အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ
Vol. 110 Ch. 1527
ကျန်းရီသည် ယိုထျန်းနီကိုသတ်ရန် ဆုံးဖြတ်လိုက်ကတည်းက အဆိုးဆုံးကို မျှော်လင့်ထားပြီးဖြစ်သည်။
လောကတွင် လုပ်သင့်သောအရာနှင့် မလုပ်သင့်သောအရာဟူ၍ ရှိသည်။
ကျန်းရီ ပြောခဲ့သလိုပင် သူ ယိုထျန်းနီကို လွှတ်ပေးလိုက်ပြီး မိစ္ဆာချေဖျက်စစ်တပ်တွင် တရားသွားဆွဲလျှင်လည်း ထိရောက်မှုရှိပါမည်လော။ ထိုသို့သာလုပ်လိုက်လျှင် ယိုထျန်းနီက ဘဝကို အပြည့်အဝ ဆက်နေနိုင်လိမ့်ဦးမည်ဖြစ်သည်။
လက်စားချေရန်အတွက် ဆယ်နှစ်ဆိုသော အချိန်က မကြာဟု ဆိုကြသော်လည်း ကျန်းရီသည် ထိုမျှသည်းခံစောင့်ဆိုင်းနိုင်သူမျိုး မဟုတ်ပေ။ သူသည် ယိုထျန်းနီကို သတ်ရန် ဆုံးဖြတ်ခဲ့ပြီဖြစ်၍ အကျိုးဆက်များကို အရေးမစိုက်ဘဲ နောင်ခါလာနောင်ခါဈေးဟု နှလုံးသွင်းထားပေသည်။
ကျန်းရီ မဆင်မခြင်ပြုမူမှု၏ အကျိုးဆက်က ခေါင်းဆောင်သုံးယောက်နှင့်အတူ ရောက်ရှိလာခဲ့သည်။ ဆောင်းဥတုအရှင်က မကူညီနိုင်သည့်အတွက် ကျန်းရီ အပြစ်မတင်ပါပေ။ ကျန်းရီက အမှန်ပင် လူများစွာ သတ်ခဲ့သည် မဟုတ်ပါလား။ ဆောင်းဥတုအရှင်က အထက်ဘုံ၏ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သော်လည်း မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်တစ်ယောက်တော့ မဟုတ်ချေ။
ကျန်းရီ သေသည်အထိ တိုက်ခိုက်ရန် မဆုံးဖြတ်ခဲ့ခြင်းမှာ သေရမည်ကိုကြောက်၍ မဟုတ်ဘဲ အဆိပ်ဝိညာဉ်ကြောင့် ဖြစ်သည်။
ထိုဝိညာဉ်မျိုးနွယ်၏ သစ္စာဖောက်က ကျန်းရီနောက်သို့ လိုက်ခဲ့သည်မှာ မကြာသေးသော်လည်း ကျန်းရီနှင့်အတူ သေရေးရှင်ရေး အခြေအနေများစွာကို ဖြတ်ကျော်ခဲ့ရသည်။ ထို့ကြောင့် ယခုတွင် ကျန်းရီသည် အဆိပ်ဝိညာဉ်ကို ဝိညာဉ်ကျွန်တစ်ယောက်အစား ရဲဘော်ရဲဘက်တစ်ယောက်အဖြစ် သဘောထားနေပြီဖြစ်ပေသည်။
ကျန်းရီသာ တိုက်ခိုက်လိုက်လျှင် အဆိပ်ဝိညာဉ် သေချာပေါက် သေပေလိမ့်မည်။ ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့ကလည်း သူ့ကို ကယ်တင်နိုင်မည် မဟုတ်ချေ။ ချီချင်ချန် ဝင်ကူမည်ဆိုလျှင် မတော်တဆပင် ထိခိုက်သွားနိုင်သေးသည်။ အဆိပ်ဝိညာဉ်က ကျန်းရီနှင့်အတူ သေလိမ့်မည်ဖြစ်ရာ သူတို့ မိစ္ဆာချေဖျက်တပ်သားအနည်းငယ်ကို သေရွာသို့ အတူခေါ်သွားနိုင်မည်ဆိုလျှင်လည်း ထိုအလဲအလှယ်က တန်လိမ့်မည် မဟုတ်ပေ။
ကျန်းရီတွင် မျှော်လင့်ချက်အနည်းငယ်တော့ ရှိသေးသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အထက်ဘုံ၏ နံပါတ်တစ် ကြောက်စရာအကောင်းဆုံး ဆန်းကြယ်နယ်မြေဖြစ်ပြီး ချီချင်ချန်ပင် အထဲ၌ နှစ်ရက်လောက်သာ ရှင်သန်နိုင်လိမ့်မည် ဖြစ်သော်လည်း ချီချင်ချန်က နှစ်ရက်တောင့်ခံနိုင်မည်ဆိုလျှင် ကျန်းရီထံတွင် မျှော်လင့်ချက်ရှိသေးပေသည်။ သူ့တွင် ကျန့်ရှဘုရင် ရှိနေသည် မဟုတ်ပါလား။
မည်သူကမှ မသေလိုပေ။ ကျန်းရီမှာလည်း ထို့အတူပင်ဖြစ်သည်။ သူ့တွင် မပြီးမြောက်သေးသော ကိစ္စများစွာ ရှိသေးသည်။ သူ ဇနီးအနည်းငယ်နှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကိုလည်း ကာကွယ်ရဦးမည်။ ရီဖျောင်ဖျာင်နှင့် ကျန်းရှောင်နူတို့ကို ကယ်ကာ သိမ်းငှက်စိမ်းဘုရင်နှင့်လည်း တိုက်ခိုက်ရပေဦးမည်။
ကောင်းကင်ဘုရင်ဝူ၏ ရိုးသားမှုက ကျန်းရီကို ကျေနပ်သွားစေခဲ့သည်။ ထို့ကြောင့် သူ လောင်းကြေးထပ်ကာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူ ထိုသို့မသွားခင် အဆိပ်ဝိညာဉ်၏ ဝိညာဉ်မျိုးစေ့ကို ပြန်ပေးကာ အဆိပ်ဝိညာဉ်ကို စောင့်ရှောက်ပေးဖို့ ချီချင်ချန်ကို မှာခဲ့ရပေမည်။
ကျန်းရီသည် ကျန့်ရှဘုရင်ကို မီးနဂါးဓားထဲ ပြန်ထည့်လိုက်ပြီး မီးနဂါးဓားကို သိမ်းလိုက်သည်။ ထို့နောက် ကောင်းကင်ဘုရင်လုံ၏ ကိုယ်တိုင် ‘လိုက်ပါပို့ဆောင်မှု’အောက်တွင် သူတို့ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားကာ မိစ္ဆာချေဖျက်တောင်ကြားသို့ တည်နေရာပြောင်းရွှေ့လိုက်ကြသည်။
မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရောက်သောအခါ ကောင်းကင်ဘုရင်ဝူသည် တည်နေရာပြောင်းရွှေ့အစီအရင်အားလုံးကို ချိပ်ပိတ်ထားရန် အမိန့်ပေးလိုက်၏။ ကျန်းရီ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို သွားပြီးမှ ၎င်းတို့ကို ပြန်ဖွင့်ပေးမည်ဖြစ်သည်။
ထိုမှ ဆောင်းဥတုအရှင်က ကျန်းရီကို အတင်းခေါ်မသွားနိုင်မည်ဖြစ်ည်။ ထို့ပြင် ကောင်းကင်ဘုရင်ဝူသည် ကောင်းကင်ဘုရင်လုံအား ကျန်းရီကို ကိုယ်တိုင် စောင့်ကြည့်ထားရန်နှင့် တစ်ရက်ပြည့်သည်နှင့် သူ့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ခေါ်သွားဖို့ အမိန့်ပေးလိုက်သည်။
ကောင်းကင်ဘုရင်ယိုသည် ကျန်းရီ၏ အပြစ်ဒဏ်နှင့်ပတ်သတ်၍ အလွန်ကျေနပ်နေသည်။ ကျန်းရီက ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားပြီး ကျန့်ရှမျိုးနွယ်ဝင်များကိုပင် ထိန်းချုပ်နိုင်သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းနေသေးသည်။ ထို့ကြောင့် သူ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် တစ်ရက်ပင် ရှင်သန်နိုင်လိမ့်မည် မဟုတ်ဟု ကောင်းကင်ဘုရင်ယို မြင်ပေသည်။ ကောင်းကင်ဘုရင်ယိုသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ သွားခဲ့ဖူး၍ ၎င်းနယ်မြေက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိပေသည်။
ကျန်းရီသည် မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရောက်ပြီးနောက် အဆိပ်ဝိညာဉ်ကို ခေါ်၍ သူတို့၏ရဲတိုက်သို့ပြန်ကာ အခန်းအောင်း ဒဏ်ရာကုသလိုက်သည်။ ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့ကလည်း ကျန်းရီ၏ရဲတိုက်သို့ လိုက်လာခဲ့သည်။ သို့သော် ကျန်းရီက ရဲတိုက်သို့ ရောက်သည်နှင့် အခန်းအောင်း ဒဏ်ရာကုသလိုက်သဖြင့် ချီချင်ချန် ကျန်းရီ ထွက်လာမည်ကို အားပြန်ဖြည့်ရင်း အပြင်ကသာ စောင့်နေရသည်။
တပ်များလည်း ပြန်ရောက်လာပြီဖြစ်သည်။
မိစ္ဆာချေဖျက်စစ်တပ်တစ်ခွင်လုံးတွင် အုတ်အော်သောင်းနင်း ဖြစ်နေသည်။ အရင်ဆုံး ယိုထျန်းနီ ပြန်ခေါ်လာခံခဲ့ရသည်။ သို့သော် သူက ဒုက္ခိတဖြစ်နေပြီဖြစ်ပြီး မိစ္ဆာချေဖျက်တောင်ကြားထဲတွင်လည်း ခေတ္တသာနေရကာ အဝေးသို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ခံရသည်။ သူ မည်သည့်နေရာသို့ တည်ရောပြောင်းရွှေ့ခံရကြောင်း မည်သူမှ မသိပေ။ သို့သော် သူ့အခြေအနေရ သူက တစ်သက်လုံး ဒုက္ခိတဖြစ်နေတော့မည်ဖြစ်ပြီး မိစ္ဆာချေဖျက်တောင်ကြားထဲ ထပ်မံခြေချနိုင်တော့မည့်ပုံ မပေါ်ချေ။
ကောင်းကင်ခွင်းတပ်နှင့် မီးဖီးနစ်တပ်တို့ ကျန့်ရှဆန်းကြယ်နယ်မြေမှ ပြန်ရောက်လာပြီး ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ပြောပြလိုက်ရာ မိစ္ဆာချေဖျက်တောင်ကြားထဲရှိ စွမ်းအားကြီး သိုင်းသမားအားလုံး တုန်လှုပ်သွားကြပေသည်။ ယခုတွင် ကျန်းရီ ထပ်မံ၍ ကျော်ကြားသွားပြန်ပေပြီ။
ကျန်းရီ၏ အမည်နှင့် ဂုဏ်သတင်းက သခင်လေးအားလုံးကို ကျော်တက်သွားသည်။ သိမ်းငှက်ဘုရင်လေးနှင့် ချီချင်ချန်တို့သာ သူ့၏ကျော်ကြားမှုကို ယှဉ်နိုင်တော့သည်။ ဖြစ်ပျက်ခဲ့သောကိစ္စများ၏ သတင်းများက မကြာခင်တွင် အထက်ဘုံတစ်ခွင်လုံးကို ပျံ့နှံ့သွားတော့မည်ဖြစ်သည်။ ကျန်းရီ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှ ထွက်လာနိုင်မည်ဖြစ်စေ၊ ထွက်မလာနိုင်မည်ဖြစ်စေ သူ့အမည်က ဘုံတစ်သောင်းလုံးတွင် ကျော်ကြားသွားပေလိမ့်မည်။
ရီပုဟွေသည် သတင်းများကို ကြားလိုက်သောအခါ သူတော်စင်ဝိညာဉ်ဘုံသို့ ချက်ချင်း အကြောင်းကြားလိုက်သည်။ တိလင်အာသည်လည်း ချီချင်ချန်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲမှ ထုတ်ပေးခံရပြီးနောက် တိချန်ကျွင်းကိုရှာကာ တိရှဘုံသို့ ချက်ချင်းသတင်းလှမ်းပို့လေသည်။
ရီဝူနှင့် သူ့အဖော်သုံးယောက်အတွက် ရီပုဟွေ လုံးဝစိတ်မထိခိုက်ပေ။ ထိုအစား သူတို့သေသွားခြင်းက ကောင်းသည်ဟုပင် သူ ခံစားရသည်။
ဝိညာဉ်ဘုရင်က ရီဝူတို့သေသွားကြောင်းကို သိသွားလျှင်လည်း မည်သို့မှ ခံစားရလိမ့်မည် မဟုတ်ဟု ရီပုဟွေ ယုံကြည်သည်။ ကျန်းရီက ရီဖျောင်ဖျောင်၏သား ဖြစ်သည်။ ရီဝူကမူ မည်သူနည်း။ အရေးအကြီးဆုံးမှာ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်နိုင်ပြီး အဆိပ်ဝိညာဉ်နှင့်အတူ အင်အားပူးပေါင်း၍ ကောင်းကင်ဘုရင်ယိုကိုပင် ထိခိုက်သွားအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းက မည်သည့်အဓိပ္ပာယ်နည်း။ ကျန်းရီ၏တန်ဖိုးက ရီဝူ၏တန်ဖိုးက ဆယ်ဆ၊ အဆတစ်ရာ ပိုမြင့်သည်ဆိုသော အဓိပ္ပာယ်ပင်။
သို့သော်...
ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့၏ တုံ့ပြန်မှုများက ရီပုဟွေနှင့် တိလင်အာတို့ကို အလွန်စိတ်ပျက်သွားစေခဲ့သည်။ ဝိညာဉ်ဘုရင်နှင့် တိရှအရှင်တို့က ဤကိစ္စတွင် ဝင်ပါမည် မဟုတ်ချေ။ မိစ္ဆာချေဖျက်စစ်တပ်၏ ရပ်တည်မှုက တမူကွဲပြားသည်။ ထို့ပြင် သူတို့နှစ်ယောက် ရှေ့ထွက်လာလျှင်ပင် ကောင်းကင်ဘုရင်ဝူက သူတို့၏မျက်နှာကို ထောက်ထားလိမ့်မည် မဟုတ်ချေ။ သူတို့၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ မိစ္ဆာချေဖျက်တောင်ကြားကို တိုက်ခိုက်၍ ကျန်းရီကို အတင်းကယ်ထုတ်သွားရန်သာဖြစ်သည်။ သို့သော် ထိုသို့လုပ်လိုက်လျှင် အထက်ဘုံတစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားမည်ဖြစ်ပြီး တမလွန်ဘုံက တိုက်ခိုက်ရန် အခွင့်အရေးရသွားပေလိမ့်မည်။
ရီပုဟွေနှင့် တိလင်အာတို့ နှစ်ယောက်စလုံး ကျန်းရီ၏ရဲတိုက်သို့ သွားလိုက်ကြ၏။ သို့သော် ကျန်းရီက အခန်းအောင်းကာ ဒဏ်ရာကုသနေဆဲဖြစ်၍ သူတို့နှစ်ယောက်စလုံး ချီချင်ချန်နှင့်အတူသာ စောင့်နေလိုက်ရသည်။ ဆောင်းဥတုအရှင်က စောင့်မနေတော့ဘဲ ခမ်းနားစွာ တန်ဆာဆင်ထားသည့် ရဲတိုက်တစ်လုံးသို့ ထွက်သွားခဲ့၏။ သူ့အဆင့်အတန်းနှင့် ကျန်းရီ၏ရဲတိုက်တွင် စောင့်နေ၍မဖြစ်ပေ။ ကောင်းကင်ဘုရင်လုံကမူ ကျန်းရီ၏ရဲတိုက်ထဲတွင်နေကာ ကျန်းရီကို စောင့်ကြည့်နေသည်။ ကျန်းရီ ထွက်ပြေးသွားမည်ကို သူ စိုးရိမ်နေကြောင်း ထင်ရှားပေသည်။
ကျန်းရီသည် နာရီနှစ်ဆယ်ကြာအောင် ဒဏ်ရာကုသပြီးနောက် အပြင်သို့ ခေတ္တမျှ ထွက်လာ၏။ သူသည် ချီချင်ချန်ထံ အသံပို့လွှတ်ကာ အကူအညီတောင်းပြီးနောက် အခန်းထဲပြန်ဝင်ကာ ကျင့်ကြံလိုက်သည်။ သူ ရသမျှအချိန်ကို အသုံးချ၍ သူ့ကိုယ်သူ အင်အားပိုကြီးလာအောင် လုပ်လိုနေပေသည်။ ထိုမှ သူ ရှင်သန်နိုင်မည်ဖြစ်သည်။
ကျန်းရီက ချီချင်ချန်ကို အလွန်ရိုးရှင်းသည့်အရာတစ်ခု အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ သူ ဗျပ်စောင်းတစ်လက်နှင့် နေရာကျယ်သော လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခု လိုပေသည်။
လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ရှာရန်က ပြဿနာမရှိပေ။ ချီချင်ချန်က ဆောင်းဥတုအရှင်ကို သွားတွေ့၍ တောင်းဆိုလိုက်ရာ ဆောင်းဥတုအရှင်သည် ကျန်းရီအတွက် သူ၏ကိုယ်ပိုင်လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ပေးလိုက်သည်။ ချီချင်ချန်နှင့် ဆောင်းဥတုအရှင်တို့၏ ရင်ထဲတွင် မျှော်လင့်ချက်အနည်းငယ် ရှိလာပေသည်။
ကျန်းရီက လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို တောင်းခြင်းမှာ ကျန့်ရှဆန်းကြယ်နယ်မြေသို့ ပြန်သွားပြီး ကျန့်ရှမျိုးနွယ်ဝင်များကို ရနိုင်သမျှ သွားခေါ်လာရန်ဖြစ်သည်။ ကျန်းရီအနေဖြင့် စိတ်ကြိုက်အစီအစဉ်ဆွဲနိုင်သည်ဟု ကောင်းကင်ဘုရင်ဝူက ခွင့်ပြုပေးထားသည်။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်တစ်စုကို ခေါ်သွားခြင်းက စည်းမျဉ်းနှင့် မဆန့်ကျင်ပါပေ။ ကျန့်ရှမျိုးနွယ်ဝင်တစ်စုက သူ့ကို ကာကွယ်ပေးနေမည်ဆိုလျှင် ကျန်းရီ ပိုကြာကြာ ရှင်သန်နိုင်ပေလိမ့်မည်။ သုံးရက်ပြည့်အောင် ရှင်သန်နိုင်မည်၊ မနိုင်မည်ကိုတော့ ဆောင်းဥတုအရှင်လည်း မသိချေ။
ဗျပ်စောင်းတစ်လက်ကို ရှာရခြင်းက ပို၍ပင် လွယ်ကူသည်။ ချီချင်ချန်သည် ရတနာခန်းမသို့ ကိုယ်တိုင်သွား၍ သူမ၏တိုက်ပွဲအမှတ်များကို သုံးကာ အကောင်းဆုံး ဗျပ်စောင်းသုံးလက် ဝယ်လိုက်သည်။ ထို့နောက်မှ သူမ ကျန်းရီ၏ရဲတိုက်သို့ ပြန်သွားကာ ကျန်းရီ ပြန်ထွက်လာမည်ကို စောင့်ဆိုင်းနေလိုက်လေသည်။
***
“အရှင်... ဘာလို့ အရှင် ကျန်းရီကို သွားမကူညီတာလဲ”
တိရှဘုံရှိ အမည်မဲ့ကျွန်းပေါ်တွင် မိုလင်းချိုးသည် အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသော တိရှအရှင်ကို စိတ်လှုပ်ရှားမှု၊ နားမလည်နိုင်မှုတို့နှင့် ကြည့်လိုက်သည်။ တိရှအရှင်က နှုတ်ဆိတ်နေသဖြင့် မိုလင်းချိုး သက်ပြင်းလေးလေးတစ်ချက်ချကာ ဆက်ပြောလိုက်သည်။
“ဝိညာဉ်ဘုရင်ကလည်း လွန်လွန်းပါတယ်။ သူက သူ့ရဲ့မြေးအရင်းကိုတောင် မကူညီဘူး။ ကျန်းရီသာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ သေသွားရင် ရီဖျော်ဖျောင်က သူ့ကို တစ်သက်လုံး မုန်းနေတော့မှာ မဟုတ်ဘူးလား”
“လင်းချိုး... မင်း မှားနေပြီ”
နောက်ဆုံးတွင် တိရှအရှင် ပြောလိုက်သည်။ သူသည် သူ၏မုတ်ဆိတ်ကိုသပ်ကာ ဆက်ပြော၏။
“ငါတို့က မကူညီချင်တာ မဟုတ်ဘူး။ မကူညီနိုင်တာ။ ငါတို့ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ကိစ္စမှာ ဝင်ပါလိုက်မယ်ဆိုရင် အထက်ဘုံမှာ အလွယ်တကူ ကစဉ့်ကလျားဖြစ်သွားလိမ့်မယ်။ ပိုအရေးကြီးတာက ငါနဲ့ ဝိညာဉ်ဘုရင် ကျန်းရီကို သွားကူညီမယ်ဆိုရင် သူ့ကိုတောင် ထိခိုက်သွားစေမှာပဲ”
မိုလင်းချိုး နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ခတ်ကာ မေးလိုက်သည်။
“အရှင်... အရှင်က ဘာကိုဆိုလိုတာပါလဲ။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို အရှင်လည်း သိတာပဲ”
“အဲ့နယ်မြေက ကြောက်စရာကောင်းတော့ရော ဘာဖြစ်သေးလဲ”
တိရှအရှင်က ခေါင်းခါကာ ပြောသည်။
“နဂါးအစစ်အမှန်တစ်ကောင်က သူ့ဘာသာ ပျံသန်းနိုင်ရမယ်။ သိမ်းငှက်ပေါက်လေးတစ်ကောင်က မိခင်ရဲ့ ကာကွယ်ပေးမှုကို အမြဲခံနေရရင် ဘယ်တော့မှ ပျံတတ်မှာ မဟုတ်ဘူး။ သိမ်းငှက်ပေါက်လေး အရွယ်ရောက်လာတာနဲ့ သူ့မိခင်က ဆက်မကာကွယ်ပေးတော့ရုံတင် မကဘူး သူ့ကို ချောက်ကမ်းပါးအောက်ကိုတောင် တွန်းချလိမ့်မယ်။ သိမ်းငှက်ပေါက်လေးက ကျောက်ဆောင်တွေနဲ့ ရိုက်မိပြီး သေရင်သေ၊ မသေရင် သူ့ဘာသာ ပျံတတ်သွားလိမ့်မယ်”
တိရှအရှင်သည် ပြောပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ့နှုတ်ခမ်းများက အတန်ငယ် တုန်ယင်နေသည်။ ထို့နောက် သူသည် သူသာကြားနိုင်လောက်သော လေသံဖြင့် ရေရွတ်လိုက်လေသည်။
“ကောင်းကင်ဘုံက ဆက်ကြာကြာ တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး။ ကျန်းရီ... မင်းက တကယ်ပဲ ရွေးချယ်ခံရတဲ့သူဆိုရင် ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်ရမယ်။ မဟုတ်ရင် အဲ့ဓားကို နောက်ထပ်သခင်တစ်ယောက် ရှာခွင့်ပေးလိုက်ပါတော့...”
***