← Chapters

နတ်ဘုရားရောင်ဝါ

Vol. 110 Ch. 1533

နတ်ဘုရားရောင်ဝါ

Vol. 110 Ch. 1533

“ဖူး...”

နှစ်မိနစ်ခွဲအတွင်းမှာပင် ကျန်းရီ စတင်ခေါင်းကိုက်လာသည်။ သူက ဗျပ်စောင်းကို အလွန်လျင်မြန်စွာ တီးခတ်နေရာ သူ၏စွမ်းအင်များ အလွန်လျင်မြန်စွာ ကုန်ခမ်းလာနေသည်။ သူ အကြိမ်များစွာ ရပ်တန့်လိုခဲ့သည်။ သို့သော် သူ ရပ်တန့်လိုက်သည်နှင့် ကျန့်ရှမျိုးနွယ်ဝင်အားလုံး ချက်ချင်း သေသွားမည်ဖြစ်ကြောင်း သူသိပေသည်။ ကျန့်ရှဘုရင်လည်း ဖျက်ဆီးခံလိုက်ရလောက်သည်။ ထို့ကြောင့် သူ ဗျပ်စောင်းကို မရပ်မနား ဆက်တီးခတ်နေရလေသည်။

ကျန့်ရှမျိုးနွယ်ဝင်များ ပို၍ ပို၍ ဖျက်ဆီးခံလာရ၏။ ငါးမိနစ်မပြည့်ခင်မှာပင် သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များ၏ တစ်ဝက်ကျော် ကျဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် သူ့ပတ်ပတ်လည်ရှိ ကျန့်ရှမျိုးနွယ်ဝင်တစ်သိန်းထဲမှ သူ့ကိုကာကွယ်ရန် တစ်ထောင်သာချန်၍ ကျန်ကျန်ရှ့မျိုးနွယ်ဝင်အားလုံးကို သွားတိုက်ခိုက်ခိုင်းလိုက်ရသည်။

နောက်ဆုံးတွင်...

ငါးမိနစ်ပြည့်သွားသည်။ ကောင်းကင်ထဲမှ အနီရောင်အလင်းက တဖြည်းဖြည်း ပျောက်ကွယ်လာပြီး အရာအားလုံး ပြန်မှောင်မည်းသွားသည်။ အနီရောင်အလင်း လုံးဝပျောက်ကွယ်သွားသောအခါ လသားရဲအားလုံး အလွန်အားနည်းသွားကြသည်။ လသားရဲများစွာသည် မြေအောက်ထဲသို့ လျင်မြန်စွာ ပြန်ဆုတ်သွားကြပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ဒဏ်ရာရထားသော လသားရဲများသည်လည်း ထွက်ပြေးကာ မြေအောက်ထဲ ပြန်ဝင်သွားကြသည်။

“ဖူး...”

ကျန်းရီ သွေးအန်လိုက်၏။ သူ စွမ်းအင်များစွာ သုံးခဲ့ရသဖြင့် အချိန်မရွေး သတိလစ်သွားနိုင်ပေသည်။ သို့သော် ဤကဲ့သို့သောအချိန်တွင် သူ သတိလစ်သွား၍ မဖြစ်ချေ။ ကျန်းရီ အံကြိတ်ကာ ကျန့်ရှဘုရင်ကို ပြန်ဆင့်ခေါ်လိုက်ပြီး ရှင်ကျန်ခဲ့သော ကျန့်ရှမျိုးနွယ်ဝင်များကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်သည်။

ထို့နောက် ကျန်းရီ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ လသားရဲအလောင်းများနှင့် ကျန့်ရှမျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက ရောနှေရှိနေကြသည်။ သူ နှုတ်ခမ်းတွန့်ကာ ခါးသက်သက် ပြုံးလိုက်ပေသည်။ ငါးမိနစ်အတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင်များစွာ အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံလိုက်ရလေသည်။

အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် အနီရောင်အလင်း လွှမ်းသည့် ငါးမိနစ်က အမှန်ပင် ကြောက်စရာအကောင်းဆုံး ငါးမိနစ် ဖြစ်ပေသည်။ ကျန့်ရှမျိုးနွယ်ဝင်များနှင့် ဗျပ်စောင်း မရှိခဲ့လျှင် ကျန်းရီ လသားရဲများကို တိုက်ခိုက်နိုင်ခဲ့လိမ့်မည် မဟုတ်ဘဲ အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံလိုက်ရလောက်ပြီဖြစ်သည်။

နာရီနှစ်ဆယ်ပြည့်လျှင် အနီရောင်အလင်း ထပ်ပေါ်လာမည်ဖြစ်သည်။ အနီရောင်အလင်း ထွက်ပေါ်လာတိုင်း လသားရဲများ နိုးထလာပေလိမ့်မည်။ အနိမ့်ဘုံအချိန် တစ်ရက်က နှစ်ဆယ့်လေးနာရီကြာသည်။ သူက ဤနေရာတွင် အနိမ့်ဘုံအချိန် ရက်သုံးရာနေရမည်ဖြစ်ရာ လသားရဲများ၏ တိုက်ခိုက်မှုကို အကြိမ်သုံးရာ ခံရမည်ဆိုသော အဓိပ္ပာယ်ပင်။

တစ်ကြိမ်တိုက်ခိုက်ခံရမှုကပင် သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ဆောင်းဥတုပုလဲထဲတွင် ကျန့်ရှမျိုးနွယ်ဝင် ကိုးသန်းလောက်သာ ကျန်တော့သည်။ ကျန်းရီ လသားရဲများ၏ တိုက်ခိုက်မှုများကို အကြိမ်မည်မျှ ထပ်ခံနိုင်ပါဦးမည်နည်း။ ဆယ်ကြိမ်လော၊ အကြိမ်နှစ်ဆယ်လော သို့မဟုတ် အကြိမ်သုံးဆယ်လော။

ကျန့်ရှဘုရင်သည် ကျန်းရီကို ဆွဲခေါ်၍ တောင်ဘက်သို့ အမြန်ဆုံး ဆက်ပျံသန်းနေ၏။ ကျန်းရီက မျက်လုံးမှိတ်ကာ စွမ်းအင်ပြန်ဖြည့်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ သူ ပိုရင်လေးလာသည်။ သူ၏ တစ်ခုတည်းသောမျှော်လင့်ချက်က နတ်ဘုရားသစ်ပင်ဖြစ်သည်။ အကယ်၍ နတ်ဘုရားသစ်ပင်ကသာ သူ့ကို ထိထိရောက်ရောက် ကူညီမပေးနိုင်လျှင် သူ လသားရဲများ၏ တိုက်ခိုက်မှုကို ထပ်ခံရပေလိမ့်မည်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာသကဲ့သို့ပင်။

မကြာခင်မှာပင် မြေအောက်ထဲမှနေ၍ ထူးဆန်းသောအသံ ထပ်မံထွက်ပေါ်လာသည်။ ကျန်းရီ၏ စိတ်ဝိညာဉ် ထပ်မံ တိုက်ခိုက်ခံလိုက်ရသည်။ ကျန်းရီတစ်ယောက် နူရာဝဲဆွဲ၊ လဲရာသူခိုးထောင်းသကဲ့သို့ ဖြစ်နေပေပြီ။ သူသာ ကျန့်ရှဘုရင်ကို တင်းကြပ်စွာ ဆုပ်ကိုင်မထားလျှင် မြေပေါ်သို့ ပြုတ်ကျသွားလောက်ပြီဖြစ်သည်။

စိတ်ဝိညာဉ်နာကျင်မှုနှင့် ယှဉ်လျှင် မိစ္ဆာဓာတ်က ပိုအန္တရာယ်ကြီးသည်။ ကျန်းရီ ပို၍ စိတ်ဓာတ်ကျလာပေပြီ။ ဤတစ်ခေါက် သက်ရောက်မှုက ယခင်တစ်ခေါက်ကထက် ပိုအားကောင်းသည်။ သူ အထီးကျန်ကာ မျှော်လင့်ချက်မဲ့လာသည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း စိတ်ဓာတ်ကျသော အရှိန်အဝါတစ်ခု ထွက်လာလေသည်။

ကျန့်ရှဘုရင်သည် အသက်မရှိသော ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ဆက်ပျံသန်းနေသည်။ ၎င်းက လူသားတစ်ယောက်နှင့် တူသော်လည်း အမှန်ပင် ရုပ်သေးရုပ်လိုမျိုးသာ။ ၎င်းသည် ကျန်းရီ၏ ခံစားချက်များကို ဂရုစိုက်မည် မဟုတ်သလို ကျန်းရီနှင့် စကားပြောမည်လည်း မဟုတ်ပေ။ ထို့ပြင် အမိန့်ပေးမှုသာ မခံထားရလျှင် ကျန်းရီကို ဆွဲခေါ်၍ ပျံသန်းနေမည်လည်း မဟုတ်ချေ။

ထို့ကြောင့် ကျန်းရီသည် တိုက်ပွဲကို တစ်ယောက်တည်း တိုက်ခိုက်နေရသလို ခံစားနေရပေသည်။ သူ အလွန်အထီးကျန်ကာ စိတ်ဖိစီးနေသည်။ သူ့ဝမ်းထဲမှ ခံစားချက်က သူ့ကို မလုံမလဲလည်း ဖြစ်နေစေသည်။ သို့ဖြင့် သူ့ခံစားချက်များ လှိုင်းတံပိုးထန်နေပေသည်။

နောက်ဆုံးတွင် ကျန်းရီ၏ အတွေ့အကြုံများက အကျိုးပြုလာသည်။ အတန်ကြာပြီးနောက် သူ့မျက်လုံးများထဲ၌ အလင်းရောင် ပြန်ထွက်ပေါ်လာပေသည်။ သူက အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ဖူးသူဖြစ်သဖြင့် စိတ်ဓာတ်ခိုင်မာနေပေပြီ။ တိလင်အာနှင့် ချီချင်ချန်တို့၏ စိတ်ဓာတ်က သူ့လောက်ခိုင်မာလိမ့်မည် မဟုတ်ချေ။

ကျန်းရီသည် သူ့ကိုယ်သူ အားပေးလိုက်ပြီး စိတ်ဓာတ်ကျဖွယ် အတွေးများကို ခေါင်းထဲမှ ‌မောင်းထုတ်ပစ်လိုက်သည်။ ဤဆန်းကြယ်နယ်မြေထဲတွင် သူ့အတွက် ကြောက်စရာအကောင်းဆုံးအရာမှာ အနီရောင်အလင်းလွှမ်းသည့် ငါးမိနစ်အချိန် မဟုတ်ဘဲ မိစ္ဆာဓာတ်ဖြစ်သည်။ ထိုမိစ္ဆာဓာတ်က လူများကို မတိုက်ခိုက်ရသေးခင်မှာပင် လက်လျှော့လိုစိတ် ပေါက်လာစေပြီး စိတ်ဓာတ်လည်း ကျလာစေပေသည်။

အတန်ကြာ ဆက်သွားပြီးနောက်တွင် လသားရဲများ ထပ်မံထွက်ပေါ်လာ၏။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ လသားရဲများကို တားစေလိုက်ပြီး ကျန့်ရှဘုရင်ကို ပိုလျင်မြန်စွာ ပျံသန်းသွားစေလိုက်သည်။ တစ်နာရီကြာပြီးနောက်တွင် ကျန်းရီ နတ်ဘုရားသစ်ပင်ကို ရှာတွေ့သွားလေသည်။

‘အဲ့ဒါက နတ်ဘုရားသစ်ပင်ပဲ’

နတ်ဘုရားသစ်ပင်ကို အခြားသစ်ပင်များနှင့် ခွဲခြားရန် လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းက ဧရာမကြီးဖြစ်‌၍ပင်။ ၎င်းသစ်ပင်သည် အဆုံးမဲ့လွင်ပြင်ကြီးထဲ၌ ထီးတည်းတည်ရှိနေပုံပေါ်သည်။ ၎င်းက သူတော်စင်ဝိညာဉ်တောင်ကဲ့သို့ ကြီးမားခံ့ညားပေသည်။ ထိုသစ်ပင်၏ ပင်စည်နှင့် သစ်ကိုင်းများထဲတွင်လည်း နတ်ဘုရားအလင်း စီးဆင်းနေသည်။ ပိန်းပိတ်သောအမှောင်ထုထဲတွင် ထိုအလင်းများက သစ်ပင်ကို အထူးထင်ရှားနေစေသည်။ ကျန်းရီသည် ကီလိုမီတာငါးဆယ်အကွာမှာကတည်းက နတ်ဘုရားသစ်ပင်၏ နတ်ဘုရားရောင်ဝါကို လှမ်းမြင်ရပေသည်။

နတ်ဘုရားသစ်ပင်သည် ကျန်းရီမြင်ခဲ့ဖူးသော သစ်ပင်များထဲတွင် အမြင့်ဆုံးသစ်ပင်ဖြစ်သည်။ ၎င်းက ကီလိုမီတာများစွာ မြင့်မားလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ ၎င်း၏ သစ်ကိုင်းများကလည်း အရပ်မျက်နှာအနှံ့သို့ ဖြာထွက်နေပြီး ငါးကီလိုမီတာကျော် ရှည်လျားကြသည်။ သို့သော် ထိုနတ်ဘုရားသစ်ပင်တွင် မည်သည့်သစ်ရွက်မှ ရှိမနေပေ။ အဝေးမှကြည့်လျှင် ၎င်းက သစ်ပင်ကတုံးတစ်ပင်နှင့် ဆင်တူသော်လည်း ၎င်း၏သစ်ကိုင်းများတွင် အရွက်များစွာ တွဲလောင်းကျနေပေသည်။ ၎င်းအရွက်များထဲတွင်လည်း နတ်ဘုရားအလင်း စီးဆင်းနေသည်။

နတ်ဘုရားသစ်ပင်၏ ပင်စည်လုံးပတ်က အချင်းကီလိုမီတာရာကျော် ရှိလောက်သည်။ ပင်စည်၏အပြင်လွှာက ကြမ်းတမ်းပြီး ၎င်းပေါ်တွင် ရေညှိစိမ်းများ ပေါက်နေသည်။ ထိုနတ်ဘုရားသစ်ပင် ရှိနေခဲ့သည်မှာ မည်မျှကြာခဲ့ပြီဖြစ်ကြောင်း ကျန်းရီ မသိပေ။ သို့သော် မျိုးဆက်များစွာက ထိုသစ်ပင်ကို မြင်ခဲ့ဖူးလောက်ပေသည်။

“အာ...”

ကျန်းရီသည် နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းတစ်ကိုင်း‌အောက်သို့ ဝင်လိုက်သောအခါ ကွဲပြားမှုတစ်ခုကို ရုတ်ခြည်း ခံစားလိုက်ရသည်။ နတ်ဘုရားရောင်ဝါက သူ့ကို လွှမ်းခြုံသွားသဖြင့် သူ့ရင်ထဲတွင် ရှင်းမပြနိုင်အောင် နွေးထွေးသွားသည်။ သူက ဆောင်းညတွင် မီးလှုံနေရသကဲ့သို့ပင်။ သူ စိတ်အားပြန်တက်လာသည်။ အစောတွင် ခံစားနေခဲ့ရသည် စိတ်ဓာတ်ကျမှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ ယခု လုံးဝပျောက်သွားသည်။

‘ဒီနတ်ဘုရားသစ်ပင်က မိစ္ဆာဓာတ်ကို ဖယ်ပေးနိုင်တာပဲ’

ကျန်းရီ ကျန့်ရှဘုရင်ကို ရပ်တန့်စေလိုက်ပြီး နတ်ဘုရားရောင်ဝါ လင်းလက်နေသော သစ်ပင်ကြီးကို မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူက သူ၏အချစ်ဦးကို ကြည့်နေသကဲ့သို့ပင်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ၏ ကြောက်စရာအကောင်းဆုံးအရာက မိစ္ဆာဓာတ်ဖြစ်သည်။ ဤနတ်ဘုရားသစ်ပင်က မိစ္ဆာဓာတ်ကို ဖယ်ပေးနိုင်သည်။ ယခုတွင် သူ၏ ရှင်သန်နိုင်ခြေက များစွာတိုးလာပြီဖြစ်ပေသည်။

ဤလောကက အမှန်ပင် အလွန်ကျယ်ပြောပြီး ထူးဆန်းသည့်အရာများစွာနှင့် ပြည့်နှက်နေပေသည်။

ကျန်းရီသာ ဤနတ်ဘုရားသစ်ပင်ကို ကိုယ်တိုင်မမြင်ရလျှင် အခြားသူများက သူ့အား ထိုသစ်ပင်အကြောင်း ပြောပြလျှင်လည်း သူ ယုံနိုင်လိမ့်မည် မဟုတ်ပေ။ သူ ထိုသို့ပြောသူကို လှောင်ပင်လှောင်ပြောင်မိလိုက်ပေမည်။ ဆောင်းဥတုအရှင်က နတ်ဘုရားသစ်ပင်အကြောင်းကို များစွာရှင်းမပြခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ချေ။ ဤကဲ့သို့သော အရာတစ်ခုကို ရှင်းပြ၍မရပေ။ ကိုယ်တိုင် သစ်ပင်အောက်တွင်ရပ်၍ မိမိအပေါ် ဖြာကျလာသည့် နတ်ဘုရားရောင်ဝါ၏ နွေးထွေးမှုကို ခံစားကြည့်မှ ဤသစ်ပင်၏ ဆန်းကြယ်မှုကို သိရမည်ဖြစ်သည်။

“သွားမယ်...”

ကျန်းရီသည် နတ်ဘုရားရောင်ဝါကို ခံစားလိုက်ရသည်နှင့် ရုတ်ခြည်း များစွာပို၍ ရဲရင့်လာ၏။ သူ ကျန့်ရှဘုရင်ကို ဆက်ပျံသန်းခိုင်းစရာ မလိုတော့ပေ။ နတ်ဘုရားရောင်ဝါ ပိုသိပ်သည်းသည်ဟု ထင်ရသည့် သစ်ပင်ပင်စည်အနားသို့ သူ ပျံသန်းသွားလိုက်သည်။ သူက ပင်စည်နားတွင် ထိုင်နေမည်ဆိုလျှင် များစွာပိုလုံခြုံသည်ဟု ခံစားရပေလိမ့်မည်။

“အာ...”

နှစ်ကီလိုမီတာမျှ ပျံသန်းပြီးနောက်တွင် ကျန်းရီ ရုတ်တရက် အောက်ဘက်သို့ ပြုတ်ကျသွား၏။ သစ်ပင်ပင်စည်နှင့် နီးလာလေလေ မြေဆွဲအားက ပိုအားကောင်းလာလေလေပင်။ ထို့ကြောင့် ကျန်းရီ ပင်စည်နားသို့ တစ်လှမ်းချင်း လျှောက်၍သာ သွားလိုက်ရသည်။ ကျန့်ရှဘုရင်သည်လည်း မြေဆွဲအား၏ သက်ရောက်မှုကို ခံရသည်။ ယခုတွင် ၎င်း၏ ပျံသန်းနှုန်းက နှေးလာပေပြီ။ ကျန်းရီ ၎င်းကို မြေပြင်သို့ ဆင့်ခေါ်လိုက်ပြီး ပင်စည်ထံသို့ အတူတကွ လျှောက်သွားလိုက်လေသည်။

ပင်စည်နှင့် နီးကပ်လာသောအခါ မြေဆွဲအားက ပို၍ပင် အားကောင်းလာသည်။ မြေဆွဲအားက ဆတိုး တိုးလာသလိုပင်။ ကျန်းရီတို့က ပင်စည်နှင့် ငါးကီလိုမီတာလောက်သာ ဝေးသော်လည်း ပင်ပင်ပန်းပန်း လျှောက်နေရသည်။ ဤနေရာမှ မြေဆွဲအားက အပြင်ကထက် အဆသောင်းချီ ပိုအားကောင်းပေသည်။

ကျန်းရီသည် အံကြိတ်၍ သူ့အရိုးများထဲမှ နာကျင်မှုကို တောင့်ခံကာ အရှေ့သို့ ဆက်လျှောက်နေသည်။ ဤနတ်ဘုရားသစ်ပင်က အလွန်ထူးဆန်းသည်။ သူ ပင်စည်အနားသို့ ပိုကပ်နိုင်လျှင် ပိုလုံခြုံပေလိမ့်မည်။ ထို့ကြောင့် သူ တွားသွား၍ သွားရမည်ဆိုလျှင်ပင် ပင်စည်နားသို့ ရောက်အောင်သွားမည်ဖြစ်သည်။

ငါးမိနစ်ကြာပြီးနောက် ကျန်းရီ အမှန်ပင် တွားသွားလာရသည်။ ယခုတွင် သူ ပင်စည်နှင့် တစ်ကီလိုမီတာကျော် နှစ်ကီလိုမီတာလောက်သာ ဝေးတော့သည်။ မြေဆွဲအားကလည်း အပြင်ကထက် အဆတစ်သိန်းလောက် ပိုအားကောင်းနေသည်။ ကျန့်ရှဘုရင်ပင် ခပ်နှေးနှေးသာ လျှောက်နိုင်တော့သည်။ ကျန်းရီ နောက်ထပ် မီတာငါးရာ ဆက်သွားပြီးနောက် မချင့်မရဲဖြင့် ရပ်တန့်လိုက်ရသည်။

ကျန်းရီ ဆက်မတွားသွားနိုင်တော့ခြင်း မဟုတ်ပေ။ မြေဆွဲအားက ဤထက်ပိုအားကောင်းလာလျှင် သူ ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်လိုက်လျှင်ပင် ၎င်းတို့က မလှုပ်ရှားနိုင် ဖြစ်နေမည်ကို သူ စိုးရိမ်မိသွားခြင်းပင်။ ထိုသို့သာဖြစ်လာလျှင် လသားရဲများက သူ့ကို တိုက်ခိုက်သောအခါ ကျန့်ရှမျိုးနွယ်ဝင်များက သူ့ကို မည်သို့ ကာကွယ်ပေးနိုင်ပါတော့မည်နည်း။

***

All Chapters