နတ်ဘုရားအသံ ထွက်ပေါ်၊ နတ်ဘုရားသစ်ပင် လှုပ်ရှား
Vol. 110 Ch. 1535
မည်းမှောင်နေသော နယ်မြေထဲတွင် နတ်ဘုရားရောင်ဝါ တောက်ပနေသော မိုးထိအောင် မြင့်မားသည့် သစ်ပင်တစ်ပင် ရှိနေသည်။ ထိုဧရာမသစ်ပင်ကြီး၏ မြောက်ဘက်တွင် အရှုပ်အထွေးတစ်ခု ရှိနေ၏။ ထိုနေရာတွင် ကျန့်ရှမျိုးနွယ်ဝင်များ၏ အလောင်းများနှင့် လသားရဲများ၏ အလောင်းများ ပြည့်နှက်နေသည်။ မြေပြင်ပေါ်တွင် အစိမ်းရောင်သွေးများ စွန်းထင်းနေပြီး လေထဲတွင် သေခြင်းတရား၏ အနံ့အသက် ပျံနှံ့နေသည်။ ထိုအနံ့အသက်က ကျန်းရီကို ပျို့အန်ချင်စိတ် ပေါက်လာစေပေသည်။
အလောင်းများနှင့် နတ်ဘုရားသစ်ပင်ကြားတွင် သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက ကျောက်ရုပ်တုများအလား မြဲမြဲမြံမြံ ရပ်နေကြသည်။ ၎င်းတို့သည် အသက်လက္ခဏာမပြဘဲ တိတ်ဆိတ်နေရာ ကြည့်မိသူများအဖို့ ၎င်းတို့ကို ကြောက်ရွံ့သွားလောက်ပေသည်။ ထိုကျန့်ရှမျိုးနွယ်ဝင်များ၏ အလယ်တွင် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ဗျပ်စောင်းတစ်လက်ကို ပိုက်၍ မြေပြင်ပေါ်၌ ထိုင်နေ၏။ ဗျပ်စောင်းပေါ်တွင် သွေးများ ရှိနေပြီး ထိုလူငယ်၏ ခန္ဓာကိုယ်က ဗျပ်စောင်းပေါ် ကိုင်းကျနေသည်။ သူ့မျက်နှာက သွေးရောင်ကင်းမဲ့နေကာ သူ့ပါးစပ်မှနေ၍ သွေးများ စီးကျနေသည်။
ထိုမြင်ကွင်းက အမှန်ပင် အလွန်ထူးဆန်းပေသည်။
အကယ်၍ ထိုပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက်ရှိနေလျှင် ၎င်းမြင်ကွင်းကို ကြည့်ကာ ကြက်သီးထသွားပေလိမ့်မည်။ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်က ဆံပင်အနီရောင်နှင့်ဖြစ်သည်။ သူ့ဝတ်ရုံဖြူပေါ်တွင် လူတိုင်းကို တုန်လှုပ်သွားစေမည့် သွေးကွက်များ ရှိနေသည်။ သူသည် မျက်လုံးမှိတ်ထားကာ ဗျပ်စောင်းပေါ်တွင် မလှုပ်မယှက် ကိုင်းကျနေ၏။ သူပုံစံက လူသေတစ်ယောက်ကဲ့သို့ပင်။
ဒူ...
ခေတ္တကြာပြီးနောက် မြေကြီးအောက်မှနေ၍ ထူးဆန်းသောအသံ ထွက်ပေါ်လာ၏။ လူငယ်၏ ခန္ဓာကိုယ် အပြင်းအထန် တုန်ခါသွားသည်။ သူ့မျက်နှာပေါ်တွင်လည်း နာကျင်သည့် အရိပ်အယောင် ထွက်ပေါ်လာပြီး ပါးစပ်မှနေ၍ သွေးများပိုစီးကျလာသည်။ သို့သော် သူ မျက်လုံးများမှိတ်ထားဆဲပင်။
အတော်ကြာပြီးနောက်...
နောက်ဆုံးတွင် ကျန်းရီ မျက်လုံးများ ဖွင့်လိုက်သည်။ သို့သော် သူ့မျက်လုံးများက အရောင်ကင်းမဲ့နေပြီး အလွန်လေးနက်သည့် အငွေ့အသက်တစ်ခုသာ ရှိနေပေသည်။
အခြေအနေက ရှင်းလင်းသွားပေပြီ။
နတ်ဘုရားသစ်ပင်အောက်တွင် ကျန်းရီ၏ ရှင်သန်နိုင်ခြေက များစွာတိုးတက်လာခဲ့သည်။ သို့သော် ယင်းက သူ့အတွက် အသုံးမဝင်ပါပေ။ မကြာခင် သူ အဖြေတစ်ခု မရှာနိုင်လျှင် ဆန်းကြယ်နယ်မြေပေါ်သို့ အနီရောင်အလင်း အကြိမ်နှစ်ဆယ် ဖြာကျပြီးနောက်တွင် ကျန့်ရှမျိုးနွယ်ဝင်အားလုံး သေဆုံးသွားပေလိမ့်မည်။ ကျန့်ရှဘုရင်လည်း သေဆုံးသွားနိုင်သည်။ မသေလျှင်လည်း သူနှင့် ကျန့်ရှဘုရင် နှစ်ယောက်တည်းနှင့် လသားရဲများကို ခုခံနိုင်မည် မဟုတ်ချေ။
လသားရဲများ၏ အကြိမ်နှစ်ဆယ်ကျော် တိုက်ခိုက်မှုက အနိမ်ဘုံအချိန် ရက်နှစ်ဆယ်ကျော်နှင့် ညီပေသည်။ ထိုရက်နှစ်ဆယ်အတွင်း ကျန်းရီ ထိုလသားရဲများကို ဖိနှိပ်နိုင်မည့် နည်းလမ်းတစ်ခု ရှာရပေမည်။ မဟုတ်လျှင် သူ နတ်ဘုရားသစ်ပင်၏ ထာဝရအဖော် ဖြစ်သွားပေလိမ့်မည်။
“ရှောင်မုန့်...”
ကျန်းရီ လေသံတိုးတိုးဖြင့် ခေါ်လိုက်၏။ မီးနဂါးဓား လင်းလက်လာကာ သားရဲလေးက အလင်းတန်းပုံစံဖြင့် ပျံထွက်လာသည်။ ထို့နောက် ၎င်း ကျန်းရီ၏ ပခုံးထက်တွင် ရပ်လိုက်သည်။ သားရဲလေးသည် ကျန်းရီကို နားမလည်နိုင်ဟန်ဖြင့် ကြည့်ကာ အသံပို့လွှတ်လိုက်၏။
“တမုန့်... ဘာလို့ ငါ့ကို ခေါ်တာလဲ။ စားကောင်းတဲ့ဟာ တစ်ခုခု ရှိလို့လား”
“ဟင်းဟင်း...”
ကျန်းရီ ခါးသက်သက်ရယ်ကာ ပြောလိုက်၏။
“အခု ငါ ပြဿနာတက်နေပြီ။ မိစ္ဆာတွေ အများကြီးက ငါ့ကို သတ်ဖို့လုပ်နေကြတယ်။ မင်း သူတို့ကို ဖိနှိပ်ပေးနိုင်မလား”
ကောင်းကင်ဝါးမျိုသားရဲသည် လသားရဲများ၏ အလောင်းများကို လှမ်းကြည့်လိုက်၏။ ထို့နောက် ၎င်း ခေါင်းခါကာ ပြောလိုက်သည်။
“ဟင့်အင်း... ငါ သူတို့ကို ဖိနှိပ်မပေးနိုင်ဘူး။ ငါက သူတို့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ မင်း ငါ့ကို မီးတောက်တွေ၊ အနက်ရောင်မိုးကျောက်တုံးတွေနဲ့ ရွှေရောင်မီးကျောက်တုံးတွေ ပေးမယ်ဆိုရင်တော့ ငါ ပိုကြီးလာပြီး သူတို့ကို တိုက်ခိုက်ဖို့ မင်းကို ကူညီပေးနိုင်တယ်”
“အင်း... ပြန်သာအိပ်နေလိုက်ပါတော့”
ကျန်းရီ ခါးသီးစွာပြုံး၍ ကောင်းကင်ဝါးမျိုသားရဲကို မီးဝိညာဉ်ပုလဲထဲ ပြန့်ပို့လိုက်သည်။ လက်ရှိအခြေအနေတွင် သူ ထိုရတနာများကို မည်သည့်နေရာ၌ သွားရှာရမည်နည်း။ သူ ရှာနိုင်လျှင်ပင် ကောင်းကင်ဝါးမျိုသားရဲက အချိန်တိုအတွင်း သန်မလာနိုင်ပါမည်လော။ ထိုသားရဲလေးသည် အစာစားပြီးလျှင် စွမ်းအင်ချေဖျက်ရန်အတွက် အိပ်စက်ရပေသည်။ ၎င်း၏ တိုးတက်နှုန်းက နှေးကွေးရာ ၎င်းသည် ကျန်းရီကို လက်ရှိအန္တရာယ်နှင့် ရင်ဆိုင်နိုင်အောင် ကူညီပေးနိုင်မည် မဟုတ်ချေ။
ကျန်းရီသည် ကောင်းကင်ဝါးမျိုသားရဲအပေါ် မမှီခိုနိုင်သဖြင့် သူ့ကိုယ်သူသာ မှီခိုရပေတော့မည်။ သူ တစ်နာရီကြာ တွေးတောပြီးနောက် အခြေအနေကို ရှင်းရှင်းလင်းလင်း သိသွားသည်။ အနိမ့်ဘုံအချိန် ရက်နှစ်ဆယ်က အလွန်တိုတောင်းလွန်းသည်။ အရူးများသာ ထိုအချိန်တိုအတွင်း စည်းမျဉ်းဆန်းကြယ်စွမ်းရည်အသစ်တစ်ခုကို သိမြင်နားလည်နိုင်ရန် မျှော်လင့်ပေလိမ့်မည်။ ထို့ကြောင့် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ နတ်ဘုရားအသံ ကောင်းကင်အတတ်၊ မိုးမြေအနှစ်သာရဖြစ်သော ကောင်းကင်စမ်းရေစည်းချက်ကို ပိုသိမြင်နားလည်လာအောင် လုပ်ရန်သာ ဖြစ်ပေသည်။
ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က တိုးတက်မလာလျှင် သို့မဟုတ် ကျန်းရီ ကောင်းကင်စမ်းရေစည်းချက်ကို နားမလည်နိုင်လျှင် မသေမျိုးများပင် ကျန်းရီကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။
ကျန်းရီသည် နတ်ဘုရားအသံ ကောင်းကင်အတတ်ကို အသုံးပြု၍ လသားရဲများကို ဖိနှိပ်နိုင်သည်။ သူသာ ထိုအတတ်ကို ပိုစွမ်းအားကြီးလာအောင် လုပ်နိုင်မည်ဆိုလျှင် လသားရဲများကို မလှုပ်နိုင်တော့သည်အထိ ဖိနှိပ်နိုင်လောက်သည်။ ထိုအခါ နတ်ဘုရားသစ်ပင်အောက်တွင် မည်သည့်အန္တရာယ်မှမရှိဘဲ သူ နေချင်သလောက် နေနိုင်မည်ဖြစ်သည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းကလည်း လျင်မြန်စွာ တိုးတက်လာနိုင်သည်။ ယင်းတိုးတက်နှုန်းက ရှေးဦးဆန်းကြယ်နယ်မြေထဲမှ တိုးတက်နှုန်းနှင့်ပင် တူညီနိုင်ပေသည်။
‘အာ.. အများကြီး တွေးမနေနဲ့တော့။ အရင်ဆုံး ငါ ရှင်သန်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့’
ကျန်းရီ မျက်လုံးမှိတ်ကာ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်လိုက်ပြီး ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ အချိန်က အနည်းငယ်သာ ရှိသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို တိုးတက်လာအောင် လုပ်နိုင်မည့် နည်းလမ်းကို တွေးတောကာ အချိန်ဖြုန်းနေလျှင် သူ၏ရှင်သန်နိုင်ခြေ လျော့ကျသွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ ကောင်းကင်စမ်းရေစည်းချက်ကို လေ့လာရန်သာ အာရုံစိုက်လိုက်ရသည်။ သူ ထိုမိုးမြေအနှစ်သာရကို သိမြင်နားလည်နိုင်မည်ဆိုလျှင် နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း တိုးတက်သွားမည်ဖြစ်သည်။
ကျန်းရီ၏ စိတ်အာရုံထဲတွင် ကောင်းကင်စမ်းချောင်း၏ ပုံရိပ်များနှင့် သူကြားခဲ့သော ဆန်းကြယ်သည့်စည်းချက် ထွက်ပေါ်လာ၏။ သူသည် ကောင်းကင်စွမ်းအား ကျင့်ကြံရင်း ထိုစည်းချက်ကို အာရုံစိုက်ကာ လေ့လာလိုက်သည်။ ထို့နောက် သူ ပတ်ဝန်းကျင်မှ အရာအားလုံးကို မေ့လျော့သွားသည်။ အချိန်ကြာလာသည်နှင့်အမျှ မြေကြီးထဲမှ ထွက်လာသည့် ထူးဆန်းသောအသံများကိုပင် သူ လျစ်လျူရှုလာနိုင်ပေသည်။ မိစ္ဆာဓာတ်က သူ့စိတ်ဝိညာဉ်ကို တိုက်ခိုက်ချိန်တွင်ပင် အရေးမစိုက်မိစေရန် သူ သူ့ကိုယ်သူ ဖိအားပေးကာ ကောင်းကင်စမ်းရေစည်းချက်ကို လေ့လာရာတွင်သာ အပြည့်အဝ စိတ်နှစ်ထားပေသည်။ သူ့တွင် အမှန်ပင် အချိန်သိပ်မကျန်တော့ပါပေ။
ကံဆိုးစွာပင်...
နတ်ဘုရားသစ်ပင်အောက်တွင် မိုးမြေဝိညာဉ်စွမ်းအင် သိပ်သည်းသော်လည်း ကျန်းရီ၏ စည်းမျဉ်းများအပေါ် သိမြင်နားလည်နိုင်နှုန်းက ရှေးဦးဆန်းကြယ်နယ်မြေထဲမှလောက် မမြန်ပေ။ ဆိုရလျှင် မည်သည့်တိုးတက်မှုမှ မရှိခဲ့ပေ။ ထို့ကြောင့် သူ အပြည့်အဝ အာရုံစိုက်ထားသော်လည်း မည်သည်ကိုမှ မသိမြင်နားမလည်နိုင်သေးပေ။ နာရီနှစ်ဆယ်က ထိုသို့သာ ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ထဲတွင် အနီရောင်အလင်း ထပ်မံထွက်ပေါ်လာပြီး လသားရဲများက မြေအောက်ထဲမှ ပြန်ထွက်လာကြသည်။ သတ်ဖြတ်မှုဖြစ်စဉ်ကြီး ထပ်မံစတင်ပေပြီ။
တန်...တောင်...
ကျန်းရီသည် စိတ်ပျက်စွာဖြင့် ကျင့်ကြံခြင်း ရပ်တန့်လိုက်ပြီး ဗျပ်စောင်းကို ပြန်တီးလိုက်သည်။ တစ်ချိန်တည်းမှာပင် သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကို ထုတ်၍ လသားရဲများ၏ တိုက်ခိုက်မှုများကို ကာလိုက်သည်။
တောင်...တွမ်...
ဗျပ်စောင်းသံက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားနေသည်။ ကျန့်ရှမျိုးနွယ်ဝင်များနှင့် လသားရဲများကလည်း ကျန်းရီနှင့် မလှမ်းမကမ်းတွင် တိုက်ခိုက်နေကြသည်။ လသားရဲများကြောင့် ကျန့်ရှမျိုးနွယ်ဝင် တစ်ကောင်ပြီးတစ်ကောင် အမှုန့်ဖြစ်သွားနေသည်။ ကျန့်ရှမျိုးနွယ်ဝင်များကလည်း လသားရဲများကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်နေကြသည်။ ကျန့်ရှဘုရင်က အလွန်စွမ်းအားကြီးရာ အဆင့်မြင့်လသားရဲများကိုပင် တစ်ချက်တည်းနှင့် သတ်ပစ်နိုင်နေသည်။ ၎င်း၏ ခြေလက်များက အဆက်မပြတ် လှုပ်ရှားနေပေသည်။ မြေပြင်ကို သွေးများ ဖုံးလွှမ်းလာသည်။ သွေးညှီနံ့များက ပျို့အန်ချင်ဖွယ်ပင်။ နတ်ဘုရားသစ်ပင်၏ အောက်ဘက်သည် လောကငရဲတစ်ခု ဖြစ်လာပေပြီ။
ကျန်းရီသည် ဗျပ်စောင်းတီးခတ်မှုကိုသာ အပြည့်အဝ အာရုံစိုက်ထားသည်။ သူ့မျက်နှာက သွေးရောင်ကင်းမဲ့နေပြီး သူ့မျက်လုံးများက မှိတ်နေသည်။ သို့သော် သူ့ခန္ဓာကိုယ်က အားကောင်းသော သတ်ဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။ သူက သူ့အရှေ့ရှိ အခြားသားရဲများကို ဝမ်းခေါင်းသံဖြင့် ဟိန်းနေသော ခက်ထန်သည့် သားရိုင်းတစ်ကောင်ကဲ့သို့ပင်။ သူသည် သူ့စွမ်းအင်အကုန်လုံးကိုလည်း ဗျပ်စောင်းထဲ ပို့လွှတ်နေသည်။ ရံဖန်ရံခါဆိုသလို သူ မျက်လုံးဖွင့်ကာ အရှေ့ကိုကြည့်၍ အခြေအနေက ထိန်းချုပ်မှုအောက်တွင် ရှိသေးသလောကို စစ်ဆေးသည်။
ကျန်းရီသည် ဗျပ်စောင်းကို တီးခတ်ရင်း သူ့ခေါင်းထဲမှ အသံများကို စိစစ်ပိုင်းခြားကာ ဗျပ်စောင်းကို ပိုအေးဆေးစွာတီးခတ်၍ ပိုကြောက်မက်ဖွယ်ကောင်းသည့် ရလဒ်များ ရလာအောင် လုပ်နိုင်မည့် နည်းလမ်းများ ရှိမည်လောဟု ရှာဖွေနေပေသည်။ ထို့ကြောင့် အစမှအဆုံးအထိ သူ သစ်ပင်ကြီးနှင့် ၎င်း၏အကိုင်းအခက်များကို တစ်ချက်ပင် မကြည့်မိခဲ့ချေ။
ကျန်းရီ မသိသည်မှာ သူ ဗျပ်စောင်းတီးခတ်နေချိန်တွင် သူ့အထက်မှ သစ်ကိုင်းများက ယိမ်းထိုးနေခြင်းပင်။ ထို့ပြင် ၎င်းတို့က ကောင်းကင်စမ်းရေစည်းချက်အတိုင်း လှုပ်ရှားနေခြင်းဖြစ်သည်။ သစ်ကိုင်းများမှ တွဲလောင်းကျနေသည့် အရွက်အချို့သည်ပင် ယိမ်းထိုးနေကြသည်။ နတ်ဘုရားသစ်ပင်က ကျန်းရီ၏ ဗျပ်စောင်းသံအလိုက် ကခုန်နေသော ကချေသည်တစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။
နှစ်မိနစ်ခွဲ ကုန်သွားသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်၍ တိုင်ပွဲပြင်ကို အာရုံခံကာ အခြေအနေက ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း သေချာအောင် အတည်ပြုလိုက်သည်။ ထို့နောက် သူ တေးသွားပြောင်း၍ တီးခတ်လိုက်သည်။ မူလတွင် သူ၏ဗျပ်စောင်းသံက ခက်ထန်နေခဲ့သည်။ ယခုတွင်မူ ဗျပ်စောင်းသံသည် များစွာပိုသိမ်မွေ့လာပြီဖြစ်သည်။ သို့သော် စည်းချက်က အတန်ငယ် နှေးသွားခြင်းသာဖြစ်သည်။ အသံမှာမူ စွမ်းအားကြီးနေဆဲပင်။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အစောမှတေးသွားက မိုးကြိုးမုန်တိုင်း သို့မဟုတ် ကမ်းခြေကို ရိုက်ပုတ်နေသော လှိုင်းများကဲ့သို့ဖြစ်ပြီး ယခုတေးသွားက ဆောင်းနေ့ရက်တစ်ရက်မှ သိမ်မွေ့သော လေညင်းလေးကဲ့သို့ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ ယခုတေးသွားသည် သိမ်မွေ့သော်လည်း လူတစ်ယောက်၏ ရင်ကို အေးစိမ့်သွားစေနိုင်ပေသေးသည်။
‘မဟုတ်သေးပါဘူး...’
ကျန်းရီသည် တေးသွား ပြောင်းလဲပြီးနောက် ကောင်းကင်စိတ်အာရုံ ထပ်မံထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ ဗျပ်စောင်းသံ၏ လသားရဲများအပေါ် သက်ရောက်နိုင်မှုက အတန်ငယ် အားနည်းသွားကြောင်း သူသိလိုက်ရသည်။ ကျန့်ရှမျိုးနွယ်ဝင်များလည်း ပို၍ အသတ်ခံလာရသည်။ ထို့ကြောင့် သူ ခက်ထန်သော တေးသွားကို ပြန်ပြောင်းလိုက်ရသည်။ အတန်ကြာပြီးနောက် သူ အခြားတေးသွားများကိုလည်း စမ်းတီးခတ်ကြည့်လိုက်သည်။ မည်သည့်တေးသွားကမှ ထိရောက်မှု မရှိပေ။ ပထမဆုံးတေးသွားကသာ စွမ်းအားအကြီးဆုံးဖြစ်ကြောင်း ထင်ရှားပေသည်။
“ဖူး...”
အနီရောင်အလင်း ပြန်ပျောက်ကွယ်သွားပြီး လသားရဲများ မြေကြီးထဲ ပြန်ဝင်သွားသောအခါ ကျန်းရီ ဆက်တောင့်မထားနိုင်တော့ဘဲ သွေးအန်ကာ ဗျပ်စောင်းအပေါ် မှောက်ကျသွားသည်။ ဗျပ်စောင်းသံ ရပ်တန့်သွားသည်နှင့် ကျန့်ရှမျိုးနွယ်ဝင်များက ကျန်းရီအနားသို့ လျင်မြန်စွာ ပြန်လာကြသည်။
တစ်ချိန်လုံး ယိမ်းထိုးနေခဲ့သည့် သစ်ကိုင်းများနှင့် သစ်ရွက်များလည်း ရပ်တန့်သွားသည်။ သစ်ပင်၏ နတ်ဘုရားရောင်ဝါလည်း ပြန်တောက်ပလာကာ ဆန်းကြယ်နယ်မြေထဲတွင် ပြန်ငြိမ်းချမ်းသွားပေသည်။ ပတ်ဝန်းကျင်တွင် ကျန်းရီ၏ ဖျော့တော့နေသော အသက်ရှူသံသာ စည်းချက်ကျကျ ထွက်ပေါ်နေလေသည်။
***