← Chapters

အမျိုးသမီးတစ်ယောက်၏ လှပသောမျက်နှာ

Vol. 111 Ch. 1539

အမျိုးသမီးတစ်ယောက်၏ လှပသောမျက်နှာ

Vol. 111 Ch. 1539

ရွှီး...

နတ်ဘုရားသစ်ပင်အောက်တွင် ကျန်းရီသည် လက်တစ်ဘက်ဖြင့် နတ်ဘုရားသစ်ရွက်ကို ကိုင်ထားပြီး ကျန်တစ်ဘက်ဖြင့် မီးနဂါးဓားကို ကိုင်ထား၏။ နတ်ဘုရားသစ်ရွက်နှင့် မီးနဂါးဓားတို့က တောက်ပနေကြသည်။ သို့သော် ကွဲပြားမှုမှာ မီးနဂါးဓားက အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေခြင်းပင်။ ထိုအလင်းတန်းများသည် မီးနဂါးဓားနှင့် ပေါင်းစည်းသွားခဲ့သော ကျန့်ရှဘုရင်ကြောင့် ဖြစ်ပေါ်လာသည့် မကောင်းသောအရှိန်အဝါများ ဖြစ်ပေသည်။

မကောင်းသောအရှိန်အဝါများက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော်လည်း ကျန်းရီ များစွာသက်ရောက်မခံရပေ။ သူနှင့် ကျန့်ရှဘုရင်တို့က စိတ်ခြင်းဆက်သွယ်နေကြသည်။ ကျန့်ရှဘုရင်က သူ့မီးနဂါးဓား၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ မဟုတ်လော။

ထို့ပြင် ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေထဲဝင်ထား၍ ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေရာ မကောင်းသောအရှိန်အဝါများနှင့်လည်း ပေါင်းစည်းနိုင်နေပေသည်။ ထိုနည်းဖြင့် သူသည် မကောင်းသောအရှိန်အဝါကို နားလည်လာမည်ဖြစ်ပြီး ယင်းနားလည်မှုအား သူ၏ သတ်ဖြတ်အရှိန်အဝါကို အဆင့်မြှင့်တင်ရန် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုအခါ သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း များစွာပို၍ စွမ်းအားကြီး လာပေလိမ့်မည်။

မကောင်းသောအရှိန်အဝါများကြားမှ ကျန်းရီ၏ မျက်နှာထားက အလွန်ထူးခြားနေ၏။ သူသည် ပြုံးလိုက်၊ ဒေါသထွက်လာလိုက်၊ စိတ်လှုပ်ရှားလာလိုက်နှင့် ရှိနေသည်။ တစ်ချိန်တွင် သတ်ဖြတ်လိုသည့်ပုံစံ ပေါက်လာကာ နောက်တစ်ချိန်တွင် ပါးစပ်မှနေ၍ သွားရည်များ စီးကျလာသည်။ ရံဖန်ရံခါဆိုသလိုလည်း သူ ကြောက်ရွံ့လာပြီး မျှော်လင့်ချက်မဲ့ကာ စိတ်ဓာတ်ကျသွားတတ်သေးပေသည်။

အချိန်အတော်ကြာပြီးမှ ကျန်းရီ ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ပြီး စိတ်လှုပ်တရှားအော်ပြောလိုက်၏။

“ဒေါသ၊ လောဘ၊ ပျင်းရိမှု၊ အစားကြူးမှု၊ သတ်ဖြတ်လိုမှု၊ အကြောက်တရား၊ စိတ်အားငယ်မှု၊ မျှော်လင့်ချက်ကင်းမဲ့မှု... မကောင်းတဲ့အရှိန်အဝါဆိုတာ အဲ့ဒါတွေ အကုန်လုံးကို ပေါင်းစည်းထားတာပဲ။ အဲ့ခံစားချက်ရှစ်မျိုးက လူသားတွေရဲ့ အဆိုးဆုံး ခံစားချက်တွေပဲ... မူလအပြစ်ရှစ်မျိုး။ သတ်ဖြတ်လိုမှုဆိုတဲ့ သတ်ဖြတ်အရှိန်အဝါက အဲ့ရှစ်မျိုးထဲက တစ်မျိုးပဲ။ သတ်ဖြတ်အရှိန်အဝါက အားနည်းပြီး မကောင်းတဲ့အရှိန်အဝါက အရမ်းအားကောင်းနေတာ အံ့ဩစရာမရှိတော့ပါဘူး။ ငါ နားလည်ပြီ... နောက်ဆုံးတော့ ငါ နားလည်သွားပြီ...”

“မကောင်းတဲ့အရှိန်အဝါ”

ကျန်းရီ ထပ်မံ၍ ရေရွတ်လိုက်၏။

“မကောင်းတဲ့အရှိန်အဝါထဲမှာ ငါတို့လူသားတွေ ငါတို့စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဝှက်ထားတဲ့ အဆိုးဆုံး ခံစားချက်တွေ ပါတာပဲ။ မကောင်းတဲ့အရှိန်အဝါ အရမ်းစွမ်းအားကြီးနေရတာက ငါတို့ရဲ့စိတ်ဝိညာဉ်ထဲမှာရှိတဲ့ အဆိုးဆုံး ခံစားချက်တွေကို လှုံ့ဆော်နိုင်လို့ပဲ။ အဲ့ဒါက လူသားတွေကို တွေးတောဆင်ခြင်နိုင်စွမ်း ပျောက်သွားစေတယ်၊ ရူးသွပ်သောင်းကျန်းသွားစေတယ်၊ ကြောက်ရွံ့သွားစေတယ်၊ မျှော်လင့်ချက်မဲ့သွားစေတယ်... အဲ့တော့ လူသားတွေ ပြိုလဲသွားတော့တာပေါ့...”

“ဟားဟားဟား...”

ကျန်းရီသည် မကောင်းသောအရှိန်အဝါကို နားလည်သွားသောအခါ ခေါင်းမော့၍ ကျယ်လောင်စွာ ရယ်လိုက်၏။ ယခုတွင် သူ၏သတ်ဖြတ်အရှိန်အဝါကို အဆင့်မြှင့်တင်ရန် မခက်တော့ပေ။ သူ၏သတ်ဖြတ်အရှိန်အဝါက အဆင့်တက်သွားပြီး နတ်ဘုရားအသံစည်းမျဉ်းများနှင့် ပေါင်းစည်းလိုက်မည်ဆိုလျှင် နတ်ဘုရားအသံ ကောင်းကင်အတတ်က သေချာပေါက် အဆင့်မြင့်တက်သွားပေလိမ့်မည်။

“နတ်ဘုရားအသံစည်းမျဉ်းတွေ... ငါ လသားရဲတွေကို တားနိုင်၊ မတားနိုင်ဆိုတာ မင်းတို့အပေါ်မှာပဲ မူတည်နေတယ်”

ကျန်းရီ ခေတ္တမျှ အနားယူပြီးနောက် ထပ်မံ၍ လေ့လာကျင့်ကြံလိုက်၏။ သူ မကောင်းသောအရှိန်အဝါကို နားလည်သွားပြီဖြစ်သည်။ သို့သော် သတ်ဖြတ်အရှိန်အဝါကို အဆင့်မြှင့်တင်လိုလျှင် သူ အဖန်ဖန် ဆင်ခြင်အဖြေရှာကာ စမ်းသပ်ကြည့်ရဦးပေမည်။

နာရီအနည်းငယ်ကြာပြီးနောက် ကောင်းကင်ထဲတွင် အနီရောင်အလင်း ထပ်မံတောက်ပလာပြီး လသားရဲများသည်လည်း တမလွန်ဘုံမိစ္ဆာများကဲ့သို့ မြေကြီးထဲမှ ပြန်ထွက်လာကြ၏။ လေပြင်းများနှင့်အတူ ရေခဲတမျှအေးစက်သော အရှိန်အဝါ ပါလာရာ နတ်ဘုရားသစ်ပင်၏ နတ်ဘုရားရောင်ဝါလည်း မှိန်လာသည်။ ထို့နောက် မရေမတွက်နို်ငသော လသားရဲများသည် အော်ဟိန်း၍ အရှေ့သို့ ပျံသန်းလာကြသည်။ ၎င်းတို့သည် နတ်ဘုရားသစ်ပင်၏ အဝန်းအဝိုင်းအတွင်း ဝင်လာသည်နှင့် နှေးသွားကြသော်လည်း ၎င်းတို့၏ အမြန်နှုန်းက အရှိန်တစ်ခု ရှိနေပေသေးသည်။ ပတ်ဝန်းကျင်တွင် လသားရဲများ ပြည့်နှက်နေရာ ကျန်းရီက အချိန်မရွေး အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံလိုက်ရတော့မလို ထင်ရပေသည်။

ကျန်းရီထံတွင် ကျန့်ရှမျိုးနွယ်ဝင်များစွာ မကျန်တော့ပေ။ ယခု သူ့အနီး၌ ကျန့်ရှမျိုးနွယ်ဝင် ငါးထောင်မပြည့်တပြည့်သာ ရှိနေသည်။ ထို့ပြင် ကျန့်ရှဘုရင်ကလည်း မီးနဂါးဓားထဲ ဝင်ထားပေသည်။ သို့သော် လသားရဲများက သောင်းချီ၍ ပျံသန်းလာရာ ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်မထုတ်လျှင် ကျန်းရီ ဤလှိုင်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။

သို့ရာတွင် ကျန်းရီ မလှုပ်ရှားလိုက်ပေ။ သူသည် ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်မထုတ်ရုံသာမက မျက်လုံးပင် ဖွင့်မကြည့်ချေ။ လသားရဲများကို ဖိနှိပ်ရန်အတွက်လည်း ဗျပ်စောင်းမတီးလိုက်ပေ။ ထို့ကြောင့် လသားရဲများ လျင်မြန်စွာ နီးကပ်လာပေသည်။

ပေတစ်သောင်း၊ ပေငါးထောင်၊ ပေသုံးထောင်... ပေတစ်ထောင်...

နောက်ဆုံးတွင် ကျန်းရီ မျက်လုံးဖွင့်ကာ မီးနဂါးဓားကို မြေကြီးထဲ ထိုးစိုက်လိုက်သည်။ သူ့လက်တစ်ဘက်ကမူ နတ်ဘုရားသစ်ရွက်ကို ကိုင်ထားဆဲပင်။ ထို့နောက် သူသည် လွတ်သွားသောလက်ဖြင့် ဗျပ်စောင်းကြိုးတစ်ကြိုးကို တီးခတ်လိုက်သည်။

တန်...

သိမ်မွေ့သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက မစူးရှ၊ မမြန်ဆန်သလို ကြမ်းလည်းမကြမ်းတမ်းချေ။

သို့သော်...

ထိုဗျပ်စောင်းသံ ထွက်ပေါ်လာသောအခါ ကျန်းရီအရှေ့မှ လသားရဲအားလုံး ပြင်းထန်စွာ တုန်ယင်သွားပြီး အထက်မှ သစ်ကိုင်း၊ သစ်ရွက်များလည်း ပြင်းထန်စွာ လှုပ်ရှားလာသည်။ လသားရဲအားလုံး ရပ်တန့်သွားပြီး အရှေ့သို့ ခြေတစ်လှမ်းပင် မရွေ့နိုင်တော့ချေ။

တန်...တောင်...

ဗျပ်စောင်းသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ကျန်းရီက လက်တစ်ဘက်တည်းဖြင့် တီးခတ်နေခြင်းဖြစ်ရာ တေးသွားက အလွန်နှေးကာ၊ အလွန်တိုးသည်။ ၎င်းသည် ယခင်ကကဲ့သို့ မကြမ်းတမ်းတော့ဘဲ အတော်လေး ချိုသာနေပြီး စွမ်းအားမပါသော တေးသွားတစ်ခုဟုပင် ထင်ရလေသည်။

ရှော...

ခေါင်းထက်မှ သစ်ကိုင်းများက ဆက်ယိမ်းထိုးနေပြီး သစ်ပင်တစ်ပင်လုံးလည်း ကျန်းရီ၏ တေးသွားအတိုင်း စတင်လှုပ်ရှားလာသည်။ သစ်ပင်ကြီးသည် ကခုန်နေသော မိန်းမလှတစ်ယောက်ကဲ့သို့ပင်။ ပေတစ်ထောင်အကွာရှိ လသားရဲအားလုံး၏ မျက်လုံးများ အစိမ်းရောင်အလင်း လင်းလက်လာ၏။ ကျန့်ရှမျိုးနွယ်ဝင်များလည်း တိတ်ဆိတ်စွာ ရပ်နေကြသည်။ ပတ်ဝန်းကျင်တွင် သစ်ကိုင်းလှုပ်သံများနှင့် ကျန်းရီ၏တေးသွားသံကိုသာ ကြားနေရပေသည်။

ငါးမိနစ်ပြည့်သောအခါ တေးသွား ရပ်တန့်သွားသည်။ ကောင်းကင်ထက်မှ အနီရောင်အလင်းလည်း ပျောက်ကွယ်သွားသည်။ ထိုအခိုက်တွင် လသားရဲများ၏ အရှိန်အဝါများက သိသိသာသာ လျော့ကျနေပေပြီ။ ၎င်းတို့သည် အနီရောင်အလင်း ပျောက်ကွယ်သွားသည်နှင့် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ဥမင်လိုဏ်ခေါင်းများမှနေ၍ မြေအောက်ထဲ ပြန်ဝင်သွားကြလေသည်။

“ဟားဟားဟား...”

ကျန်းရီ မျက်လုံးဖွင့်ကြည့်ကာ ကျယ်လောင်စွာ အော်ရယ်လိုက်၏။ သူ၏ဆံပင်နီများနှင့် သွေးစွန်းနေပြီဖြစ်သော ဝတ်ရုံဖြူက လေထဲတွင် ဝဲလွင့်သွားသည်။ သူ၏ရယ်သံထဲတွင် ဝမ်းသာပျော်ရွှင်မှု ပြည့်နှက်နေသည်။ ထို့ပြင် သူက ရယ်သံထဲတွင် ကောင်းကင်စွမ်းအား ထည့်ထားရာ ရယ်သံက အလွန်ကျယ်လောင်ပြီး ကီလိုမီတာငါးသိန်း အဝန်းအဝိုင်းအတွင်း ပဲ့တင်ထပ်သွားလေသည်။

အောင်မြင်ပေပြီ။

ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက အမှန်ပင် အဆင့်တက်သွားပြီဖြစ်သည်။ သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကလည်း အဆများစွာ စွမ်းအားမြင့်တက်လာသည်။ ၎င်းအတတ်က မည်မျှစွမ်းအားကြီးလာပြီကိုမူ ကျန်းရီ သေချာမသိသေးပေ။ သူသိသည်မှာ ယခုတွင် သူ၏နတ်ဘုရားအသံ ကောင်းကင်အတတ်က လသားရဲများကို အပြည့်အဝဖိနှိပ်နိုင်နေပြီဆိုခြင်းပင်။ ယခု သူ ရှင်သန်နိုင်တော့ပေမည်။ ဤအပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် သုံးရက်မဆိုထားနှင့် ဆယ်ရက်၊ ရက်တစ်ရာ၊ နှစ်တစ်ရာကြာအောင်ပင် သူ နေနိုင်တော့မည်ဖြစ်သည်။

ဝုန်း...

ကျန်းရီသည် ရယ်မောပြီးနောက် မြေပြင်ပေါ် ဝုန်းခနဲ လှဲချလိုက်၏။ သူ မည်သည့်အရာကိုမှ မတွေးတော့၊ အရေးမစိုက်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်သည်။ မြေကြီးထဲမှ ထူးဆန်းသောအသံက ဆယ့်ငါးမိနစ်လျှင်တစ်ကြိမ် ထွက်ပေါ်လာသော်လည်း သူ့ကို နိုးမလာစေတော့ပေ။

ကျန်းရီ အလွန်ပင်ပန်းနေသည်။ ဤဆန်းကြယ်နယ်မြေထဲတွင် သူ အန္တရာယ်များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ပင် မရှူနိုင် ဖြစ်ခဲ့ရသည်။ ယခု သူ နှစ်ခြိုက်စွာ အိပ်လိုနေပေသည်။ ထိုမှ သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က ပြန်အားပြည့်လာမည်ဖြစ်သည်။

ကျန်းရီ နာရီနှစ်ဆယ်ကြာအောင် အိပ်စက်လိုက်၏။ အနီရောင်အလင်း ထွက်ပေါ်လာပြီး လသားရဲများက ၎င်းတို့၏ ရေခဲတမျှအေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်မှ သူ နိုးလာလေသည်။

ကျန်းရီ နိုးလာချိန်တွင် လသားရဲများက သူနှင့် ပေတစ်ထောင်အကွာကို ရောက်နေကြပေပြီ။ ကျန်းရီ ခပ်သွက်သွက် ထထိုင်လိုက်ပြီး ဗျပ်စောင်းအိုပေါ် လက်နှစ်ဘက်စလုံးတင်၍ စတင်တီးခတ်ကာ လသားရဲအားလုံးကို ချက်ချင်း ဖိနှိပ်လိုက်သည်။ ငါးမိနစ်ကြာပြီးနောက် လသားရဲများ ပြန်ဆုတ်သွားသောအခါ ကျန်းရီ ပခုံးထက်မှ ဝန်ထုတ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူက နာရီနှစ်ဆယ်ကျော် အိပ်စက်ခဲ့သဖြင့် စိတ်ကြည်လာပြီဖြစ်သည်။ သူ့ရင်ထဲမှ လေးလံမှုများလည်း ပျောက်ကွယ်သွားပေပြီ။

‘ကျင့်ကြံရမယ်..’

ကျန်းရီ ခေတ္တမျှ ထိုင်နေပြီးနောက် ဆက်ကျင့်ကြံရင်း သုံးရက်ပြည့်မည့်အချိန်ကို စောင့်နေရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာမှ မိုးမြေဝိညာဉ်စွမ်းအင်က ရှေးဦးဆန်းကြယ်နယ်မြေထဲမှာလောက် သိပ်သည်းသည်။ ထို့ပြင် သူက နတ်ဘုရားသစ်ရွက်ကိုလည်း ကိုင်ထားရာ သူ၏ကျင့်ကြံနှုန်းက တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှာကဲ့သို့ မြန်နေပေသည်။ သူသာ ဤအခွင့်အရေးကို အသုံးမချလျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ကျန်းရီသည် တင်ပျဉ်ခွေထိုင်၍ စတင်ကျင့်ကြံလိုက်၏။ မကြာခင်မှာပင် သူ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို မေ့လျော့သွားသည်။ သူ စိတ်နှစ်၍ ကျင့်ကြံနေစဉ်တွင် သူ့အနောက်မှ သစ်ပင်ပင်စည်က ရုတ်တရက် လင်းလက်‌တောက်ပလာ၏။ ထို့နောက် ပင်စည်ပေါ်၌ မျက်နှာတစ်ခု ထွက်ပေါ်လာသည်။ ထိုမျက်နှာက လှပသော အမျိုးသမီးတစ်ယောက်၏ မျက်နှာပင်။

ထိုမျက်နှာတွင် လှပသော မျက်ဝန်းတစ်စုံရှိသည်။ ၎င်းမျက်လုံးများက ကျန်းရီကို လှမ်းကြည့်လိုက်၏။ မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ ထို့နောက်တွင် သစ်ပင်က ထပ်မံတောက်ပလာပြီး မျက်နှာ ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်သည်လည်း ပြန်၍ တိတ်ဆိတ်အေးချမ်းသွားပေသည်။

***

All Chapters