အဓိကတရားခံ
Vol. 111 Ch. 1541
ရီထူသည်လည်း အဆိပ်ဝိညာဉ်ကို ကြည့်၍ ချီတုံချတုံဖြင့် ပြောလိုက်၏။
“ရီဖန်... ငါနဲ့အတူ သူတော်စင်ဝိညာဉ်တောင်ဆီ ပြန်လိုက်ခဲ့ပါ”
အဆိပ်ဝိညာဉ် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ ရီထူ၏ ဆိုလိုရင်းက ရှင်းပေသည်။ အဆိပ်ဝိညာဉ်သာ သူနှင့်အတူ ပြန်လိုက်ခဲ့လျှင် သူက အဆိပ်ဝိညာဉ်ကို ဝိညာဉ်မျိုးနွယ်ဝင်တစ်ယောက် ပြန်ဖြစ်နိုင်အောင် ကူညီပေးမည်ဖြစ်သည်။ ထို့ပြင် အရေးပါသော ရာထူးတစ်နေရာ ရအောင်လည်း လုပ်ပေးဦးမည်ဖြစ်သည်။ ရီထူ ထိုသို့ပြောခဲ့ခြင်းမှာ အဆိပ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်ထိုးချက်ကို အဆင့်မြင့်မြင့် တတ်မြောက်ထား၍လည်းပါသလို ကျန်းရီ၏ မျက်နှာကို ထောက်ထားပေးခြင်းလည်းဖြစ်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်ရီထူ”
အဆိပ်ဝိညာဉ်သည် ခေတ္တမျှ တွေးတောပြီးနောက် အံကြိတ်ကာ လက်ဆုပ်၍ ပြောလိုက်သည်။
“အရှင်တို့ပဲ အရင်ပြန်သွားကြပါ။ ကျွန်တော် ထပ်စောင့်လိုက်ပါဦးမယ်။ အရှင်ငယ်က ဒီလို လွယ်လွယ်နဲ့သေမဲ့လူမျိုး မဟုတ်ပါဘူး”
ချီချင်ချန်က လှမ်းကြည့်ကာ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်၏။ သူမလည်း ဆက်စောင့်မည်ဖြစ်သည်။ သို့ဖြစ်ရာ မိုလင်းချိုးနှင့် ရီထူတို့သည် မည်သို့မှ မပြောတော့ဘဲ တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုး၍ မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်သွားလိုက်လေသည်။
ဝှစ်...
တည်နေရာပြောင်းရွှေ့အစီအရင် နိုးလာပြီး မိုလင်းချိုးတို့အုပ်စု ထွက်သွားပြီးနောက်တွင် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့နှစ်ယောက်သည် တောင်ဘက်သို့ ပျံသွားကြခြင်းပင်။ သူတို့ အလွယ်တကူ လက်လျှော့မည် မဟုတ်ပေ။ ယခု နတ်ဘုရားသစ်ပင်ဆီသို့ သွားကြည့်ရန် သူတို့ ဆုံးဖြတ်ထားပေသည်။ ကျန်းရီ သေသွားပြီဆိုလျှင်လည်း အလောင်းကိုတော့ ကြည့်ရပေမည်။
တည်နေရာပြောင်းရွှေ့အစီအရင်နှင့် နတ်ဘုရားသစ်ပင်က သိပ်မဝေးပေ။ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့၏ အမြန်နှုန်းနှင့်ဆိုလျှင် သူတို့ နတ်ဘုရားသစ်ပင်ဆီသို့ ဆယ်နာရီအတွင်း ရောက်နိုင်ပေသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသော်လည်း သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် နေ့ဝက် သို့မဟုတ် တစ်ရက်တော့ အလွယ်တကူ တောင့်ခံနိုင်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ အတန်ကြာ ပျံသန်းပြီးနောက်တွင် အောက်ဘက် မြေပြင်က ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော လသားရဲများ ပျံတက်လာကြ၏။ ချီချင်ချန်၏ လက်ထဲတွင် အနီရောင် ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။ ထို့နောက် သူမ အော်ပြောလိုက်သည်။
“အဆိပ်ဝိညာဉ်... အရှေ့က သွားနှင့်ပါ။ ဒီသားရဲတွေကို ကျွန်မ ရှင်းလိုက်ပါမယ်”
အဆိပ်ဝိညာဉ်က တုံ့ဆိုင်းမနေပေ။ သူက ချီချင်ချန်ထက် များစွာပို၍ အားနည်းသည်။ ထို့ပြင် သူသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲသို့ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ ဤနယ်မြေနှင့် မရင်းနှီးပေ။ ချီချင်ချန်ကမူ ဤသို့လာ၍ လေ့ကျင့်ခဲ့ဖူးသည်။ သို့သော် သူမသည် နေ့တစ်ဝက် လေ့ကျင်ပြီးနောက် ပြန်ဆုတ်လာခဲ့ရပေသည်။
“အပြောင်ရှင်းလေမုန်တိုင်း”
ချီချင်ချန်၏ဓားပျော့ ဝေ့ယမ်းသွားသောအခါ ပတ်ဝန်းကျင်ရှိ တိမ်များနှင့် လေထုက လေနဂါးများအဖြစ် ပေါင်းစည်းသွားပြီး ပျံတက်လာနေသည့် လသားရဲများဆီ ပျံဆင်းဝင်တိုက်လိုက်ကြသည်။ ချီချင်ချန်သည် ထိုလသားရဲများနှင့် ရပ်၍ တိုက်ခိုက်မနေဘဲ လေနဂါးများကို ထုတ်လွှတ်ပြီးသည်နှင့် တောင်ဘက်သို့ ဆက်ပျံသန်းသွားလိုက်လေသည်။
“ကျန့်ရှမျိုးနွယ်ဝင်တွေ...”
ငါးမိနစ်ကြာ ဆက်ပျံသန်းပြီးနောက် သူတို့နှစ်ယောက် မြေပြင်ပေါ်ရှိ ကျန့်ရှမျိုးနွယ်ဝင်များ၏ အလောင်းများကို တွေ့လိုက်ရ၏။ နှစ်ယောက်သား တစ်စက္ကန့်မျှ ဝမ်းမြောက်သွားကြသည်။ ကျန်းရီက အမှန်ပင် နတ်ဘုရားသစ်ပင်ဆီသို့ သွားခဲ့ခြင်းပင်။ သူတို့သာ ကျန့်ရှမျိုးနွယ်ဝင်များ၏ အလောင်းများအတိုင်း လိုက်သွားမည်ဆိုလျှင် ကျန်းရီဆီ ရောက်သွားနိုင်လောက်ပေသည်။
လမ်းတစ်လျှောက်တွင် သူတို့ လသားရဲများစွာဖြင့် ရင်ဆိုင်ခဲ့ရသည်။ ချီချင်ချန်၏ လသားရဲများကို တိုက်ခိုက်ပုံအား အကြိမ်အနည်းငယ် လေ့လာပြီးနောက်တွင် အဆိပ်ဝိညာဉ်သည် သူမနှင့် အချိတ်အဆက်မိအောင် မည်သို့လုပ်ရမည်ကို သိသွားပေသည်။ သူသည် မတိုက်ခိုက်ဘဲ ကိုယ်ပွားရာကျော် ခွဲထုတ်၍ ထိုကိုယ်ပွားများကို အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားစေလိုက်၏။ သူ့ကိုယ်ပွားများက သူနှင့် တစ်ပုံစံတည်းတူရာ လသားရဲများကို အဝေးသို့ အလွယ်တကူ မျှားခေါ်သွားနိုင်ပေသည်။
“ကောင်းတယ်...”
ချီချင်ချန်၏ မျက်လုံးများ လင်းလက်လာ၏။ အဆိပ်ဝိညာဉ်၏ အကူအညီနှင့်ဆိုလျှင် သူမ လသားရဲများကို အလွယ်တကူ ရှင်းပစ်နိုင်မည်ဖြစ်သည်။ သူမတို့နှစ်ယောက်သည် လသားရဲများနှင့် ရပ်၍တိုက်ခိုက်မနေဘဲ တောင်ဘက်သို့သာ အမြန်ဆုံး ပျံသန်းသွားနေပေသည်။
ဒူ...
မြေအောက်ထဲမှနေ၍ ထူးဆန်းသောအသံ ထွက်ပေါ်လာသောအခါ ချီချင်ချန်ရော အဆိပ်ဝိညာဉ်ပါ ရင်ထဲနာကျင်သွားသည်။ သူတို့၏ စိတ်ဝိညာဉ်များက တိုက်ခိုက်ခံလိုက်ရသကဲ့သို့ပင်။ ချီချင်ချန်၏ စိတ်ဝိညာဉ်က အလွန်သန်မာသည်။ ထို့ကြောင့် သူမ များစွာထိခိုက်မသွားပေ။ သို့သော် အဆိပ်ဝိညာဉ်ကမူ ဤနယ်မြေထဲသို့ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ရာ ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည်နှင့် မျက်နှာဖြူဖျော့သွားသည်။ ဤအပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ သို့ဖြစ်ရာ ကျန်းရီ ရှင်သန်နိုင်ခဲ့ပါမည်လော။
အဆိပ်ဝိညာဉ်၏ စိတ်ဝိညာဉ်ကလည်း သန်မာသည်ဟု ဆိုနိုင်သည်။ အနည်းဆုံးတော့ ကျန်းရီ၏စိတ်ဝိညာဉ်ထက် အဆအနည်းငယ် ပိုသန်မာပေသည်။ မိစ္ဆာဓာတ်က သူတို့နှစ်ယောက်စလုံးအပေါ် မသိမသာ စတင်သက်ရောက်နေပြီဖြစ်သော်လည်း အချိန်တိုအတွင်း သူတို့ ပြဿနာကြုံလိမ့်ဦးမည် မဟုတ်ချေ။
ပျံသန်းရာ လမ်းတစ်လျှောက်တွင် ကျန့်ရှမျိုးနွယ်ဝင်များ၏ အလောင်းများကို တွေ့ရပေသည်။ နတ်ဘုရားသစ်ပင်နှင့် နီးကပ်လာသောအခါ ချီချင်ချန်၏ မျက်လုံးများ အရောင်လက်လာသည်။ သူမနှင့် ဆောင်ဥတုအရှင်တို့ ဤနယ်မြေထဲ နောက်ဆုံးတစ်ခေါက် လာခဲ့စဉ်က ထိုနတ်ဘုရားသစ်ပင်က မည်မျှဆန်းကြယ်ကြောင်း သိခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ကျန်းရီသာ နတ်ဘုရားသစ်ပင်ဆီသို့ အောင်အောင်မြင်မြင် ရောက်သွားနိုင်မည်ဆိုလျှင် သူ၏ရှင်သန်နိုင်ခြေက သေချာပေါက် များစွာတိုးတက်သွားပေလိမ့်မည်။
***
ဝှစ်...
နာရီအနည်းငယ် ကြာပြီးနောက် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ နတ်ဘုရားသစ်ပင်အောက်သို့ ရောက်လာကြ၏။ နတ်ဘုရားသစ်ပင်အောက်ဘက် မြေပြင်ပေါ်တွင် ကျန့်ရှမျိုးနွယ်ဝင်များနှင့် လသားရဲများ၏ အလောင်းများ ပြည့်နှက်နေသည်ကို တွေ့လိုက်သောအခါ သူတို့၏ မျက်နှာထားများ အလွန်တည်သွားသည်။ အလောင်းအရေအတွက်အရ ဤနေရာမှ တိုက်ပွဲက မည်မျှပြင်းထန်ခဲ့ပြီး ကျန်းရီ အကြိမ်မည်မျှ တိုက်ခိုက်ခံခဲ့ရမည်ကို သူတို့ ပြောနိုင်ပေသည်။
“ဟူး...”
ချီချင်ချန်သည် နတ်ဘုရားသစ်ပင်အောက်တွင် ရပ်၍ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူမ သက်ပြင်းလေးလေးတစ်ချက် ချကာ မျက်လုံးများ မှိတ်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ရင်နာသည့် အရိပ်အယောင်များ ပြည့်နှက်နေပေသည်။ အဆိပ်ဝိညာဉ်သည်လည်း ကောင်းကင်စိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် မျက်နှာမည်းတက်လာပြီး စိတ်ဓာတ်ကျသွားသည်။ နတ်ဘုရားသစ်ပင်အောက်တွင် ကျန်းရီ၏ အရိပ်အယောင်ကို မမြင်ရပေ။
ဤဆန်းကြယ်နယ်မြေထဲတွင် နတ်ဘုရားသစ်ပင်က အလုံခြုံဆုံးနေရာဖြစ်သဖြင့် ကျန်းရီသာ ဤသစ်ပင်အောက်သို့ရောက်အောင် လာနိုင်မည်ဆိုလျှင် ရှင်သန်နိုင်ခြေ ပိုများလာလိမ့်မည်ဟု ပြောခဲ့သည်။ သို့သော် ယခုတွင် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့သည် ကျန်းရီကို ရှာမတွေ့ပေ။ ကျန်းရီက သေသွားပြီး လသားရဲများ၏ အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲ စားသောက်မှုကို ခံလိုက်ရခြင်းဖြစ်နိုင်ပေသည်။
ဝှစ်...
အဆိပ်ဝိညာဉ်သည် လက်မလျှော့လိုသေးသဖြင့် ပတ်ဝန်းကျင်ကို တစ်ပတ် လှည့်ပတ်ပျံသန်းလိုက်၏။ နောက်ဆုံးတွင် သူ ကောက်ချက်ချနိုင်လိုက်သည်။ ကျန်းရီက ဤနေရာမှ ထွက်သွားသော လက္ခဏာများကို မတွေ့ရပေ။ ကျန်းရီ နောက်ဆုံးရှိခဲ့သောနေရာက ဤနတ်ဘုရားသစ်ပင်အောက်မှာပင်။
“သူ... သူက ဒီမှာ မရှိဘူးလား”
ချီချင်ချန်သည် အဆိပ်ဝိညာဉ် ပြန်လာသောအခါ အသံတုန်တုန်ယင်ယင်ဖြင့် မေးလိုက်၏။ အဆိပ်ဝိညာဉ်၏ စိတ်ပျက်နေသော မျက်နှာထားကို မြင်လိုက်သောအခါ သူမ အားပြတ်သွားသည်။
“သွားကြစို့... ပြန်ကြတာပေါ့။ အနီရောင်အလင်း ပေါ်မလာခင် ကျွန်မတို့ တည်နေရာပြောင်းရွှေ့အစီအရင်ဆီ ရောက်အောင်ပြန်ရမယ်”
ဝှစ်..
ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့သည် နောက်ဆုံးအကြိမ်အဖြစ် နတ်ဘုရားသစ်ပင်ကို တစ်ပတ်လှည့်ကြည့်ကြ၏။ နောက်ဆုံးတွင် သူတို့ စိတ်ပျက်စွာဖြင့်သာ အဝေးသို့ ပျံသန်းသွားပြီး မည်းမှောင်နေသော ကောင်းကင်ထဲတွင် ပျောက်ကွယ်သွားလေသည်။
***
ရွှီး...
ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ ထွက်သွားပြီးနောက်တွင် နတ်ဘုရားသစ်ပင်၏ ပင်စည်က လင်းလက်လာပြီး လှပသော အမျိုးသမီး၏မျက်နှာ ထပ်မံထွက်ပေါ်လာ၏။ မျက်နှာသည် မရိုးသားသော မျက်နှာထားဖြင့် သစ်ကိုင်းတစ်ကိုင်းကို လှမ်းကြည့်လိုက်၏။ ထိုအခါ သစ်ကိုင်းက လင်းလက်လာပြီး သစ်ကိုင်းအောက်တွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသူတစ်ဦး ထွက်ပေါ်လာသည်။ အကယ်၍ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့သာ ဤနေရာတွင် ရှိနေဦးမည်ဆိုလျှင် သေချာပေါက် အံ့ဩသွားပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသူက ကျန်းရီဖြစ်နေ၍ပင်။
ကျန်းရီက အပြည့်အဝစိတ်နှစ်ကာ ကျင့်ကြံနေသဖြင့် အချိန်နှင့် အရာအားလုံးကို မေ့လျော့နေပုံပေါ်သည်။ သုံးရက်ပြည့်သွားပြီကိုလည်း သူ မသိလောက်ပေ။ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့က သူတို့၏အသက်ကိုရင်း၍ သူ့ကို လာရှာခဲ့သော်လည်း သူတို့နှစ်ယောက် နတ်ဘုရားသစ်ပင်ဆီသို့ ရောက်မလာခင်လေးတွင် သူ၏ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်ကိုလည်း သူ သိလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ ဖြစ်ခဲ့ရခြင်းမှာ နတ်ဘုရားသစ်ပင်ကြောင့် ဖြစ်ပေသည်။ ပုံမှန်ဆိုလျှင် ကျန်းရီက အပြည့်အဝစိတ်နှစ်၍ ကျင့်ကြံနေပါစေ ဆယ့်ငါးမိနစ်လျှင်တစ်ကြိမ် ထွက်ပေါ်လာတတ်သည့် မြေအောက်မှ ထူးဆန်းသော အသံကြောင့် နိုးလာမည်သာ။ သူ ထိုအသံများကို လျစ်လျူရှုနိုင်လျှင်ပင် နာရီနှစ်ဆယ်လျှင်တစ်ကြိမ် ရောက်လာသည့် လသားရဲများကြောင့် နိုးလာဦးမည်ဖြစ်သည်။
သို့သော်...
နတ်ဘုရားသစ်ပင်၏ ပင်စည်ပေါ်တွင် လှပသော အမျိုးသမီး၏ မျက်နှာ ထွက်ပေါ်လာပြီးနောက်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့ပေသည်။ ဆယ့်ငါးမိနစ်လျှင်တစ်ကြိမ် ထွက်ပေါ်လာတတ်သည့် ထူးဆန်းသောအသံက ရပ်တန့်သွားခဲ့သည်။ နာရီနှစ်ဆယ်ပြည့်၍ လသားရဲများ ပြန်ရောက်လာလျှင်လည်း ထိုလှပသောအမျိုးသမီး၏ မျက်နှာက ထွက်ပေါ်လာသည်။ ထိုအခါ နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းများက အလင်းဖြာထုတ်ကာ ကျန်းရီ၏ခန္ဓာကိုယ်ကို နေရာမှ ပျောက်ကွယ်သွားစေပေသည်။ လသားရဲများသည် မည်သည့်လူသားကိုမှ အာရုံမခံမိသောအခါ ဤနေရာသို့ လာမတိုက်ခိုက်ကြတော့ပေ။
ကျင့်ကြံနေလျှင် အချိန်ကုန်မြန်သည်ဟု ခံစားရသည်။ နှစ်တစ်ရာဆိုလျှင်ပင် တစ်ခဏလေးနှင့် ကုန်ဆုံးသွားသည်ဟု ထင်ရပေလိမ့်မည်။
ကျန်းရီသည် စိတ်နှစ်ကာ ကျင့်ကြံနေခြင်းဖြစ်ရာ အချိန်မည်မျှ ကုန်ဆုံးသွားပြီကို မသိပေ။ သူက မြေအောက်ထဲမှ ထူးဆန်းသောအသံ ထွက်လာမည်ကို စောင့်နေခြင်းပင်။ သို့သော် ထိုအသံက ထပ်၍ ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် ကျန်းရီသည် ဆယ့်ငါးမိနစ်ပင် မပြည့်သေးဟု ထင်ကာ ဆက်၍ကျင့်ကြံနေခြင်းဖြစ်သည်။ သို့သော် နှစ်ရက်ကျော် ကုန်ဆုံးသွားခဲ့ပြီဖြစ်ပေသည်။
သာမန်မဟုတ်သည့်အရာတစ်ခုသာ ဖြစ်မလာလျှင် ကျန်းရီတစ်ယောက် မိုးမြေအနှစ်သာရတစ်ခုကို သိမြင်နားလည်သွားတော့မှ နိုးထလာမည့်ပုံပင်။ ဤတစ်ခေါက်တွင် ထိုမိန်းမလှမျက်နှာက အဓိကတရားခံဖြစ်ပေသည်။ သူမ၏လုပ်ရပ်က လူပေါင်းများစွာကို ကျန်းရီသေသွားပြီဟု ထင်စေခဲ့သည်။ ထို့ကြောင့် လူများစွာ နာကျင်ပူဆွေးရသည်။ သို့သော် မိန်းမလှမျက်နှာကမူ ကျန်းရီကို လှပသောမျက်ဝန်းတစ်စုံဖြင့် အတန်ကြာ ကြည့်ပြီးနောက် နတ်ဘုရားသစ်ပင်ထဲ ထပ်မံပျောက်ကွယ်သွားလေသည်။
***