← Chapters

ဆိုးဝါးသော

Vol. 110 Ch. 1534

ဆိုးဝါးသော

Vol. 110 Ch. 1534

ဟူး...ဟူး...

ကျန်းရီသည် နတ်ဘုရားသစ်ပင်၏ ပင်စည်နှင့် တစ်ကီလိုမီတာအကွာတွင် ရပ်တန့်လိုက်၏။ သူ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။ သူ ခါးမတ်မတ်ပင် မထိုင်နိုင်တော့ပေ။ သို့သော် သူ သတိလက်လွတ်ဖြစ်၍ မဖြစ်ပေ။ သူ့လက်ထဲမှ ဆောင်းဥတုပုလဲက လင်းလက်လာပြီး မရေမတွက်နိုင်သော ကျန့်ရှမျိုးနွယ်ဝင်များ ပျံထွက်လာသည်။

ကျန့်ရှမျိုးနွယ်ဝင်များ၏ လှုပ်ရှားမှုများက ပုံမှန်ထက် သိသိသာသာနှေးနေပေသည်။ သို့သော် လသားရဲများသာ ဤနေရာသို့ လာလျှင် ပို၍ပင် နှေးလိမ့်မည်ဟု ကျန်းရီ ယုံကြည်သည်။ ၎င်းတို့၏ တိုက်ခိုက်စွမ်းရည်များကလည်း အလွန်ထိခိုက်သွားပေလိမ့်မည်။

‘လသားရဲတွေက နတ်ဘုရားသစ်ပင်အောက်ကတော့ ထွက်မလာလောက်ဘူးမလား’

ကျန်းရီ အနက်ရောင်မြေပြင်ကို ကြည့်လိုက်၏။ သူ့ရင်ထဲတွင် အကြောက်တရားအနည်းငယ် ရှိနေဆဲပင်။ သူ့ပတ်ပတ်လည်တွင် လသားရဲများ ထွက်လာသည်နိုင်သည့် တွင်းပေါက်များတော့ ရှိမနေပေ။ သို့သော် လသားရဲများ၏ အရိုးများကိုတော့ တွေ့ရသည်။ ထိုအရိုးများမှာ ယခင်က အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်လာခဲ့သော စွမ်းအားကြီး သိုင်းသမားများကြောင့် ကျန်ခဲ့ခြင်းဖြစ်မည်။

ကျန်းရီ ထိုအကြောင်းကို များစွာ တွေးတောမနေနိုင်ပေ။ သူက ခါးမတ်မတ်ပင် မရပ်နိုင်သည် မဟုတ်လော။ အကယ်၍ လသားရဲများက မြေကြီးထဲမှ ထွက်လာမည်ဆိုလျှင် သူ၏ကံကြမ္မာကို လက်ခံလိုက်ရုံသာ ရှိတော့သည်။ သူ ကျန့်ရှမျိုးနွယ်ဝင်တစ်သန်းကို ထုတ်ကာ သူ့ကို ဝန်းရံထားစေလိုက်သည်။ အားလုံးပြီးမှ ကျန်းရီ သက်ပြင်းချနိုင်လိုက်ပြီး ကောင်းကင်နှင့်လူသား ပေါင်းစည်းအခြေအနေသို့ ဝင်ကာ နတ်ဘုရားသစ်ပင်ကို ပို၍စေ့စေ့စပ်စပ် လေ့လာလိုက်လေသည်။

“အာ...”

ကျန်းရီ တစ်ကိုယ်လုံး တောင့်တင်းသွား၏။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသစ်ပင်အောက်မှ မိုးမြေဝိညာဉ်စွမ်းအင်က ကြောက်မက်ဖွယ်ကောင်းနေ၍ပင်။ ထိုမိုးမြေဝိညာဉ်စွမ်းအင်သိပ်သည်းမှုက ရှေးဦးဆန်းကြယ်နယ်မြေထဲမှ မိုးမြေဝိညာဉ်စွမ်းအင်သိပ်သည်းမှုနှင့်ပင် ယှဉ်နိုင်သည်။

အရပ်မျက်နှာအနှံ့မှ ဝိညာဉ်စွမ်းအင်များက နတ်ဘုရားသစ်ပင်ဆီသို့ စုပ်ယူခံနေရသည်။ ထို့ကြောင့် ဤနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းနေခြင်းဖြစ်သည်။

‘ကျွတ်... ငါသာ နတ်ဘုရားသစ်ပင်ရဲ့ ပင်စည်ကို မှီထားနိုင်မယ်ဆိုရင် ဝိညာဉ်စွမ်းအင်တွေ ဘယ်လောက်တောင် ရလိုက်မလဲ’

ကျန်းရီ မျက်လုံးပြန်ဖွင့်ကာ အဝေးမှ သစ်ပင်ပင်စည်ကို ပိုကောင်းစွာမြင်ရရန် အားစိုက်၍ ခေါင်းလှည့်ကြည့်လိုက်သည်။ ပင်စည်ကို နတ်ဘုရားရောင်ဝါများက လှည့်ပတ်နေသည်။ နတ်ဘုရားသစ်ပင်က အသက်ဝင်လာမည်လောဟု သူ တွေးမိသွားသည်။ အဘယ်ကြောင့် ၎င်းက မိုးမြေဝိညာဉ်စွမ်းအင်များစွာကို စုပ်ယူနေရသနည်း။

ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်မြေရှိ သေမင်း၏သိပ်သည်းပင်လယ်အကြောင်းကို ပြန်တွေးမိလိုက်၏။ ဆန်းကြယ်ဧကရာဇ်က ထိုနယ်မြေထဲတွင် မိုးမြေအတွင်းအားကို စုပ်ယူနိုင်သည့် ဧရာမအစီအရင်ကြီးတစ်ခု ဆင်ခဲ့သည်။ ထို့ကြောင့် ထိုထဲ၌ မိုးမြေအတွင်းအားက အလွန်သိပ်သည်းနေခဲ့သည်။ နောက်ဆုံးတွင် ထိုမှ သစ်ပင်များက အသက်ဝင်လာကြပေသည်။ ဤနတ်ဘုရားသစ်ပင် တည်ရှိနေခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းသောင်းနှင့်ချီနေလောက်ပေပြီ။ ၎င်းက အသက်ဝင်မလာသေးလျှင်သာ ထူးဆန်းနေမည်ဖြစ်သည်။

ကျန်းရီတစ်ယောက် ထိုသို့တွေးမိသည်နှင့် ကြက်သီးမွေးညင်းများ ထသွား၏။ သစ်ကိုင်းတစ်ကိုင်းက သူ့ဆီ ရွေ့လျားလာပြီး သူ့ကို ရစ်ပတ်ကာ ပင်စည်ထဲ ဆွဲခေါ်သွားသည့် အဖြစ်ကို သူ တွေးမိလိုက်သည်။ သူ တုန်လှုပ်သွားပေသည်။

‘အဲ့ဒါတွေက အရေးမပါတော့ပါဘူး’

ကျန်းရီ မျက်နှာလွှဲလိုက်ပြီး ထိုအရာများကို မတွေးမိရန် ကြိုးစားလိုက်သည်။ ဤသစ်ပင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ရှိနေခဲ့သည်မှာ အလွန်ကြာလောက်ပေပြီ။ ၎င်းသာ အမှန်တကယ် အသက်ဝင်လာလျှင် ဆောင်းဥတုအရှင်ပင် ၎င်းကို ယှဉ်နိုင်လောက်မည် မဟုတ်ချေ။ ဆောင်းဥတုအရှင်နှင့် အခြားစွမ်းအားကြီး သိုင်းသမားများလည်း ဤဆန်းကြယ်နယ်မြေထဲ ရောက်ဖူးသည်။ သူတို့က မည်သို့မှ မဖြစ်ခဲ့ရာ သူ့အတွက်လည်း ပြဿနာရှိလိမ့်မည် မဟုတ်ဟု ကျန်းရီ ခန့်မှန်းပေသည်။

ကျန်းရီ မျက်လုံးမှိတ်ကာ သစ်ပင်ကို ဆက်အာရုံခံနေလိုက်သည်။ အတော်ကြာပြီးနောက် သိပ်သည်းသော မိုးမြေဝိညာဉ်စွမ်းအင်နှင့် အားကောင်းသော မြေဆွဲအားတို့မှလွဲ၍ သစ်ပင်တစ်ဝိုက်တွင် အခြားထူးခြားမှုများ မရှိကြောင်း သူ သိလိုက်ရသည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။ ငါးမိနစ်ကြာပြီးနောက် မြေကြီးထဲမှနေ၍ ထူးဆန်းသောအသံ ထပ်မံထွက်ပေါ်လာ၏။ ကျန်းရီသည် ရင်ဘတ်ကို ဓားနှင့်အထိုးခံလိုက်ရသလို ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော် သူ့မျက်နှာပေါ်တွင် နာကျင်သည့်အရိပ်အယောင် ထွက်ပေါ်မလာဘဲ ဝမ်းမြောက်စိတ်လှုပ်ရှားသည့် အရိပ်အယောင်သာ ထွက်ပေါ်လာသည်။

“ဒီနတ်ဘုရားသစ်ပင်က တကယ့်ကို မိစ္ဆာဓာတ်ကို ဖယ်ပေးနိုင်တာပဲ။ ငါ့စိတ်ထဲမှ ဘာမကောင်းတဲ့အတွေးမှ မရှိဘူး”

ကျန်းရီ သူ့ဘာသာ ရေရွတ်လိုက်သည်။ သူ၏ မျှော်လင့်ချက်က ဆတိုး တိုးလာလေသည်။ ထို့ပြင် အ‌တော်ကြာသည်အထိ လသားရဲတစ်ကောင်မှ ပေါ်မလာခဲ့ချေ။ ယင်းက မည်သည့်အဓိပ္ပာယ်နည်း။ လသားရဲများက မြေအောက်ထဲမှနေ၍ ထွက်မလာနိုင်ဆိုသော အဓိပ္ပာယ်ပင်။ သူသာ ဤနေရာတွင် ဆက်နေနေလျှင် လုံခြုံပေလိမ့်မည်။ အနည်းဆုံးတော့ အနီရောင်အလင်း ထွက်ပေါ်မလာခင်အထိ သူ လုံခြုံနိုင်လောက်ပေသည်။

နှစ်နာရီကြာသွားသည်အထိ လသားရဲတစ်ကောင်မှ ထွက်ပေါ်မလာခဲ့ပေ။ သို့သော် ကျန်းရီသည် ဆယ့်ငါးမိနစ်လျှင်တစ်ကြိမ် ထူးဆန်း‌သောအသံကို ကြားနေရသည်။ မည်သို့ပင်ဖြစ်စေ အနီရောင်အလင်း ပေါ်မလာခင်အထိ လသားရဲများက သူ့ကို တိုက်ခိုက်မည်မဟုတ်ကြောင်း ကျန်းရီ အလွန်သေချာနေပေသည်။

နတ်ဘုရားသစ်ပင်အောက်တွင် မိစ္ဆာဓာတ်၏ သက်ရောက်နိုင်စွမ်းက အလွန်အားနည်းနေသည်။ ယင်းကို ကျန်းရီ၏ ခိုင်မာသောစိတ်ဓာတ်၊ တံဆိပ်စာလုံးများ၏ စွမ်းအားတို့နှင့် ပေါင်းစပ်လိုက်သောအခါ မိစ္ဆာဓာတ်က ကျန်းရီအပေါ် မသက်ရောက်နိုင်တော့ချေ။ တစ်ခုတည်းသော ပြဿနာမှာ အနီရောင်အလင်း ဖြာကျလာချိန်တွင် ကျန့်ရှမျိုးနွယ်ဝင်များက လသားရဲများကို ထိန်းထားနိုင်မည်၊ မနိုင်မည်ကို မသိရခြင်းပင်။

‘မင်း သစ်ပင်ဆီ ရောက်အောင်သွားနိုင်ရန် မင်းရဲ့ရှင်သန်နိုင်ခြေက ခြောက်ဆယ်ရာခိုင်နှုန်းအထိ တိုးသွားလိမ့်မယ်’

ကျန်းရီသည် ဆောင်းဥတုအရှင်၏ စာထဲမှ စာသားများကို ပြန်တွေးလိုက်၏။ သူ့မျက်ဝန်းများ တောက်ပလာသည်။ ဤနတ်ဘုရားသစ်ပင်က သူ၏ရှင်သန်နိုင်ခြေက များစွာတိုးမြှင့်ပေးပေလိမ့်မည်။ သို့သော် ရှင်သန်နိုင်ခြေ ခြောက်ဆယ်ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ဆိုခြင်းမှာ ဆောင်းဥတုအရှင်က ကျန်းရီကို ပိုတွက်ခဲ့ခြင်း ဖြစ်နိုင်သည်။ ကျန်းရီသည် သုံးရက်အတွင်းတွင် လသားရဲများ၏ တိုက်ခိုက်မှုကို အကြိမ်သုံးရာကျော် ခံရမည်ဖြစ်သည်။ ကျန့်ရှမျိုးနွယ်ဝင်များက သိပ်မကျန်တော့ရာ သူ အကြိမ်မည်မျှ တောင့်ခံနိုင်ပါမည်နည်း။

‘ဘာပဲဖြစ်ဖြစ်ကွာ... အရင်ဆုံး ငါ ကျင့်ကြံရမယ်။ ဒီနေရာက မိုးမြေဝိညာဉ်စွမ်းအင်က အရမ်းသိပ်သည်းတယ်။ ဒီမှာ ငါ မကျင့်ကြံရင် အခွင့်အရေးကောင်းကို ဖြုန်းပစ်သလို ဖြစ်သွားလိမ့်မယ်’

ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်၏။ သူ ကောင်းကင်စွမ်းအားကို ကျင့်ကြံရင်း သူ၏စွမ်းရည်များကို တိုးတက်အောင် လုပ်နိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားလိုက်သည်။ သူ၏စွမ်းရည်များ တိုးတက်လာလျှင် သူ၏ရှင်သန်နိုင်ခြေလည်း တိုးလာမည်ဖြစ်သည်။

ဒူ...ဒူ...

ဤနေရာတွင် ကျင့်ကြံရခြင်းက အလွန်စိတ်ရှုပ်ဖွယ်ကောင်း၏။ ထူးဆန်းသောအသံက မြေအောက်ထဲမှနေ၍ ဆယ့်ငါးမိနစ်လျှင်တစ်ကြိမ် ထွက်ပေါ်လာနေသည်။ ထိုအသံထွက်ပေါ်လာသည်နှင့် ကျန်းရီ ကျင့်ကြံနေရာမှ အာရုံပျံ့လွင့်သွားပေသည်။ ကျင့်ကြံနေရာမှ ရုတ်တရက် နိုးထလာရခြင်းက အလွန်နာကျင်ရကာ မချင့်မရဲဖြစ်ဖွယ်ပင်။ တော်သေးသည်မှာ သူ ထိုအသံကို ကြားနေရသော်လည်း မိစ္ဆာဓာတ်၏ သက်ရောက်မှုကို မခံရခြင်းပင်။ ထို့ကြောင့် ကျန်းရီသည် စိတ်ရှုပ်မှုကို ချိုးနှိမ်၍သာ ဆက်ကျင့်ကြံနေရသည်။ သူ နတ်ဘုရားအသံကောင်းကင်အတတ်ကိုလည်း ဆက်လေ့လာနေလိုက်ပေသည်။

လျှပ်တစ်ပြက်အတွင်းမှာပင် နာရီနှစ်ဆယ် ကုန်ဆုံးသွားသည်။

မည်းမှောင်နေသော ကောင်းကင်တွင် အလင်းစက်တစ်စက် ထွက်ပေါ်လာ၏။ အစက်ပျောက်က အတန်းဖြစ်လာပြီး မကြာခင်မှာပင် အနီရောင်အလင်းတန်းများ အပြစ်ဆေးကြောဆတန်းကြယ်နယ်မြေ တစ်ခွင်လုံးကို ဖုံးလွှမ်းသွားသည်။ မည်းမှောင်နေသော နယ်မြေထဲသို့ ဆန်းကြယ်မှုတစ်ခု ကျရောက်လာပေပြီ။

ဝုန်း...ဝုန်း...ဝုန်း...

နတ်ဘုရားသစ်ပင်၏ ပတ်ပတ်လည်မှ မြေပြင်က စတင်ကွဲအက်လာပြီး မရေမတွက်နိုင်သော လသားရဲများသည် တမလွန်ဘုံမိစ္ဆာများအလား ပျံထွက်လာကြသည်။ ၎င်းတို့က ထူးဆန်းသောအသံများ ပြုလိုက်ရာ ကျန်းရီ ကြက်သီးပင်ထသွားသည်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်ငြိမ်သက်မှု ပျက်စီးသွားပြီဖြစ်သည်။

ကျန်းရီ ချက်ချင်း မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ သူ ရင်တုန်သွား၏။ ပြဿနာတက်နေပေပြီ။ အဘယ်ကြောင့်ဆိုသော် အနီရောင်အလင်း ထွက်ပေါ်လာသည်နှင့် နတ်ဘုရားသစ်ပင် ပတ်ပတ်လည်မှ နတ်ဘုရားရောင်ဝါက သိသိသာသာ မှိန်လာ၍ပင်။ သူ့ခန္ဓာကိုယ်ပေါ်မှ ဖိအားကလည်း တစ်ဝက်လောက် လျော့ကျသွားသည်။ လသားရဲများက စီးဆင်းနေသောမြစ်တစ်စင်းအလား အုပ်လိုက်ပြီး သူ့ထံ ပျံသန်းလာသည်။ ၎င်းတို့က မည်မျှများကြောင်းကိုပင် သူ မရေတွက်နိုင်ပေ။

ရွှီး...

ကျန်းရီ၏လက်ထဲတွင် ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာသည်။ နတ်ဘုရားသစ်ပင်၏ ပင်စည်အနား သွားရန် အချိန်မရှိတော့ပေ။ သူ ရုတ်ခြည်းပင် ဗျပ်စောင်း စတင်တီးခတ်လိုက်ပြီး လသားရဲများကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။ သူသာ ထိုသို့မလုပ်လျှင် ကျန့်ရှမျိုးနွယ်ဝင်များ ဖျက်ဆီးခံလိုက်ရပေလိမ့်မည်။ ၎င်းတို့အားလုံး ဖျက်ဆီးခံလိုက်ရလျှင် ကျန်းရီ သေရန် ထိုင်စောင့်နေရုံသာ ရှိတော့ပေမည်။

တန်...တောင်...

ဗျပ်စောင်းသံများက လသားရဲများ၏ အော်သံများကို တိတ်ဆိတ်သွားစေ၏။ ၎င်းတို့၏ အမြန်နှုန်းကလည်း နှေးသွားသည်။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို လှုပ်ရှားရန် အမိန့်မပေးသေးဘဲ လသားရဲများ နီးကပ်လာမည်ကို စောင့်နေသည်။ လသားရဲများ နီးကပ်လာလေလေ၊ ဗျပ်စောင်းသံက ၎င်းတို့အပေါ် ပိုသက်ရောက်နိုင်လေလေပင်။ ထိုအခါ ၎င်းတို့ကို သတ်ရန် ပိုလွယ်ကူပေလိမ့်မည်။

“ကျန့်ရှဘုရင် လှုပ်ရှားတော့”

လသားရဲများက ကျန့်ရှမျိုးနွယ်ဝင်များနှင့် သုံးကီလိုမီအကွာသို့ ရောက်လာသောအခါ ကျန်းရီ အော်ပြောလိုက်သည်။ ကျန့်ရှဘုရင်သည် ထက်ရှသော ဓားတစ်လက်အလား ပျံထွက်သွား၏။ သွေးအေးရက်စက်သော ကျန့်ရှမျိုးနွယ်ဝင်အုပ်ကြီးကလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည်။ ကျန့်ရှမျိုးနွယ်ဝင်တစ်ထောင်လောက်သာ ကျန်းရီကို ကာကွယ်ရန် အနောက်တွင် နေခဲ့ကြပေသည်။

“အရမ်းကောင်းတယ်...”

မကြာခင်မှာပင် ကျန်းရီ တစ်စုံတစ်ခုကို သိလိုက်ရသည်။ လသားရဲများက ယပ်တောင်ပုံစံ ဖြန့်ကျက်၍ တိုက်ခိုက်နေကြသည်။ လသားရဲတစ်ကောင်ကမှ သူ့အနောက်ဘက်မှနေ၍ မတိုက်ခိုက်ကြပေ။ လသားရဲများက နတ်ဘုရားသစ်ပင်ကို ဖြတ်ကျော်၍ ကျန်းရီကို မတိုက်ခိုက်နိုင်ပုံပင်။ ထို့ကြောင့် ကျန်းရီ ဖိအားများစွာ မခံရတော့ပေ။ ဤတိုက်ပွဲတွင် ကျဆုံးမည့် ကျန့်ရှမျိုးနွယ်ဝင်အရေအတွက်ကလည်း လျော့နည်းသွားပေလိမ့်မည်။

သို့သော်...

အခြေအနေက ဆိုးဝါးခဲ့ပေသေးသည်။ ငါးမိနစ်ကြာပြီးနောက် ကျန်းရီ ဗျပ်စောင်းအတီး ရပ်လိုက်သည်။ လသားရဲများ ပြန်ဆုတ်သွားကြပြီး နတ်ဘုရားသစ်ပင်မှ နတ်ဘုရားရောင်ဝါလည်း ပြန်၍ တောက်ပလာသည်။ ရှေ့ထွက်တိုက်ခိုက်ခဲ့သော ကျန့်ရှမျိုးနွယ်ဝင်ခြောက်သိန်းကျော် ခုနစ်သိန်းထဲတွင် တစ်ဝက်မပြည့်သောအရေအတွက်သာ ပြန်လာနိုင်ခဲ့ပေသည်။

နတ်ဘုရားသစ်ပင်၏ ကာကွယ်ပေးမှုကြောင့် ဤတစ်ခေါက်တွင် ကျန့်ရှမျိုးနွယ်ဝင်များစွာ မကျဆုံးခဲ့သော်လည်း လသားရဲများက အလွန်ခက်ထန်ကြသဖြင့် ကျန့်ရှမျိုးနွယ်ဝင် လေးသိန်းနီးပါး ဆုံးရှုံးခဲ့ရပေသေးသည်။

ယခုတွင် ဆောင်းဥတုပုလဲထဲ၌ ကျန့်ရှမျိုးနွယ်ဝင် ရှစ်သန်းခွဲလောက်သာ ကျန်တော့သည်။ တစ်နည်းဆိုရလျှင် လသားရဲများနှင့် နောက်ထပ်အကြိမ်နှစ်ဆယ်လောက် တိုက်ခိုက်ပြီးလျှင် ကျန်းရီထံတွင် ကျန့်ရှမျိုးနွယ်ဝင်တစ်ကောင်မှ ကျန်တော့မည် မဟုတ်ပေ။ ထိုအခါ သူ့ကိုယ်တိုင် တိုက်ခိုက်ရပေလိမ့်မည်။

***

All Chapters