← Chapters

သုံးကြိမ်ဦးချပေးပါ

Vol. 110 Ch. 1528

သုံးကြိမ်ဦးချပေးပါ

Vol. 110 Ch. 1528

တစ်ရက်ဟူသော အချိန်က အလွန်လည်းရှည်နိုင်သလို၊ အလွန်လည်းတိုနိုင်သည်။

ကျန်းရီ၏ ပြင်းထန်သော ဒဏ်ရာများက အပြည့်အဝ ပျောက်ကင်းသွားပြီဖြစ်သည်။ သို့သော် သူ တစ်ချိန်လုံး အခန်းအောင်း၍သာ နေခဲ့သည်။ သူသည် ကြိုးစားကျင့်ကြံ၍ သူ၏စွမ်းရည်များကို တိုးမြှင့်လိုသည်။ ထိုမှ သူ၏ရှင်သန်နိုင်ခြေက များမည်ဖြစ်သည်။

အချိန်က တိုတောင်းသဖြင့် ကျန်းရီ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များနှင့် အခြားဆန်းကြယ်စွမ်းရည်များကို လေ့လာချိန် မရခဲ့ပေ။ သူ နတ်ဘုရားအသံစည်းမျဉ်းများနှင့် အမည်မဲ့ကျင့်စဉ် အဆင့်အသစ်ကိုသာ လေ့လာနိုင်ခဲ့သည်။ မီးနဂါးဓားကိုလည်း ပို၍ အသေးစိတ် လေ့လာခဲ့သည်။

နတ်ဘုရားအသံစည်းမျဉ်းများကို အတန်ကြာ လေ့လာပြီးသည်အထိ ကျန်းရီ အဆင့်မတက်နိုင်သေးပေ။ ထိုနယ်ပယ်တွင် အချိန်တိုအတွင်း အဆင့်တက်နိုင်ရန် မဖြစ်နိုင်ချေ။ အမည်မဲ့ကျင့်စဉ် အဆင့်သစ်ကလည်း သူ၏တိုက်ခိုက်စွမ်းအားကို ချက်ချင်းကြီး မတိုးတက်စေပေ။ ၎င်းက သူ့ကို ကောင်းကင်စွမ်းအားအပေါ် ပိုအာရုံစိုက်နိုင်အောင်သာ လုပ်ပေးလေသည်။

ကောင်းကင်စွမ်းအားအ‌ပေါ် ပို၍အာရုံစိုက်နိုင်စွမ်းက သိပ်အသုံးဝင်မည် မဟုတ်ဟု ထင်ရသော်လည်း လက်တွေ့တွင် ထိရောက်မှုက အံ့မခန်းပေ။ ဥပမာဆိုရလျှင် ကျန်းရီသာ အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲတွင် ကျင့်ကြံမည်ဆိုလျှင် ပုံမှန်ထက် အဆနှစ်သောင်း ပိုအာရုံစိုက်နိုင်မည်ဖြစ်သည်။ သူ အဆတစ်သိန်း လျှို့ဝှက်ကြံခြင်းအခန်းတွင် ကျင့်ကြံမည်ဆိုလျှင်မူ သာမန်ထက် အဆနှစ်သိန်းပိုမြန်စွာ တိုးတက်မည်ဖြစ်သည်။

သို့သော် ကျန်းရီ၏ လိုအပ်ချက်များကတော့ မပြည့်ဝခဲ့ပေ။ အချိန်တိုအတွင်းတွင် သူ ကောင်းကင်စွမ်းအား မည်မျှ ရနိုင်ပါမည်နည်း။

နောက်ဆုံးတွင် ကျန်းရီသည် မီးနဂါးဓားအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်လိုက်သည်။ မီးနဂါးဓား၏ စတုတ္ထအစိတ်အပိုင်းက ထွက်ပေါ်လာပြီဖြစ်ပြီး ကျန်းရီ စွမ်းအားကြီး ကိုယ်ရံတော်တစ်ယောက်ကို ပိုင်ဆိုင်သွားသည်။

ကျန့်ရှဘုရင်...

ထိုအစိတ်အပိုင်းက သက်ရှိတစ်ကောင် ဖြစ်လာရန် ကျင့်ကြံခဲ့ပုံပင်။ ၎င်းက ၎င်းကိုယ်၎င်း ကျန့်ရှမျိုးနွယ်ဝင်များအဖြစ် ကိုယ်ပွားလည်း ခွဲထုတ်နိုင်သည်။ မီးနဂါးဓားကိုသာ ထည့်မတွက်လျှင် ကျန့်ရှဘုရင်က အမှီအခိုကင်းသော သက်ရှိတစ်မျိုးဖြစ်သည်။ ကျန့်ရှဘုရင်ကို သာမန်အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် နှိုင်းယှဉ်နိုင်သည်။ ၎င်း၏ တိုက်ခိုက်စွမ်းအားက ချီချင်ချန်၏တိုက်ခိုက်စွမ်းအားနှင့်ပင် ယှဉ်နိုင်လိမ့်မည်ဟု ကျန်းရီ ခန့်မှန်းပေသည်။

ယခုတွင် ကျန့်ရှဘုရင်က မီးနဂါဓားနှင့် ပေါင်းစည်းသွားပြီဖြစ်၍ မီးနဂါးဓားပေါ်တွင် နဂါးပုံတစ်ပုံ ထပ်တိုးလာသည်။ မီးနဂါးဓား၏ အဆင့်ကလည်း သိသိသာသာ ပိုတိုးလာသည်။ ၎င်းက ရှေးဦးဝိညာဉ်ရတနာတစ်ခုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ ထို့ပြင် ကျန့်ရှဘုရင်က မီးနဂါးဓားနှင့် ပေါင်းစည်းလိုက်ကတည်းက ဓားသည် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်နောက်တစ်မျိုးကို ရရှိခဲ့သည်။

မကောင်းသောအရှိန်အဝါ...

ကျန်းရီသည် မီးနဂါးဓားကို ထိန်းချုပ်၍ မကောင်းသောအရှိန်အဝါကို ထုတ်လွှတ်နိုင်သည်။ မကောင်းသောအရှိန်အဝါသည် ရန်သူများကို အသိစိတ်ပျောက်စေသည်။ ရီဝူနှင့် ထိပ်တန်းအဆင့် စွမ်းအားကြီး သိုင်းသမား သုံးယောက်သည်ပင် ရုတ်ခြည်း သက်ရောက်ခံလိုက်ရရာ မကောင်းသောအရှိန်အဝါက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။

တစ်နည်းဆိုရလျှင် ကျန်းရီက မကောင်းသောအရှိန်အဝါကို သုံး၍ ဘွဲ့ထူးရစစ်နတ်ဘုရားများကို အသိစိတ်ပျောက်သွားအောင် လုပ်နိုင်သည်။ သူ ကျန့်ရှဘုရင်နှင့် ကျန့်ရှမျိုးနွယ်ဝင်များကို သုံး၍လည်း ဘွဲ့ထူးရစစ်နတ်ဘုရားများကို သတ်နိုင်သည်။ ရန်သူက သူ့ကို တစ်ချက်တည်း မသတ်နိုင်လျှင် သူ ထိုအရာအားလုံးကို လုပ်နိုင်မည်ဖြစ်သည်။

ကျန်းရီ၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်စွမ်းရည်များက အလွန်နိမ့်နေသည်။ အကယ်၍ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကသာ သူ့ကို လုပ်ကြံမည်ဆိုလျှင် သူ အချိန်မီပြန်တုံ့ပြန်နိုင်မည် မဟုတ်ဘဲ နေရာမှာပင် သေသွားမည်ဖြစ်သည်။ ဥပမာအားဖြင့် ကောင်းကင်ဘုရင်ယို၏ လှံကိုကြည့်ပါ။ ကျန်းရီ သူ့အရှေ့ရှိ လှံကို သေချာမမြင်ရသေးခင်မှာပင် လှံက သူ့လည်ပင်းပေါ်သို့ ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် အပေါ်ယံတွင် သူ့တိုက်ခိုက်စွမ်းရည်များက စွမ်းအားကြီးသည်ဟု ထင်ရသော်လည်း သူ့တွင် လိုအပ်ချက်များစွာ ရှိပေသေးသည်။

ကျန်းရီသည် မကောင်းသောအရှိန်အဝါကို စတင်လေ့လာလိုက်၏။ ၎င်းက ကြောက်မက်ဖွယ် ဆန်းကြယ်စွမ်းရည်တစ်ခု ဖြစ်သော်လည်း သူ့တွင် အချိန်အနည်းငယ်သာ ရှိပေသည်။ သူ မကောင်းသောအရှိန်အဝါကို အနည်းငယ် နားလည်သွားချိန်တွင် နေ့တစ်ဝက်ကျော် ကုန်သွားပြီဖြစ်သည်။

‘ထားလိုက်ပါတော့... ငါ သေမလား၊ ရှင်မလားဆိုတာ ငါ့ကံတရားအပေါ်မှာပဲ မူတည်တယ်’

ကျန်းရီသည် အချိန်ကို ရေတွက်လိုက်ပြီးနောက် ဆက်မကျင့်ကြံဝံ့တော့ပေ။ သူ ကျန့်ရှဆန်းကြယ်နယ်မြေသို့သွားကာ ကျန့်ရှမျိုးနွယ်ဝင်များကို စုဆောင်းရဦးမည်ဖြစ်သည်။ သူ မီးဝိညာဉ်ပုလဲကို ထုတ်လိုက်၏။ မီးဝိညာဉ်ပုလဲက လင်းလက်လာကာ ကောင်းကင်ဝါးမျိုသားရဲလေး ထွက်လာသည်။ ကျန်းရီ ကောင်းကင်ဝါးမျိုသားရဲကို လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ရှောင်မုန့်... ငါ အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခုကို သွားရမယ်။ ငါ အဲ့မှာ သေချင်လည်း သေသွားနိုင်တယ်။ မင်းက ငယ်သေးတယ်... မင်းအ‌ရှေ့မှာ ဘဝလမ်းအရှည်ကြီးရှိသေးတယ်။ အဲ့တော့... ငါနဲ့အတူ အဲ့အန္တရာယ်များတဲ့နေရာကို မလိုက်ခဲ့ပါနဲ့။ အဲ့မှာ မင်းလည်း သေသွားနိုင်တယ်”

ကျီ...ကျီ...

သားရဲလေးသည် နှစ်ကြိမ် အော်မြည်ကာ နားမလည်နိုင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ ထို့နောက် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“တမုန့်... မင်း ဘာတွေပြောနေတာလဲ။ မင်း ငါ့ကို စွန့်ပစ်ခဲ့တော့မလို့လား။ ငါ မင်းကို စွန့်ခွာသွားမှာ မဟုတ်ဘူး။ မင်းမရှိရှင် ဘယ်သူက ငါ့ကို မီးတောက်တွေ၊ အနက်ရောင်မိုးကျောက်တုံးတွေနဲ့ ရွှေရောင်မီးကျောက်တုံးတွေ ပေးမှာလဲ”

“...”

ကျန်းရီ ဆွံ့အသွားပြီး မျက်လုံးပင့်လိုက်၏။ သားရဲလေး၏ အရှေ့ပိုင်းစကားများကြောင့် သူ ရင်ထဲထိသွားမိသည်။ သို့သော် နောက်ဆုံးစကားကို ကြားလိုက်သောအခါတွင်မူ သားရဲလေးက အစာထပ်မစားရမည် စိုး၍သာ သူနှင့်မခွဲနိုင်တော့ခြင်းဖြစ်ကြောင်း သိလိုက်လေသည်။ ထိုကောင်းကင်ဝါးမျိုသားရဲက အမှန်ပင် အစားမက်သူတစ်ယောက်ပင်။

ကျန်းရီ လက်ဆန့်ကာ ကောင်းကင်ဝါးမျိုသားရဲလေးကို ကိုင်လိုက်သည်။ ၎င်းက ကျန်းရီ၏ လက်ချောင်းနှစ်ချောင်းစာအထိ အရွယ်ကြီးလာပြီဖြစ်သည်။ ကျန်းရီ သားရဲလေးကို သူ့လက်ဖဝါးပေါ်တင်၍ သိမ်မွေ့သောအသံဖြင့် ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... မင်း အခုကစပြီး အဆိပ်ဝိညာဉ်နောက်ကို လိုက်လို့ရပါတယ်။ အဆိပ်ဝိညာဉ်က မင်းအတွက် အစာရှာပေးပါလိမ့်မယ်။ မင်း ငါ့နောက်ကို လိုက်ခဲ့ရင် သေလိမ့်မယ်”

“ဟားဟား...”

ကောင်းကင်ဝါးမျိုသားရဲလေးသည် ပဲစေ့အစိမ်းလေးကဲ့သို့သော ၎င်း၏နှာခေါင်းကို ရှုံ့၍ ခေါင်းမော့ကာ ပြောလိုက်သည်။

“ငါ သူတို့နောက်ကို လိုက်မှာ မဟုတ်ဘူး။ တမုန့်... ငါက မင်းနောက်ကိုပဲ လိုက်ချင်တာ။ ပုလဲထဲမှာနေရတာ အရမ်းသက်တောင့်သက်သာရှိတယ်။ ငါ မင်းနဲ့မခွဲချင်ဘူး။ မင်း ငါ့ကို သူများတွေဆီ ပေးလိုက်ရင် ငါ ငါ့ကိုယ်ငါ သတ်သေမှာ”

“အာ...”

ကျန်းရီ မှက်တက်သွားပြီး သားရဲလေးကို စိုက်ကြည့်လိုက်၏။ သားရဲလေးသည် ကျန်းရီကို ပြတ်သားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြန်ကြည့်၏။ ၎င်း၏ မျက်ဝန်းများက လူသားတစ်ယောက်၏ မျက်ဝန်းများနှင့် အလွန်တူနေပေသည်။ ကျန်းရီ စိတ်ပျက်စွာဖြင့် သားရဲလေးကို မီးဝိညာဉ်ပုလဲထဲ ပြန့်ပို့လိုက်၏။ ထို့နောက် ပေါင်းစည်းမီးတောက်များ ထပ်လုပ်ကာ သားရဲလေးစားရန်အတွက် မီးဝိညာဉ်ပုလဲထဲ ပို့ပေးလိုက်သည်။

ဆန်းကြယ်သော အဘိုးအိုသည် အကယ်၍ ကျန်းရီ သေသွားမည်ဆိုလျှင် မီးနဂါးဓားက အလိုလို ပျံထွက်ကာ ပိုင်ရှင်အသစ်ကို ရှာလိမ့်မည်ဟု ပြောခဲ့၏။ သို့ဖြစ်ရာ သားရဲလေးသာ မီးဝိညာဉ်ပုလဲထဲတွင် ရှိနေမည်ဆိုလျှင် လုံခြုံလောက်ပေသည်။ သူ သေသွားလျှင်လည်း သားရဲလေးက မီးနဂါးဓားနှင့်အတူ ပိုင်ရှင်အသစ်ဆီသို့ ရောက်သွားမည်ဖြစ်သည်။

ကျန်းရီ ထရပ်ကာ တံခါးမှ အကာအရံများကို ဖွင့်၍ အပြင်သို့ ထွက်သွားလိုက်၏။ အပြင်တွင် လူများစွာ ရှိနေသည်။ အဆိပ်ဝိညာဉ်၊ တိလင်အာ၊ ချီချင်ချန်၊ ကောင်းကင်ဘုရင်လုံ၊ တိချန်ကျွင်း၊ မိုဟွိုက်စန်းနှင့် ရီပုဟွေတို့အားလုံး ရှိနေကြသည်။ ကျန်းရီသည် ထိုလူစုကို ဝေ့ဝဲကြည့်လိုက်၏။ သူတို့အားလုံးက တစ်စုံတစ်ခု ပြောလိုနေပုံပေါ်သော်လည်း မည်သို့စပြောရမည်မသိ ဖြစ်နေပုံပင်။ ကျန်းရီ ယုံကြည်မှုရှိရှိဖြင့် ပြုံးကာ ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... ကျွန်တော် ကျန်းရီက အပြစ်‌ဆေးကြောဆန်းကြယ်နယ်မြေလေးမှာ သေမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကို ယုံပါ”

ချီချင်ချန်နှင့် တိလင်အာတို့၏ မျက်လုံးများ တောက်ပသွားပြီး မိုဟွိုက်စန်း၏ လှပ‌သော မျက်ဝန်းလေးများ မည်းမှောင်သွားသည်။ သိမ်းငှက်ဘုရင်လေးက သူမကို အရေးမစိုက်သေးပုံပင်။ ထို့ကြောင့် သူမ စိတ်ဆင်းရဲနေခြင်းဖြစ်မည်။ ယခုတွင် သူမနှင့် ကျန်းရီတို့ကြားက ဆက်ဆံရေးကလည်း တိုးတက်လာစရာ မရှိတော့ပေ။

ကောင်းကင်ဘုရင်လုံက အခန်းထောင့်တစ်ခုတွင် တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်။ ထိုအခိုက်တွင် သူ မျက်လုံးဖွင့်လိုက်၏။ သူ့မျက်နှာထားက တည်ငြိမ်နေသည်။ သူသည် ကျန်းရီကို အေးစက်စက် ကြည့်လိုက်ပြီးနောက် မျက်လုံးများ ပြန်မှိတ်လိုက်လေသည်။

ရွှီး...

ကျန်းရီ၏ နဖူးအလယ်က လင်းလက်လာပြီး ရွှေရောင် ဝိညာဉ်မျိုးစေ့နှစ်စေ့ ထွက်လာ၏။ ကျန်းရီသည် ထိုဝိညာဉ်မျိုးစေ့များကို အဆိပ်ဝိညာဉ်အား ပေးကာ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... ကျွန်တော် ခင်ဗျားရဲ့ ဝိညာဉ်မျိုးစေ့ကို အရင်ကတည်းက ပြန်ပေးခဲ့သင့်တာပါ။ နောက်တစ်စေ့က ဂူမူရဲ့ဟာပါ။ အခွင့်အရေးရရင် အဲ့ဝိညာဉ်မျိုးစေ့ကို ဂူမူကို ပြန်ပေးလိုက်ပါ”

“အရှင်ငယ်...”

အဆိပ်ဝိညာဉ်၏ ပြတ်သွားသော လက်တစ်ဘက်က ပြန်ပေါက်လာပြီဖြစ်သည်။ သို့သော် သူ အပြည့်အဝတော့ ပြန်မကောင်းသေးပေ။ ထိုစဉ် သူ ဒူးထောက်ချကာ ဦးညွှတ်၍ ပြောလိုက်လေသည်။

“အရှင်ငယ် သေချာပေါက် အသက်ရှင်ရက် ပြန်လာနိုင်မှာပါ။ ဒီအဆိပ်ဝိညာဉ်က အမြဲ အရှင်ငယ်ရဲ့ ဝိညာဉ်ကျွန် ဖြစ်နေမှာပါ။ ကျွန်တော် တစ်သက်လုံး အရှင်ငယ်နောက်ကိုပဲ လိုက်မှာပါ”

ကောင်းကင်ဘုရင်လုံ ထပ်မံ၍ မျက်လုံးဖွင့်ကြည့်လိုက်၏။ ဤတစ်ကြိမ်တွင် သူ့၏မျက်ဝန်းများထဲ၌ လေးစားသော အရိပ်အယောင်တစ်ခု ရှိနေပေသည်။ သူ၏ ကျန်းရီအပေါ်အမြင်က အတန်ငယ် ပြောင်းလဲသွားပေပြီ။ နတ်ဘုရားဝိညာဉ်ထိုးချက်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသော ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက်က သူ့ထံတွင် တစ်သက်လုံး လက်အောက်ခံလိုသည်ဟု ပြောနေသည် မဟုတ်ပါလား။ ယင်းကပင် ကျန်းရီက သာမန်လူတစ်ယောက် မဟုတ်ကြောင်း သက်သေပြနေပေသည်။

“စစ်သူကြီး... ကျွန်တော့်အတွက် အဆိပ်ဝိညာဉ်ကို ဂရုစိုက်ပေးပါ”

ကျန်းရီ ချီချင်ချန်ကို ကြည့်လိုက်ပြီး ရုတ်တရက် ပြုံးလိုက်၏။

“စစ်သူကြီး... ကျန့်ရှဆန်းကြယ်နယ်မြေထဲမှာတုန်းက ကျွန်တော်တို့ ဒီကိုပြန်ရောက်ရင် ကျွန်တော့်ကို မီးဖီးနစ်တပ်ထဲမှာ သုံးရက်၊ သုံးည တွဲလောင်းဆွဲထားမယ်လို့ စစ်သူကြီး ပြောခဲ့တယ်မလား။ ကြည့်ရတာ စစ်သူကြီး အဲ့လိုလုပ်ဖို့ အခွင့်အရေး မရှိတော့တဲ့ပုံပဲ”

“ဟားဟား...”

ချီချင်ချန် ခေတ္တမျှ ရှက်သွေးဖြာသွား၏။ ထို့နောက် သူမ လေသံမာမာဖြင့် ပြောလိုက်သည်။

“ကျန်းရီ... ရှင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကနေ ပြန်ရောက်လာရင် ကျွန်မ ရှင့်ကို ဆယ်ရက်၊ ဆယ်ည တွဲလောင်းဆွဲထားမှာ”

“ကောင်းပါပြီ... အဲ့လိုလုပ်တာပေါ့”

ကျန်းရီ ခေါင်းညိတ်ကာ ပြုံးလိုက်၏။ ချီချင်ချန်သည် သူမ၏လက်စွပ်ထဲမှနေ၍ အနက်ရောင်ပုလဲလုံးတစ်လုံးကို ထုတ်ကာ ကျန်းရီအား ပေးလိုက်သည်။ ထို့နောက် သူမ သူ့ထံ အသံပို့လွှတ်လိုက်သည်။

“ဒါက ဆောင်းဥတုပုလဲပဲ။ ကျွန်မခမည်းတော်ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ပေါ့။ သူက ဒါကို ရှင့်ကို ပေးခိုင်းလိုက်တာ။ အဲ့ထဲမှာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနဲ့ ပတ်သတ်တဲ့ သတင်းအချက်အလက်တွေနဲ့ ရတနာဗျပ်စောင်းသုံးလက်လည်း ပါတယ်”

“ကျေးဇူးတင်ပါတယ်”

ကျန်းရီသည် အနက်ရောင်ပုလဲကို သိမ်း၍ တိလင်အာကို ဆက်ကြည့်လိုက်၏။ သူ သူမ၏ခေါင်းကို အလိုလိုပုတ်ပေးမိသွားပြီး ပြောလိုက်၏။

“သခင်မလေးလင်အာ... အပြင်လောကက ရက်စက်ပြီး အန္တရာယ်များလွန်းတယ်။ သခင်မလေးက ဖြူစင်ပြီး ကြင်နာတတ်လွန်းတယ်။ တိရှဘုံကို ပြန်သွားလိုက်ပါ။ အခွင့်အရေးရရင်... ကျွန်တော် သခင်မ‌လေးကို လာရှာပါမယ်”

“ဟင့်အင်း... ကျွန်မ မပြန်ဘူး”

တိလင်အာ၏ မျက်လုံးစွန်းများမှနေ၍ မျက်ရည်စက်များ စီးကျလာ၏။ သူမ ခေါင်းခါကာ ပြောလိုက်သည်။

“ကျွန်မ ဒီမှာပဲနေပြီး ရှင်ပြန်လာတာကို စောင့်နေမယ်။ ရှင် ပြန်မလာရင် ကျွန်မလည်း တစ်သက်လုံး ပြန်သွားတော့မှာ မဟုတ်ဘူး”

ကျန်းရီ တိလင်အာ၏ခေါင်းလေးကို ညင်သာစွာ ထပ်ပုတ်ပေးလိုက်ပြီး ရီပုဟွေကို ကြည့်လိုက်သည်။ သူ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“သခင်လေးရီ... ကျွန်တော် ရီဝူနဲ့ သူ့အဖော်သုံးယောက်ကို သတ်ခဲ့တယ်။ တကယ်လို့ ဝိညာဉ်မျိုးနွယ်က ဒီကိစ္စကို စာရင်းရှင်းချင်တယ်ဆိုရင် ကျွန်‌တော် ပြန်လာတဲ့အထိ စောင့်ပေးပါလို့ ပြောပေးပါ။ ပြီးတော့... ကျွန်တော် သူတော်စင်ဝိညာဉ်တောင်ဆီ ရောက်အောင်မလာနိုင်တော့ရင်... ကျွန်တော့်ကိုယ်စား သူ့ကိုသွားတွေ့ပြီး သုံးကြိမ်ဦးချပေးပါ”

***

All Chapters