← Chapters

အခန်း(၁၅၂၉) ရှင်သန်ပါ

Vol. 110 Ch. 1529

အခန်း(၁၅၂၉) ရှင်သန်ပါ

Vol. 110 Ch. 1529

တိလင်အာနှင့် ချီချင်ချန်တို့သည် ကျန်းရီပြောသာ ‘သူ’ဆိုသူက မည်သူဖြစ်ကြောင်း သိကြသည်။ တိလင်အာသည် ဆက်၍ ထိန်းမထားနိုင်တော့ဘဲ စတင် ငိုကြွေးလိုက်၏။ ချီချင်ချန်လည်း မျက်နှာလွှဲလိုက်သည်။ သူမ၏ မျက်လုံးများက နီရဲနေပေသည်။ ရီပုဟွေက အေးစက်စက်လေသံဖြင့် ပြန်ပြောသည်။

“ငါ မင်းအတွက် ဦးချပေးမှာ မဟုတ်ဘူး။ မင်းဘာသာသွားပြီး ဦးချပါ”

“ဟားဟား...”

ကျန်းရီ ရယ်လိုက်ပြီး မည်သို့မှ ဆက်မပြောတော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် အပြင်ထွက်သွားလေသည်။ တံခါးဝသို့ ရောက်သောအခါ သူ အော်ပြောလိုက်သည်။

“ကောင်းကင်ဘုရင်လုံ... ကျွန်တော့်ကို လိုက်ပို့ပေးဖို့ အရှင့်ကို ဒုက္ခပေးရတော့မှာပဲ။ ကျန်တဲ့သူတွေအကုန်လုံးက နေခဲ့ကြပါ”

ကောင်းကင်ဘုရင်လုံသည် ထရပ်လိုက်ပြီး ကျန်းရီနောက်သို့ လိုက်သွားလိုက်၏။ ကျန်လူများက တံခါးဝတွင် နေခဲ့ကြသည်။ သူတို့သည် ကျန်းရီနောက်သို့ လိုက်မသွားကြဘဲ ကျန်းရီနှင့်‌ ကောင်းကင်ဘုရင်လုံတို့ ကျန့်ရှဆန်းကြယ်နယ်မြေဆီ တည်နေရာပြောင်းရွှေ့သွားသည်ကိုသာ ကြည့်နေကြလေသည်။

ကျန်းရီနှင့် ကောင်းကင်ဘုရင်လုံတို့ ထွက်သွားပေပြီ။ သို့သော် သူတို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ သွားရဦးမည်ဖြစ်၍ ပြန်လာပေလိမ့်မည်။ ရီပုဟွေ ချီချင်ချန်နှင့် အခြားသူများအပါအဝင် လူများစွာသည် ရင်ပြင်ထဲတွင်ရပ်ကာ ကျန်းရီပြန်လာမည်ကို စောင့်နေကြသည်။ ကျန်းရီ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ မသွားခင် သူတို့ သူကို နှုတ်ဆက်လိုပေသည်။

ဆယ်နာရီကြာပြီးနောက်...

တည်နေရာပြောင်းရွှေ့အစီအရင်က အဖြူရောင်အလင်း လင်းလက်လာ၏။ ကျန်းရီနှင့် ကောင်းကင်ဘုရင်လုံတို့ ပြန်လာကြပြီဖြစ်သည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က မသန်မာသေးပေ။ သူတို့ ပြန်ရောက်လာသောအခါ သူခေါင်းကိုက်မူးဝေသွားသည်။ သူ မျက်လုံးမဖွင့်သေးဘဲ ကောင်းကင်ဘုရင်လုံကို တီးတိုးပြောလိုက်သည်။

“ကျွန်တော့်ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေဆီ ပို့ပေးပါ”

ဝှစ်...

ကောင်းကင်ဘုရင်လုံသည် ကျန်းရီကို အခြား တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲ ‌ခေါ်သွားလိုက်၏။ တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာသည်အထိ ကျန်းရီက ရင်ပြင်ကို ကျောခိုင်းထားသည်။ သူ ချီချင်ချန်၊ တိလင်အာနှင့် အဆိပ်ဝိညာဉ်တို့ကို မမြင်ရပေ။ သူ့ပုံစံက နှလုံးသားမဲ့သူတစ်ယောက်ကဲ့သို့ပင်။ သူသည် သူမတို့ကို နောက်ဆုံးနှုတ်ဆက်မှုပင် မလုပ်လိုချေ။

သို့သော် ကျန်းရီ ထိုသို့လုပ်နေခြင်းမှာ သူ့ကိုယ်သူ စိတ်အားတင်းရန်ဖြစ်ကြောင်း ချီချင်ချန်တို့ သိကြပေသည်။ သူ အရာအားလုံးကို စွန့်ခဲ့မှ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲသို့ စိတ်ရှင်းရှင်းဖြင့် ဝင်နိုင်မည်ဖြစ်သည်။ ထိုမှလည်း သူ ရှင်သန်နိုင်ပေလိမ့်မည်။

ဝှစ်...

ကျန်းရီနှင့် ကောင်းကင်ဘုရင်လုံတို့ ထွက်သွားတော့မည့်အချိန်တွင် ရဲတိုက်ကြီးတစ်ခုထဲမှနေ၍ အစိမ်းရောင်အရိပ်တစ်ခု ပျံထွက်လာ၏။ ထိုသူ၏ ဆံပင်များက လေထဲတွင် ဝဲလွင့်နေပြီး သူ့အရှိန်အဝါက ဓားသွားတစ်ခုကဲ့သို့ ထက်ရှပေသည်။ သူ လေထဲတွင် ရပ်ကာ ကျန်းရီကို သိမ်းငှက်တစ်ကောင်၏အကြည့်ကဲ့သို့သော အကြည့်နှင့် လှမ်းကြည့်၍ အော်ပြောလိုက်၏။

“ကျန်းရီ... ငါ မင်းကို သဘောမကျဘူး။ ဒါပေမဲ့... မင်း အသက်ရှင်ရက် ပြန်လာရမယ်။ မဟုတ်ရင် ငါ့ညီမလေးက အရမ်းဝမ်းနည်းနေရလိမ့်မယ်”

တစ်ချိန်လုံး မျက်လုံးမှိတ်ထားသော ကျန်းရီတစ်ယောက် အံ့ဩတကြီးဖြင့် မျက်လုံးဖွင့်လိုက်၏။ သူ လေထဲမှသူကို သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သို့သော် သူ မည်သို့မှတော့ မပြောပေ။ ထိုအခိုက်တွင် တည်နေရာပြောင်းရွှေ့အစီရင်က လင်းလက်လာပြီး ကျန်းရီနှင့် ကောင်းကင်ဘုရင်လုံတို့ ပျောက်ကွယ်သွားပေသည်။

“ကောင်းကင်ဘုရင်ဝူက တည်နေရာပြောင်းရွှေ့အစီအရင်တွေကို ချိပ်ပိတ်ထားဖို့ အမိန့်ပေးထားတယ်။ နောက်သုံးရက်နေမှာ ပြန်ဖွင့်ပေးရမယ်”

တည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်ရသော တပ်မှူးတစ်ယောက်က အော်ပြောလိုက်၏။ တပ်သားဆယ်ယောက်ကျော်သည် အထူးနည်းလမ်းများကို အသုံးပြု၍ တည်နေရာပြောင်းရွှေ့အစီအရင်များကို ချိပ်ပိတ်လိုက်ကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်များမှ အလင်းများ မှိန်သွားကြသည်။ နောက်ဆုံးတွင် အလင်းအားလုံး ပျောက်ကွယ်သွားသည်။ အစီအရင်အားလုံးကို ချိပ်ပိတ်ပြီးသွားပေပြီ။

ချီချင်ချန်၊ တိလင်အာ၊ အဆိပ်ဝိညာဉ်နှင့် အခြားသူများ၏ မျက်နှာများ မည်းမှောင်သွားကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်များကို ချိပ်ပိတ်လိုက်ခြင်းက အခေါင်းဖုံးကို သံရိုက်လိုက်သကဲ့သို့ပင်။ သုံးရက်မပြည့်မချင်း ကျန်းရီ ပြန်ထွက်လာနိုင်တော့မည် မဟုတ်ချေ။ အကယ်၍သာ ကျန်းရီ သေသွားမည်ဆိုလျှင် သူမတို့ ကျန်းရီ၏အလောင်းကိုပင် မြင်လိုက်ရမည် မဟုတ်ပေ။

***

ရွှီး...

ဤတစ်ခေါက်တွင် မည်မျှကြာကြာ တည်နေရာပြောင်းရွှေ့ခဲ့ရကြောင်းကို ကျန်းရီ မသိပေ။ ဤအကွာအဝေးက တိရှဘုံနှင့် သူတော်စင်ဝိညာဉ်ဘုံတို့ကို သွားခဲ့စဉ်က အကွာအဝေးထက်တော့ အဆများစွာပိုဝေးပေသည်။ ကျန်းရီ အလွန်ခေါင်းမူးနေသည်။ သူက အချိန်မရွေး မေ့လဲသွားတော့မလိုပင်။ သူ့ခြေထောက်များသည် မြေပြင်နှင့် ထိလိုက်သည်နှင့် ပျော့ခွေသွား၏။ ထို့ကြောင့် သူ ဖင်ထိုင်ရက် လဲကျသွားသည်။

“ဟူး...”

ကောင်းကင်ဘုရင်လုံသည် ကျန်းရီ၏ လူသေကောင်ကဲ့သို့ ဖြူဖျော့နေပြီး ချွေးစေးများပြန်နေသာ မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်၏။ သူ ကျန်းရီအတွက် အတန်ငယ် ရင်နာမိသွားသည်။ ထိုကဲ့သို့‌သော ကျင့်ကြံခြင်းအဆင့်၊ ထိုကဲ့သို့သော အသက်အရွယ်နှင့် ကျန်းရီ ဤဆန်းကြယ်နယ်မြေထဲတွင် သုံးရက်ပြည့်အောင် ‌တောင့်ခံနိုင်ပါမည်လော။ အလွန်ပါရမီထူးသော လူငယ်တစ်ယောက်က ဤအတိုင် ပျက်စီးရပေတော့မည်။ ကောင်းကင်ဘုရင်လုံသည် ကျန်းရီကို သိပ်သဘောမကျသော်လည်း ကျန်းရီတစ်ယောက် ဤအတိုင်းသေသွားမည်မှာ နှမြောစရာကောင်းသည်ဟု ခံစားရပေသည်။

ကောင်းကင်ဘုရင်လုံသည် ကျန်းရီကို အတင်းမလောဆော်လိုက်ဘဲ ကျန်းရီ အမူးပြေလာသည်အထိ စိတ်ရှည်ရှည်စောင့်နေလိုက်သည်။ တစ်နာရီကြာအောင် ထိုင်နေပြီးမှ ကျန်းရီ၏ မျက်နှာပေါ်တွင် သွေးရောင်ပြန်သန်းလာသည်။ သို့သော် သူ မျက်လုံးမဖွင့်သေးဘဲ တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်သည်။ သူသည် သူ၏စွမ်းအင်ကို ပြည့်ဝနေစေလိုပေသည်။

နောက်တစ်နာရီကုန်သွားမှ ကျန်းရီ မျက်လုံးများ ဖွင့်လိုက်ပြီး အထက်ဘုံ၏ ကြောက်စရာအကောင်းဆုံး ဆန်းကြယ်နယ်မြေကို ကြည့်လိုက်လေသည်။

“အာ...”

ပတ်ဝန်းကျင်ကပင် ကျန်းရီကို ကြက်သီးထသွားစေသည်။ ထိုအခိုက်တွင် သူတို့က တောင်ထိပ်တစ်ခု၌ ရောက်နေခြင်းပင်။ တောင်ထိပ်ပတ်ပတ်လည်တွင် နွေးထွေးသော အကာအရံအလင်းလွှာတစ်လွှာ ရှိနေပြီး သူတို့ ထွက်လာခဲ့သည့် တည်နေရာပြောင်းရွှေ့အစီအရင်ကို ကာကွယ်ပေးထားသည်။ ပတ်ဝန်းကျင်နှင့် ယှဉ်လျှင် ထိုနေရာက မီးပြတိုက်တစ်ခုကဲ့သို့ပင်။

အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်တစ်ခွင်လုံးကို အမှောင်ထုက ကြီးစိုးထား၍ဖြစ်သည်။ အမှောင်ထုထဲတွင် အလင်းစတစ်စမှ မရှိပေ။ ပတ်ဝန်းကျင်က မည်းမှောင်လွန်းရာ ကျန်းရီ ရင်ထဲတွင် အကြောက်တရား စတင်ခံစားလိုက်ရသည်။ အရာအားလုံးက တိတ်ဆိတ်နေသဖြင့် သူ စတင်တုန်လှုပ်လာသည်။ သူက ဧရာမသားရဲကြီးတစ်ကောင်၏ ပါးစပ်ဝသို့ ရောက်နေပြီး အစိတ်စိတ်အမွှမွှ ဝါးစားခံရတော့မလိုပင်။

တောင်ထိပ်ပေါ်တွင် ကောင်းကင်ဘုရင်လုံအပြင် အခြားလူတစ်ယောက်သာ ရှိနေသည်။ ထိုသူက အုပ်ချုပ်သူအဆင့် သိုင်းသမားဖြစ်ပြီး တာအိုကောင်းကင်ဆန်းကြယ်နယ်မြေ၏ စောင့်ကြပ်သူနှင့် ယှဉ်နိုင်သည်။ သူသည် ထောင့်တစ်နေရာတွင် တင်ပျဉ်ခွေထိုင်နေပြီး မည်သည့်အသက်လက္ခဏာမှ မပြပေ။ ထို့ကြောင့် သူ့ကို ကျောက်ရုပ်တုတစ်ခုနှင့်ပင် မှားနိုင်ပေသည်။

ကောင်းကင်ဘုရင်လုံသည် ထိုအဘိုးအိုဘေးတွင် ထိုင်နေ၏။ ကျန်းရီ နိုးလာသောအခါ သူ မျက်လုံးဖွင့်၍ ကျန်းရီကို လှမ်းကြည့်လိုက်သည်။ ကျန်းရီသည် ထိုအကြည့်၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သွား၏။ ကျန်းရီ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်သည့် အဘိုးအိုကို သုံးကြိမ်ဦးညွှတ်လိုက်သည်။ ဆန်းကြယ်နယ်မြေများကို စောင့်ကြပ်သည့် အဘိုးအိုများက ရှင်သန်ရန် သက်တမ်း သိပ်မကျန်ကြတော့သူများဖြစ်သည်။ သူတို့က သူတို့ဘဝ၏အဆုံးသတ်သို့ ရောက်နေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် တိတ်ဆိတ်သောနေရာများကိုရှာ၍ ကျန်ရှိသည့် သက်တမ်းတွင် အေးအေးဆေးဆေး နေထိုင်ကြခြင်းပင်။

“ကျန်းရီ... ဆန်းကြယ်နယ်မြေထဲကို မင်းကြိုက်တဲ့အချိန် ဝင်နိုင်တယ်။ သုံးရက်ကြာပြီးလို့ မင်း ဒီနေရာကို ပြန်လာနိုင်မယ်ဆိုရင် စမ်းသပ်မှုကို အောင်မြင်တယ်လို့ သတ်မှတ်မယ်။ သုံးရက်မပြည့်သေးရင်တော့ မင်း ဒီကို ပြန်လာလို့မရဘူး။ မင်း အနားမှာ သေသွားမယ်ဆိုရင်တောင် ငါ မင်းကို အရေးစိုက်မှာ မဟုတ်ဘူး”

ကောင်းကင်ဘုရင်လုံ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။ ကျန်းရီ ခေါင်းညိတ်ပြလိုက်၏။ သို့သော် သူ ချက်ချင်း မလှုပ်ရှားဘဲ အနက်ရောင်ပုလဲကို ထုတ်၍ ၎င်းထဲမှ လက်ဖြင့်ရေးသားထားသည့် စာတစ်စောင်ကို ထုတ်လိုက်သည်။ ထိုစာထဲတွင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနှင့် ပတ်သတ်သော သတင်းအချက်အလက်များ ပါပေသည်။ ထိုစာကို ချီချင်ချန်က သူ့အား ပေးလိုက်ခြင်းဖြစ်သည်။

ကျန်းရီသည် တင်ပျဉ်ခွေဆက်ထိုင်၍ စာကို ဖတ်လိုက်၏။ ကောင်းကင်ဘုရင်လုံကလည်း သူ့ကို မလောပါပေ။ ကျန်းရီ စောစောသွားသည်ဖြစ်စေ၊ နောက်ကျမှသွားသည်ဖြစ်စေ အရေးမကြီးချေ။ သူ ဆန်းကြယ်နယ်မြေထဲတွင် သုံးရက်ပြည့်အောင် နေရမည်ဖြစ်သည်။ သုံးရက်မပြည့်မချင်း သူ ပြန်နိုင်လိမ့်မည် မဟုတ်ပေ။

ကျန်းရီသည် စာကို အတော်ကြာအောင် ဖတ်ရင်း စာလုံးတိုင်းကို မှတ်မိအောင် ကြိုးစားနေသည်။ သူ ပိုဖတ်လေလေ၊ ပိုရင်လေးလာလေလေပင်။ ဤစာကို ဆောင်းဥတုအရှင်ကိုယ်တိုင် ‌ရေးပေးလိုက်ခြင်းဖြစ်မည်။ စုတ်ချက်များက ခက်ထန်ကာ နက်ရှိုင်းပြီး နဂါးများ၊ မြွေများကဲ့သို့ ရှိနေကြသည်။ စာထဲတွင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ အန္တရာယ်များကို မည်သို့ရှောင်ရှားရမည်ကိုလည်း ရေးသားထားသည်။

ဆောင်းဥတုအရှင်သည် အဆုံးအထိ ပေါ်မလာခဲ့ပေ။ ကျန်းရီ ထွက်လာတုန်းကလည်း သူ ကျန်းရီကို လာမနှုတ်ဆက်ချေ။ သို့သော် ဤလက်ဆောင်က ကျန်းရီကို နွေးထွေးမှုတစ်ခု ခံစားရစေပေသည်။ ၎င်းက အသက်ကယ် ရတနာပင်။

ကျန်းရီသည် စာထဲရှိ စာလုံးတိုင်းကို မှတ်သားလိုက်ပြီးနောက် မည်းမှောင်နေသော ပတ်ဝန်းကျင်ကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ အသက်ပြင်းပြင်းရှူသွင်းကာ ထရပ်၍ သိမ်မွေ့စွာ ပြောလိုက်သည်။

“ကောင်းကင်ဘုရင်လုံ ကျွန်တော် သွားပါတော့မယ်”

“သွားပါ”

ကောင်းကင်ဘုရင်လုံက လက်ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။

“ရှင်သန်ပါ”

“အဟင်း...”

ကျန်းရီ ပြုံးလိုက်သည်။

“မစိုးရိမ်ပါနဲ့ ကောင်းကင်ဘုရင်လုံ။ ကျွန်တော့်လို ပြဿနာကောင်တွေကို အသက်ရှည်တတ်ပါတယ်။ တကယ်လို့ ကျွန်တော် အသက်ရှင်ရက် ပြန်လာနိုင်ရင် အရှင့်ကို သေချာပေါက် အများကြီး ခေါင်းကိုက်စေမှာပဲ”

“ဟားဟားဟား...”

ကောင်းကင်ဘုရင်လုံသည် ကျန်းရီကို ပို၍ ပို၍ သဘောကျလာပေပြီ။ သူ ကျယ်လောင်စွာ ရယ်ပြီးနောက် ပြောလိုက်သည်။

“သွားပါ... မင်း ပြန်လာပြီး ငါတို့ကို ပြဿနာရှာမှာကို ငါ စောင့်နေပါမယ်”

ဝှစ်...

ကျန်းရီ ပျံတက်လိုက်ပြီး အကာအရံအလင်းလွှာထဲမှ ထွက်ကာ အမှောင်ထုထဲ ဝင်သွားလိုက်သည်။ သူသည် တစ်စက္ကန့်ပင် တုံ့ဆိုင်းမနေဘဲ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် အရှေ့သို့ ပျံသန်းသွားလိုက်၏။ ရုတ်ခြည်းဆိုသလိုပင် သူ ကောင်းကင်ဘုရင်လုံ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။

ကျန်းရီ ထွက်သွားသောအခါ ကျောက်ရုပ်တုတစ်ရုပ်ကဲ့သို့ ထိုင်နေသော အဘိုးအိုက မျက်လုံးများဖွင့်၍ ကျန်းရီပျံသန်းသွားရာဘက်ကို ကြည့်၍ ပြောလိုက်၏။

“လုံခွမ်း.. မင်းတို့တွေက သူ့လို ပါရမီရှင်တစ်ယောက်ကို အထဲကို ဝင်သွားခိုင်းတယ်ပေါ့လေ။ မင်းတို့က အရမ်းရက်စက်လွန်းတယ် မဟုတ်ဘူးလား”

ကောင်းကင်ဘုရင်လုံ ခါးသက်သက် ပြုံးလိုက်၏။ သို့သော် သူ ရှင်းပြမနေပေ။ ထိုအစား တိတ်တဆိတ်သာ တရားထိုင်လိုက်သည်။ သုံးရက်ပြည့်လျှင် ကျန်းရီ အသက်ရှင်ရက် ပြန်လာမည်လော သို့မဟုတ် အဆုံးမဲ့အမှောင်ထုထဲ စုပ်ယူခံလိုက်ရမည်လော။

***

All Chapters