← Chapters

ဘာကြောင့်လဲ

Vol. 110 Ch. 1526

ဘာကြောင့်လဲ

Vol. 110 Ch. 1526

ကောင်းကင်ဘုရင်ဝူ တုံ့ဆိုင်းသွား၏။

တစ်ဘက်က ဆောင်းဥတုအရှင်ဖြစ်ပြီး တစ်ဘက်က ကောင်းကင်ဘုရင်ယိုဖြစ်သည်။ သူ အမှန်ပင် ကျဉ်းထဲကြပ်ထဲ ရောက်နေပေသည်။ ကျန်းရီ၏ လုပ်ရပ်များကို နားလည်ပေးနိုင်သော်လည်း သူက အမှန်ပင် လူများစွာကို သတ်ခဲ့သည်။ သူ့ကို အပြစ်မပေးဘဲ ထားလိုက်လျှင် မိစ္ဆာချေဖျက်စစ်တပ်၏ စည်းမျဉ်းများက လေးစားခံရတော့မည် မဟုတ်ချေ။

ယိုထျန်းနီက ကောင်းကင်ဘုရင်ယို၏ တစ်ဦးတည်းသောမြေးဖြစ်သည်။ သို့သော် သူသည် ယိုမျိုးနွယ်နှင့် မိစ္ဆာချေဖျက်စစ်တပ်တို့မှ နှင်ထုတ်ခံခဲ့ရရုံသာမက နတ်ဘုရားအမြုတေနှင့် ယောက်ျားဘဝလည်း ဖျက်ဆီးခံခဲ့ရသည်။ အကယ်၍ ကျန်းရီကိုသာ အပြစ်မပေးဘဲ လွှတ်ပေးလိုက်မည်ဆိုလျှင် ကောင်းကင်ဘုရင်ဝူသည် သန်းချီသော မိစ္ဆာချေဖျက်တပ်သားများကို မည်သို့ ရှင်းပြနိုင်ပါမည်နည်း။

ကောင်းကင်ဘုရင်ဝူသည် အတော်ကြာ တွေးပြီးမှ ပြောလိုက်၏။

“ကျန်းရီ... ဒီတစ်ခေါက်မှာ ယိုထျန်းနီဘက်က ရန်စခဲ့တာ ဆိုပေမဲ့ မင်းက သွေးဆာပြီး အပြစ်မဲ့တဲ့သူတွေကို သတ်ခဲ့တယ်ဆိုတာကလည်း အမှန်တရားပဲ။ အဲ့ဒါက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်တယ်။ ပုံမှန်ဆိုရင် မင်းကို သေဒဏ်ပေးရမှာ။ ဒါပေမဲ့ မင်းက ငယ်သေးပြီး မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်ခဲ့တာလည်း မကြာသေးဘူးဆိုတော့ ငါ ခြွင်းချက်တစ်ခုထားပြီး မင်းကို ရွေးချယ်စရာသုံးခုပေးမယ်။ ပထမတစ်ခုက မင်းရဲ့ နတ်ဘုရားအမြုတေကို မင်းဘာသာ ဖျက်ဆီးပစ်လိုက်ပါ။ ဒုတိယတစ်ခုက မင်း နှစ်ငါးရာ ဖမ်းချုပ်ခံပါ။ တတိယကတော့ မင်း အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ သုံးရက် နေပါ”

ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့၏ မျက်နှာများ ဖြူဖျော့သွား၏။ အဆိပ်ဝိညာဉ်၏ ခန္ဓာကိုယ်က သတ်ဖြတ်အရှိန်အဝါတစ်ခုကိုပင် စတင် ထုတ်လွှတ်လာ၏။ ကျန်းရီသာ အမိန့်ပေးလိုက်လျှင် သူ တိုက်ခိုက်တော့မည်ဖြစ်သည်။

ထိုရွေးချယ်စရာသုံးခုက အလွန်တရားလွန်ပေသည်။ ကျန်းရီသာ သူ၏နတ်ဘုရားအမြုတွေကို ဖျက်ဆီးလိုက်လျှင် ဒုက္ခိတဖြစ်သွားပေလိမ့်မည်။ နှစ်ငါးရာ ဖမ်းချုပ်ခံလျှင်မူ ကျန်းရီ အကျဉ်းထောင်ထဲမှာပင် သေသွားလောက်ပေသည်။ တတိယရွေးချယ်စရာမှာလည်း သေလမ်းသာဖြစ်သည်။

ဆောင်းဥတုအရှင်၏ မျက်နှာထား တည်သွား၏။ သို့သော် သူ မည်သို့မှ မပြောလိုက်ပေ။ ကောင်းကင်ဘုရင်ဝူနေရာတွင် သူဆိုလျှင်လည်း ထိုသို့သာ လုပ်မည်သာ။ လူများစွာ သေခဲ့သည်ဖြစ်ရာ ကောင်းကင်ဘုရင်ဝူသည် မိစ္ဆာချေဖျက်စစ်တပ်၏ နံပါတ်တစ်ခေါင်းဆောင်အနေဖြင့် မျိုးနွယ်များစွာနှင့် ကောင်းကင်ဘုရင်ယိုကို ဖြေရှင်းချက်ပေးရပေမည်။

ကောင်းကင်ဘုရင်ယိုသည် အစတွင် အတန်ငယ် မကျေနပ်ခဲ့သော်လည်း ကောင်းကင်ဘုရင်ဝူက ထိုရွေးချယ်မှုသုံးခု ပေးလိုက်သောအခါ မည်သို့မှ ထပ်မပြောတော့ပေ။ ယိုထျန်းနီက အသတ်မခံခဲ့ရသည် မဟုတ်လော။ ထို့ကြောင့် ကျန်းရီကို ထိုထက်ပြင်းသော ပြစ်ဒဏ်ပေးဖို့ သူ ဆက်‌တောင်းဆိုလျှင် မိမိကိုယ်ကိုယ် အရှက်ခွဲသလို ဖြစ်သွားပေလိမ့်မည်။

“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေဆိုတာ ဘာလဲ”

ကျန်းရီသည် ဆောင်းဥတုအရှင်ကို ကြည့်၍ မေးလိုက်၏။ သူသည် ပထမနှင့် ဒုတိယရွေးချယ်စရာကို လုံးဝရွေးချယ်မည် မဟုတ်ပေ။ သူ၏ နတ်ဘုရားအမြုတေကို ဖျက်ဆီးရခြင်း သို့မဟုတ် နှစ်ငါးရာ ချုပ်နှောင်ခံရခြင်းကို ခံမည့်အစား သူ အသေသာခံမည်ဖြစ်သည်။

ကျန်းရီအဖို့ တတိယရွေးချယ်စရာကိုသာ စဉ်းစားရန်ရှိသည်။ ထိုတတိယရွေးချယ်စရာကလည်း အဆင်မပြေလျှင် သူ သေသည်အထိ တိုက်ခိုက်ရန်သာ ရှိပေတော့သည်။ သူသည် အခြားသူများ၏ လှည့်စားထိန်းချုပ်မှုကို ခံလိုသူ မဟုတ်ပေ။ သူ အသက်ရှင်နိုင်မည့် နည်းလမ်း မရှိတော့လျှင် ဂုဏ်သိက္ခာရှိရှိဖြင့်သာ တိုက်ခိုက်ရင်း အသေခံမည်ဖြစ်သည်။

“ဟူး...”

ဆောင်းဥတုအရှင်က သက်ပြင်းချ၍ အသံပို့လွှတ်ကာ ရှင်းပြလိုက်သည်။

“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက သဘာဝအတိုင်း ဖြစ်တည်နေတဲ့ ဆန်းကြယ်နယ်မြေတစ်ခုပဲ။ အထက်ဘုံရဲ့ ကြောက်စရာအကောင်းဆုံး ဆန်းကြယ်နယ်မြေဆယ်ခုကို မင်း သိတယ်မလား။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက... နံပါတ်တစ်ပဲ။ အဲ့ဆန်းကြယ်နယ်မြေက အရမ်းကြောက်စရာ‌ကောင်းတယ်။ မင်းမပြောနဲ့ ချင်ချန်တောင် အဲ့နယ်မြေထဲမှာ နှစ်ရက်ပြည့်အောင် မရှင်သန်နိုင်လောက်ဘူး။ ရူးရင်ရူး... မရူးရင် အထဲကသတ္တဝါတွေ သတ်တာကို ခံရမှာပဲ။ ငါတို့လို့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေတောင် အဲ့ထဲမှာ အလွန်ဆုံးတစ်လပဲ နေနိုင်လိမ့်မယ်...”

“ကျန်းရီ... ဒုတိယဟာကို ရွေးဖို့ ငါ မင်းကို အကြံပေးချင်တယ်။ မင်း စောစောလွတ်နိုင်အောင် တိရှအရှင်နဲ့ ဝိညာဉ်ဘုရင်တို့က သေချာပေါက် နည်းလမ်းရှာကြမှာပဲ။ ငါကိုယ်တိုင်လည်း မင်း စောစောလွတ်နိုင်ဖို့ နည်းလမ်းရှာမှာပါ။ ကျန်းရီ... ဒီကိစ္စက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ အတွင်းရေးဆိုတော့ ငါ ဝင်ပါဖို့ မသင့်တော်ဘူး။ အထက်ဘုံရဲ့ တည်ငြိမ်ရေးအတွက် ငါလည်း ဝင်မပါချင်ဘူး။ ငါ စိတ်မကောင်းပါဘူး...”

“ဒုတိယဟာလား”

ကျန်းရီ ရွဲ့တဲ့တဲ့ ရယ်လိုက်၏။ အထက်ဘုံအချိန် နှစ်ငါးရာမှာ အနိမ့်ဘုံအချိန် နှစ်ငါးသောင်းနှင့် ညီသည်။ ယင်းက မည်မျှကြာပါသနည်း။ ထိုအချိန်အတွင်း မည်သည့်အရာများ ဖြစ်လာနိုင်သနည်း။ ရီချန်၊ စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် အခြားသူများလည်း အသက်ရှင်နေပါဦးမည်လော။ သူကရော အကျဉ်းထောင်ထဲမှ အသက်ရှင်ရက် ထွက်လာနိုင်ပါမည်လော။

“ဟားဟားဟား...”

ကျန်းရီ ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ၏ ဆံပင်နီများက လေထဲတွင် ဝဲလွင့်သွားသည်။ မီးနဂါးဓားကလည်း အဆက်မပြတ် လင်းလက်လာသည်။ သူ့ရယ်သံက လှောင်ပြောင်ခနဲ့မှုများနှင့် ပြည့်နှက်နေပြီး အလွန်‌ခြောက်ကပ်ကာ မျှော်လင့်ချက်ကင်းမဲ့နေပုံ ပေါ်သည်။ သူ မျက်ရည်ထွက်သည်အထိ ခွက်ထိုးခွက်လန် ရယ်လိုက်၏။ သူ့ဒဏ်ရာများလည်း ပြန်ပွင့်ထွက်ကုန်သည်။ သူ့တစ်ကိုယ်လုံးမှ ကြွက်သားများလည်း တုန်ယင်လာသည်။ သို့သော် သူ ဆက်ရယ်နေဆဲပင်။

ပတ်ဝန်းကျင်တွင် ကျန်းရီ၏ ရယ်သံမှလွဲ၍ အခြားမည်သည့်အသံမှ ရှိမနေပေ။ အဆိပ်ဝိညာဉ်၏ လက်ထဲတွင် လက်နက်တစ်ခု ထွက်ပေါ်လာ၏။ သူ၏သတ်ဖြတ်အရှိန်အဝါကလည်း ပိုအားကောင်းလာသည်။ သူသည် ကျန်းရီနှင့်အတူ သေသည်အထိ တိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။

ချီချင်ချန်သည် တဟားဟား ရယ်နေသော ကျန်းရီကို ကြည့်၍ ရင်နာကာ မျက်ရည်များဝဲလာသည်။ သူမက အားနည်သူတစ်ယောက် မဟုတ်ပေ။ သို့‌သော် ကျန်းရီ ရင်ဆိုင်နေရသော အရာကြောင့် သူမ အလွန်အားနည်းနေသလို ခံစားလာရပြီး စတင် ငိုကြွေးလိုက်သည်။

ကောင်းကင်ဘုရင်ယို၏ လက်ထဲမှ လှံကလည်း တောက်ပလာ၏။ သူသည် ကျန်းရီကို အချိန်မရွေး သတ်ပစ်ရန် အသင့်ဖြစ်နေပေပြီ။ သူက ကျန်းရီဘက်မှ စတိုက်မည်ကို စောင့်နေပုံပင်။ ထိုမှ ကျန်းရီကို တရားဝင် သတ်ပစ်နိုင်မည်ဖြစ်သည်။

ခေါင်းဆောင်သုံးယောက်၊ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား သုံးယောက်

ကျန်းရီသာ မဆင်မခြင် လှုပ်ရှားလိုက်လျှင် ဆောင်းဥတုအရှင်ပင် ကျန်းရီကို ကယ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့သော် ကျန်းရီ မတိုက်ခိုက်ခဲ့ပေ။ အတော်ကြာအောင် ရယ်ပြီးနောက် သူ ရုတ်တရက် မျက်လုံးမှိတ်က သူ့ကိုယ်မှ နာကျင်မှုများ လျော့ပါးသွားသည်အထိ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် သူမျက်လုံးပြန်ဖွင့်ကာ ကောင်းကင်ဘုရင်ဝူကို ကြည့်၍ မေးလိုက်သည်။

“ခေါင်းဆောင်ဝူ... ကျွန်တော့်မှာ မေးခွန်းနည်းနည်းရှိပါတယ်။ ကျွန်တော် မေးလို့ရမလား”

ကောင်းကင်ဘုရင်ဝူက မျက်နှာသေဖြင့် ပြန်ပြောလိုက်သည်။

“မေးပါ”

“ကျွန်တော် ခေါင်းဆောင်ဝူကို မေးချင်ပါတယ်”

ကျန်းရီသည် ကောင်းကင်ဘုရင်ဝူကို လက်ညှိုးထိုး၍ အော်ပြောလိုက်သည်။

“ခေါင်းဆောင်ဝူသာ ကျွန်တော့်နေရာမှာဆိုရင်... ယိုထျန်းနီက ခေါင်းဆောင်ဝူကို အကွက်ဆင်ပြီး သတ်ဖို့လုပ်နေတဲ့အချိန်မှာ ခေါင်းဆောင်ဝူက ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်ပြီး ယိုထျန်းနီကို ပြန်သတ်နိုင်တယ်ဆိုတာကို သိခဲ့မယ်ဆိုရင် ဘာလုပ်ခဲ့မလဲ။ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စည်းမျဉ်းတွေအရ ယိုထျန်းနီကို အလွှတ်ပေးခဲ့မလား။ မိစ္ဆာချေဖျက်တောင်ကြားကို ပြန်ပြီး ယိုထျန်းနီကို တရားဆွဲမလား...”

“ယိုထျန်းနီရဲ့ အဘိုးက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ‌ခေါင်းဆောင်တစ်ယောက်ဆိုတော့ သူ့ကို တရားဆွဲလိုက်မယ်ဆိုရင်ရော သူက အပြစ်ပေးခံရပါ့မလား။ ယိုထျန်းနီကကျ နည်းမျိုးစုံသုံးပြီး ကျွန်တော့်ကိုသတ်ဖို့ ကြိုးစားနိုင်ပေမဲ့ ကျွန်‌တော်ကတော့ ဘာကြောင့် သူ့ကို ပြန်လုပ်လို့မရတာလဲ။ ပြောပါဦး... အဲ့ဒါက ဘာကြောင့်လဲ”

“ဘာကြောင့်လဲ... ဘာကြောင့်လဲ... ဘာကြောင့်လဲ...”

ကျန်းရီသည် နောက်ဆုံးစကားကို အာခေါင်ခြစ်၍ အော်လိုက်သဖြင့် ထိုစကားသံက ပတ်ဝန်းကျင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။ အားလုံး၏ နားထဲတွင်လည်း အဆက်မပြတ် မြည်ဟည်းနေသည်။ သူတို့အားလုံး ကျန်းရီကို ကိုယ်ချင်းစာသွားကြပြီး တိတ်ဆိတ်သွားကြသည်။

ဆောင်းဥတုအရှင်၏ မျက်လုံးများ တောက်ပလာ၏။ ကောင်းကင်ဘုရင်လုံကလည်း အကြည့်လွှဲလိုက်သည်။ ကျန်းရီသာ ထိုမေးခွန်းများကို သူ့တို့အား မေးခဲ့လျှင် သူတို့ ပြန်ဖြေနိုင်ပါမည်လော။

ကောင်းကင်ဘုရင်ဝူလည်း ခေတ္တမျှ နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာမှ သူ ပြန်ဖြေလိုက်သည်။

“ဘာကြောင့်လဲဆိုတော့ ငါတို့က စည်းမျဉ်းတွေကို ချမှတ်ထားတဲ့သူတွေမို့လို့ပဲ။ မင်းက ငါတို့နဲ့ မယှဉ်နိုင်တာကြောင့်မို့ပဲ။ ငါတို့ထက် အဆင့်နိမ့်လို့ပဲ။ အဲ့အကြောင်းက လုံလောက်ရဲ့လား။ ကျန်းရီ... ဒီလောကကြီးထဲမှာ အမှန်၊ အမှားဆိုတာ မရှိဘူး။ အင်အားကသာ အခရာပဲ။ မင်းက ငါတို့လောက် အင်အားမကြီးတော့၊ မိစ္ဆာချေဖျက်စစ်တပ်ထဲက လူတစ်ယောက် ဖြစ်နေတော့၊ မင်း ငါတို့ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို နာခံရမှာပဲ။ ငါ ပြောတာကို မင်း ရှင်းရဲ့လား”

“...”

လူအားလုံး မှင်တက်ကာ တိတ်ဆိတ်သွားသည်။ ကောင်းကင်ဘုရင်ဝူက အမှန်ပင် ပွင့်လင်းစွာ ပြောလိုက်သည်လော။ သူက အမှန်တရားကို ထုတ်ပြောဝံ့သည်လော။ ကောင်းကင်ဘုရင်ဝူ၏ စကားများက မှန်ကြောင်း လူတိုင်းသိသည်။ သို့သော် မည်သူမှ ထိုအကြောင်းများကို ထုတ်မပြောဝံ့ပါပေ။ ထို့ပြင် ကောင်းကင်ဘုရင်ဝူက ထုတ်ပြောလိမ့်မည်ဟုလည်း မည်သူမှ မျှော်လင့်မထားကြချေ။

“လုံလောက်ပါပြီ”

သို့သော် ကျန်းရီက ပြုံးလိုက်၏။ အကယ်၍ ကောင်းကင်ဘုရင်ဝူသာ ထိုသို့ပြန်မဖြေခဲ့ဘဲ မျက်နှာအရည်ထူစွာ တရားမျှတမှုအကြောင်း ဆက်ပြောနေဦးမည်ဆိုလျှင် ကျန်းရီ သူသေကိုယ်သေ တိုက်ခိုက်တော့မည် ဖြစ်သည်။ တိုက်ပွဲတွင် သေရခြင်းက ဂုဏ်ရှိပေသည်။

ယခုတွင်မူ ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါ လွင့်ပြယ်လာသည်။ သူ အဆိပ်ဝိညာဉ်ကို မည်သို့မှ မလုပ်ရန်လည်း လက်ဟန်ပြလိုက်သည်။

ကျန်းရီ ခေါင်းငုံ့ကာ တိတ်တဆိတ် စတင်တွေးတောလိုက်၏။ မိနစ်ဝက်ကြာပြီးနောက် သူ ခေါင်းမော့ကာ ပြောလိုက်လေသည်။

“ကျွန်တော် တတိယတစ်ခုကို ရွေးတယ်။ ကျွန်တော် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ သုံးရက်နေပါမယ။ ဒါပေမဲ့ ကျွန်တော် အဲ့နယ်မြေထဲမဝင်ခင် အနားယူ၊ ဒဏ်ရာကုသပြီး စီစဉ်စရာရှိတာတွေ စီစဉ်ခဲ့လို ရမလား”

“ရတယ်”

ကောင်းကင်ဘုရင်ဝူက တုံ့ဆိုင်းမှုမရှိ သဘောတူလိုက်၏။ ထို့နောက် သူ အော်ပြောလိုက်သည်။

“ငါ မင်းကို အနားယူပြီး စီစဉ်စရာရှိတာတွေ စီစဉ်ဖို့ အချိန်တစ်ရက်ပေးမယ်။ တစ်ရက်ပြည့်တာနဲ့ မင်း အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်ရမယ်။ မင်း အဲ့ထဲမှာ သုံးရက်ရှင်သန်နိုင်ရင် ငါကိုယ်တိုင် မင်းကို လာထုတ်ပေးမယ်”

***

All Chapters