← Chapters

နတ်ဘုရားသစ်ပင်

Vol. 110 Ch. 1531

နတ်ဘုရားသစ်ပင်

Vol. 110 Ch. 1531

ရွှီ...ရွှီ...ရွှီ...

ကျန်းရီသည် ဆောင်းဥတုပုလဲကို ထိန်းချုပ်၍ ကျန့်ရှမျိုးနွယ်ဝင်များကို တစ်အုပ်ပြီးတစ်အုပ် ထုတ်နေ၏။ ဤတစ်ခေါက်တွင် သူ ကျန့်ရှဆန်းကြယ်နယ်မြေမှနေ၍ ကျန့်ရှမျိုးနွယ်ဝင်များစွာ ခေါ်မလာနိုင်ခဲ့ပေ။ ဆယ်သန်းလောက်သာ ခေါ်လာနိုင်သည်။ ဆောင်းဥတုပုလဲက ထိပ်တန်းအဆင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင် ဖြစ်သော်လည်း အကန့်အသတ်မရှိ ကျယ်ဝန်းသည်တော့ မဟုတ်ပေ။

ဆယ်သန်းမှာ အလွန်များသည်ဟု ထင်ရပေမည်။ သို့သော် ကျန်းရီသည် ကျန့်ရှဘုရင်နှင့် စိတ်ချင်းဆက်နွယ်မှုကြောင့် အစောတွင် သူထုတ်ခဲ့သော ကျန့်ရှမျိုးနွယ်ဝင် တစ်သောင်းစလုံး သေသွားပြီဖြစ်ကြောင်း အာရုံခံမိပေသည်။ ယခုမှ တစ်ခဏသာ ရှိသေးသည်။ သူက ဤနယ်မြေထဲတွင် သုံးရက်ပြည့်အောင် ရှင်သန်ရမည်ဖြစ်သည်။ ဤအတိုင်းသာ ဆက်သွားပါက တစ်ရက်မပြည့်ခင်မှာပင် သူ့တွင် ကျန့်ရှဘုရင်သာ ကျန်ခဲ့ပေလိမ့်မည်။

သို့သော် သူ့တွင် အခြားရွေးချယ်စရာ ရှိပါသေးသလော။

ကျန်းရီ အလွန်စိတ်မသက်မသာ ခံစားနေရသည်။ ထိုခံစားချက်က အလွန်ဖိအားကြီးကာ ဆိုးဝါးသည်။ လသားရဲများ နီးကပ်လာလျှင် ၎င်းတို့၏ အရှိန်အဝါကြောင့် မလှုပ်နိုင်ဖြစ်သွားပြီး အသတ်ခံရမည်ကို သူ စိုးရိမ်ပေသည်။

ဤတစ်ကြိမ်တွင် ကျန်းရီသည် သောင်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ အောက်မှ ပျံတက်လာသော လသားရဲများကို အလွယ်တကူ တားနိုင်လိုက်သည်။ ထို့နောက် သူ ကျန့်ရှဘုရင်နှင့်အတူ အရှေ့သို့ လျင်မြန်စွာ ဆက်သွားလိုက်လေသည်။

‘ဘယ်လောက်ပဲ ကြာသေးတုန်း... ငါ အဲ့နတ်ဘုရားသစ်ပင်ကို ရောက်တဲ့အထိ ရှင်သန်နိုင်ပါ့မလား။ ငါ နတ်ဘုရားသစ်ပင်ဆီ ရောက်သွားရင်တောင် သုံးရက်ခံပါ့မလား။ အထက်ဘုံအချိန် သုံးရက်က အနိမ့်ဘုံအချိန် ရက်သုံးရာပဲ။ အဲ့ဒါက တစ်နှစ်နီးပါး ရှိတယ်မလား...’

‘ကျန့်ရှမျိုးနွယ်ဝင် ဆယ်သန်း... ဘယ်လောက်မှ မကြာသေးတာတောင် ငါ သူတို့ကို သောင်းနဲ့ချီ ထုတ်သုံးပြီးသွားပြီ။ သူတို့အကုန်လုံးကို သုံးပြီးသွားရင် ငါ့ဘာသာ လသားရဲတွေကို ခုခံနိုင်ပါ့မလား။ ဒီအပြစ်ဆေးကြောဆန်းကြယ်နယ်မြေက ငါ ခေါင်းချရမဲ့နေရာ ဖြစ်လောက်တယ်..’

“အမေ... ကျွန်တော် အမေ့ရှေ့မှာ ဦးမချနိုင်လောက်တော့ဘူး...’

“ရှောင်နူ... ငါ တောင်းပန်ပါတယ်။ မင်းရဲ့ သခင်လေးက အသုံးမကျပါဘူး။ မင်း ငါ့ကို မေ့နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်...’

ကျန်းရီ၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ထွက်ပေါ်လာသည်။ သူ၏မျက်နှာကလည်း အလွန်ညှိုးငယ်နေသည်။ ဤအပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်လာပြီးနောက်တွင် သူ၏အနာဂတ်က မှေးမှိန်သွားသကဲ့သို့ပင်။ သူ အရာအားလုံးကို လက်လျှော့လိုနေပေပြီ။

‘မဟုတ်သေးဘူး...’

ကျန်းရီ၏ မျက်ဝန်းများ ရုတ်တရက် တောက်ပသွား၏။ သူ၏မျက်နှာကလည်း မည်းမှောင်သွားသည်။ သူက ထိုမျှလွယ်လွယ် စိတ်ဓာတ်ကျတတ်သူ မဟုတ်ပေ။ အလွယ်တကူ အရှုံးပေးတတ်သူလည်း မဟုတ်ချေ။ သို့သော် ဤမျှလောက်အခက်အခဲကလေးက သူ့ကို အမှန်ပင် မျှော်လင့်ချက်မဲ့သွားစေသည်လော။

“မိစ္ဆာဓာတ်...”

ကျန်းရီ ‌ရေရွတ်လိုက်၏။ မိစ္ဆာဓာတ်က သူ၏စိတ်ဝိညာဉ်အပေါ် သိမ်မွေ့စွာ သက်ရောက်နေခြင်း ဖြစ်မည်။ ဆောင်းဥတုအရှင်ပြောသည်မှာ မှန်ပေသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ကြေက်စရာအကောင်းဆုံးမှာ မိစ္ဆာဓာတ်ဖြစ်သည်။ လူတစ်ယောက်သည် စိတ်ဓာတ်ကျသွားပြီဆိုလျှင် မည်မျှပင် စွမ်းအားကြီးပါစေ အခက်အခဲများကို ကျော်ဖြတ်နိုင်တော့မည် မဟုတ်ပေ။ စိတ်ဓာတ်မခိုင်သူဖြစ်နေလျှင်မူ ရင်တုန် ကြောက်ရွံ့လာကာ အရာအားလုံးကို လက်လျှော့ချင်စိတ် ပေါက်လာပေလိမ့်မည်။ ထိုအခါ မိမိစွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းလောက်ကိုသာ ထုတ်သုံးတော့နိုင်မည်ဖြစ်ပြီး အလွယ်တကူ ပြိုလဲသွားမည်ဖြစ်သည်။

“ကြောက်စရာပဲ...”

နောက်ဆုံးတွင် မိစ္ဆာဓာတ်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ကျန်းရီ သိသွားပေပြီ။ သူ စိတ်အားတင်းလိုက်ပြီး ဤနယ်မြေထဲတွင် ရှင်သန်နိုင်ရမည်ဖြစ်ကြောင်း သူ့ကိုယ်သူ အကြိမ်ကြိမ် ပြောလိုက်သည်။ သူ လက်လျှော့မည် မဟုတ်ပေ။

မိမိကိုယ်ကိုယ် အကြိမ်ကြိမ် အားပေးစကားပြောလျှင် စိတ်ဓာတ်ပြန်တက်ကြွလာနိုင်သည်။ အိပ်မပျော်သည့် ရောဂါကို ခံစားနေရသည်သူများသည်လည်း သူတို့က မည်မျှပင်ပန်းကာ အိပ်စက်လိုနေကြောင်း သူတို့ကိုယ်သူတို့ အကြိမ်ကြိမ် ပြောမည်ဆိုလျှင် တဖြည်းဖြည်း အိပ်ပျော်သွားမည်ဖြစ်သည်။ ထိုသို့ အဖန်ဖန်တွေးတောမှု၊ ပြောဆိုမှုက လူတစ်ယောက်၏ စိတ်အပေါ် သက်ရောက်မှုရှိပေသည်။ ဒုက္ခများနှင့် ကြုံနေရစဉ်တွင် ထိုနည်းလမ်းက အသက်ကိုပင် ကယ်တင်နိုင်လောက်သည်အထိ ထိရောက်မှု ရှိပေသည်။

ကျန်းရီ အရှေ့သို့ ဆက်သွားနေသည်။ ကီလိုမီတာထောင်ကျော် သွားပြီးတိုင်း သူ လသားရဲများနှင့် ကြုံရသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် လသားရဲများ မရေမတွက်နိုင်အောင် ရှိပုံပင်။ ကျန်းရီ ၎င်းတို့ကို နေရာအနှံ့တွင် တွေ့ရသည်။ ရှစ်နာရီမှ ဆယ်နာရီကြာပြီးတိုင်း ရာချီသော လသားရဲများနှင့် ဆုံရသည်။ တဖြည်းဖြည်းဖြင့် သူ လသားရဲများ၏ စွမ်းရည်များနှင့် အင်အားကို နားလည်လာပေသည်။

လသားရဲအမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ အဆင့်နိမ်လသားရဲများ ဖြစ်ပြီး ကျန်တစ်မျိုးမှာ အဆင့်မြင့်လသားရဲများဖြစ်သည်။ ထိုနှစ်မျိုးစလုံးက အရွယ်အစားနှင့်ပုံစံ တူညီကြသည်။ တစ်ခုတည်းသော ကွဲပြားမှုမှာ အဆင့်မြင့်လသားရဲများ၏ မျက်လုံးများက အစိမ်ရင့်ရောင်ဖြစ်ပြီး အဆင့်နိမ့်လသားရဲများ၏ မျက်လုံးများက မြက်စိမ်းရောင်ဖြစ်ခြင်းပင်။ အဆင့်နိမ့်လသားရဲများ၏ တိုက်ခိုက်မှုများနှင့် အမြန်နှုန်းနှင့် သာမန်စစ်နတ်ဘုရားများနှင့် ယှဉ်နိုင်သည်။ ၎င်းတို့၏ ခံနိုင်ရည်ကိုမူ ကျန်းရီ မသိပေ။ သူသည် လသားရဲများနှင့် ကျန့်ရှမျိုးနွယ်ဝင်များ သူတင်ကိုယ်တင် တိုက်ခိုက်သည်ကို မြင်ရလောက်သည်အထိ တစ်ခါမှ စောင့်မနေခဲ့ဘဲ အခွင့်အရေးရသည်နှင့် ထွက်ပြေးခဲ့သည်ချည်းသာ။

အဆင့်မြင့်လသားရဲများမှာမူ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့က ကျန့်ရှဘုရင်ထက်ပင် အတန်ငယ်ပိုမြန်ကြသည်။ ၎င်းတို့၏ လက်သည်းများကလည်း အလွန်ထက်ရှသည်။ ကျန်းရီ၏ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ပင် ထိုလက်သည်းချက်များကို ခံနိုင်လောက်မည် မဟုတ်ချေ။ ကျန့်ရှဘုရင်နှင့် အဆင့်မြင့်လသားရဲများ တိုက်ခိုက်မည်ဆိုလျှင် မည်သူနိုင်လိမ့်မည်ကိုတော့ ကျန်းရီ မသိပေ။ သူက ကျန့်ရှဘုရင်အား သူ့ကို အရှေ့သို့ ခေါ်သွားရန်သာ တစ်ချိန်လုံးခိုင်းနေခဲ့သဖြင့် ကျန့်ရှဘုရင်သည် တိုက်ခိုက်ရန် အခွင့်အရေး မရခဲ့ပါပေ။

လသားရဲများနှင့် ထိပ်တိုက် တိုက်ခိုက်မိလျှင် သေချာပေါက် သေလိမ့်မည်ဟု ဆောင်းဥတုအရှင်၏ စာထဲတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဆောင်းဥတုအရှင်၏ ဆိုလိုရင်းကို နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပေပြီ။ ကျန်းရီသည် လသားရဲများနှင့် ထိပ်တိုက်မတိုက်ခိုက်ဘဲ ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍သာ ထွက်ပြေးခဲ့သည်။ ယခု ဆယ်နာရီကျော် ကြာပြီးနောက်တွင် ကျန့်ရှမျိုးနွယ်ဝင် လေးသိန်းကျော် ငါးသိန်းလောက် သေဆုံးသွားပြီဖြစ်သည်။

ယခုတွင် ကျန်းရီ အတန်ငယ် နားမလည်နိုင်လည်း ဖြစ်နေသည်။ ဤဆန်းကြယ်နယ်မြေထဲတွင် လသားရဲများစွာ ရှိရာ အဘယ်ကြောင့် ဆောင်းဥတုအရှင်က သူ့ကို နတ်ဘုရားသစ်ပင်ဆီ သွားခိုင်းရသနည်း။ သူ နတ်ဘုရားသစ်ပင်ကို ရှာတွေ့သွားလျှင်လည်း မည်သို့အကျိုးရှိမည်နည်း။ ထိုနတ်ဘုရားသစ်ပင်ပေါ် တက်နေလျှင် လသားရဲများကို သူ့ကို မတိုက်ခိုက်တော့သည်လော။ သူ နတ်ဘုရားသစ်ပင်အနားသို့ ရောက်သွားသော်လည်း လသားရဲများက ဆက်လာနေမည်ဆိုလျှင် ၎င်းတို့ကို မည်သည့်အရာနှင့် တားဆီးရမည်နည်း။

ကျန်းရီ အဖြေရှာမရပေ။ မည်သို့ဆက်လုပ်ရမည်ကို မတွေးခင် အရင်ဆုံးတော့ နတ်ဘုရားသစ်ပင်ကို ရှာရပေမည်။

ဒူ...

ထူးဆန်းသော အသံက မြေအောက်ထဲမှ ထပ်မံထွက်လာပြန်၏။ ကျန်းရီ စိတ်လှုပ်ရှားလာပြီး မျက်နှာဖြူဖျော့လာသည်။ သူ့နဖူးတွင် ဇောချွေးများ ရွှဲနေပေပြီ။ သူ့ကြွက်သားအားလုံးကလည်း အတန်ငယ် တုန်ယင်နေသည်။ သို့သော် သူ၏လက်က ကျန့်ရှဘုရင်ကို ဆက်ဆုပ်ကိုင်ထားသေးပေသည်။ ကျန့်ရှဘုရင်ကလည်း သူ၏အမိန့်အတိုင်း အရှေ့သို့ မရပ်မနား ပျံသန်းနေလေသည်။

အတန်ကြာပြီးနောက် ကျန်းရီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။ သူ့မျက်လုံးများက နီရဲနေပြီး သူ့ခန္ဓာကိုယ်မှနေ၍ မကောင်းသောအရှိန်အဝါများ ထွက်လာသည်။ သူသည် သူ၏ခံစားချက်များကို ဖိနှိပ်ရန် ကြိုးစားနေသကဲ့သို့ တဆတ်ဆတ်တုန်ယင်နေသည်။ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင် တံဆိပ်စာလုံးများ ထွက်လာတော့မှ သူ တဖြည်းဖြည်း အသိပြန်ကပ်လာပေသည်။

“ဟူး...ဟူး...”

ကျန်းရီ နဖူးမှ ချွေးများကို သုတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်။ မိစ္ဆာဓာတ်က ပို၍ အားကောင်းလာနေသည်။ သူ ဤနယ်မြေထဲ ရောက်သည်မှာ နာရီမည်မျှသာ ကြာသေးသနည်း။ ယခုတွင် သူ ဆက်တောင့်ခံမထားနိုင်တော့ဘဲ အသိစိတ်လွတ်သွားတော့မည်ဟု ခံစားနေရသည်။ ဤနယ်မြေထဲတွင် လသားရဲများက နေရာအနှံ့၌ ရှိနေသည်။ ထို့ကြောင့် သူ အသိစိတ်လွတ်သွားလျှင် မည်သို့ဖြစ်သွားမည်ကို တွေးကြည့်နေရန်ပင် မလိုချေ။

‘ဒီလောက်ကြာအောင် ပျံပြီးပြီဆိုတော့ နတ်ဘုရားသစ်ပင်နဲ့ နီးလောက်ပြီမလား။ ငါ လက်လျှော့လို့ မဖြစ်ဘူး။ ငါ ရှင်သန်ရမယ်၊ ငါ ရှင်သန်ချင်တယ်’

ကျန်းရီ သူ့ကိုယ်သူ အားပေးကာ အသိမလွတ်အောင် ကြိုးစားလိုက်သည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်အနည်းငယ် ထွက်ပေါ်လာသည်။ သူ၏တွက်ချက်မှုအရ အလွန်ဆုံးတစ်နာရီအတွင်း သူ နတ်ဘုရားသစ်ပင်၏ အနီးဝန်းကျင်သို့ ရောက်သွားတော့မည်ဖြစ်သည်။ ထိုနတ်ဘုရားသစ်ပင်က မည်သို့ထူးခြားနေမည်ကို မည်သူ သိပါမည်နည်း။

ရွှီး...

ထိုအခိုက်တွင် ကောင်းကင်မှနေ၍ အနီရောင်အလင်း လင်းလက်လာပြီး တဖြည်းဖြည်း အလင်းတန်းတစ်တန်း ဖြစ်တည်လာ၏။ နောက်ဆုံးတွင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို အနီရောင်အလင်းတန်းများက လွှမ်းခြုံသွားလေသည်။ မည်းမှောင်နေသော ပတ်ဝန်းကျင်က ရုတ်ခြည်း နီမြန်းလာသည်။ ထိုအနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် လေပြင်းတိုက်သံများလည်း အဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုအသံများက တမလွန်ဘုံတပ်များကို ဆင့်ခေါ်နေသကဲ့သို့ပင်။

‘အနီရောင်အလင်း ကျလာပြီ’

ကျန်းရီ ရင်တုန်သွားသည်။ အနီရောင်အလင်းက နှစ်ရီနှစ်ဆယ်လျှင်တစ်ကြိမ် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ တစ်ခွင်လုံးအပေါ် ဖြာကျသည်ဟု ဆောင်းဥတုအရှင်၏ စာထဲတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ထိုအနီရောင်အလင်းသည် ငါးမိနစ်သာ ခံမည်ဖြစ်သည်။ ထိုငါးမိနစ်မှာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအတွင်း ကြောက်စရာအကောင်းဆုံး ငါးမိနစ်ဟုလည်း ဆိုကြပေသည်။

ရွှီ...ရွှီ...ရွှီ...

ကျန်းရီသည် တုံ့ဆိုင်ခြင်းမရှိဘဲ ကျန့်ရှမျိုးနွယ်ဝင်များကို အဆက်မပြတ် ထုတ်လိုက်၏။ ကျန့်ရှမျိုးနွယ်ဝင် တစ်သိန်းက သူ့ကို အကြားအလပ်မရှိ ဝန်းရံထားသည်။ ကျန့်ရှဘုရင်၏ အမြန်နှုန်းကလည်း နှေးလာသည်။ အန္တရာယ် ကျရောက်မလာသေးသော်လည်း ကျန်းရီသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားနေ၏။ ယခုတွင် သူ အစွမ်းကုန်ထုတ်မသုံးလျှင် ငါးမိနစ်ပြည့်အောင် ရှင်သန်နိုင်လိမ့်မည်မဟုတ်ဟု ခံစားနေရပေသည်။

“ရှောင်မုန့်... ထွက်လာခဲ့”

ကျန်းရီ အော်ခေါ်လိုက်ရာ ကောင်းကင်ဝါးမျိုသားရဲ ထွက်လာ၏။ တစ်ချိန်တည်းမှာပင် ဗျပ်စောင်းအိုတစ်လက်နှင့် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်လည်း ထွက်ပေါ်လာသည်။ မီးနဂါးဓားကလည်း တောက်ပစွာ လင်းလက်လာပြီး ကျန့်ရှဘုရင် ရပ်တန့်သွားလေသည်။

***

All Chapters