါက်တွေကို ရှင်းပစ်နေတုန်း ဝိညာဉ်သားပေါက်တစ်အုပ်က ထွက်ပြေးပါတယ်။ အဲ့မှာ သခင်လေးယို...အဲ... တပ်မှူးယိုက စွမ်းအားကြီး သိုင်းသမားအယောက်နှစ်ဆယ်နဲ့ ရီဝူတို့ကိုခေါ်ပြီး ဝိညာဉ်သားပေါက်အုပ် နောက်ကို လိုက်သွားပါတယ်။ ကျွန်တော်တို့ကတော့ နောက်မှာကျန်ခဲ့ပြီး ဝိညာဉ်သားပေါက်တွေကို ဆက်ရှင်းကြပါတယ်”

ချိုးရန်က ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြရင်း တစ်ချက်ဝေ့ဝဲကြည့်လိုက်၏။ ကျန်းရီတို့က နှုတ်ဆိတ်နေကြပြီး ကောင်းကင်ဘုရင်ဝူတို့ကလည်း အာရုံစိုက်ကာ နားထောင်နေကြကြောင်း တွေ့လိုက်သောအခါ ချိုးရန် ပို၍ယုံကြည်မှုရှိလာပြီး ဆက်ပြောလိုက်သည်။

“ခဏကြာတော့ ကျွန်တော်တို့ လက်ထောက်တပ်မှူးယိုဟုန်ဆီကနေပြီး သတင်းတစ်ခု ရခဲ့ပါတယ်။ သတင်းက သူတို့ ကျန်းရီနဲ့တိုးပြီး တိုက်ပွဲတစ်ခု ဖြစ်နေတယ်ဆိုတဲ့ သတင်းပါ။ ကျန်းရီက မိစ္ဆာအတတ်တွေနဲ့ ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်ပြီးတော့ ရီဝူနဲ့ တခြားဝိညာဉ်မျိုးနွယ်ဝင်သုံးယောက်ကို သတ်ပစ်ခဲ့ပါတယ်၊ တပ်မှူးယိုတို့လည်း လိုက်သတ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ လက်ထောက်တပ်မှူးယိုဟုန်က ကျွန်‌တော်တို့ကို သူတို့ဆီ လာကူခိုင်းခဲ့ပါတယ်...”

“ကျွန်တော်တို့လည်း တပ်သားအားလုံးကို ချက်ချင်းစုစည်းပြီး ထွက်လာခဲ့ကြပါတယ်။ ဒီကိုရောက်လာတော့ တပ်မှူးယိုတို့က ကျန့်ရှမျိုးနွယ်ဝင်တွေ ဝိုင်းတားကို ခံထားရပြီ။ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်တွေကို ကျွန်တော်တို့ကိုလည်း တိုက်ခိုက်ခိုင်းခဲ့လို့ ကျွန်တော်တို့ရဲ့ တပ်သားငါးထောင်ကျော် သေသွားခဲ့ရပါတယ်။ ကျွန်တော်တို့ ကျန့်ရှမျိုးနွယ်ဝင်တွေရဲ့ လိုက်သတ်တာကို ခံနေရတုန်း ကောင်းကင်ဘုရင်ယို ရောက်လာခဲ့တာပါ...”

“ကောင်းကင်ဘုရင်ယိုက ကျန်းရီကို ရပ်ဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်တွေကို ဆက်တိုက်ခိုက်ခိုင်းခဲ့ပါတယ်။ ကျန့်ရှမျိုးနွယ်ဝင်တစ်ယောက်က ကောင်းကင်ဘုရင်ယိုရဲ့အရှေ့မှာပဲ တပ်သားတစ်ယောက်ကို သတ်ပစ်ခဲ့ပါတယ်။ နောက်တော့ ကောင်းကင်ဘုရင်ယိုက တပ်မှူးယိုတို့နဲ့ ကျွန်တော်တို့အားလုံးကို ကယ်ခဲ့ပါတယ်။ အဲ့အချိန်မှာ ကျန့်ရှမျိုးနွယ်ဝင်တွေကြောင့် နောက်ထပ် တပ်သားခုနစ်ထောင် အသတ်ခံလိုက်ရပါပြီ။ နောက်ဆုံး ကျွန်တော်တို့ ကောင်းကင်ဘုရင်ယိုရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပို့ခံလိုက်ရပါတယ်။ ခုနကမှ ကျွန်တော်တို့ အပြင်ကို ပြန်ထုတ်ခံလိုက်ရတာပါ”

ဤနေရာတွင် ကောင်းကင်ဘုရင်သုံးပါးစလုံးနှင့် ဆောင်းဥတုအရှင် ရှိနေသည်။ ချိုးရန် လိမ်ညာ၍ မပြောဝံ့ပေ။ အပေါ်ယံတွင် သူပြောလိုက်သော စကားများက အမှန်တရားများဟု ထင်ရသည်။ သို့သော် သူ့စကားများတွင် အသေးစိတ်အချက်အလက်များစွာ ကျန်ခဲ့ပေသည်။

ချိုးရန် ပြောပုံအရ ကျန်းရီက ရီဝူတို့ကို သတ်ပစ်ခဲ့သည့် မိစ္ဆာတစ်ကောင် ဖြစ်ရုံသာမက ယိုထျန်းနီတို့ကို သတ်ဖြတ်ရန်လည်း ကြံခဲ့သူတစ်ယောက် ဖြစ်နေသည်။ ထို့ပြင် ကောင်းကင်ဘုရင်ယို ရောက်လာပြီးနောက်တွင်ပင် ဆက်သတ်ဖြတ်ခဲ့ပြီး နောက်ဆုံး၌ ကောင်းကင်ဘုရင်ယိုနှင့်ပင် တိုက်ခိုက်ခဲ့သေးသည်။ ချိုးရန်၏စကားများအရ ကျန်းရီ၏ ပြစ်မှုများက ဆိုးဝါးပေသည်။

ကောင်းကင်ဘုရင်ဝူသည် လက်ဝှေ့ယမ်းကာ ကျန်းရီကို အေးစက်စက် ကြည့်လိုက်၏။

“ကျန်းရီ... ချိုးရန်ပြောခဲ့တာတွေက အမှန်ပဲလား။ မင်း ရီဝူနဲ့ တခြားဝိညာဉ်မျိုးနွယ်ဝင်သုံးယောက်ကို သတ်ခဲ့လား။ မင်း ဒီတပ်ဖွဲ့က တပ်သားတစ်သောင်းကျော်ကို သတ်ခဲ့လား။ ကောင်းကင်ဘုရင်ယို ရောက်လာပြီးတာတောင် မင်း ကျန့်ရှမျိုးနွယ်ဝင်တွေကို ဆက်သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့လား။ မင်းမှာ ပြန်ချေပစရာရှိလား”

“ရှိပါတယ်...”

ကျန်းရီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“ကျွန်တော် ရီဝူတို့ကို သတ်ခဲ့ပါတယ်။ ကျန့်ရှမျိုးနွယ်ဝင်တွေကိုလည်း တပ်သားတစ်သောင်းကျော်ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ပြီးတော့ သူတို့ကို ကောင်းကင်ဘုရင်ယိုရဲ့အရှေ့မှာ ယိုမျိုးနွယ်က ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက်ကို သတ်ပစ်ခိုင်းခဲ့ပါတယ်။ အဲ့ဒါတွေက အမှန်တွေပါပဲ။ ကျွန်တော့်မှာ ငြင်းစရာ မရှိပါဘူး။ ကျွန်တော် ပြန်မချေပခင် ယိုထျန်းနီပြောတာကို အရင်နားထောင်ချင်ပါတယ်”

“ဝိုး...”

ကျန်နေသေးသော တပ်သားရှစ်ထောင်ကျော်သည် အချင်းချင်း စတင်ပြောဆိုလိုက်ကြ၏။ ကျန်းရီက သူ၏ပြစ်မှုများကို အလွယ်တကူ ဝန်ခံလိုက်လိမ့်မည်ဟု သူတို့ ထင်မထားပေ။ ထို့ပြင် သူက ဆင်ခြေများပေးရန်ပင် မကြိုးစားခဲ့ချေ။ ယခုတွင် ခေါင်းဆောင်သုံးယောက် ရှိနေရာ ကျန်းရီ၏ဝန်ခံမှုအရ ကျန်းရီ ဆယ်ခါပြန်သေရတော့ပေမည်။

အကြည့်များစွာက ယိုထျန်းနီထံ ရောက်သွား၏။ ယိုထျန်းနီက မည်သို့ ဒေါသပေါက်ကွဲတော့မည်ကို သူတို့ မြင်လိုပေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများကလည်း ယိုထျန်းနီကို လှမ်းကြည့်လိုက်ကြသည်။

သို့သော် ယိုထျန်းနီ၏ မျက်နှာက မည်သည့်ခါးသီးမှု၊ မည်သည့်မချင့်မရဲဖြစ်မှုမှ မပြပေ။ သူ၏ မျက်ဝန်းများကလည်း ရီဝေနေပုံပေါ်သည်။ ယိုထျန်းနီသည် ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ အံကြိတ်ကာ ပြောလိုက်သည်။

“ငါ့မှာ ဘာပြောစရာ ရှိသေးလို့လဲ။ ကျန်းရီ... ငါတို့က နားလည်မှုနည်းနည်းလွဲခဲ့ရုံပဲကို မင်းတို့က ဘာလို့ ငါတို့ကို အဲ့လိုတိုက်ခိုက်ခဲ့ရတာလဲ။ ခေါင်းဆောင်... ကျွန်တော်တို့ ကျန်းရီလိုလူမျိုးကို အရှင်ထားလို့မရပါဘူး။ သူက လူအများကြီးကို သတ်ခဲ့တယ်ဆိုတာ ဝန်ခံပြီးပါပြီ။ တခြားသူတွေကို ဥပမာပေးတဲ့အနေနဲ့ သူ့ကို နေရာမှာပဲ ကွပ်မျက်လိုက်ဖို့ ကျွန်တော် ခေါင်းဆောင်သုံးယောက်ကို တောင်းဆိုပါတယ်။

“ကောင်းပြီ...”

ကောင်းကင်ဘုရင်ဝူက ကျန်းရီကို အေးစက်စက် ထပ်ကြည့်၍ မေးလိုက်သည်။

“ယိုထျန်းနီက ပြောပြီးသွားပြီ။ မင်းမှာ ပြောစရာမရှိဘူးဆိုရင် ငါလည်း ရွေးချယ်စရာမရှိဘဲ မင်းကို စစ်စည်းမျဉ်းတွေအရ အရေးယူရလိမ့်မယ်”

“ဟင်းဟင်း...”

ကျန်းရီ ခပ်သဲ့သဲ့ ရယ်လိုက်ပြီး ယိုထျန်းနီကို လှမ်းကြည့်ကာ ပြောလိုက်၏။

“ကျွန်တော် တပ်မှူးယိုကို မေးခွန်းနည်းနည်း မေးချင်ပါတယ်။ တပ်မှူးယို ဖြေရဲမလားတော့ ကျွန်တော် မသေချာဘူး”

“ငါ.. ငါက ဘာလို့ မဖြေရဲရမှာလဲ”

ယိုထျန်းနီက မျက်လုံးပြူးကာ ပြန်ပြောလိုက်၏။ သူအနေဖြင့် အစောမှ ဇာတ်ကြောင်းအတိုင်းသာ ပြောကာ ကျန်အရာအားလုံးကို ငြင်းရုံသာ။

“ကောင်းပြီ”

ကျန်းရီ ခေါင်းညိတ်ကာ မေးလိုက်သည်။

“တပ်မှူးယိုကို ကျွန်တော် မေးပါမယ်။ တပ်မှူးယိုက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ တပ်တွင်းကင်းလှည့်တမန်တော် မဟုတ်ဘူးလား... ဘယ်တုန်းက ကောင်းကင်ခွင်းတပ်ရဲ့ တပ်မှူးတစ်ယောက် ဖြစ်သွားရတာလဲ။ ကျွန်တော်တို့က ကျန့်ရှဆန်းကြယ်နယ်မြေကို လာရမဲ့တာဝန်တစ်ခု ရပြီးပြီးချင်း ဘာလို့ တပ်မှူးယိုတို့ကလည်း တိုက်တိုက်ဆိုင်ဆိုင် တူညီတဲ့တာဝန်ကို ရရတာလဲ”

“ဟွန်း...”

ယိုထျန်းနီက အေးစက်စက် နှာမှုတ်၍ ပြောလိုက်၏။

“ငါက တပ်တွင်းအပြောင်းအလဲတွေကြောင့် ကောင်းကင်ခွင်းတပ်ရဲ့ တပ်မှူးတစ်ယောက် ဖြစ်လာတာပဲ။ စစ်သူကြီးပိုင်ရှန့်ကိုယ်တိုင် စီစဉ်ပေးတာ... အဲ့ဒါအတွက် သက်သေလည်းရှိတယ်။ ဒီတာဝန်အတွက်ကတော့... မင်းတို့တောင် ဒီကိုလာရမဲ့တာဝန်ကို လက်ခံနိုင်သေးတာ ငါတို့က လက်ခံလို့မရဘူးလား။ ငါတို့က အမိန့်တွေကို နာခံရုံပဲ”

“ဪ...အဲ့လိုကိုး...”

ကျန်းရီ ခေါင်းညိတ်လိုက်ပြီး မျိုးနွယ်ကြီးများမှ သခင်လေးများကို ကြည့်ကာ ခပ်လှောင်လှောင်ရယ်၍ ဆက်‌ပြောသည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ သခင်လေးတွေ အများကြီးကလည်း တပ်မှူးယိုရဲ့ တပ်ဖွဲ့ထဲမှာ ရှိနေခဲ့တာပဲ။ ပြီးတော့ သူတို့တွေက ကျွန်တော်နဲ့ ရန်ငြိုးတွေ ရှိကြတယ်...”

ယိုထျန်းနီသည် မည်သို့မှ ပြန်မပြောဘဲ ကျန်းရီကို ခနဲ့စေလိုက်သည်။ ကျန်းရီသည် ခေတ္တမျှ စကားဖြတ်ပြီးမှ ဒုတိယမေးခွန်း ဆက်မေးသည်။

“တပ်မှူးယို... ကျွန်တော်တို့ ဆည်းလည်းတောင်မှာ ဝိညာဉ်သားပေါက်တွေကို ရှင်းနေခဲ့တုန်းက ကျန့်ရှမျိုးနွယ်ငါးသန်းကျော်က ကျွန်တော်တို့ကို အရပ်မျက်နှာအနှံ့ကနေ လာဝိုင်းခဲ့ပါတယ်။ အဲ့ကိစ္စက တပ်မှူးယိုနဲ့ ဆိုင်ပါသလား”

ယိုထျန်းနီ ပြတ်သားစွာ ပြန်ပြောသည်။

“အဲ့ဒါက ငါနဲ့ ဘာလို့ဆိုင်ရမှာလဲ။ ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်နိုင်တာက မင်း.. ငါမဟုတ်ဘူး။ ပြီးတော့ အဲ့အချိန်တုန်းက ငါတို့က တစ္ဆေတစ်ရာတောအုပ်ထဲမှာ။ မင်းနဲ့ နေရာအတူတူတောင် မဟုတ်ဘူး”

“ဪ..အဲ့လိုပေါ့”

ကျန်းရီက ပြုံး၍ ပြော၏။

“အစတုန်းက ကျွန်‌တော် ကျန့်ရှမျိုးနွယ်ဝင်တွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ မဟုတ်ရင် တပ်မှူးယို အသတ်ခံရပြီးနေလောက်ပါပြီ။ ကျွန်တော် တပ်မှူးယိုကို မေးပါဦးမယ်။ စစ်သူကြီးချီနဲ့ ကျွန်တော် ကျန့်ရှမျိုးနွယ်ဝင်တွေကို ဖောက်ထွက်လာပြီးတဲ့နောက် အရမ်းပင်ပန်းပြီး ဒဏ်ရာအပြင်းအထန် ရထားတဲ့အချိန်မှာ တပ်မှူးယိုတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာမလား...”

“ချိုးရန် ပြောခဲ့တာတော့... တပ်မှူးယိုက တပ်သားနည်းနည်းကိုခေါ်ပြီး ဝိညာဉ်သားပေါက်တွေနောက်ကို လိုက်သွားခဲ့တာတဲ့။ ဒါပေမဲ့ ကျွန်‌တော် နားမလည်ဘူး။ တပ်မှူးယိုက ဝိညာဉ်သားပေါက်လေး နည်းနည်းကို သတ်ဖို့ ဘွဲ့ထူးရစစ်နတ်ဘုရား အယောက်နှစ်ဆယ်နဲ့ ရီဝူတို့လေးယောက်ကို ခေါ်သွားတာတောင် ဘယ်လိုလုပ် တစ္ဆေတစ်ရာတောအုပ်ကနေ ဆည်းလည်းတောင်အနားထိ ရောက်လာရတာလဲ။ အဲ့နေရာနှစ်ခုက အနည်းဆုံး မိုင်သန်းရာချီ ဝေးတယ်မဟုတ်ဘူးလား”

ယိုထျန်းနီ မည်သို့ပြန်ဖြေရမည်ကို မသိပေ။ သို့သော် မျက်လုံးများစွာက သူ့ကို ကြည့်နေဆဲဖြစ်ရာ သူ အံကြိတ်၍သာ ပြောလိုက်ရသည်။

“ဝိညာဉ်သားပေါက်တွေက အများကြီး ထွက်ပြေးသွားခဲ့တာကွ။ ငါတို့က သူတို့နောက်ကို လိုက်ရင်း မင်းတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာ...”

“ထပ်ပြီး တိုက်ဆိုင်ပြန်ပြီလား။ ကျွန်တော်တို့က တပ်မှူးယိုနဲ့ ရေစက်ပါတယ်ထင်တယ်”

ကျန်းရီ ပြုံးလိုက်၏။ သို့သော် ရုတ်ခြည်းပင် သူ့မျက်နှာက ပြန်တည်သွားသည်။

“တပ်မှူးယိုတို့က ကျွန်တော်တို့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာဆိုရင် ဘာလို့ ကျန့်ရှမျိုးနွယ်ဝင်တွေရဲ့ လိုက်သတ်တာကို ခံနေရတဲ့ ကျွန်တော်တို့ကို မကယ်ဘဲ အန္တရာယ်ပေးဖို့ လုပ်ခဲ့ရတာလဲ။ တပ်မှူးယိုတို့နဲ့ ကျွန်တော့်ကြားမှာ ရန်ငြိုးတွေ ရှိပါတယ်။ တပ်မှူးယိုတို့ ကျွန်တော့်ကို တိုက်ခိုက်တာကို ကျွန်တော် ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ တပ်မှူးယိုတို့က ဘာလို့ စစ်သူကြီးကိုပါ တိုက်ခိုက်ခဲ့ရတာလဲ။ ဘာလို့ သူ့ကို ဖမ်းခဲ့ရတာလဲ။ စစ်သူကြီးက တပ်မှူးယိုထက် ရာထူးအဆင့်မြင့်ပါတယ်။ တပ်မှူးယိုရဲ့လုပ်ရပ်က ပုန်ကန်မှုဆိုတာ သိတယ်မလား”

ကျန်းရီ၏ စကားများက အလွန်စူးရှခက်ထန်ပြီး အကျိုးအကြောင်းဆီလျော်သည်။ ယိုထျန်းနီ မည်သို့မှ ပြန်မပြောနိုင်တော့ပေ။ သို့သော် ယိုထျန်းနီ စိတ်ထဲတွင် ဝမ်းသာသွားသည်။ ကျန်းရီသည် သူက ချီချင်ချန်ကို အသားယူရန် ကြိုးစားခဲ့ကြောင်းကို မပြောခဲ့ပေ။ ယိုထျန်းနီ တွေးတောရင်းဖြင့် ပိုဝမ်းသာလာ၏။ ထိုစဉ်က ကျန်းရီ သတိလစ်နေခဲ့သည် မဟုတ်ပါလား။

သို့ဖြစ်ရာ ကျန်းရီ ဖြစ်ပျက်ခဲ့သည်များကို ချိပ်စည်းကျောက်တုံးနှင့် မှတ်တမ်းမတင်နိုင်ခဲ့လောက်ပေ။ ထို့ကြောင့် ယိုထျန်းနီ သူကြိုက်ရာကို ပြောနိုင်ပေသည်။ သူ မှားကြောင်း သက်သေပြရန် မည်သည့်သက်သေအ‌ထောက်အထားမှ ရှိမည် မဟုတ်ချေ။ ချီချင်ချန်ကလည်း လူအများ၏ရှေ့တွင် သူမအသားယူခံခဲ့ရသည့်အကြောင်းကို ပြောလိမ့်မည် မဟုတ်ပေ။ မဟုတ်လျှင် သူမ၏ ဂုဏ်သိက္ခာ ကျဆင်းသွားပေလိမ့်မည်။

ယိုထျန်းနီ ခေတ္တမျှ တွေးတောကာ အေးစက်စက် ပြောလိုက်သည်။

“ငါ အဲ့ဒါကို ဝန်ခံပါတယ်။ ငါ နည်းနည်းလောသွားပြီး မင်းတို့ရဲ့ စစ်သူကြီးကိုပါ တိုက်ခိုက်ခဲ့မိတယ်။ ဒါပေမဲ့ ငါ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ ငါက မင်းတို့ကို သင်ခန်းစာ ပေးချင်ရုံပဲ။ မင်းတို့ရဲ့ စစ်သူကြီးကို ဖမ်းခဲ့ရတာက ငါ့မှာ ရွေးချယ်စရာ မရှိလို့ပဲ။ သူက အရမ်းစွမ်းအားကြီးတယ် မဟုတ်လား။ ဒါနဲ့ မင်းကရော... မင်းက မိစ္ဆာအတတ်တွေနဲ့ ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်ပြီး ရီဝူနဲ့ သူ့အဖော် ဝိညာဉ်မျိုးနွယ်ဝင်သုံးယောက်ကို သတ်ခဲ့တာ”

“အရမ်းကောင်းတယ်...”

ကျန်းရီ ပြုံးလိုက်၏။ ထို့နောက် သူ ကောင်းကင်ဘုရင်ဝူကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းကင်ဘုရင်ဝူ၊ ကောင်းကင်ဘုရင်လုံ... ကျွန်တော် မေးခွန်းမေးလို့ ပြီးပါပြီ။ ခေါင်းဆောင်တို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆို ဘာတွေဆက်ဖြစ်ခဲ့တယ်ဆိုတာကို သိလောက်ပြီလို့ ကျွန်‌တော် ထင်ပါတယ်။ ခေါင်းဆောင်တို့နှစ်ယောက် နားမလည်သေးဘူးဆိုရင် ယိုထျန်းနီက ဘယ်မျိုးနွယ်ကလည်းဆိုတာကို ကျွန်တော် ပြောပြနိုင်ပါတယ်။ ကျွန်တော့်မှာ ချိပ်စည်းကျောက်တုံး ရှိပါတယ်”

“ကောင်းပြီ...”

ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ဘုရင်ဝူသည် ကောင်းကင်ဘုရင်ယိုကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ယိုဖုန်း.. ခင်ဗျားမျိုးနွယ်ဝင်၊ ခင်ဗျားတာဝန်”

***

All Chapters