← Chapters

ဒုက္ခိတဖြစ်သွားခြင်း

Vol. 110 Ch. 1525

ဒုက္ခိတဖြစ်သွားခြင်း

Vol. 110 Ch. 1525

မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်ပင် ဖြစ်နိုင်သူများက တုံးအသူများ မဟုတ်ကြပါပေ။ သူတို့က အလွန်ဉာဏ်ကောင်းကြပေသည်။

ကျန်းရီ၏မေးခွန်းများ၊ ယိုထျန်းနီ၏ ဂဏာမငြိမ်သော မျက်လုံးများနှင့် ဆောင်းဥတုအရှင်၏ ဒေါသတို့ကြောင့် မည်သည့်ကိစ္စများ ဖြစ်ခဲ့သည်ကို ခေါင်းဆောင်သုံးယောက်စလုံး နားလည်သွားကြသည်။ ယိုထျန်းနီက မည်သို့မျိုးနွယ်မှဖြစ်ကြောင်းကိုမူ ကောင်းကင်ဘုရင်ဝူရော ကောင်းကင်ဘုရင်လုံပါ ရှင်းရှင်းလင်းလင်း သိထားပေသည်။ သူတို့က ယိုထျန်းနီ ကြီးပြင်းလာသည်ကို ကြည့်ခဲ့ရသူများ မဟုတ်ပါလား။ ထို့ကြောင့် ယိုထျန်းနီက မည်သို့သော လူစားမျိုးဖြစ်ကြောင်း သူတို့ ကောင်းစွာ သိကြပေသည်။

ကျန်းရီက စကားများစွာ မပြောခဲ့ပေ။ သူသည် ချီချင်ချန်၏ ဂုဏ်သိက္ခာကို ကာကွယ်လိုသလို ခေါင်းဆောင်သုံးယောက်၏ မျက်နှာကိုလည်း ထောက်ထားလိုသည်။ ထိုကဲ့သို့ အရုပ်ဆိုးသည့်သတင်း ပျံ့နှံ့သွားလျှင် မည်သူက မိစ္ဆာချေဖျက်စစ်တပ်ကို ဖြောင့်မတ်သောစစ်တပ်ဟု မြင်ပါဦးမည်နည်း။

မိစ္ဆာချေဖျက်စစ်တပ်၏ အဓိကအဖွဲ့အစည်းတစ်ခုမှ လူတစ်ယောက်က အလွန်လူမဆန်စွာ ပြုမူကာ အဓမ္မကျင့်ရန်ပင် ကြိုးစားခဲ့သည်။ ထိုသူက သူ၏မကောင်းသော အကြံအစည်အတွက် ကောင်းကင်ဘုရင်ယို၏ အာဏာကို အလွဲသုံးစားလည်း လုပ်ခဲ့သည်။ သို့ဖြစ်ရာ ဘုံတစ်သောင်းက မိစ္ဆာချေဖျက်စစ်တပ်ကို မည်သို့ ယုံကြည်နိုင်တော့မည်နည်း။ အခြားမျိုးနွယ်များမှ သခင်လေးများနှင့် သခင်မလေးများကို မိစ္ဆာချေဖျက်စစ်တပ်သို့ စေလွှတ်လိုက်လျှင်လည်း အသတ်ခံ၊ အဓမ္မအကျင့်ခံရမည်‌လော။

ဆောင်းဥတုအရှင်က သူ့လူများကိုခေါ်၍ ကောင်းကင်ဘုံသို့သွားကာ တမလွန်ဘုံစစ်တပ်နှင့် သူသေကိုယ်သေ တိုက်ခိုက်တော့မည်ဖြစ်သည်။ သူ အထက်ဘုံကို ပြန်လာချင်မှ လာနိုင်လိမ့်မည်။ သူက လူသားမျိုးနွယ်တစ်ခုလုံးအတွက် တိုက်ခိုက်မည်ဖြစ်သည်။ သို့သော် သူ မထွက်ခွာရသေးခင်မှာပင် တစ်စုံတစ်ယောက်က သူ၏ တစ်ဦးတည်းသောသမီးတော်ကို အန္တရာယ်ပြုလိုခဲ့သည်လော။ သို့ဖြစ်ရာ သူသာ ထွက်သွားလျှင် ဆောင်းဥတုဘုံက ချက်ချင်း ဖျက်ဆီးခံလိုက်ရနိုင်သည် မဟုတ်လော။ ထိုအခြေအနေတွင် မည်သူက ကောင်းကင်ဘုံကို သွားဝံ့ဦးမည်နည်း။

“အာ...”

ယိုထျန်းနီ စိုးရိမ်သွားပြီး ငြင်းရန် ကြိုးစားလိုက်သည်။

“ခေါင်း‌ဆောင်နှစ်ယောက်ခင်ဗျာ... ကျန်းရီရဲ့ စကားတွေကို နားမထောင်ပါနဲ့..”

“ပါးစပ်ပိတ်ထား”

ကောင်းကင်ဘုရင်ယိုက မည်းမှောင်သော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။ အစောတွင် ဆောင်းဥတုအရှင် ဒေါသထွက်သွားကတည်းက ကောင်းကင်ဘုရင်ယိုသည် ဖြစ်ပျက်ခဲ့သည်များကို အနည်းနှင့်အများဆိုသလို နားလည်ခဲ့ပြီးဖြစ်သည်။ သူ၏မြေးကို သူ မည်သို့ မသိဘဲနေမည်နည်း။ ယနေ့တွင် ကျန်းရီလည်း မှားခဲ့သော်ငြား ယိုထျန်းနီ၏ အပြစ်မှာ ခွင့်လွှတ်၍မရနိုင်သောအပြစ်ပေ။ ကောင်းကင်ဘုရင်ယိုသာ ယိုထျန်းနီနှင့် သာဓကမပြလျှင် ယခုမှစ၍ မိစ္ဆာချေဖျက်စစ်တပ်၏ ဂုဏ်သိက္ခာက ကျဆင်းသွားတော့မည်ဖြစ်သည်။ ဆောင်းဥတုအရှင်ကလည်း ဤကိစ္စကို ဤအတိုင်း ခွင့်လွှတ်ပေးလိုက်မည် မဟုတ်ချေ။

“အဘိုး...”

ယိုထျန်းနီသည် အခြေအနေက သူ့ဘက်တွင် မရှိတော့ကြောင်း သိလိုက်သောအခါ ကောင်းကင်ဘုရင်ယိုကို အသနားခံသည့် မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။ ကောင်းကင်ဘုရင်ယိုသည် ချက်ချင်း ယိုထျန်းနီကို ပါးဖြတ်ရိုက်လိုက်ပြီး အော်ပြောလိုက်၏။

“ငါ့ကို အဘိုးလို့ မခေါ်နဲ့။ ငါ့မှာ မင်းလိုမြေးမျိုး မရှိဘူး။ အခုကစပြီး မင်းက ယိုမျိုးနွယ်ရဲ့မြေး မဟုတ်တော့ဘူး”

“ဖူး...”

ကောင်းကင်ဘုရင်ယို၏ ရုက်ချက်က အလွန်ပြင်းထန်သဖြင့် ယိုထျန်းနီ၏သွားအားလုံး ကျွတ်ထွက်သွားပြီး မျက်နှာပုံစံလည်း ပြောင်းသွားသည်။ ထို့ပြင် သူ အဝေးသို့လည်း လွင့်ထွက်သွားသေးသည်။ ကြည့်နေသူများ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ ကောင်းကင်ဘုရင်ယိုက အမှန်ပင် ခက်ထန်ခဲ့ပေသည်။ သူသည် အားလုံး၏အရှေ့တွင် ယိုထျန်းနီကို မျိုးနွယ်မှ နှင်ထုတ်လိုက်သည်။ နောင်တွင် ကောင်းကင်ဘုရင်ယိုက ယိုထျန်းနီကို မျိုးနွယ်ထဲ ပြန်ဝင်ခွင့် ပြုမည်ဆိုလျှင်ပင် ယိုထျန်းနီသည် ဤဘဝတွင် မျိုးနွယ်ခေါင်းဆောင်ရာထူး ရနိုင်တော့မည် မဟုတ်ချေ။

“ဟင်းဟင်း...”

ကျန်းရီနှင့် ချီချင်ချန်တို့သည် အကြည့်ချင်းဖလှယ်ကာ အေးစက်စက် ပြုံးလိုက်ကြ၏။ ပါးတစ်ချက်ရိုက်ကာ မျိုးနွယ်မှ နှင်ထုတ်လိုက်ရုံဖြင့် လုံလောက်ပြီဟု ကောင်းကင်ဘုရင်ယိုက တွေးနေခြင်းလော။ ချီချင်ချန်က အပျိုစင်ဘဝကို ဆုံးရှုံးမလို ဖြစ်ခဲ့ခြင်းပင်။ ကောင်းကင်ယန်မျိုးနွယ်၏ ထူးခြားသောစွမ်းရည်နှင့်ဆိုလျှင် သူမသည် စိတ်ရောကိုယ်ပါ ထိန်းချုပ်ခံလိုက်ရမည်ဖြစ်သည်။ ထို့သို့သာ ဖြစ်လာပါက ချီချင်ချန်၏ အနာဂတ်က ပျက်သုဉ်းသွားမည်ဖြစ်ပြီး ဆောင်းဥတုဘုံကလည်း ယိုမျိုးနွယ်၏အပိုင် ဖြစ်သွားမည်ဖြစ်သည်။

“ဟင်းဟင်း...”

ဆောင်းဥတုအရှင်လည်း ရယ်လိုက်၏။ သူက ရယ်နေသော်လည်း သူ့တစ်ကိုယ်လုံးက အေးစက်စက်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ သူ့တွင် သမီးတစ်ယောက်သာ ရှိသည်။ ထိုသမီးကလည်း သူ အသက်ရွယ်ရသည့်အချိန်မှ မွေးလာခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ ထိုသမီးကို အလွန်ချစ်ပေသည်။ ကောင်းကင်ဘုရင်ယိုက ယိုထျန်းနီကို ထိုမျှသာ အပြစ်ပေးမည်ဆိုလျှင် ဆောင်းဥတုအရှင် မကျေနပ်နိုင်ပါပေ။

ကောင်းကင်ဘုရင်ယိုသည် ဆောင်းဥတုအရှင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထို့နောက် သူ လှစ်ခနဲ ပျံသန်းကာ ယိုထျန်းနီ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ ထပ်ထိုးလိုက်သည်။ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာကာ ယိုထျန်းနီ နာကျင်တကြီး အော်လိုက်၏။ တပ်သားများစွာ မျက်နှာပျက်သွားကြပြီး ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့လည်း အကြည့်လွှဲလိုက်ကြသည်။ သူတို့ ဆက်မကြည့်ရက်တော့ပေ။

အဘယ်ကြောင့်ဆိုသော်...

ကောင်းကင်ဘုရင်ယို၏ ထိုးချက်က ယိုထျန်းနီ၏ နတ်ဘုရားအမြုတေကို ဖျက်ဆီးသွားသောကြောင့်ပင်။ ယခုတွင် ယိုထျန်းနီ တစ်ဘဝလုံး ဒုက္ခိတဖြစ်သွားတော့မည်ဖြစ်သည်။ သူ၏ နတ်ဘုရားအမြုတေကို ပြန်တည်ဆောက်ရန် ဆေးလုံးများနှင့် စွမ်းအားကြီးအာဟာရများကို ရှာနိုင်ခဲ့လျှင်ပင် ဤဘဝတွင် စစ်နတ်ဘုရားအဆင့်သို့ ပြန်ရောက်နိုင်တော့မည် မဟုတ်ချေ။

ယိုထျန်းနီက ဝမ်းဗိုက်ကိုဖိ၍ နာကျင်တကြီးအော်ကာ လေထဲတွင် လူးလိမ့်နေသည်ကို မြင်လိုက်ရမှ ချီချင်ချန်၏ မျက်နှာထားက အတန်ငယ် ပိုကောင်းလာ၏။ သူမ၏ရင်ထဲမှ ဒေါသများ အတော်လေး ပြောလျော့သွားပေသည်။ ယိုထျန်းနီ၏ အနာဂတ်က လုံးဝပျက်စီးသွားပြီ မဟုတ်ပါလား။ ထိုအပြစ်ပေးမှုက လုံလောက်သည်ဟု ဆိုနိုင်ပေသည်။ ထို့ပြင် သူက အဘိုးအရင်းကြောင့် ဒုက္ခိတဖြစ်သွားခြင်းဖြစ်သည်။ ထိုအတွက်နှင့်ပင် သူ့တစ်ဘဝလုံး ရင်နာနေရတော့ပေမည်။

“ဟင်းဟင်း...”

သို့သော် ကျန်းရီနှင့် ဆောင်းဥတုအရှင်တို့က ထပ်မံ၍ အေးစက်စက် ရယ်လိုက်ကြပြန်၏။ သူတို့နှစ်ယောက်က အပြစ်ဒဏ်မှာ မလုံလောက်သေးဟု ခံစားနေရကြောင်း ထင်ရှားသည်။ သူတို့အလိုအရဆိုလျှင် ယိုထျန်းနီကို အပိုင်းပိုင်းဖြတ်ပစ်လျှင်ပင် လုံလောက်ဦးမည် မဟုတ်ပေ။

ကောင်းကင်ဘုရင်ယိုသည် ကျန်းရီတို့၏ ရယ်သံကို ကြားလိုက်သောအခါ တုန်ယင်သွား၏။ သူ နာကျင်နေသော မျက်နှာထားဖြင့် ဆောင်းဥတုအရှင်ကို လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ အံကြိတ်ကာ သူ၏လှံကို ထုတ်၍ ယိုထျန်းနီ၏ ဂွကြားကို ထိုးလိုက်၏။

“အား...”

ယိုထျန်းနီက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသော်လည်း ကောင်းကင်ဘုရင်ယို၏ လှံက တာအိုကောင်းကင်ဝိညာဉ်ရတနာဖြစ်သည်။ ၎င်းသည် ယိုထျန်းနီ၏ ချပ်ဝတ်ကို အလွယ်တကူ ဖောက်သွားပြီး သူ့ဂွကြားနေရာကို လှီးဖြတ်လိုက်သည်။ သူ၏ ယောက်ျားဘဝ ဖျက်ဆီးခံလိုက်ရပေပြီ။

“အရှင်ချီ အခု ကျေနပ်ပါပြီလား”

ကောင်းကင်ဘုရင်ယိုသည် မျက်နှာသေဖြင့် သူ၏လှံကို ပြန်ရုတ်၍ ဆောင်းဥတုအရှင်ကို လှည့်ကြည့်လိုက်၏။ ဆောင်းဥတုအရှင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အရှင်ယိုက တရားမျှတမှုအတွက် ကိုယ့်ရဲ့သွေးသားကိုတောင် အပြစ်ပေးခဲ့တာပဲ။ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ဂုဏ်သတင်းက တကယ့်ကို ထိုက်တန်ပါပေတယ်။ ကျုပ် ကျေနပ်ပါပြီ”

ကောင်းကင်ဘုရင်ယို၊ ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့ သက်ပြင်းချလိုက်ကြ၏။ ဆောင်းဥတုအရှင်သာ မကျေနပ်သေးလျှင် ယိုထျန်းနီ အသတ်ခံရပေလိမ့်မည်။ ကောင်းကင်ဘုရင်ဝူက လက်ဟန်ပြ၍ ပြောလိုက်၏။

“တစ်ယောက်ယောက်လာစမ်း... ယိုထျန်းနီကို အဝေးကို ခေါ်သွားလိုက်၊ သူ့ကို မိစ္ဆာချေဖျက်စစ်တပ်ထဲကလည်း ထုတ်လိုက်။ အခုကစပြီး သူ မိစ္ဆာချေဖျက်တောင်ကြားထဲကို ထပ်ခြေချခွင့် မရှိတော့ဘူး”

ယိုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်သည် နာကျင်မှုကြောင့် သတိလစ်သွားသော ယိုထျန်းနီကိုခေါ်ကာ ထွက်သွားသည်။ ယခုတွင် ယိုထျန်းနီက လုံးဝကို ဒုက္ခိတတစ်ယောက် ဖြစ်သွားပေပြီ။ သူ၏ နတ်ဘုရားအမြုတေနှင့် ယောက်ျားဘဝတို့က လုံးဝဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ သူ ဝိညာဉ်ဆေးပင်များကို အသုံးပြု၍ ၎င်းကို ပြန်ပေါက်လာအောင် လုပ်မည်ဆိုလျှင်ပင် မူလကကဲ့သို့ စွမ်းဆောင်နိုင်တော့မည် မဟုတ်ပေ။

ကောင်းကင်ဘုရင်ယိုသည် သူ့မြေးကိုပင် ထိုသို့လုပ်ပစ်နိုင်ရာ ခက်ထန်သူတစ်ယောက်ဟု ဆိုရပေမည်။ သို့သော် အနည်းဆုံးတော့ သူ ယိုထျန်းနီကို မသေအောင် လုပ်ပေးနိုင်ခဲ့ပေသည်။ ယိုမျိုးဆက် မပြတ်ရန်အတွက်မူ သူ နည်းလမ်းတစ်ခု ရှာရမည်ဖြစ်သည်။ ယိုထျန်းနီက ယောက်ျားဘဝ ဖျက်ဆီးခံလိုက်ရပြီဖြစ်သော်လည်း ပြန်ပေါက်လာအောင် လုပ်နိုင်သေးသည်။ သူသာ ကံကောင်းလျှင် မျိုးဆက် ချန်ခဲ့နိုင်ပေလိမ့်မည်။

ယိုမျိုးနွယ်မှ သိုင်းသမားက ယိုထျန်းနီကို ခေါ်သွားပြီးနောက်တွင် ကောင်းကင်ဘုရင်ယို ပြုံးလိုက်၏။ သူ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“ယိုထျန်းနီကို အပြစ်ပေးပြီးပြီဆိုတော့ ကျုပ်တို့ ကျန်းရီအတွက် အပြစ်ဒဏ်ချမှတ်ကြမလား။ ယိုထျန်းနီက တကယ်ပဲ မှားခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းရီကရော အပြစ်မရှိဘူးလား။ အရှင်ချီ ဘယ်လိုထင်ပါသလဲ”

ဆောင်းဥတုအရှင် နှုတ်ဆိတ်နေ၏။ ကောင်းကင်ဘုရင်ယို၏ စကားက မှန်ပေသည်။

ယိုထျန်းနီ မှားခဲ့သလို ကျန်းရီလည်း မှားခဲ့သည်သာ။ အနည်းဆုံးတော့ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များအား မိစ္ဆာချေဖျပ်တပ်သားများကို သတ်ရန် မခိုင်းခဲ့သင့်ပေ။ အသက်တစ်သောင်းနှစ်ထောင် ဆုံးရှုံးခဲ့ရသည်။ ပိုင်မျိုးနွယ်နှင့် ချိုးမျိုးနွယ်က ဤကိစ္စကို အလွှတ်ပေးလိုက်မည် မဟုတ်ပေ။ ကောင်းကင်ဘုရင်ယိုကလည်း ဤကိစ္စကို ဆက်လိုနေကြောင်း ထင်ရှားပေသည်။

“ခမည်းတော်...”

ချီချင်ချန် စိတ်လှုပ်ရှားလာပြီး ဆောင်းဥတုအရှင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် သူမ ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့ကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်းကင်ဘုရင်ဝူ၊ ကောင်းကင်ဘုရင်လုံ... ကျန်းရီက ကျွန်မကြောင့် ဒေါသထွက်သွားခဲ့တာပါ။ အရှင်တို့နှစ်ယောက် သူ့ကို အပြစ်ပေးချင်ရင် ကျွန်မ သူ့ကိုယ်စား အပြစ်ဒဏ်ခံပါမယ်”

“ဟင်းဟင်း...”

ကျန်းရီက ရုတ်တရက် ရယ်၍ ချီချင်ချန်၏စကားကို ဖြတ်လိုက်၏။ ထို့နောက် သူ သူမကို ပြုံး၍ကြည့်ကာ ပြောလိုက်သည်။

“စစ်သူကြီး... ကျွန်တော် ပြောခဲ့တယ်မလား။ ကျွန်တော့်လုပ်ရပ်တွေကို ကျွန်တော်ပဲ တာဝန်ခံမယ်လို့။ ဒီကိစ္စက စစ်သူကြီးနဲ့ မဆိုင်ပါဘူး။ ကျွန်တော်က တကယ်ပဲ အဲ့လူတွေကို သတ်ပစ်ခဲ့တယ်။ ဘာလို့ စစ်သူကြီးက ဝင်ပါချင်နေရတာလဲ။ ခေါင်းဆောင်သုံးယောက်ခင်ဗျာ... ခေါင်းဆောင်တို့ ကျွန်‌တော့်ကို သတ်ချင်ရင် သတ်လိုက်ပါ။ ကျွန်တော်က ပြောပြီးရင် ဘယ်တော့မှ ပြန်မပြင်တတ်ဘူး။ ကျွန်တော် အချိန်နောက်ပြန်လှည့်လို့ရရင်လည်း အခုလိုပဲ ထပ်လုပ်ခဲ့ဦးမှာပါပဲ။ ကျွန်‌တော့်ကို သတ်ချင်တဲ့ ဘယ်သူမဆို တန်ကြေးပြန်ပေးရမယ်”

“ကောင်းတယ်...”

ဆောင်းဥတုအရှင်က ကျယ်လောင်စွာ အော်ပြောလိုက်၏။

“မင်းက တကယ့်ကို ယောက်ျားတစ်ယောက်ပဲ။ ကျန်းရီ... တစ်‌နေ့ကျ မင်း အုပ်ချုပ်သူအဆင့်ကို ရောက်ခဲ့ရင် ငါ ငါ့သမီးနဲ့ မင်းကို လက်ထပ်ပေးမယ်”

“ဝိုး...”

အားလုံး အံ့ဩသွားပြီး ချီချင်ချန် ရှက်သွေးဖြာသွားသည်။ သူမ စိတ်ကောက်ဟန်ဖြင့် ခြေထောက်ဆောင့်လိုက်၏။ ယခုအခြေအနေက မည်သို့နည်း။ ဤအခြေအနေတွင် သူမ၏ခမည်းတော်က ထိုကဲ့သို့သော ကိစ္စမျိုးကို ပြောနေသေးသည်လော။ အကယ်၍ ကောင်းကင်ဘုရင်ဝူကသာ ကျန်းရီကို သတ်လိုမည်ဆိုလျှင် မည်သည့်အနာဂတ် ရှိပါဦးမည်နည်း။

‘ဉာဏ်ကောင်းတယ်...’

သို့သော် အဆိပ်ဝိညာဉ်က ခေါင်းညိတ်ကာ စိတ်ထဲမှ ချီးကျူးလိုက်၏။ ယခုကိစ္စက မိစ္ဆာချေဖျက်စစ်တပ်၏ အတွင်းရေး ဖြစ်သဖြင့် ဆောင်းဥတုအရှင်အနေနှင့် ဝင်ပါရန် မသင့်တော်ပေ။ သို့သော် သူ၏ရပ်တည်ချက်က မည်သို့ရှိကြောင်းကို ကောင်းကင်ဘုရင်ဝူအား အထက်ပါအတိုင်းပြောကာ အရိပ်အမြွက်ပြလိုက်သည်။ သူက ကောင်းကင်ဘုရင်ဝူကို ဂယ်ပေါက်တစ်ပေါက်လည်း ပေးလိုခဲ့ခြင်းဖြစ်ပေသည်။

ယခုတွင် ကျန်းရီက ဆောင်းဥတုအရှင်၏ အနာဂတ်သားမက်လောင်း ဖြစ်သွားပြီဖြစ်ရာ သူ၏အဆင့်အတန်းက လုံးဝကွဲပြားသွားပြီဖြစ်သည်။ ဆောင်ဥတုအရှင်၏ စကားက ပိုင်မျိုးနွယ်နှင့် ချိုးမျိုးနွယ်တို့ ဤကိစ္စကို ဆက်အကျယ်မချဲ့ရန် သူကိုယ်တိုင် ဝင်ဖျန်ဖြေမည်ဟုလည်း အရိပ်အမြွက်ပြလိုက်ခြင်း ဖြစ်ပေသည်။

***

All Chapters