← Chapters

ဆုပ်ကိုင်ထားရန် ကောက်ရိုးတစ်မျှင်

Vol. 110 Ch. 1536

ဆုပ်ကိုင်ထားရန် ကောက်ရိုးတစ်မျှင်

Vol. 110 Ch. 1536

အချိန်က ဆက်၍ ကုန်ဆုံးလာသည်။ ကျန်းရီသည် ကောင်းကင်စမ်းရေစည်းချက်ကို သိမြင်နားလည်အောင်လုပ်ရန် ဆုံးဖြတ်ထားသည်။ အနီရောင်အလင်း ထပ်မံဖြာကျလာပြီး လသားရဲများ မြေကြီးထဲက ထွက်လာတော့မှ သူ မျက်လုံး ပြန်ဖွင့်လိုက်သည်။ လသားရဲများ ပြန်ဆုတ်သွားသည်နှင့် သူ မျက်လုံးထပ်မှိတ်ကာ ဆက်လေ့လာလိုက်သည်။ သူ အချိန်နှင့်နေရာကိုပင် မသိတော့ပေ။ ပတ်ဝန်းကျင်မှ အန္တရာယ်အားလုံးကိုလည်း မေ့လျော့သွားသည်။ သူ ဆက်၍အာရုံစိုက်ထားပြီး ကျန့်ရှမျိုးနွယ်ဝင်အားလုံး သေမသွားခင်တွင် တိုးတက်မှုအနည်းငယ် ရှိပါစေဟု မျှော်လင့်နေပေသည်။

‘ဘယ်နှစ်ကြိမ်ပြီးသွားပြီလဲ’

လသားရဲ နောက်တစ်လှိုင်း ပြန်ဆုတ်သွား၏။ ကျန်းရီသည် သူ၏ဗျပ်စောင်းပေါ်တွင် ဆယ်မိနစ်မှောက်ကာ အနားယူနေလိုက်ပြီး မြေအောက်ထဲမှ အသံကြောင့် နိုးလာသည်။ သူ မျက်တောင်ပုတ်ခတ်ကာ အလောင်းများနှင့် ပြည့်နှက်နေသော မြေပြင်ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် နာကျင်ခါးသီးသော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာလေသည်။

ကျန်းရီ ခေတ္တမျှ တွေးတောလိုက်၏။ အချိန်မည်မျှ ကုန်သွားပြီဖြစ်ကြောင်း သူ မသေချာပေ။ သူ ဆောင်းဥတုပုလဲကို ထုတ်၍ အထဲသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်လိုက်၏။ အချိန်မည်မျှ ကုန်သွားသည်က အရေးမပါချေ။ ပိုအရေးကြီးသော မေးခွန်းမှာ ကျန့်ရှမျိုးနွယ်ဝင် မည်မျှ ကျန်သေးကြောင်းပင်။ သူ မည်မျှကြာကြာ ဆက်ရှင်သန်နိုင်ဦးမည်ဖြစ်ကြောင်းပင်။

အချိန်များစွာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ကျန်းရီ ကောင်းကင်စမ်းရေစည်းချက်ကို မသိမြင်မနားလည်နိုင်သေးပေ။ သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေခြင်း သို့မဟုတ် သိမြင်နားလည်နိုင်စွမ်းက အလွန်နှေးနေခြင်း ဖြစ်မည်။ ကောင်းကင်စမ်းရေစည်းချက်က သူ၏စိတ်ဝိညာဉ်ထဲတွင် ရှိနေသော်လည်း ယင်းက သူ ၎င်းကို သိမြင်နားလည်နိုင်လိမ့်မည်ဟူသော အဓိပ္ပာယ် မဟုတ်ပေ။

ကောင်းကင်စမ်းရေစည်းချက်က စာမဲ့ စာအုပ်တစ်အုပ်ကဲ့သို့ပင်။ ၎င်းက ဆန်းကြယ်သောစာအုပ်တစ်အုပ်ဖြစ်ပြီး ၎င်းကိုသာ ဖတ်နိုင်မည်ဆိုလျှင် အကျိုးတစ်စုံတစ်ခု ရရှိမည်ဖြစ်ကြောင်း သူ သိပေသည်။ သို့သော် ပြဿနာမှာ ထိုစာအုပ်ထဲမှ စာများကို ရှာမတွေ့ခြင်းပင်။

‘နှစ်သန်းရှိသေးတယ်’

ကျန်းရီသည် ဆောင်းဥတုပုလဲထဲကို အာရုံခံကြည့်ပြီးနောက် နှုတ်ခမ်းတွန့်ကာ ခါးသက်သက် ပြုံးလိုက်၏။ ကျန့်ရှမျိုးနွယ်ဝင် ရှစ်သန်း ဖျက်ဆီးခံလိုက်ရပေပြီ။ သူ့တွင် နှစ်သန်းသာ ကျန်တော့သည်။ ထိုအရေအတွက်က အလွန်ဆုံးမှ သူ့ကို နောက်ထက် ငါးကြိမ်၊ ခြောက်ကြိမ်လောက်သာ တောင်ခံနိုင်စေမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် သူ နာရီတစ်ရာ သို့မဟုတ် နာရီတစ်ရာ့နှစ်ဆယ်သာ ဆက်ရှင်သန်နိုင်တော့မည်။ ထို့နောက်တွင်မူ သူ လမ်းဆုံးကို ရောက်သွားပေလိမ့်မည်။

“ဟူး...”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ ပင်ပန်းနွမ်းနယ်မှုက သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။ သူက မကြိုးစားခဲ့ခြင်း၊ အစွမ်းကုန်မသုံးခဲ့ခြင်း မဟုတ်ပေ။ သူ၏ရန်သူများက အလွန်သန်မာနေခြင်းသာ။ နတ်ဘုရားသစ်ပင်သို့ ရောက်လာလျှင် သူ၏ရှင်သန်နိုင်ခြေက ခြောက်ဆယ်ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ဆောင်းဥတုအရှင်က ပြောခဲ့သည်။ သို့သော် ဆောင်းဥတုအရှင်က အမှန်ပင် ကျန်းရီကို ပိုတွက်မိခဲ့ပေသည်။

ဘုန်း...

ကျန်းရီသည် သူ့ပေါင်ပေါ်မှ ဗျပ်စောင်းကို ဘေးသို့ ပစ်လိုက်ပြီး မြေပြင်ပေါ် ခေါင်းစိုက်လှဲချလိုက်၏။ သူ တွေးတောရန် အလွန်ပင်ပန်းနေပြီဖြစ်သည်။ ခတ္တေတော့ အနားယူရမည်။ သူက ကိုယ်ပင်ပန်းခြင်း မဟုတ်ဘဲ စိတ်ပင်ပန်းနေခြင်းဖြစ်ပေသည်။

ကျန်းရီ မြေပြင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးမှိတ်၍ တစ်ရေးအိပ်လိုက်၏။ ဖြစ်နိုင်မည်ဆိုလျှင် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်လိုသည်။ လူများနှင့် တိုက်ခိုက်ရခြင်း၊ ကောင်းကင်နှင့် ယှဉ်ပြိုင်ရခြင်းက အဆုံးမဲ့‌ ပျော်စရာကောင်းသည်ဆိုသော စကားမှာ ပေါက်ကရသာဖြစ်သည်။ မည်သူက နေ့စဉ် တိုက်ခိုက်ရလောက်အောင် အားနေပါမည်နည်း။ ငြိမ်းချမ်းသောဘဝတစ်ခုကို ရွေးချယ်နိုင်မည်ဆိုလျှင် သူ မရွေးချယ်ဘဲ နေမည်လော။ သူ ပျော်ရွှင်ဖွယ်နေရာတစ်ခုတွင် အခြေချနိုင်မည်ဆိုလျှင် အဘယ်ကြောင့် လောကထဲ လှည့်လည်သွားနေမည်နည်း။

ဒူ...

ကောင်းကင်က ကျန်းရီ၏ ငြိမ်းချမ်းမှုကို လက်မခံပေ။ မြေအောက်ထဲမှနေ၍ ထူးဆန်းသောအသံ ထပ်မံ ထွက်ပေါ်လာသည်။ ရုတ်ခြည်းပင် ကျန်းရီ သူ့ရင်ဘတ်ကို ဓားဖြင့်အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ ယခုတွင် သူသည် ထိုခံစားချက်ကို ထုံနေပြီဖြစ်သော်လည်း နီရဲ၊ နာကျင်နေသော မျက်နှာဖြင့် မျက်လုံးဖွင့်လိုက်ရသည်။

ကျန်းရီသည် မြေပြင်တွင် လှဲနေခြင်းဖြစ်ရာ မျက်လုံးဖွင့်လိုက်သည်နှင့် အထက်ရှိ သစ်ကိုင်းများနှင့် သစ်ရွက်များ ယိမ်းထိုးလာမှုကို မြင်လိုက်ရ၏။ သစ်ကိုင်းတုတ်တုတ်ကြီးများက မြွေများကဲ့သို့ တွန့်လိမ်နေကြသည်။ ထိုသစ်ကိုင်းများထဲတွင်လည်း နတ်ဘုရားရောင်ဝါ စီးဆင်းနေပေသည်။ ထို့ကြောင့် ၎င်းတို့က နွေးထွေးသောအလင်းတစ်ခုကို ထုတ်လွှတ်နေသည်။ သစ်ကိုင်းများမှ တွဲလောင်းကျနေသော သစ်ရွက်လေးများကလည်း ညလင်းပုလဲလေးများကဲ့သို့ ထင်ရပေသည်။

ကျန်းရီသည် ထိုနတ်ဘုရားသစ်ပင်ကို စူးစမ်းခဲ့သော်လည်း မည်သူ့ထူးခြားမှုကိုမှ မတွေ့ခဲ့ပေ။ သို့သော် အနီးကပ်၍တော့ မစူးစမ်းနိုင်ခဲ့ပေ။ ထို့နောက်တွင် သူ ကောင်းကင်စမ်းရေစည်းချက်ကို သိမြင်နားလည်နိုင်ရန် အာရုံစိုက်နေခဲ့ရာ နတ်ဘုရားသစ်ပင်ကို ထပ်စူးစမ်းရန် မေ့လျော့သွားခဲ့သည်။ ယခုတွင်မူ သူသည် ယိမ်းထိုးနေသော သစ်ကိုင်းများနှင့် သစ်ရွက်များကို ငေးကြည့်နေရင်း ရင်ထဲ ထူးထူးဆန်းဆန်း လှုပ်ရှားသွားပေသည်။

ထိုသစ်ကိုင်းများနှင့် သစ်ရွက်များထဲတွင် ဆန်းကြယ်မှုတစ်ခု ရှိနေပုံပင်။ မည်သည်က ဆန်းကြယ်နေခြင်းကိုမူ ကျန်းရီ မပြောနိုင်ချေ။ သို့သော် စူးစမ်းရန်တန်သည့် အရာတစ်ခုတော့ ရှိနေသည်ဟု သူ ခံစားနေရသည်။ ၎င်းတို့ထဲတွင် အံ့အားသင့်ဖွယ် အရာတစ်ခု ရှိနေလောက်သည်။ ထိုအရာက အကြွင်းမဲ့ မိုးမြေစည်းမျဉ်းတစ်ခု ဖြစ်နေနိုင်သည်။

ထိုဧရာမသစ်ပင်ကြီးသည် ဤကဲ့သို့ ဆိုးဝါးသည့်နေရာတွင် ပေါက်ရောက်နိုင်ကာ နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့သည်။ ၎င်းတွင် ဆန်းကြယ်သောရောင်ဝါတစ်ခုလည်း ရှိသည်။ ထို့ပြင် ၎င်းက အားကောင်းသော မြေဆွဲအားကိုလည်း ထုတ်လွှတ်နိုင်ပြီး မိစ္ဆာဓာတ်ကို ဖယ်ရှားပေးနိုင်သည်။ ထိုအရာအားလုံးသည် ၎င်းသစ်ပင်က ဆန်းကြယ်ကြောင်း ပြသနေပေသည်။ ၎င်းတွင် အနှစ်သာရတစ်မျိုးမျိုးပင် ရှိနေလောက်သည်။ သို့ဖြစ်ရာ အကြွင်းမဲ့ မိုးမြေစည်းမျဉ်းတစ်ခု ရှိနေမည်ဆိုလျှင်လည်း ကျန်းရီ အံ့ဩမည်မဟုတ်ပေ။

ကျန်းရီသည် အတော်ကြာအောင် လေ့လာနေပြီးနောက် အကြည့်လွှဲလိုက်၏။ နတ်ဘုရားသစ်ပင်တွင် နက်ရှိုင်းသောအမှန်တရားအချို့ ရှိနေနိုင်သော်လည်း ပြဿနာမှာ သူ ၎င်းတို့ကို နားမလည်နိုင်ခြင်းပင်။ နားလည်အောင် လေ့လာနေရန်လည်း သူ့တွင် အချိန်မရှိချေ။ ရှေးဦးဆန်းကြယ်နယ်မြေနှင့် တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲရှိ အရာအားလုံးတွင်လည်း နက်ရှိုင်းသောအမှန်တရားနှင့် စည်းမျဉ်းများ ရှိသည်။ သို့သော် ကျန်းရီ ၎င်းတို့ကို မသိမြင်နားမလည်နိုင်ခဲ့ပေ။ ကောင်းကင်စမ်းရေစည်းချက်မှာလည်း ထို့အတူပင်။ ၎င်းက သူ့စိတ်ဝိညာဉ်ထဲ၌ ရှိနေသည်ပင် သူ နားမလည်နိုင်သေးချေ။

ကျန်းရီတွင် အချိန်သိပ်မကျန်တော့ပေ။ သူ ထိုအချိန်ကို မဖြုန်းလို၍ တင်ပျဉ်ခွေထထိုင်ကာ ကောင်းကင်စမ်းရေစည်းချက်ကို ဆက်လေ့လာလိုက်သည်။ သူ အလွယ်တကူ လက်မလျှော့လိုချေ။ နောက်ဆုံးအချိန်အထိ သူ အရှုံးပေးမည်လည်း မဟုတ်ချေ။

အတော်ကြာပြီးနောက် ကောင်းကင်က ထပ်မံ၍ နီလာပြန်၏။ ကျန်းရီ ပတ်ပတ်လည်ရှိ လသားရဲအားလုံး နိုးထလာသည်။ ထို့နောက် ၎င်းတို့သည် ကျန်းရီထံသို့ သွေးမိုးကဲ့သို့ ပျံဝင်လာကြသည်။ ဤအပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် လသားရဲများ အကန့်အသတ်မဲ့ ရှိပုံပင်။ ၎င်းတို့ကို မည်မျှသတ်သတ် ထပ်ထွက်လာသည်ချည်းသာ။

ကျန်းရီ မျက်လုံးဖွင့်ကာ ဗျပ်စောင်းကို သူ့ပေါင်ပေါ် ပြန်တင်လိုက်သည်။ ထို့နောက် လက်နှစ်ဘက်စလုံးကို စတင်၍ ငြင်သာစွာ လှုပ်ရှားလိုက်သည်။ လှိုင်းလုံးကြီးများက ကမ်းကိုရိုက်ခတ်သကဲ့သို့ သူ့လက်များ၏ စောင်းကြိုးများကို တီးခတ်လိုက်၏။ ဗျပ်စောင်းသံ ထွက်ပေါ်လာသောအခါ သူ့ထံ ပျံသန်းလာနေကြသည့် လသားရဲများ နှေးသွားကြသည်။

“ကျန့်ရှဘုရင် တိုက်ခိုက်တော့...”

လသားရဲများ အနီးရောက်လာသောအခါ ကျန်းရီ အသံကုန် အော်ပြောလိုက်သည်။ ကျန့်ရှဘုရင်သည် ၎င်းကိုယ်၎င်း ကျန့်ရှမျိုးနွယ်ဝင်များအဖြစ် ကိုယ်ပွားထုတ်နိုင်၏။ သို့သော် ကိုယ်ပွားနှုန်းက အလွန်နှေးလွန်းသည်။ ၎င်းသည် ကျန့်ရှဆန်းကြယ်နယ်မြေထဲတွင် နှစ်တစ်သောင်း နေခဲ့သည်ပင် ကျန့်ရှမျိုးနွယ်ဝင် သန်းတစ်ထောင်သာ ပွားထုတ်နိုင်ခဲ့သည်။ ယခုကဲ့သို့ အချိန်တိုအတွင်းတွင်မူ ကျန့်ရှဘုရင်သည် ကျန့်ရှမျိုးနွယ်ဝင် ရာဂဏန်းသာ ပွားထုတ်နိုင်ပေသည်။

ကျန်းရီသည် ကောင်းကင်စမ်းရေစည်းချက်ကို အာရုံစိုက်လေ့လာနေရသဖြင့် ပင်ပန်းလာပေပြီ။ လသားရဲများ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုကလည်း သူ့ကို စိတ်ထုံလာစေသည်။ ဤတစ်ကြိမ်တွင်မူ သူ မည်သည်ကိုမှ မတွေးတော့ဘဲ စိတ်ဗလာဖြင့် ရှိနေပေသည်။ သူသည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ဗျပ်စောင်းကို တီးခတ်နေပြီး သူ့အရှေ့မှ တိုက်ပွဲကို လုံးဝ ဂရုမစိုက်တော့ချေ။

ကျန်းရီ၏ စိတ်ရှင်းလင်းနေမှုက သူ့ကို သူ့ခေါင်းထက်မှ သစ်ကိုင်းများနှင့် သစ်ရွက်များ၏ ထူးဆန်းသော လှုပ်ရှားမှုများကို သတိပြုမိသွားစေ၏။ သစ်ကိုင်းများ၊ သစ်ရွက်များက သူ၏ ဗျပ်စောင်းသံအလိုက် ယိမ်းထိုးနေကြပြီး ပွတ်တိုက်သံများကို ထုတ်လွှတ်နေပေသည်။

“အန်...”

ကျန်းရီ ထူးဆန်းသော အသံတစ်သံကို ကြားလိုက်ရ၍ မျက်လုံးဖွင့်ကာ လှည့်ပတ်ကြည့်လိုက်၏။ နောက်ဆုံးတွင် သူ မော့ကြည့်လိုက်သည်။ သစ်ကိုင်းများနှင့် သစ်ရွက်များက ယိမ်းထိုးနေသည်ကို တွေ့လိုက်သောအခါ သူ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသစ်ကိုင်းများနှင့် သစ်ရွက်များက အဘယ်ကြောင့် ယိမ်းထိုးနေရသနည်း။ ၎င်းတို့က သူ့ကို လှောင်ပြောင်နေခြင်းလော။

‘မဟုတ်သေးဘူး...’

ကျန်းရီ၏ မျက်ဝန်းများ အ‌ရောင်လက်လာ၏။ သူ၏ မျက်နှာထားကလည်း တည်သွားသည်။ သူ တစ်စုံတစ်ခုကို သတိပြုမိလိုက်ပေပြီ။ သစ်ကိုင်းများနှင့် သစ်ရွက်များက ကောင်းကင်စမ်းရေစည်းချက်အတိုင်း လှုပ်ရှားနေကြခြင်းပင်။

အဘယ်ကြောင့် ထိုနတ်ဘုရားသစ်ပင်က ကောင်းကင်စမ်းရေစည်းချက်အတိုင်း လှုပ်ရှားနေရခြင်းနည်း။ ၎င်းသစ်ကိုင်းများနှင့် သစ်ရွက်များထဲတွင်လည်း မည်သည့်လျှို့ဝှက်ချက်များ ရှိနေသနည်း။ ထိုသစ်ပင်က အမှန်ပင် အသက်ဝင်နေခြင်းလော။ သို့မဟုတ် သူ၏ဗျပ်စောင်းသံက နတ်ဘုရားသစ်ပင်ကို နှိုးမိခြင်းလော။

ကျန်းရီ ထိုမေးခွန်းများ၏ အဖြေကို မသိပေ။ ယခုကလည်း ၎င်းတို့ကို တွေးတောနေရမည့်အချိန် မဟုတ်သေးပေ။ သို့သော် သူ့ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ထွက်ပေါ်လာပေပြီ။ ထိုသစ်ပင်၏ ထူးဆန်းသော လှုပ်ရှားမှုများက သူ့ကို ပြတင်းတစ်ပေါက် ဖွင့်ပေးလောက်သည်။ ယင်းကြောင့် သူ ဤအခြေအနေမှ ရှင်သန်သွားနိုင်လောက်ပေသည်။

ထိုအတွေးက ရုတ်တရက်ကြီး ထွက်ပေါ်လာခြင်းဟု ထင်ရ၏။ ကျန်းရီ ထိုသို့တွေးမိခြင်းမှာ ရေနစ်သူတစ်ယောက်က ဆုပ်ကိုင်ရမည့် ကောက်ရိုးတစ်မျှင်ကို တွေ့လိုက်သလို ခံစားမိ၍ ဖြစ်ပေမည်။ ထိုအခိုက်တွင် သူ များစွာမတွေးတောတော့ဘဲ ဗျပ်စောင်းကိုသာ ခပ်ကြမ်းကြမ်း ဆက်တီးခတ်လိုက်သည်။ လသားရဲများ ပြန်ဆုတ်သွားတော့မှ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရပေမည်။

ငါးမိနစ်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လသားရဲများ ပြန်ဆုတ်သွားပြီး ကျန့်ရှမျိုးနွယ်ဝင်များ ပြန်လာကြသည်။ ကျန်းရီ ဗျပ်စောင်းကို ဘေးသို့ ထပ်မံဖယ်ထုတ်လိုက်၏။ ဤတစ်ကြိမ်တွင် သူ ငါးမိနစ်သာ အနားယူလိုက်ပြီး ပြန်ထထိုင်ကာ ဗျပ်စောင်းကို ငြင်သာစွာ တီးလိုက်၏။ ထို့နောက် သူ နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းများကို မော့ကြည့်လိုက်သည်။

ကျန်းရီ ဗျပ်စောင်းတီးလိုက်လျှင် သစ်ကိုင်းများက စတင်ယိမ်းထိုးလာပေသည်။ သစ်ကိုင်းများမှ တွဲလောင်းကျနေသော သစ်ရွက်အချို့သည်ပင် လိုက်ပါလှုပ်ရှားလာသည်။ ထိုနတ်ဘုရားသစ်ပင်က ဗျပ်စောင်းသံကို ကြားနိုင်ပြီး စောင်းသံအတိုင်း ကခုန်နိုင်သကဲ့သို့ပင်။

တစ်စုံတစ်ခုတော့ ထူးပြီဖြစ်ကြောင်း သံသယဖြစ်စရာမရှိတော့ပေ။

ကျန်းရီ၏ မျက်ဝန်းများသည် ညကောင်းကင်မှ ကြယ်တာရာများကဲ့သို့ လင်းလက်လာ၏။ ထိုအခိုက်တွင် ထိုနတ်ဘုရားသစ်ပင်က သူဆုပ်ကိုင်ရမည့် ကောက်ရိုးတစ်မျှင်ဖြစ်ကြောင်း ကျန်းရီ သိသွားလေသည်။

***

All Chapters