ရွက်ကြွေတစ်ရွက်
Vol. 110 Ch. 1537
“တင်...တောင်...တင်...တုန်...”
ကျန်းရီသည် တေးသွားအမျိုးမျိုးကို စမ်း၍ တီးခတ်ကြည့်နေ၏။ သူ မည်သည့်တေးသွားကို တီးခတ်သည်ဖြစ်စေ ၎င်းတေးသွားထဲတွင် ကောင်းကင်စမ်းရေစည်းချက် ပါသ၍ သစ်ကိုင်းများနှင့် သစ်ရွက်များက စည်းချက်အတိုင်း စတင်လှုပ်ရှားကြပေသည်။ သူ နတ်ဘုရားအသံ ကောင်းကင်အတတ်ကိုသာ သုံးမည်ဆိုလျှင် သို့မဟုတ် စောင်းကြိုးများကို ကျပန်းတီးခတ်မည်ဆိုလျှင် သစ်ကိုင်းများ၊ သစ်ရွက်များက လုံးဝမလှုပ်ရှားကြပေ။
‘ဒီနတ်ဘုရားသစ်ပင်က ကောင်းကင်စမ်းရေစည်းချက်ကြောင့် လှုပ်ရှားတာပဲ’
နတ်ဘုရားသစ်ပင်က မိုးမြေအနှစ်သာရတစ်ခုဖြစ်သော ကောင်းကင်စမ်းရေစည်းချက်ကြောင့်သာ လှုပ်ရှားလာရခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်၏။ ၎င်းသစ်ပင်က အသက်ဝင်နေ၊ မနေနှင့် အဘယ်ကြောင့် ကောင်းကင်စမ်းရေစည်းချက်အတိုင်း လှုပ်ရှားရကြောင်းကိုမူ ကျန်းရီ မသိပေ။
ကျန်းရီ ဆက်တီးခတ်ကာ နတ်ဘုရားသစ်ပင်မှု လှုပ်ရှားမှုမှနေ၍ အနှစ်သာရကို နားလည်နိုင်မည့် အခွင့်အရေးတစ်ခု၊ ဤအခြေအနေမှ ရှင်သန်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာလိုက်သည်။ ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ လက်နှစ်ဘက်စလုံးဖြင့် တီးခတ်လိုက်ပြီး သစ်ကိုင်းများနှင့် သစ်ရွက်များ၏ လှုပ်ရှားမှုများအပေါ် အပြည့်အဝစိတ်နှစ်ထားလိုက်၏။ ထိုအသက်ကယ်ကောက်ရိုးမျှင်မှနေ၍ တစ်စုံတစ်ခုကို သိမြင်နားလည်လာစေရန် သူ အကောင်းဆုံး ကြိုးစားနေပေသည်။
နှစ်နာရီ၊ ခြောက်နာရီ... ဆယ့်နှစ်နာရီ...
ကျန်းရီသည် တေးသွားမျိုးစုံ၊ တီးခတ်နည်းမျိုးစုံကို သုံး၍ တီးခတ်ကာ အထက်မှ သစ်ကိုင်များ၊ သစ်ရွက်များ၏ လှုပ်ရှားမှုကို လေ့လာကာ အခွင့်အရေးတစ်ခုကို ရှာတွေ့ရန် ကြိုးစားနေ၏။ နောက်ဆုံးတွင် သူ ရှုံ့နိမ့်သွားသည်။ သူ့အတွေးထဲမှ ထိုကောက်ရိုးမျှင်က ပုံရိပ်ယောင်တစ်ခု ဖြစ်နေပုံပင်။
သစ်ကိုင်းများနှင့် သစ်ရွက်များက ကောင်းကင်စမ်းရေစည်းချက်အတိုင်း လှုပ်ရှားရုံမှလွဲ၍ အခြားထူးဆန်းမှု ရှိမနေချေ။ ကျန်းရီသည် ကျားပါးစပ်မှလွတ်ရန် သစ်ပင်ပေါ် တက်ပြေးပြီးနောက် သစ်ပင်ပေါ်တွင်နေသည့် ဧရာမစပါးအုံးကြီးတစ်ကောင်နှင့် တွေ့လိုက်ရသလို ခံစားနေရ၏။ မည်သို့ပင်ဖြစ်စေ သူက သေရဦးမည်သာ။
‘ဆက်မတီးတော့ဘူးကွာ’
ကျန်းရီ ဗျပ်စောင်းကို ဘေးသို့တွန်းဖယ်ကာ မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် လှဲချလိုက်ပြီး နတ်ဘုရားရောင်ဝါ လင်းလက်နေသော သစ်ကိုင်းများနှင် သစ်ရွက်များကို ကြည့်လိုက်၏။ ရုတ်တရက် ကျန်းရီ အလွန်စိတ်တိုသွား၏။ ထိုသစ်ကိုင်းများ၊ သစ်ရွက်များက သူ့ကို လှောင်ပြောင်နေသကဲ့သို့ပင်။
ဝှစ်...
ကျန်းရီ၏လက်ထဲတွင် လက်နက်တစ်ခု ထွက်ပေါ်လာ၏။ သူ ကောင်းကင်စွမ်းအား ထုတ်ကာ လက်နက်ကို နတ်ဘုရားသစ်ပင်၏ သစ်ရွက်တစ်ရွက်ဆီ ပစ်လွှတ်လိုက်သည်။ သူ သစ်ရွက်တစ်ရွက်ကို ခြွေချကာ အနီးကပ်လေ့လာလိုခြင်းပင်။ သို့သော် လက်နက်က သစ်ရွက်ကို ထိသွားချိန်တွင် သတ္တုချင်းထိတွေ့သံတစ်သံ ထွက်ပေါ်လာသည်။ သစ်ရွက်က အတန်ငယ်ပင် လှုပ်ရှားမသွားဘဲ လက်နက်သည်သာ သူ့ထံသို့ ပြန်ကန်ထွက်လာသည်။ ၎င်းလက်နက်သည် သူ့ဘေးမှ မြေပြင်တွင် စိုက်သွားကာ တလက်လက် တောက်ပနေလေသည်။
‘ထူးဆန်းလိုက်တာ...’
ကျန်းရီ မီးနဂါးဓားကို ထုတ်၍ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်၏။ အနီရောင်အလင်းတစ်ခုက အထက်သို့ ထိုးတက်သွားသည်။ သို့သော် ရလဒ်မှာ အစောကကဲ့သို့ပင်။ သစ်ရွက်များနှင့် သစ်ကိုင်းများက အတန်ငယ်ပင် လှုပ်မသွားချေ။
“ကျန့်ရှဘုရင်... ကျွန်တော့်အတွက် သစ်ကိုင်းတစ်ကိုင်းလောက် သွားခုတ်ပေးပါ”
မူလတွင် ကျန်းရီသည် ဆိုးဝါးသော တစ်စုံတစ်ခု ဖြစ်လာမည်စိုး၍ နတ်ဘုရားသစ်ပင်ကို မဆင်မခြင် မလုပ်ဝံ့ခဲ့ပေ။ သို့သော် ယခုတွင် သူ ဒေါသထွက်နေပေပြီ။ သူ ကြာကြာလည်း အသက်ရှင်နိုင်တော့မည် မဟုတ်ရာ နတ်ဘုရားသစ်ပင်ကို တိုက်ခိုက်လိုက်၍ ဆိုးဝါးသော တစ်စုံတစ်ရာ ဖြစ်လာလျှင်လည်း သူ့အတွက် များစွာအရေးမပါပေ။
ကျန့်ရှဘုရင်သည် ကျန်းရီ၏ အမိန့်ကို နာခံ၏။ ၎င်းသည် မြေပြင်ကို ခြေဖြင့်ကန်အားပြုကာ အထက်သို့ ခုန်တက်သွားလိုက်သည်။ အားကောင်းသော မြေဆွဲအားက ၎င်းကို ဖိနှိပ်ထားသော်လည်း ၎င်းအတွက် ပေတစ်သောင်းခွဲလောက်ကို ခုန်တက်ရန် ပြဿနာမရှိပေ။ ၎င်းသည် သစ်ကိုင်းတစ်ကိုင်းနားသို့ ရောက်သောအခါ ဓားကဲ့သို့သော လက်ဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်သည်။
ထန်...
သတ္တုချင်းထိတွေ့သံသာ ထပ်မံ ထွက်ပေါ်လာသည်။ သစ်ကိုင်းက တစ်လက်မပင် လှုပ်မသွားရုံသာမက ကျန့်ရှဘုရင်သည် ကန်အားကြောင့် အောက်ဘက်သို့ လွင့်ထွက်သွားသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်က မြေကြီးထဲ နစ်ဝင်သွားပေသည်။
‘ဒါက တကယ့်ကို နတ်ဘုရားသစ်ပင်ပဲ’
ကျန်းရီ လက်လျှော့လိုက်သည်။ သူ မည်သို့ဆက်လုပ်ရမည်ကို မသိတော့သဖြင့် ငူငူကြီး စိုက်ကြည့်၍သာနေလိုက်ပြီး မည်သို့မှ ဆက်မလုပ်တော့ပေ။ သူ တိတ်တဆိတ် လှဲလျောင်း၍ သစ်ကိုင်း၊ သစ်ရွက်များကို နာရီအနည်းငယ်ကြာအောင် ဆက်ကြည့်နေသည်။ ဤနေရာတွင် မိစ္ဆာဓာတ်က အားမကောင်းသော်လည်း ကျန်းရီ တဖြည်းဖြည်း စိတ်ဓာတ်ကျလာမိသည်။ သူက ခံစားချက်မရှိသော သူတော်စင်တစ်ယောက် မဟုတ်သည် မဟုတ်လော။
အတော်ကြာပြီးနောက် ကောင်းကင်တွင် အနီရောင်အလင်း လင်းလက်လာကာ လသားရဲများ ထပ်မံစုဝေးလိုက်ကြသည်။ ကျန်းရီ ကုန်းရုန်းထထိုင်လိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်များကို အသုံးပြု၍ တိုက်ခိုက်လိုက်သည်။
ကျန်းရီ၏ ဗျပ်စောင်းသံ ထွက်ပေါ်လာသောအခါ အထက်ရှိ သစ်ကိုင်းများနှင့် သစ်ရွက်များ ထပ်မံလှုပ်ရှားလာပြန်သည်။ ၎င်းတို့က သီဆိုကခုန်နေသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ပင်။ ကျန်းရီ အကြိမ်အနည်းငယ် မော့ကြည့်လိုက်ပြီး အံကြိတ်လိုက်၏။ ထိုနတ်ဘုရားသစ်ပင်က သူဒုက္ခရောက်နေသည်ကို လှောင်ပြောင်နေသလိုပင်။
ကျန်းရီ ဒေါသထွက်လာပြီး ဗျပ်စောင်းကို ပိုကြမ်းကြမ်း တီးခတ်လိုက်သည်။ စည်းချက်ကလည်း ပိုမြန်လာသည်။ နတ်ဘုရားသစ်ပင်က လှုပ်ရသည်ကို ဤမျှကြိုက်ရာ ၎င်းကို လှုပ်နိုင်သမျှ လှုပ်စေလိုက်မည်ဟု ကျန်းရီ တွေးသည်။ သူ၏ လက်ချောင်းများက လျင်မြန်စွာ လှုပ်ရှားနေရာ မြင်ပင် မမြင်နိုင်တော့ချေ။ တီးခတ်မှုက ပိုလျင်မြန်လာသောအခါ အဝေးမှ အဆင့်နိမ့်လသားရဲများသည် မလှုပ်နိုင်လုနီးပါး ဖိနှိပ်ခံလိုက်ကြရသည်။ သို့သော် သစ်ကိုင်းများနှင့် သစ်ရွက်များကတော့ ပြင်းထန်စွာ လှုပ်ရှားလာကြသည်။
ငါးမိနစ်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွားပြီး အနီရောင်အလင်း ပျောက်ကွယ်သွားကာ လသားရဲများ ပြန်ဆုတ်သွားကြသည်။ သို့သော် ကျန်းရီ တီးခတ်မှုကို မရပ်တန့်သေးပေ။ သူသည် စိတ်ကောက်ကာ သောင်းကျန်းနေသော ကလေးငယ်တစ်ယောက်ကဲ့သို့ နတ်ဘုရားသစ်ပင်နှင့် ခေါင်းမာမာ ယှဉ်ပြိုင်နေသည်။ ထိုနတ်ဘုရားသစ်ပင်က သူ့ကို မျှော်လင့်ချက် ရစေခဲ့ပြီးနောက် ပြန်၍ မျှော်လင့်ချက် မဲ့သွားစေခဲ့သည်။ ကျန်းရီ ထိုနတ်ဘုရားသစ်ပင်အပေါ် ရန်ငြိုးထားသည်။ ထိုအခိုက်တွင် ယင်းရန်ငြိုးကို စာရင်းရှင်းရပေမည်။
တန်...တောင်...
ကျန်းရီ ဒေါသဖောက်ခွဲနေရာ သတ်ဖြတ်အရှိန်အဝါတန်းများက ဗျပ်စောင်းမှနေ၍ အရပ်မျက်နှာအနှံ့သို့ ထွက်သွားသည်။ သို့သော် ပတ်ဝန်းကျင်တွင် လသားရဲတစ်ကောင်မှ ရှိမနေရာ ကျန်းရီ၏ တီးခတ်မှုက အလကားဖြစ်နေပေသည်။
သို့သော် သစ်ကိုင်းများနှင့် သစ်ရွက်များက ပို၍ပြင်းထန်စွာ ယိမ်းထိုးလာသည်ဟု ထင်ရပေသည်။ နတ်ဘုရားသစ်ပင်၏ ပင်စည်သည်ပင် စတင်လှုပ်ခါလာလေသည်။
ဝုန်း...
ပေါက်ကွဲသံခပ်အုပ်အုပ်တစ်သံ ထွက်ပေါ်လာပြီး ကျန်းရီ သွေးအန်သွား၏။ ဗျပ်စောင်းက ပေါက်ကွဲကာ အမှုန့်ဖြစ်သွားသည်။ သူတော်စင်ဝိညာဉ်တောင်ခြေက တိုက်ပွဲကွင်းထဲမှာကဲ့သို့ပင် ကျန်းရီ၏ ရူးသွပ်စွာတီးခတ်မှုက ဗျပ်စောင်းကို ပျက်စီးသွားစေပေသည်။
ဤတစ်ကြိမ်တွင်လည်း ယခင်တစ်ခေါက်ကကဲ့သို့ ကျန်းရီ မေ့မြောသွားသည်။ သို့သော် ထိုအခိုက်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်လာပေသည်။
နတ်ဘုရားသစ်ပင်နှင့် သစ်ကိုင်းများက လှုပ်ရှားမှု ရပ်တန့်သွား၏။ သို့သော် လှုပ်ခါမှုက အလွန်ပြင်းထန်ခဲ့၍ သို့မဟုတ် ကံကြမ္မာကြောင့် သစ်ကိုင်းတစ်ကိုင်းမှ သစ်ရွက်တစ်ရွက်က အောက်သို့ ကြွေကျလာသည်။ ၎င်းသည် လေထဲတွင် ငှက်မွေးတစ်မွေးကဲ့သို့ ဝေ့ဝဲကျဆင်းလာကာ နောက်ဆုံး ကျန်းရီ၏ မျက်နှာပေါ် ကျသွားလေသည်။
ကျန်းရီက မေ့မြောနေပြီဖြစ်၍ သစ်ရွက်ကြွေကျလာသည်ကို မသိတော့ပေ။ ထိုသစ်ရွက်ထဲမှ နတ်ဘုရားရောင်ဝါကလည်း ပျောက်ကွယ်သွားပြီး သစ်ရွက်သည် သာမန်သစ်ရွက်တစ်ရွက်ကဲ့သို့ ကျန်းရီ၏ မျက်နှာပေါ်တွင် တင်နေပေသည်။
နာရီအနည်းငယ် ကြာပြီးနောက် ကျန်းရီ သတိပြန်လည်လာ၏။ သူသည် မြေအောက်ထဲမှ ထူးဆန်းသောအသံကြောင့် နိုးလာခြင်းဖြစ်သည်။ သူ့တစ်ကိုယ်လုံးက ကိုက်ခဲနေပေသည်။ မကြာခင်မှာပင် သူ့မျက်နှာပေါ်မှ သစ်ရွက်ကို သူ သတိပြုမိလိုက်သည်။
“အာ...”
ကျန်းရီ အံ့ဩစွာဖြင့် မျက်လုံးဖွင့်လိုက်၏။ သူသည် သူ့စိတ်ဝိညာဉ်ထဲမှ စူးရှသော နာကျင်မှုကိုပင် မေ့သွားပြီး မျက်နှာပေါ်မှ သစ်ရွက်ကို ခက်ခက်ခဲခဲ လှမ်းယူလိုက်သည်။ ထို့နောက် သူ ၎င်းကို မျက်လုံးရှေ့တွင်ထားကာ ကြည့်လိုက်လေသည်။
“ဒါက...”
ကျန်းရီ မျက်မှောင်ကြုတ်သွားပြီး မယုံနိုင်သော မျက်နှာထားဖြင့် အထက်မှ သစ်ကိုင်းတစ်ကိုင်းကို လှမ်းကြည့်လိုက်သည်။ ထိုသစ်ကိုင်းတွင် အမှန်ပင် သစ်ရွက်တစ်ရွက် လျော့နေပေသည်။
‘အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’
ကျန်းရီသည် တစ်ကိုယ်လုံး ကိုက်ခဲနေပြီး စိတ်ဝိညာဉ်က နာကျင်နေသော်လည်း အားတင်း၍ ထထိုင်ကာ သစ်ရွက်ကို စေ့စေ့စပ်စပ် စူးစမ်းလိုက်သည်။ အစောတွင် သူ အစွမ်းကုန် တိုက်ခိုက်ခဲ့သည်ပင် သစ်ရွက်တစ်ရွက်မှ လှုပ်မသွားခဲ့ပေ။ ကျန့်ရှဘုရင် သစ်ကိုင်းကို ခုတ်ခဲ့စဉ်ကလည်း သစ်ကိုင်းက မည်သို့မှ ဖြစ်မသွားခဲ့ချေ။ ယခုတွင် ဤသစ်ရွက်က သူ့အလိုလို ကြွေကျလာသည်လော။ ၎င်းက နတ်ဘုရားသစ်ပင်၏ သစ်ရွက်တစ်ရွက် ဖြစ်ပေသည်။
ရွှီး...
ကျန်းရီသည် သစ်ရွက်ကို အတန်ကြာ စူးစမ်းပြီးနောက် လက်ထဲတွင် ကောင်းကင်စွမ်းအားလှည့်ပတ်လိုက်၏။ သူ ၎င်းသစ်ရွက်ကို သန့်စင်ရန် လုပ်နေခြင်းပင်။ သူ သစ်ရွက်ထဲသို့ ကောင်းကင်စွမ်းအား ထည့်လိုက်သည့်အခိုက်တွင် သစ်ရွက်က စူးရှစွာ တောက်ပလာ၏။ သူ မျက်စိပင် မဖွင့်နိုင်တော့ချေ။