← Chapters

နတ်ဘုရားအသံ အကျိုးပြုပြီ

Vol. 110 Ch. 1532

နတ်ဘုရားအသံ အကျိုးပြုပြီ

Vol. 110 Ch. 1532

ဖုန်း...ဖုန်း...ဖုန်း...

လေအေးများနှင့်အတူ မြေပြင်တွင် အပေါက်များ ပွင့်ထွက်လာ၏။ ထို့နောက် လသားရဲများက တစ်ကောင်ပြီးတစ်ကောင် မြေကြီးထဲမှ ထွက်လာကြသည်။ ကျန်းရီ ရပ်နေသောနေရာမှ မြင်ရသည့် မိုးကုပ်စက်ဝိုင်းကို လသားရဲများက ဖုံးလွှမ်းသွားသည်။ ၎င်းသားရဲများအပေါ် အနီရောင်အလင်း ဖြာကျနေသည်။ ၎င်းတို့သည် အနည်းဆုံး သောင်းနှင့်ချီ၍ ရှိပေသည်။

လသားရဲများသည် ကျန်းရီ၏အောက်တွင်သာ ပေါ်လာခြင်းမဟုတ်ပေ။ သူ ကောင်းကင်စိတ်အာရုံကို သုံး၍ ကီလိုမီတာငါးသိန်းအတွင်း အာရုံခံကြည့်လိုက်ရာ လသားရဲများက နေရာအနှံ့မှ ထွက်လာကြောင်း သိလိုက်ရသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ တစ်ခွင်လုံးက လသားရဲများ၏ ကစားကွင်း ဖြစ်လာပေပြီ။ ၎င်းတို့သည် သိပ်သည်းသော ပုရွက်စိတ်အုပ်ကြီးများကဲ့သို့ နေရာလွတ်တိုင်းကို သိမ်းပိုက်နေကြပေသည်။

“ဝူ...ဝူ...”

မရေမတွက်နိုင်သော လသားရဲများက တစ္ဆေများကဲ့သို့ အော်လိုက်ကြ၏။ ၎င်းတို့၏ နှာခေါင်းများနှင့် ပါးစပ်များ ထွက်နေသော အစိမ်းရောင်အခိုးအငွေ့များကလည်း အနီရောင်ပြောင်းသွားသည်။ ၎င်းအနီရောင်အခိုးအငွေ့များက အကွင်းလိုက် ထွက်နေကြသည်။ ထိုလသားရဲများက အနီရောင်အလင်းကို ဆုပ်ယူနိုင်ကြောင်း ထင်ရှားပေသည်။ ထိုအနီရောင်အလင်းထဲတွင် ၎င်းတို့ကို ပိုစွမ်းအားကြီးအောင် လုပ်ပေးနိုင်သည့် ထူးခြားသော စွမ်းအင်တစ်မျိုး ရှိပုံပေါ်လေသည်။

“ပုန်းကွယ်ခြင်းအတတ်”

လသားရဲများ ပေါ်လာသည့်အခိုက်တွင် ကျန်းရီ ပုန်းကွယ်ခြင်းအတတ်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။ သို့သော် အသုံးမဝင်ပေ။ မရေမတွက်နိုင်သော လသားရဲများက သူ့ထံသို့ ပျံသန်းလာနေကြပေပြီ။ ထို့ကြောင့် သူ ပုန်းကွယ်ခြင်းမှ ပြန်ထွက်လိုက်ရပြီး လေထဲတွင် ထိုင်လိုက်သည်။ ထို့နောက် ဗျပ်စောင်းကို ပေါင်ပေါ်တင်လိုက်ပြီး လက်တစ်ဘက်ဖြင့် ဗျပ်စောင်း၏ တတိယကြိုးကို တီးခတ်လိုက်လေသည်။

တန်...

ရှင်းလင်းသော အသံတစ်သံက ဆန်းကြယ်နယ်မြေတစ်ခွင်လုံးကို ပျံ့နှံ့သွားသည်။ ကျန်းရီထံ ပျံသန်းလာနေကြသော လသားရဲများအားလုံး ချက်ချင်း ရပ်တန့်သွားကြသည်။ ကျန်းရီ မျက်လုံးများ လင်းလက်သွား၏။ လသားရဲများက စိတ်ဝိညာဉ်ရှိသော သားရဲများပင်။ ထို့ပြင် ၎င်းတို့တွင် အသိဉာဏ်အနည်းငယ် ရှိသည်။ ထို့ကြောင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က ၎င်းတို့အပေါ် သက်ရောက်နိုင်ပေသည်။

တန်...တန်...တင်...တင်...

ကျန်းရီသည် ဗျပ်စောင်းကြိုးများကို လျင်မြန်စွာ တီးခတ်၍ အရပ်မျက်နှာအနှံ့သို့ အသံများ ထုတ်လွှတ်လိုက်သည်။ ဤနယ်မြေထဲတွင် အခြားသူများ ထိခိုက်မည်ကို သူ စိုးရိမ်နေစရာ မလိုပေ။ ကျန့်ရှမျိုးနွယ်ဝင်များတွင်လည်း စိတ်ဝိညာဉ်မရှိချေ။ သို့ဖြစ်ရာ ၎င်းတို့က အနည်းငယ်ပင် သက်ရောက်ခံရမည်မဟုတ်ချေ။

“တမုန့်... အဲ့အသံက အရမ်းထူးဆန်းတာပဲ။ ငါ မခံနိုင်ဘူး...”

ကျန်းရီဘေးတွင် ရပ်နေသော ကောင်းကင်ဝါးမျိုသားရဲ ဆက်တောင့်မခံနိုင်တော့ပေ။ ၎င်း၏ မျက်နှာထားက နာကျင်နေပုံပေါ်ပေသည်။ ၎င်းသည် ကျန်းရီ ပြန်တုံ့ပြန်မည်ကို စောင့်မနေတော့ဘဲ မီးနဂါးဓားထဲရှိ မီးဝိညာဉ်ပုလဲထဲ ပြန်ဝင်သွားသည်။

ထိုအခိုက်တွင် ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲကို အရေးမစိုက်အားပေ။ သူ ဗျပ်စောင်းကိုသာ ဆက်တီးခတ်နေပြီး သူ့ပတ်ပတ်လည်မှ အနက်ရောင်လသားရဲအားလုံးကို နှေးသွားစေလိုက်သည်။ ၎င်းတို့၏ မျက်ဝန်းများက တလက်လက်လင်းလက်လာပြီး ၎င်းတို့၏မျက်နှာထားက နာကျင်ပုံ ပေါ်လာကြသည်။

တန်...တင်...တောင်...တွမ်....

ကျန်းရီ တီးခတ်နေသော တေးသွားက လုံးဝမလှပါပေ။ ဆိုရလျှင် နားကလောဖွယ်ပင် ကောင်းသေးသည်။ ၎င်းက စည်းချက်လည်း မမှန်ချေ။ သို့သော် ထိုသားရဲများအတွက် စည်းချက်ကျသော တေးသွားလည်း မလိုပေ။ ၎င်းတို့တွင် ခံစားချက်များ မရှိလောက်သည် မဟုတ်လော။ ထို့ကြောင့် ၎င်းတို့၏ စိတ်ဝိညာဉ်များကို နာကျင်သွားအောင် လုပ်ရန်သာ လိုအပ်သည်။ သို့ဆိုလျှင် ၎င်းတို့၏ အမြန်နှုန်းနှင့် တိုက်ပွဲစွမ်းရည်များက များစွာထိခိုက်သွားမည်ဖြစ်သည်။

“ကျန့်ရှဘုရင် အခုလုပ်တော့”

ကျန်းရီ အော်ပြောလိုက်သည်။ သူက ကျန့်ရှဘုရင်အား ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်လိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ကျန့်ရှဘုရင်သည် သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကို လသားရဲများထံ ပျံသန်းကာ တိုက်ခိုက်စေလိုက်သည်။ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက ပျံသန်းသွားပြီး စက်ဝိုင်းပုံ နေရာယူလိုက်ကြသည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ကျောပေါ်မှ ဆူးချွန်များကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ကြသည်။ ကောင်းကင်ထဲတွင် ဆူးချွန်များ ပြည့်နှက်သွားလေတော့သည်။

‘လခွမ်း...’

ကျန်းရီ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်နှာပျက်သွား၏။ လသားရဲများက ရွံစရာကောင်းလောက်အောင် လျင်မြန်ကြပြီး စွမ်းအားကြီးကြသည်။ ၎င်းတို့၏ ခံနိုင်ရည်ကလည်း အလွန်ကောင်းပေသည်။ ကျန့်ရှမျိုးနွယ်ဝင်များ၏ ကောင်းကင်အပြည့်ဆူးချွန်များက ၎င်းတို့ကို ဖောက်ပင် မဖောက်နိုင်ခဲ့ပေ။ အဆင့်နိမ့်လသားရဲများကိုသာ ဒဏ်ရာရသွားစေသည်။ အဆင့်မြင့်လသားရဲများကို ထိမှန်သွားသော ဆူးချွန်များက ၎င်းတို့၏အရေပြားကိုပင် မဖောက်နိုင်ဘဲ နောက်ပြန်ကန်ထွက်ကာ မြေပေါ်သို့ ပြုတ်ကျသွားကြသည်။

ဤလောကက အမြဲမျှတခဲ့သည်။

ဥပမာအနေဖြင့် လူသားများကို ကြည့်ပါ။ သူတို့က အလွန်ဉာဏ်ရည်မြင့်ကြသော်လည်း ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့က အတော်လေး အားနည်းကြသည်။ ဟွင့်သွမ့်သားရဲများကမူ စွမ်းအားကြီး ခုခံစွမ်းအား၊ တိုက်ခိုက်စွမ်းအားနှင့် စွမ်းအားကြီး စိတ်ဝိညာဉ်တို့ကို ပိုင်ဆိုင်ကြသော်လည်း အရေအတွက် အနည်းငယ်သာ ရှိပေသည်။

လသားရဲများ၏ လက်သည်းများက အလွန်ထက်ရှပြီး ၎င်းတို့၏ အမြန်နှုန်းက မယုံကြည်နိုင်လောက်အောင်ပင်။ ပုံမှန်ဆိုလျှင် ၎င်းတို့၏ ခုခံစွမ်းအားက များစွာမသန်မာသင့်ပေ။ သို့သော် မမျှော်လင့်ထားစွာပင် ၎င်းတို့၏ ခုခံစွမ်းအားက ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။ အဆင့်မြင့်လသားရဲများက ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့က ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် ဝတ်ဆင်ထားသည့် အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့်ပင် ယှဉ်နိုင်ပေသည်။

သို့သော် အဆင့်မြင့်လသားရဲများသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ အမြန်နှုန်း၊ ခုခံစွမ်းအားတို့နှင့်သာ ယှဉ်နိုင်ခြင်းဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်စွမ်းအားကမူ အုပ်ချုပ်သူအဆင့် သိုင်သမားများ၏ တိုက်ခိုက်စွမ်းအားနှင့် အလွန်ကွာခြားနေပေသေးသည်။ ၎င်းတို့တွင် တိုက်ခိုက်စွမ်းရည်တစ်မျိုးသာ ရှိသည်။ ယင်းမှာ ၎င်းတို့၏လက်သည်းများပင်။ ၎င်းတို့သည် မည်သည့်ဆန်းကြယ်စွမ်းရည်ကိုမှ မသိသလို ဉာဏ်လည်းသိပ်မကောင်းကြချေ။

‘ငါ ဘာလုပ်သင့်လဲ’

အောက်ဘက်မှ လသားရဲများက တဖြည်းဖြည်း နီးကပ်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များနှင့် ဆုံတော့ပေမည်။ အဝေးမှ လသားရဲများကလည်း ကျန်းရီထံသို့ လာနေသေးသည်။ ၎င်းတို့ ကျန့်ရှမျိုးနွယ်ဝင်များနား နီးကပ်လာလျှင် ကျန့်ရှမျိုးနွယ်ဝင်များ အပိုင်းပိုင်းဖြတ်ခံလိုက်ရနိုင်သည်။ အဆင့်မြင့်လသားရဲများက အများအပြားရှိနေရာ ကျန့်ရှမျိုးနွယ်ဝင်များက ၎င်းတို့ကို မည်သို့ ခုခံနိုင်ပါမည်နည်း။ လသားရဲများ ကျန်းရီနှင့် နီးကပ်လာလျှင်လည်း ကျန်းရီ အပိုင်းပိုင်းဖြတ်ခံရမည်ဖြစ်သည်။

‘စွန့်စားကွာ...’

ယခုတွင် ကျန်းရီ အစွမ်းကုန်ထုတ်သုံးပေတော့မည်။ သူ၏ အကြည့်များက ရူးသွပ်လာပြီး သူ့ပါးစပ်မှနေ၍လည်း သွေးများစီးကျလာသည်။ ထို့နောက် သူသည် လေလိုအလျင်နှင့် ဗျပ်စောင်းကို တီးကာ အသံများ ထုတ်လွှတ်လိုက်သည်။ အသံများက အစောကထက် များစွာပိုကျယ်လာသည်။ ပို၍လည်း မြန်ဆန်ခက်ထန်လာသည်။ ကျန်းရီနှင့် နီးကပ်လာသော လသားရဲများက ထပ်မံ၍ နှေးသွားကြသည်။ ယခုတွင် ၎င်းတို့၏ အမြန်နှုန်းက မူလအမြန်နှုန်း၏ ဆယ်ပုံတစ်ပုံလောက်သာ ရှိတော့ပေသည်။

“တိုက်ကြ...”

ကျန်းရီ အော်ပြော၍ ကျန့်ရှဘုရင်ကို အမိန့်ပေးလိုက်သည်။ ထိုအခါ လေထဲမှ သိန်းချီသော ကျန့်ရှသားရဲများက စတင်လှုပ်ရှားလိုက်ကြသည်။ ကျန့်ရှမျိုးနွယ်ဝင်တစ်သိန်းသည် ကျန်းရီကို ဝန်းရံကာကွယ်ရန် နောက်တွင် ချန်နေခဲ့ကြသည်။ ကျန်ကျန့်ရှမျိုးနွယ်ဝင်များကမူ အလင်းတန်းများအဖြစ် ပြောင်းလဲ၍ လသားရဲများထံ ပျံသန်းကာ စတင်သတ်ဖြတ်ကြလေသည်။

ကျန်းရီ၏ ဗျပ်စောင်းသံက မြန်ဆန်ခက်ထန်သည်။ အနီးမှ လသားရဲများ ပို၍နှေးလာပေသည်။ ၎င်းတို့တွင် ကျန့်ရှမျိုးနွယ်ဝင်များကို အလွယ်တကူ စုတ်ဖြဲပစ်နိုင်သည့် ထက်ရှသော လက်သည်းများရှိနေသော်လည်း ၎င်းတို့၏ အမြန်နှုန်းက အလွန်လျော့ကျနေပေသည်။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်များက ၎င်းတို့၏ လက်သည်းချက်များကို အလွယ်တကူ ရှောင်နိုင်ကြပြီး ၎င်းတို့ကမူ ကျန့်ရှမျိုးနွယ်ဝင်များ ပစ်လွှတ်လိုက်သော ဆူးချွန်များ၏ တိုက်ခိုက်မှုကို ခံကြရလေသည်။ ဆူးချွန်တစ်ချောင်း ထိမှန်ရုံဖြင့် ၎င်းတို့ မသေနိုင်သော်လည်း ဆူးချွန်များစွာ ထိမှန်ခံရသောအခါ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ပေါ်လာသည်။ ထိမှန်ချက် အဟုန်များကြောင့်လည်း ၎င်းတို့ နောက်သို့ လွင့်ထွက်ကုန်ကြပေသည်။

ကျန့်ရှဘုရင်က များစွာပို၍ခက်ထန်သည်။ ၎င်းတွင်လည်း စိတ်ဝိညာဉ်မရှိသော်ကြား ၎င်းက သူရဲကောင်းဖြစ်သည်။ မည်သို့တိုက်ခိုက်ရမည်ကို ကောင်းကောင်းသိသည်။ ကျန်းရီက အမိန့်တစ်ခု ပေးလိုက်သည်နှင့် ၎င်းသည် ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်ကာ စတင်တိုက်ခိုက်လေသည်။ ကျန်းရီအနေဖြင့် မည်သည်ကိုမှ စိတ်ပူနေရန် မလိုပေ။ ကျန့်ရှဘုရင်နှင့် ကျန့်ရှမျိုးနွယ်ဝင်များက ၎င်းတို့ဘာသာ မည်သို့တိုက်ခိုက်ရမည်ကို သိကြသည်။ ရန်သူများကို မည်သို့ဖျက်စီးရမည်ကိုလည်း အစကတည်းမှ သိကြပေသည်။

ကျန့်ရှဘုရင်သည် ၎င်း၏ဓားကဲ့သို့သော လက်များကို လေထဲတွင် ဝှေ့ယမ်းနေ၏။ ၎င်း တိုက်ခိုက်လိုက်တိုင်း ရာချီသော ဓားရိပ်များ ပျံထွက်သွားသည်။ အဆင့်မြင့်လသားရဲများ၏ ခံနိုင်ရည်က ကြောက်မက်ဖွယ်ကောင်းသော်လည်း ကျန့်ရှဘုရင် ထုတ်လွှတ်လိုက်သော ဓားရိပ်များမှာလည်း သာမန်မဟုတ်ပေ။ ၎င်းဓားရိပ်များက အဆင့်မြင့်လသားရဲများကိုပင် ဒဏ်ရာရသွားစေသည်။ ထို့ပြင် ကျန့်ရှဘုရင်က အလွန်လျင်မြန်စွာလည်း တိုက်ခိုက်နေသည်။ ၎င်းသည် တစ်နေရာတည်းကိုသာ အကြိမ်ကြိမ် တိုက်ခိုက်နေခြင်းဖြစ်သည်။ ထိုဗျူဟာနှင့်ဆိုလျှင် နတ်ဘုရားလက်နက်များပင် ပျက်စီးသွားမည်ဖြစ်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန့်ရှဘုရင်၏ တိုက်ခိုက်မှုများက အလွန်ထိရောက်မှုရှိသည်။ အတိုက်ခိုက်ခံလိုက်ရသော လသားရဲတိုင်း နှစ်ခြမ်းပြတ်သွားကြသည်။

သို့သော်...

ကျန်းရီသာ လသားရဲများကို သူ၏ဗျပ်စောင်းသံဖြင့် ဖိနှိပ်မထားလျှင်မူ ကျန့်ရှဘုရင်သည် ထိုမျှအလွယ်တကူ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအစား လသားရဲများ၏ အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခြင်းကိုပင် ခံလိုက်ရနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ဖျက်ဆီးခံလိုက်ရသော ကျန့်ရှမျိုးနွယ်ဝင်အရေအတွက်ကလည်း တိုးလာပေသည်။ လသားရဲများစွာက ဤနေရာတွင် လာရောက်စုဝေးနေကြသည်။ ရေတွက်မကြည့်ပါဘဲနှင့်ပင် ၎င်းတို့က အနည်းဆုံး တစ်သိန်းလောက်ရှိမည်ဖြစ်ကြောင်း ကျန်းရီ ပြောနိုင်သည်။ လသားရဲတစ်သိန်းနှင့် သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက ရောနှေနေကြသဖြင့် လသားရဲများ လက်ဝှေ့ယမ်းလိုက်သည်နှင့် ကျန့်ရှမျိုးနွယ်ဝင်အချို့ကို ထိသွားကြသည်သာ။ ကျန့်ရှမျိုးနွယ်ဝင်များတွင် စိတ်ဝိညာဉ်မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏အင်အားကို မည်သို့စနစ်တကျ အသုံးပြုရမည်ကို မသိကြချေ။ ထို့ပြင် တိုက်ပွဲဗျူဟာများနှင့် အချင်းချင်း မည်သို့ကယ်တင်ရမည်ကိုလည်း မသိကြပေ။

နှစ်မိနစ်အတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင်တစ်သိန်း ဖျက်ဆီးခံလိုက်ရသည်။ ထိုအရေအတွက်က အချိန်နှင့်အမျှလည်း တိုး၍နေသေးသည်။ လသားရဲများကမူ သုံးပုံတစ်ပုံပင် ဖျက်ဆီးမခံရသေးပေ။ သို့သော် ၎င်းတို့ဘက်တွင်လည်း ဒဏ်ရာရထားသည့် အရေအတွက် သိသိသာသာ တိုးလာပေသည်။

“ဝူ...ဝူ...”

အဝေးမှနေ၍ လသားရဲများ ထပ်မံရောက်လာပြန်၏။ အခြေအနေက ပို၍ ပို၍ ပြင်းထန်လာနေပေပြီ။

***

All Chapters