← Chapters

ကျန်းရီက... ပြန်မလာတော့ဘူး

Vol. 111 Ch. 1540

ကျန်းရီက... ပြန်မလာတော့ဘူး

Vol. 111 Ch. 1540

တိရှဘုံ၊ အမည်မဲ့ကျွန်း...

ကျန်းရီ အပြစ်‌ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်သွားကတည်းက တိရှအရှင်သည် သူ၏ဝါးတဲအရှေ့၌ ထိုင်နေခဲ့၏။ သူသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားသော်လည်း လက်ဖက်ရည်မသောက်ဘဲ မျက်လုံးများ မှိတ်ထားသည်။ တစ်ချိန်လုံး သူ ထိုပုံစံဖြင့်သာ ရှိနေခဲ့သည်။ တိရှအရှင်ဘေးတွင် ရပ်နေသော မိုလင်းချိုးသည် မည်သည့်ညွှန်ကြားချက်မှမရသဖြင့် ထွက်မသွားဝံ့ပေ။ ထို့ကြောင့် သူ တိရှအရှင်ကို အဖော်ပြုကာ ဆက်ရပ်နေရပေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်ဆိုသောအချိန်က ပြည့်တော့ပေမည်။ နောက်ဆုံးတွင် တိရှအရှင် မျက်လုံးများ ဖွင့်လိုက်သည်။ သူ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် တင်လိုက်ပြီး မိုလင်းချိုးကို လှည့်ကြည့်၍ မေးလိုက်၏။

“အချိန်ဘယ်လောက်ကြာပြီလဲ”

မိုလင်းချိုးက လေးလေးစားစား ပြန်ဖြေသည်။

“သုံးရက်ပြည့်ပါတော့မယ်”

“အင်း...”

တိရှအရှင် ခေါင်းညိတ်လိုက်ပြီး သိမ်မွေ့စွာ လက်ဟန်ပြ၍ ပြောလိုက်၏။

“မိစ္ဆာချေဖျက်တောင်ကြားကို သွားလိုက်ပါ.. ပြီးရင် အဲ့ကနေတဆင့် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကိုသွားပါ။ အဲ့ကောင်လေး အသက်ရှင်ရက် ပြန်လာနိုင်၊ မလာနိုင်ကို သွားကြည့်ပါ”

“ဟုတ်ကဲ့ပါ”

မိုလင်းချိုး ဦးညွှတ်၍ ချက်ချင်း ထွက်သွားလိုက်၏။ ထို့နောက် သူ တိရှရဲတိုက်ထဲသွားကာ မိစ္ဆာချေဖျက်တောင်ကြားဆီသို့ တည်နေရာပြောင်းရွှေ့လိုက်ပေသည်။

ရွှီး...

မိုလင်းချိုးက မိစ္ဆာချေဖျက်တောင်ကြားထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲ၌ ပေါ်လာချိန်တွင် အခြားတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုလည်း လင်းလက်လာ၏။ မိုလင်းချိုး အစီအရင်ထဲမှ ထွက်လာသောအခါ အခြားလူတစ်ယောက်လည်း ထွက်လာသည်။ မိုလင်းချိုးသည် ထိုလူကို လှမ်းကြည့်လိုက်ပြီး လက်ဆုပ်၍ ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုရီထူ... အစ်ကိုရော လာခဲ့တာလား”

ရီထူက မျက်နှာသေဖြင့် လက်ဆုပ်ကာ ပြန်ပြောသည်။

“ဟိုကောင်လေး သေ၊ မသေဆိုတာ လာကြည့်တာပဲ။ သူ သေသွားပြီးဆိုရင် အနည်းဆုံးတော့ ငါ့ညီမကို အကြောင်းကြားပေးရမှာပေါ့”

“ဟင်းဟင်း...”

မိုလင်းချိုး မည်သို့မှ ဆက်မပြောတော့ပေ။ ထိုစဉ် သူတို့ထံသို့ အဝေးမှနေ၍ လူတစ်ယောက် ပျံသန်းလာ၏။ မိုလင်းချိုးနှင့် ရီထူတို့သည် ထိုလူကို လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာထားများ နွေးထွေးသွားကြ၏။ ထိုလူက မိစ္ဆာချေဖျက်စစ်တပ်ထဲမှ တပ်မှူးတစ်ယောက်ပင်။ သူ၏ရာထူးက မမြင့်သော်လည်း သူ့အဆင့်အတန်းက အတော်လေးမြင့်ပေသည်။ သူက ကောင်းကင်ဘုရင်ဝူ၏ သားတော်ပင်။

“အရှင်တို့နှစ်ယောက် ရောက်လာကြပါပြီလား”

ကောင်းကင်ဘုရင်ဝူ၏ သားတော် ဝူကန်းသည် မိုလင်းချိုးနှင့် ရီထူတို့နှင့် သိကျွမ်းပေသည်။ ထို့ကြောင့် သူ အာလာပသလ္လာပများ ပြောမနေတော့ဘဲ ခပ်လှမ်းလှမ်းရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို ညွှန်ပြ၍ တည့်တိုးသာ ပြောလိုက်သည်။

“အရှင်တို့နှစ်ယောက် ဒီမှာ စောင့်နေခြင်သလား ဒါမှမဟုတ် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို သွားကြည့်ချင်ပါသလား”

“သွားကြည့်ကြတာပေါ့”

မိုလင်းချိုးက ခေတ္တမျှ တွေးတော၍ ပြန်ပြောလိုက်သည်။ ထိုအခါ ဝူကန်းသည် မိုလင်းချိုးနှင့် ရီထူတို့ကို ခေါ်ကာ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားလိုက်သည်။ သူတို့ အစီအရင်နားသို့ ရောက်သောအခါ ဝူကန်းက အမိန့်ပြားတစ်ပြား ထုတ်ပြ၍ ပြောလိုက်၏။

“သုံးရက်ပြည့်တော့မှာဆိုတော့ အခု ဒီတည်နေရာပြောင်းရွှေ့အစီအရင်ကို ချိပ်ပြန်ဖွင့်လိုက်ဖို့ ခေါင်းဆောင်ဝူက အမိန့်ပေးလိုက်ပါတယ်”

ကျန်းရီနှင့် ကောင်းကင်ဘုရင်လုံတို့ ဝင်သွားပြီးကတည်းက ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို ချိပ်ပိတ်ထားခြင်းပင်။ တစ်စုံတစ်ယောက်က ကျန်းရီကို သွားမကယ်နိုင်စေရန် ထိုသို့ချိပ်ပိတ်ထားခြင်းဖြစ်သည်။ ယခုတွင် သုံးရက်ပြည့်တော့မည်ဖြစ်ရာ ကျန်းရီ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ အစီအရင်ကို ချိပ်ပြန်ဖွင့်၍ ရပေပြီ။

ဝှစ်...ဝှစ်...

ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေကြသော တပ်သားအနည်းငယ်သည် အထူးအတတ်များကို သုံး၍ ကြယ်တာရာအလင်းတန်းများ ပစ်လွှတ်လိုက်ကြ၏။ မှေးမှိန်နေသော အစီအရင်က ရုတ်ခြည်း တောက်ပလာသည်။ ထိုအခိုက်တွင် ရဲတိုက်တစ်လုံးမှနေ၍ လူအချို့ ပျံထွက်လာကြ၏။ ချီချင်ချန်၊ တိလင်အာ၊ အဆိပ်ဝိညာဉ်၊ ရီပုဟွေနှင့် မိုဟွိုက်စန်းတို့အားလုံး အတူတကွ ရောက်လာကြသည်။

“တပ်မှူးဝူ... ကျွန်မတို့ကိုလည်း အဲ့ကို ခေါ်သွားပေးလို့ရမလား”

ချီချင်ချန်က ပထမဆုံးရောက်လာပြီး သိမ်မွေ့သောလေသံဖြင့် တောင်းဆိုလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် ခံစားချက်များစွာ မရှိသော်လည်း သူမ၏ မျက်ဝန်းများထဲမှ စိုးရိမ်မှုများက ထင်ရှားနေပေသည်။ မိုလင်းချိုးနှင့် ရီထူတို့သည် ချီချင်ချန်တို့အုပ်စုကို ကြည့်ရုံသာကြည့်လိုက်ပြီး မည်သို့မှ မပြောကြပေ။ ဝူကန်းက ပို၍ပင် အရေးမစိုက်သေးသည်။ တည်နေရာပြောင်းရွှေ့အစီအရင်က လူတစ်ယောက်ကိုဖြစ်စေ၊ လူရှစ်ယောက်ကိုဖြစ်စေ တည်နေရာပြောင်းရွှေ့ပေးနိုင်သည်။ ချီချင်ချန်က တောင်းဆိုလိုက်ပြီဖြစ်ရာ သူ သူမ၏မျက်နှာကို ထောက်ထားရပေမည်။

ဝူကန်းက တောင်းဆိုမှုကို လက်ခံလိုက်သည်နှင့် အားလုံး တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လိုက်ကြသည်။ ထို့နောက် ဝူကန်းသည် တည်နေရာပြောင်းရွှေ့ပေးရန် အမိန့်ပေးလိုက်၏။ အလွန်လျင်မြန်စွာပင် အလင်းတန်းတစ်တန်းက ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး အစီအရင်အတွင်းရှိ လူအားလုံး ပျောက်ကွယ်သွားလေသည်။

မိစ္ဆာချေဖျက်တောင်ကြားက အလွန်အေးချမ်းနေသည်ဟု ထင်ရသော်လည်း ထိုတည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာသည်နှင့် ရဲတိုက်များစွာမှနေ၍ ဆူဆူညံညံအသံများ ထွက်ပေါ်လာသည်။ မိစ္ဆာချေဖျက်စစ်တပ်၏ အင်အားကြီး အဖွဲ့အစည်းများမှ သခင်လေးအားလုံးသည် ကျန်းရီ၏ကိစ္စကို အလွန်စိတ်ဝင်စားနေကြပေသည်။ သုံးရက်ပြည့်တော့မည်ဖြစ်၍ ဝူကန်းတို့က ကျန်းရီ၏ အခြေအနေကို သွားကြည့်ခြင်းဖြစ်မည်။ ယခုတွင် အရာအားလုံးက ကျန်းရီ အသက်ရှင်လျက် ပြန်လာနိုင်၊ မလာနိုင် အပေါ်တွင် မူတည်နေပေသည်။

ကျန်းရီနှင့် ပတ်သတ်၍...

မိစ္ဆာချေဖျပ်စစ်တပ်ထဲရှိ လူအနည်းငယ်မှလွဲ၍ ကျန်လူအားလုံးက ကျန်းရီကို အလွန်မုန်းတီးကြသည်။ ထိုသို့မုန်းတီးရခြင်း၏ အဓိကအကြောင်းမှာ ယိုမျိုးနွယ်၊ ပိုင်မျိုးနွယ်နှင့် ချိုးမျိုးနွယ်ဝင်များကြောင့် ဖြစ်သည်။ ကျန်းရီသာ အသက်ရှင်လျက် ပြန်လာနိုင်မည်ဆိုလျှင် ယိုထျန်းနီက အလကားသက်သက် ဒုက္ခိတဖြစ်သွားရသလို ဖြစ်နေပေလိမ့်မည်။ ယိုမျိုးနွယ်၊ ပိုင်မျိုးနွယ်နှင့် ချိုးမျိုးနွယ်ဝင်များကလည်း အလကားသက်သက် သေခဲ့ရသလို ဖြစ်ပေလိမ့်မည်။ ထို့ပြင် ယခုမှစကာ သိမ်းငှက်ဘုရင်လေးမှလွဲ၍ မိစ္ဆာချေဖျက်စစ်တပ်ထဲရှိ သခင်လေးအားလုံး ဖိနှိပ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် အားလုံးသည် ကျန်းရီ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် သေသွားပြီး မည်သည့်အခါတွင်မှ ပြန်မလာနိုင်ပါစေနှင့်ဟု မျှော်လင့်နေကြပေသည်။

***

ရွှီး...

အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲရှိ မြင့်မားသောတောင်တစ်လုံးပေါ်မှ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာ၏။ ကောင်းကင်ဘုရင်လုံနှင့် ထိုဆန်းကြယ်နယ်မြေ၏ စောင့်ကြပ်သူတို့က တည်နေရာပြောင်းရွှေ့အစီအရင် အနားတွင် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်နေကြသည်။ ဝူကန်းတို့ ရောက်လာပြီးနောက်တွင်ပင် သူတို့နှစ်ယောက်သည် ဘုန်းတော်ကြီးများကဲ့သို့ ဆက်၍ မလှုပ်မယှက် တင်ပျဉ်ခွေထိုင်နေကြပေသည်။

“အရှင်ဟဲကို နှုတ်ခွန်းဆက်ပါတယ်၊ ခေါင်းဆောင်လုံကို နှုတ်ခွန်းတက်ပါတယ်”

ဝူကန်းတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ထွက်လာပြီးနောက်တွင် အဘိုးအိုနှစ်ယောက်၏ အရှေ့သို့ ချက်ချင်းသွား၍ အရိုအသေပေးလိုက်ကြ၏။ စောင့်ကြပ်သူက သစ်သားရုပ်တုတစ်ရုပ်ကဲ့သို့ သူတို့ကို လျစ်လျူရှုလိုက်၏။ သို့သော် ကောင်းကင်ဘုရင်လုံက မျက်လုံးဖွင့်၍ မေးလိုက်သည်။

“မင်းတို့ ရောက်လာကြပြီပေါ့... အချိန်ပြည့်တော့မှာလား”

ဝူကန်းက တွက်ချက်၍ ခေါင်းညိတ်ကာ ပြောလိုက်၏။

“အချိန်ပြည့်ဖို့ နှစ်နာရီပဲ လိုပါတော့တယ်”

“အဲ့ဒါဆိုလည်း စောင့်ကြတာပေါ့”

ကောင်းကင်ဘုရင်လုံသည် အရေးမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်ပြီး မျက်လုံးပြန်မှတ်လိုက်သည်။ ဝူကန်းတို့သည် အရပ်မျက်နှာအနှံ့သို့ ဝေ့ဝဲကြည့်လိုက်ကြ၏။ ချီချင်ချန်က တောင်ဘက်သို့ ကြည့်လိုက်သည်။ သူမ၏ခမည်းတော်သည် ကျန်းရီက တောင်ဘက်ရှိ နတ်ဘုရားသစ်ပင်ကို သွားရှာနိုင်သည်ဟု ပြောလိုက်ပေသည်။

အချိန်က တ‌ရွေ့ရွေ့ကုန်ဆုံးလာ၏။ ချီချင်ချန်တို့ ပို၍ စိတ်လှုပ်ရှားလာကြပြီး မျက်နှာများ တည်လာကြသည်။ ကျန်းရီသာ ရှင်သန်နေသေးလျှင် ယခုလောက်ဆို ဤနေရာအနီးသို့ ပြန်ရောက်လာသင့်ပေပြီ။ ထိုမှ အချိန်ပြည့်သည်နှင့် ချက်ချင်း တည်နေရာပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ ယခုတွင်မူ အချိန်ပြည့်ခါနီးပြီဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေသည်။ မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရသေးပေ။

ဖျောက်...ဖျောက်...

နောက်ဆုံး အချိန်ပြည့်သွားသောအခါ တိလင်အာ၏ မျက်နှာပေါ်တွင် မျက်ရည်စများ လိမ့်ဆင်းလာ၏။ အဆိပ်ဝိညာဉ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ မိုလင်းချိုး၏ မျက်နှာက ရင်နာမှုဖြင့် ရှုံ့တွနေသည်။ မိုဟွိုက်စန်း၏ မျက်နှာထားကလည်း ရှုပ်ထွေးနေသည်။ ရီထူကမူ မျက်လုံးများ မှိတ်ထား၏။ သူသည် သူ၏ ကူကယ်ရာမဲ့မှုနှင့် နာကျင်မှုကို အခြားသူများ မြင်သွားမည်ကို မလိုလားပေ။

“သူ ပြန်မလာတော့ဘူးလား။ ကျန်းရီ... မင်းက တကယ်ပဲ ဒီအပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ သေသွားပြီလား။ မင်း ဘယ်လိုလုပ် သေနိုင်ရတာလဲ။ မင်းသေရင် ဒေါ်လေး ဘယ်လိုလုပ်မလဲ”

ရီပုဟွေသည် ခေါင်းငုံ့ကာ လက်သီးဆုပ်၍ သူ့ဘာသာ ရေရွတ်လိုက်၏။ ကျန်းရီသေသွားသော သတင်းသာ ရီဖျောင်ဖျောင်၏နားထဲ ရောက်သွားလျှင် သူမ မည်သို့ဖြစ်သွားမည်ကို သူ တွေးပင်မကြည့်ရက်ချေ။ ထိုသတင်းကြောင့် သူမ မဆင်မခြင် ပြုမူလိုက်မည်ဆိုလျှင် မည်သို့လုပ်ပါမည်နည်း။

“ရှင် ဘာလို့ ပြန်မလာရတာလဲ။ သေချာပေါက် ပြန်လာခဲ့မယ်လို့ ရှင် ပြောခဲ့တယ်မလား”

ချီချင်ချန်၏ လှပသော မျက်ဝန်းလေးများထဲတွင် နာကျင်မှုများ ပြည့်နှက်နေသည်။ သုံးရက် ပြည့်သွားပြီဖြစ်သည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်ကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်၍ မည်သူကမှ သတ်မှတ်ချိန်ထက် ပိုနေလိုလိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် ကျန်းရီကဲ့သို့ ကျင့်ကြံခြင်းအဆင့်နိမ့်သူတစ်ယောက်က ပို၍ပင် နေလိုမည် မဟုတ်ပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ကျန်းရီ ပြန်မလာတော့ပေ။ သူက ဤအပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ထာဝရနေတော့မည်ဖြစ်သည်။

တောင်ထိပ်တစ်ခုလုံး အလွန်တိတ်ဆိတ်နေ၏။ မည်သူကမှ စကားထပ်မပြောကြတော့ပေ။ တိလင်အာ၏ မျက်ရည်စများသာ တဖျောက်ဖျောက် ဆက်ကြနေသည်။ သို့သော် မည်သူမှ ထွက်မသွားသေးပေ။ သူတို့အားလုံးသည် ဖြစ်ရပ်ဆန်းကြယ်တစ်ခု ဖြစ်လာရန် မျှော်လင့်ကာ ဆက်စောင့်နေကြသည်။

နှစ်နာရီ၊ လေးနာရီ...ခြောက်နာရီ...

ပတ်ဝန်းကျင်က တိတ်ဆိတ်နေဆဲပင်။ ထိုတိတ်ဆိတ်မှုက ကြောက်မက်ဖွယ်ပင်ကောင်းသည်။ ကောင်းကင်ဘုရင်လုံသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ တိတ်တဆိတ်လျှောက်သွားကာ မည်သို့မှ မပြောဘဲ တည်နေရာပြောင်းရွှေ့လိုက်သည်။

မိုလင်းချိုးတို့ကမူ မျှော်လင့်ချက်ထားနေဆဲပင်။ သူတို့ အနိမ့်ဘုံအချိန်သုံးရက်ကြာအောင် ဆက်စောင့်ကြသည်။ နောက်ဆုံးတွင်မူ မိုလင်းချိုးနှင့် ရီထူတို့သည် အကြည့်ချင်းဖလှယ်ကာ သက်ပြင်းလေးလေးချ၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားလိုက်ကြသည်။

“ဟွိုက်စန်း၊ လင်အာ.. မင်းတို့လည်း ငါတို့နဲ့ ပြန်လိုက်ခဲ့သင့်တယ်။ လာပါ.. ပြန်ကြစို့”

မိုလင်းချိုးသည် မိုဟွိုက်စန်းက နာခံကာ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်လာလိမ့်မည်ဟု ထင်ထား၏။ သို့သော် မည်သူမှ မလှုပ်ကြပေ။ ထို့ကြောင့် ရီထူ ဝင်ပြောလိုက်သည်။

“ပုဟွေ... ဝင်လာခဲ့”

“ဟူး...”

ရီဟုဟွေ သက်ပြင်းအနည်းငယ် ချလိုက်ပြီး ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် ဝေ့ဝဲကြည့်ပြီးနောက် အံကြိတ်၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားလိုက်သည်။ မိုလင်းချိုးသည် တိလင်အာက မလှုပ်ကြောင်းကို တွေ့သောအခါ အစီအရင်ထဲမှ လှစ်ခနဲ ပြန်ထွက်၍ သူမကို သတိလစ်သွားအောင် လုပ်လိုက်၏။ ပြီးနောက် သူ သူမကို မိုဟွိုက်စန်းလက်ထဲ ထည့်လိုက်သည်။

ထို့နောက်တွင် မိုလင်းချိုးသည် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကို ကြည့်လိုက်၏။ သူ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောရန် ဆုံးဖြတ်လိုက်လေသည်။

“သခင်မလေးချင်ချန်၊ အဆိပ်ဝိညာဉ်... သွားကြပါစို့။ ကျန်းရီက... ပြန်မလာတော့ဘူး”

***

All Chapters