← Chapters

မိစ္ဆာဓာတ်

Vol. 110 Ch. 1530

မိစ္ဆာဓာတ်

Vol. 110 Ch. 1530

အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက တစ်နှစ်ပတ်လုံးနီးပါး မည်းမှောင်နေသည်။ သို့သော် နာရီနှစ်ဆယ်ပြည့်တိုင်း ဆန်းကြယ်နယ်မြေ၏ ကောင်းကင်မှနေ၍ အနီရောင်အလင်း ဖြာကျလာတတ်သည်။ ထိုအခါ နယ်မြေတစ်ခွင်လုံး သွေးနီရောင်လွှမ်းသွားသည်။ အနီ‌ရောင်အလင်းက ငါးမိနစ်ကြာအောင် လင်းလက်သည်။ ထိုငါးမိနစ်က ကြောက်စရာအကောင်းဆုံး ငါးမိနစ် ဖြစ်ပေသည်။

ကျန်းရီသည် တောင်ထိပ်မှ ထွက်ခွာလာပြီးကတည်းက တစ်စက္ကန့်မှ အနားမယူခဲ့ဘဲ တတ်နိုင်သမျှ အမြန်ဆုံး ပျံသန်းသွားနေသည်။ ဆောင်းဥတုအရှင်၏ စာထဲတွင် ဖော်ပြထားသည့် နေရာတစ်ခုကို သူ သွားလိုနေပေသည်။ သူသာ ထိုနေရာသို့ ရောက်နိုင်လျှင် ရှင်သန်နိုင်ခြေ ပိုများလာမည်ဖြစ်သည်။

“ကျန့်ရှဘုရင်”

ငါးမိနစ်ကြာ ပျံသန်းပြီးနောက် ကျန်းရီ၏လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာ၏။ ထို့နောက် ဓားထဲမှနေ၍ အနီရောင်အလင်းတန်း ပျံထွက်လာကာ ကျန့်ရှဘုရင် ထွက်ပေါ်လာသည်။ ကျန်းရီသည် ၎င်းအား သူ့ကို တောင်ဘက်သို့ အမြန်ဆုံး ဦးဆောင်ခေါ်သွားဖို့ အမိန့်ပေးလိုက်သည်။

စာထဲမှ အကြောင်းအရာက အလွန်ရှင်း၏။ တည်နေရာပြောင်းရွှေ့အစီအရင်နှင့် မိုင်သန်းထောင်ချီအတွင်းတွင် လုံခြုံသောနေရာတစ်ခု ရှိနေသည်။ ထိုနေရာမှာ တောင်၏တောင်ဘက် ကီလိုမီတာငါးသန်းအကွာတွင်ရှိသော နတ်ဘုရားသစ်ပင်တစ်ပင်၏ အောက်၌ပင်။

ကျန်းရီသာ ထိုနတ်ဘုရားသစ်ပင်ဆီသို့ မရောက်နိုင်လျှင် ရှင်သန်နိုင်ခြေ ဆယ်ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု ဆောင်းဥတုအရှင်က ရေးသားထားသည်။ သူသာ သစ်ပင်ဆီသို့ ရောက်နိုင်မည်ဆိုလျှင်မူ ရှင်သန်နိုင်ခြေက ခြောက်ဆယ်ရာခိုင်နှုန်းအထိ တိုးသွားမည်ဖြစ်သည်။

ထိုနတ်ဘုရားသစ်ပင်၏ မည်သည့်အရာက ထူးခြားနေခြင်းနည်း။

ကျန်းရီ မသိပေ။ သို့သော် ဆောင်းဥတုအရှင်က သူ ဒုက္ခရောက်အောင် လုပ်လိမ့်မည် မဟုတ်ချေ။ ကျန်းရီ ဆောင်းဥတုအရှင်ကို ယုံကြည့်ရန် ရွေးချယ်ထားသည်။ ကျန့်ရှဘုရင် ထွက်ပေါ်လာသည်နှင့် ကျန်းရီသည် ၎င်း၏ ဓားကဲ့သို့သောလက်ကို လက်တစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်၏။ ကျန့်ရှဘုရင်က သူ့ကို ဆွဲခေါ်၍ အလွန်လျင်မြန်စွာ ပျံသန်းသွားရာ သူ မျက်လုံးများပင် မှိတ်လိုက်ရသည်။ ထို့နောက် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပေသည်။

ဆန်းကြယ်နယ်မြေထဲ အနီရောင်အလင်း ဖြာကျလာသည့်အခိုက်က အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ၏ ကြောက်စရာအကောင်းဆုံး ငါးမိနစ်၏အစ ဖြစ်ပေလိမ့်မည်။ သို့သော် ယင်းက သာမန်အချိန်များတွင် အန္တရာယ်မရှိဟု မဆိုလိုပေ။ အန္တရာယ်က နေရာအနှံ့တွင် ရှိသည်။ ထို့ပြင် နယ်မြေထဲ၌ ကြာကြာနေမည်ဆိုလျှင် အန္တရာယ်များနှင့် တွေ့ကြုံရနိုင်ခြေ ပိုများလာပြီး သေဆုံးသွားနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မိစ္ဆာဓာတ် ရှိနေ၍ပင်။

ကျန်းရီသည် ထိုမိစ္ဆာဓာတ်က မည်သည်ဖြစ်ကြောင်းကို အတိအကျမသိချေ။ စာထဲတွင် ၎င်းအကြောင်းကို အသေးစိတ် ဖော်ပြမထားပေ။ သို့သော် အကြမ်းဖျင်းတော့ ရှင်းပြထားသည်။ မိစ္ဆာဓာတ်သည် လူတစ်ယောက်၏ စိတ်ဝိညာဉ်အပေါ် သိမ်မွေ့စွာသက်ရောက်ကာ ထိုလူကို ရူးသွပ်သွားအောင် လုပ်နိုင်သည်။ ၎င်း၏သက်ရောက်မှုကို ခံရလျှင် အသိပျောက်ကာ မိစ္ဆာဖြစ်သွားပြီး နောက်ဆုံးတွင် သေသွားမည်ဖြစ်သည်။

ဆယ့်ငါးမိနစ်အတွင်းမှာပင် ကျန်းရီ မိစ္ဆာဓာတ်၏ သက်ရောက်မှုကို စတင်ခံစားလာရ၏။ သူ့ပတ်ပတ်လည်က မှောင်မည်းနေရာ သူသည် အမှောင်ထု၏ ဖိနှိပ်မှုကို ခံထားရလို ခံစားလာရပေသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက်တွင် မြေအောက်မှနေ၍ ထွက်ပေါ်လာသော အသံများကို ကြားလိုက်ရ၏။ ထိုအသံများက ကြားလိုက်ရသည်နှင့် သူ၏စိတ်ဝိညာဉ်က တုန်ယင်သွားသည်။ သူ ရင်ခုန်မြန်လာပြီး သွေးတိုးလာသည်။ သူ့မွေးညင်းများလည်း ထောင်လာကာ သူ့ကြွက်သားများ တောင့်တင်းသွားပေသည်။

ကျန်းရီသည် အသံက မည်သည့်နေရာမှ ထွက်ပေါ်လာသည်၊ မည်သည့်သားရဲ၏အသံ ဖြစ်သည်ကို မသိပေ။ သို့သော် ထိုအခိုက်တွင် သူသည် ဓားဖြင့်အထိုးခံလိုက်ရသလို၊ ရေနှစ်ခံနေရသလို အသက်ရှူရခက်လာသည်။ ထိုခံစားချက်က မခံမရပ်နိုင်ပေ။ သူ တုန်လှုပ်လာသည်။ အကယ်၍ ဤနေရာတွင် တိလင်အာသာ ရှိနေလျှင် ထိုအသံများကို ကြားလိုက်သည်နှင့် ချက်ချင်း သတိလစ်သွားလိမ့်မည်ဟု ကျန်းရီ တွေးလိုက်လေသည်။

ဝှစ်...

ကျန့်ရှဘုရင်က စိတ်ဝိညာဉ်မရှိရာ အသံ၏ သက်ရောက်မှုကို လုံးဝမခံရပေ။ ၎င်းသည် ကျန်းရီကို ဆွဲခေါ်ကာ ဆက်ပျံသန်းနေသည်။ အတော်ကြာမှ ကျန်းရီ အသက်ပြန်ရှူလာနိုင်သည်။ သူ နှလုံးသားထဲတွင် မည်သည့်ထူးခြားသည်လက္ခဏာမှ မရှိသေးသလို သူ ရူးလည်းရူးမသွားသေးပေ။

ကျန်းရီ အဖြစ်အပျက်များကို အလေးအနက် တွေးတောလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် သူ မျက်လုံးဖွင့်လိုက်၏။ သူ့လက်ထဲမှ ပုလဲနက်က လင်းလက်လာပြီး ပုလဲထဲမှနေ၍ မရေမတွက်နိုင်သော ကျန့်ရှမျိုးနွယ်ဝင်များ ထွက်လာလေသည်။

ဝှစ်...ဝှစ်...ဝှစ်...

အောက်ဘက် အမှောင်ထုထဲမှ မြေပြင်က ကွဲထွက်လာပြီး အရိပ်နက်များ တစ်ခုပြီးတစ်ခု ပျံတက်လာကြ၏။ ၎င်းတို့က တမလွန်ဘုံမှ ဝိညာဉ်များကဲ့သို့ပင်။ ရေခဲတမျှ အေးစက်သော အရှိန်အဝါတစ်ခုက ကျန်းရီကို ရုတ်ခြည်း လွှမ်းခြုံသွား၏။ ကျန်းရီ၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

“သတ်ကြ...”

ကျန်းရီ အော်ပြောလိုက်၏။ ကျန့်ရှမျိုးနွယ်ဝင်များက အောက်ဘက်မှ ပျံတက်လာသော အရိပ်နက်များနှင့် စတင် တိုက်ခိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ကျန့်ရှဘုရင်ကို အရှေ့သို့ ဆက်ပျံသန်းသွားစေလိုက်သည်။

ကျန်းရီသည် ကောင်းကင်စိတ်အာရုံကိုသုံးကာ အောက်ဘက်မှ အရိပ်နက်များကို အာရုံခံနေ၏။ ၎င်းတို့က လူခန္ဓာကိုယ်နှင့် သားရဲမျက်နှာရှိသည့် မိစ္ဆာများပင်။ ထိုမိစ္ဆာများတွင် ထက်ရှသောလက်သည်း၊ ခြေသည်းများရှိပြီး ၎င်းတို့၏ခန္ဓာကိုယ်များကို အနက်ရောင်အကြေးခွံများက ဖုံးလွှမ်းထားပေသည်။ ၎င်းတို့သည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေတွင်သာရှိသည့် ဆန်းကြယ်သော သားရဲများဖြစ်ပြီး ၎င်းတို့ကို လသားရဲများဟု ခေါ်ကြပေသည်။

ဆောင်းဥတုအရှင်က သူ့စာထဲတွင် ထိုသားရဲများအကြောင်းကို တစ်ကြောင်းထည့်ရေးထားသည်။ အကယ်၍ ကျန်းရီသာ လသားရဲများနှင့် ကြုံမည်ဆိုလျှင် ထိပ်တိုက် တိုက်ခိုက်နေ၍ မရပေ။ သူ ၎င်းတို့နှင့် တိုက်ခိုက်လိုက်သည်နှင့် သေချာပေါက် သေရတော့မည်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီသည် အောက်ဘက်မှ လသားရဲများကို အာရုံခံမိသည်နှင့် ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်ကာ ၎င်းသားရဲများကို သွားတားခိုင်းလိုက်ခြင်း ဖြစ်ပေသည်။ ကျန့်ရှမျိုးနွယ်ဝင်များက တားပေးမထားလျှင် ကျန့်ရှဘုရင်တစ်ယောက်တည်းနှင့် ကျန်းရီကို လွတ်မြောက်အောင် ကူညီနိုင်မည် မဟုတ်ချေ။ လသားရဲများက အလွန်လျင်မြန်ကြသည်။ သန်မာသော လသားရဲများ၏ အမြန်နှုန်းက ကျန့်ရှဘုရင်၏အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်ပေသည်။

ဝှစ်...ဝှစ်...

လသားရဲများက အမှန်ပင် အလွန်လျင်မြန်စွာ လှုပ်ရှားကြသည်။ သန်မာသော လသားရဲဆယ်ကောင်ကျော်က အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲ၍ ကျန့်ရှမျိုးနွယ်ဝင်များကို အရေးမစိုက်ဘဲ ကျန်းရီနှင့် ကျန့်ရှဘုရင်ဆီသို့သာ ပျံသန်းလာသည်။ ၎င်းတို့ ပျံသန်းလာသောအခါ ကျန်းရီသည် လေအေးတစ်ချက်ကို ခံစားလိုက်ရပြီး ကျောစိမ့်သွား၏။ သူ့စိတ်ဝိညာဉ်လည်း တုန်ယင်သွားသည်။ သူခံစားနေရသော အကြောက်တရားက သူ့ဝမ်းထဲမှ ထွက်လာခြင်းပင်။

ကျန်းရီက သတ္တိနည်းသူတစ်ယောက် မဟုတ်ပေ။ သူသည် ထိုကဲ့သို့သော မိစ္ဆာသားရဲများစွာနှင့် ကြုံတွေ့ဖူးသည်။ သူ ဆယ်နှစ်ကျော်အရွယ် ဆန်းကြယ်ဧကရာဇ်နန်းတော်ထဲ ဝင်ခဲ့စဉ်ကတည်းက ဖုန်းတုမြို့ထဲရှိ အရိုးစုများ၊ သားရဲများနှင့် တိုက်ခိုက်ခဲ့ဖူးပြီးဖြစ်သည်။ ထို့ကြောင့် သားရဲများ၏ အရုပ်ဆိုးသော အသွင်အပြင်များက သူ့ကို မကြောက်ရွံ့စေတော့ပေ။ ယခု သူ အကြောက်တရားကို ခံစားလိုက်ရခြင်း အကြောင်းမှာ လေအေးများနှင့် လသားရဲများက ထုတ်လွှတ်လိုက်သော ထူးခြားသည့်အရှိန်အဝါကြောင့် ဖြစ်ပေသည်။

ကျန်းရီ နောက်လှည့်ကြည့်လိုက်ရာ သူ့ကို အစွယ်ဖွေးဖွေးဖြင့် ပြန်စိုက်ကြည့်နေသော မျက်နှာစိမ်းဆယ်မျက်နှာကို တွေ့လိုက်ရ၏။ မျက်ဝန်းစိမ်း ဆယ်စုံကလည်း မိစ္ဆာအလင်း တောက်ပနေသည်။ ထိုမြင်ကွင်းကို တွေ့လိုက်သောအခါ သူ၏စိတ်ဝိညာဉ်က ထပ်မံ တုန်ယင်သွား၏။ သူ မလှုပ်နိုင်လည်း ဖြစ်သွားသည်။

ဝှစ်...

လသားရဲများ၏ အမြန်နှုန်းက ကျန့်ရှဘုရင်၏ အမြန်နှုန်းထက် အနည်းငယ် ပိုမြန်သည်။ ထို့ကြောင့် ၎င်းတို့နှင့် ကျန်းရီကြားက အကွာအဝေးက နီးကပ်လာသည်။ သို့သော် ကျန်းရီသည် လသားရဲများ၏ အရှိန်အဝါကြောင့် မလှုပ်နိုင်‌သေးချေ။ ၎င်းတို့ နီးကပ်လာသည်ကို သူ ကြည့်၍သာ နေရလေသည်။

ဟူး...ဟူး...

လသားရဲများသည် ပါးစပ်ဟ၍ အစိမ်းရောင်အခိုးအငွေ့များကို မှုတ်ထုတ်လိုက်၏။ ထို့နောက် ၎င်းတို့သည် လက်သည်းများကို ဝှေ့ယမ်းကာ အစိမ်းရောင်အခိုးအငွေ့များကို လည်ပတ်စေလိုက်သည်။ ကျန်းရီသည် ထိုလက်သည်းများသာ သူ့ကိုထိသွားပါက သူမည်သို့ဖြစ်သွားမည်ကို တွေးကြည့်၍သာရသည်။

ရွှီး...

ကျန်းရီ၏ စိတ်ဝိညာဉ်ထဲမှနေ၍ တံဆိပ်စာလုံးများ ပျံထွက်လာ၏။ လသားရဲများ၏ အရှိန်အဝါကြောင့် တောင့်တင်းနေသော ကျန်းရီ၏ စိတ်ဝိညာဉ်က ပြန်၍ လှုပ်ရှားနိုင်သွားသည်။ ယခုတွင် ပိုနီးကပ်လာပြီဖြစ်သော လသားရဲများကို ကျန်းရီ လှမ်းကြည့်လိုက်သည်။ ၎င်းတို့က သူနှင့် မီတာသုံးရာသာ ကွာတော့သည်။ သူ ရင်တုန်သွားပြီး မျက်လုံးမှိတ်လိုက်ကာ ထိုသားရဲများကို ဆက်မကြည့်တော့ပေ။

ရွှီး...

ကျန်းရီ၏ လက်ထဲမှ ဆောင်းဥတုပုလဲက ထပ်မံလင်းလက်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များ ထွက်လာကာ လသားရဲဆယ်ကောင်ကို တားလိုက်ကြသည်။ ကျန်းရီသည်လည်း ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ အာရုံခံလိုက်သည်။ လသားရဲများ၏ တိုက်ခိုက်စွမ်းရည်များက မည်မျှစွမ်းအားကြီးကြောင်း သူ သိလိုပေသည်။

နောက်ဆုံးတွင် ကျန်းရီ ကြောက်ရွံ့သွား၏။ ဆောင်းဥတုအရှင်က သူ့ကို အမှန်ပင် မလိမ်ခဲ့ချေ။ ထိုလသားရဲဆယ်ကောင်၏ လက်သည်းများက ကြောက်မက်ဖွယ်ပင်။ ၎င်းတို့ တိုက်ခိုက်လိုက်တိုင်း ကျန့်ရှမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်များ အပိုင်းပိုင်းပြတ်သွားကြသည်။ ကျန့်ရှမျိုးနွယ်ဝင်တစ်ကောင်လျှင် ငါးခါသာ တိုက်ခိုက်နိုင်ပြီး အမှုန့်ဖြစ်သွားလေသည်။ ၎င်းတို့က လသားရဲများနှင့် အဆင့်မတူပါပေ။

ရွှီး...

ကျန်းရီ သတိမလွတ်ဝံ့ပေ။ သူ ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်ထုတ်လိုက်ပြီး သွားကူစေလိုက်သည်။ လသားရဲများ သူ့နောက်လိုက်မလာနိုင်အောင် သူ တတ်နိုင်သမျှ ကာကွယ်လိုပေသည်။

ဟူး...

ကျန့်ရှဘုရင်က ကျန်းရီကို လသားရဲများနှင့် ငါးကီလိုမီတာကျော် အကွာသို့ ခေါ်သွားသောအခါ လသားရဲများ၏ ကြောက်မက်ဖွယ်အရှိန်အဝါများက ကျန်းရီအပေါ် ဆက်မသက်ရောက်နိုင်တော့ပေ။ ထိုမှ ကျန်းရီ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ သို့သော် သူ့မျက်နှာပေါ်တွင် အကြောက်တရားက ထင်ရှားနေပေသေးသည်။ တံဆိပ်စာလုံးများသာ အချိန်မီ ထွက်မလာခဲ့လျှင် သူ ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်နိုင်ခဲ့မည် မဟုတ်ချေ။ ထိုသို့ဖြစ်ခဲ့ပါက လသားရဲများသည် သူ့ကို လက်သည်းများဖြင့် အပိုင်းပိုင်း စုတ်ဖြဲပစ်ပေလိမ့်မည်။

ဒူ...

မြေအောက်မှနေ၍ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာပြန်၏။ ကျန်းရီ သူ့နှလုံးသားကို ဓားဖြင့် အထိုးခံလိုက်ရသလို ထပ်မံခံစားလိုက်ရသည်။ သူ၏စိတ်ဝိညာဉ်ကလည်း တုန်ယင်လာသည်။ ဤနေရာတွင် မိစ္ဆာဓာတ် ရှိနေပေသည်။ ထိုအခိုက်တွင် သူ့အရှေ့မှ မြေပြင်က စတင်ကွဲအက်လာပြီး အရိပ်နက်များ ထွက်လာကာ သူ့ထံသို့ ပျံသန်းလာသည်။ ယခုက အချိန်ကောင်းမဟုတ်ပေ။ အောက်ဘက်တွင်လည်း လသားရဲများ ရှိနေပေသည်။

‘ငါ ဒီထဲမှာ သုံးရက်ပြည့်အောင် ရှင်သန်နိုင်ပါ့မလား’

ကျန်းရီသည် အောက်ဘက်ရှိ သိပ်သည်းသော လသားရဲအုပ်ကြီးကို ငုံ့ကြည့်လိုက်၏။ သူ့စိတ်ဝိညာဉ်ထဲတွင် တဒူဒူအသံက ပဲ့တင်ထပ်နေဆဲပင်။ ထိုအခိုက်တွင် သူ တစ်စုံတစ်ခုကို နားလည်သွား၏။ ဆောင်းဥတုအရှင်က မှန်ပေသည်။ သူ နတ်ဘုရားသစ်ပင်အောက်သို့ မရောက်နိုင်လျှင် တစ်ရက်အတွင်းမှာပင် သေသွားပေလိမ့်မည်။

***

All Chapters