မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်
Vol. 111 Ch. 1542
“သူ ပြန်မလာဘူးလား”
မိစ္ဆာချေဖျက်တောင်ကြားထဲရှိ ခမ်းနားသော ရဲတိုက်ကြီးတစ်တိုက်ထဲတွင် ကောင်းကင်ဘုရင်ယိုသည် ကျန်းရီ၏သတင်းကို နားထောင်နေ၏။ ကျန်းရီက တည်နေရာပြောင်းရွှေ့အစီအရင်ဆီ ပြန်မလာကြောင်း ကြားလိုက်ရသောအခါ သူ အေးစက်စက်မျက်ဝန်းများဖြင့် သတင်းလာပို့သူယိုဟုန်ကို မေးလိုက်သည်။
“သူ သေသွားပြီဆိုတာ သေချာလား။ မင်းတို့ သူ့အလောင်းကို ရှာတွေ့ပြီလား”
“အဲ့ဒါတော့ ကျွန်တော်လည်း သေချာမသိပါဘူး”
ယိုဟုန်က ခေါင်းခါကာ ပြန်ပြောလိုက်၏။
“ဒါပေမဲ့ မိုလင်းချိုးနဲ့ ရီထူတို့ကတော့ အရမ်းစိတ်ပျက်နေတဲ့ပုံစံနဲ့ ပြန်လာကြတာပါပဲ။ ချီချင်ချန်နဲ့ အဆိပ်ဝိညာဉ်လည်း ခဏနေတော့ ပြန်ရောက်လာကြပါတယ်။ သူတို့ကလည်း စိတ်ဓာတ်ကျနေပုံပါပဲ။ ကျန်းရီသာ မသေသေးဘူးဆိုရင် သူတို့က ဘာလို့ အဲ့လိုပုံစံ ဖြစ်နေမှာပါလဲ။ ဘာလို့ သူ့ကို ပြန်မခေါ်လာခဲ့မှာပါလဲ”
“အဲ့ဒါ ဟုတ်တယ်”
ကောင်းကင်ဘုရင်ယို ခေါင်းညိတ်ကာ အေးစက်စက် ပြောလိုက်သည်။
“အဲ့လိုဆို သံသယဖြစ်စရာ မရှိတော့ဘူးပေါ့။ အဲ့ကောင်လေးက မိစ္ဆာအတတ်တွေနဲ့ ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပေမဲ့ သူ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်နေတုန်းပဲ။ သူ သုံးရက်တောင် မခံခဲ့လောက်ဘူး။ သူ့ကို ဆက်အရေးမစိုက်တာဘဲ ကောင်းပါတယ်။ ထျန်းနီရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ”
“မကောင်းပါဘူး”
ယိုဟုန်က ခေါင်းခါကာ ဖြေသည်။
“သခင်လေးက နတ်ဘုရားအမြုတေရော ယောက်ျားဘဝပါ ဖျက်ဆီးခံလိုက်ရတာဆိုတော့ တော်တော်လေး စိတ်ဓာတ်ကျ၊ ဝမ်းနည်းနေပါတယ်။ သူ အခန်းထဲကတောင် မထွက်ပါဘူး။ သူ့အနားမှာရှိတဲ့ ပစ္စည်းတွေကိုလည်း ပေါက်ခွဲပစ်နေပါတယ်။ သူက သူ့ကိုယ်သူ နှိပ်စက်နေပြီး သတ်သေဖို့ ကြံနေပုံပါပဲ။ မျိုးနွယ်ခေါင်းဆောင်... ဒီအတိုင်းဆက်သွားရင် သခင်လေး ရူးသွားမှာကို ကျွန်တော် စိုးမိပါတယ်”
“အင်း...”
ကောင်းကင်ဘုရင်ယို၏ မျက်လုံးများက အမုန်းတရားနှင့် တောက်ပလာ၏။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်လာသည်။ သူသည် အတန်ကြာ နှုတ်ဆိတ်နေပြီးနောက်မှ ပြောလိုက်လေသည်။
“သူ နတ်ဘုရားအမြုတေအသစ် တည်ဆောက်နိုင်အောင် ဝိညာဉ်ကိုးပါးနတ်ကြာပွင့်တစ်ပွင့် သွားဝယ်ပေးလိုက်။ ပြီးတော့... ငါ သူ့ကို မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ် ကျင့်ကြံခွင့်ပေးတယ်လို့လည်း ပြောလိုက်။ ဒါပေမဲ့ သူ အုပ်ချုပ်သူအဆင့် မရောက်သေးခင်အထိ ကောင်းကင်ယန်တောင်ကြားထဲက ထွက်ခွင့်မရှိဘူး။ ပြီးတော့ ဒီကိစ္စကို လျှို့ဝှက်ထားပါ။ ဒီအကြောင်းကို အပြင်လူတစ်ယောက်ယောက် သိသွားရင်... ငါက ဒီအကြောင်းကို ဘာမှ မသိထားဘူး... နားလည်လား”
“မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်လား”
ယိုဟုန် တစ်ကိုယ်လုံး တုန်ယင်သွား၏။ ယိုမျိုးနွယ်တွင် ထိုအတတ်ကိုသိသူ အနည်းငယ်သာရှိသည်။ သူက ထိုအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်သည်။
ထိုအတတ်က မည်မျှ ရက်စက်ကာ လူမဆန်ကြောင်းကို ယိုဟုန်သိသည်။ ထိုအတတ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်ယန်မျိုးနွယ်မှ ဉာဏ်ကြီးရှင်တစ်ယောက်က ဖန်တီးခဲ့သော အလွန်မိစ္ဆာဆန်သည့်အတတ်တစ်ခု ဖြစ်သည်။ ထိုဉာဏ်ကြီးရှင်က ပါရမီမပါသော်လည်း ၎င်းအတတ်ကိုသုံးကာ အုပ်ချုပ်သူအဆင့်သို့ လျင်မြန်စွာ ရောက်နိုင်ခဲ့ပြီး ကောင်းကင်ယန်မျိုးနွယ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။ သို့သော် ၎င်းဉာဏ်ကြီးရှင်ကြောင့်လည်း ကောင်းကင်ယန်မျိုးနွယ်က ဘုံတစ်သောင်း၏ အင်အားပူးပေါင်း ရှင်းပစ်မှုကို ခံခဲ့ရခြင်း ဖြစ်ပေသည်။
ထိုအတတ်သည် အခြားသူများ၏ ကျင့်ကြံခြင်းစွမ်းအားများကို အတင်းခိုးယူသည့် မိစ္ဆာအတတ်တစ်ခုပင်။ ၎င်းသည် ကောင်းကင်စွမ်းအားများကို ခိုးယူနိုင်ရုံသာမက စိတ်ဝိညာဉ်များကိုပင် ဝါးမျိုနိုင်သည်။
၎င်းအတတ်ကို ကျင့်ကြံရန် ကျင့်ကြံသူသည် မိန်းမများစွာနှင့် လိင်ဆက်ဆံရပေသည်။ လိင်ဆက်ဆံနေစဉ်အတွင်း ကျင့်ကြံသူသည် ဆက်ဆံခံအမျိုးသမီး၏ ကောင်းကင်စွမ်းအားများနှင့် စိတ်ဝိညာဉ်ကို စုပ်ယူလိုက်မည်ဖြစ်သည်။ ယင်းအပြင် ထိုအမျိုးသမီး တတ်မြောက်ထားသော ကောင်းကင်စွမ်းအားစည်းမျဉ်းများနှင့် ဆန်းကြယ်စွမ်းရည်အားလုံးကိုလည်း ကျင့်ကြံသူက ပိုင်ဆိုင်သွားမည်ဖြစ်ပေသည်။
ဆက်ဆံခံအမျိုးသမီးကမူ စိတ်ဝိညာဉ်စုပ်ယူခံလိုက်ရသည်ဖြစ်ရာ ဆက်ဆံပြီးသည်နှင့် သေသွားမည်ဖြစ်သည်။ ထိုအတတ်ကို ကျင့်ကြံရန် အနည်းဆုံး ထောင်ချီသော အမျိုးသမီးများ၏ စိတ်ဝိညာဉ်ကို လိုအပ်သည်။ ထို့ပြင် ထိုအမျိုးသမီးများက သာမန်လူများဖြစ်၍ မရပေ။ စွမ်းအားကြီး သိုင်းသမားများ ဖြစ်နေရမည်။ စွမ်းအားကြီးလေလေ၊ ပိုကောင်းလေလေပင်။
သို့ဖြစ်ရာ ယိုထျန်းနီ ထိုအတတ်ကို စတင်ကျင့်ကြံသည်နှင့် အမျိုးသမီးပေါင်းမည်မျှ ပျက်စီးရမည်ကို တွေးကြည့်နိုင်ပေသည်။ သူမတို့သည် ခန္ဓာကိုယ် ညစ်နွမ်းအောင်လုပ်ခံရရုံသာမက သူမတို့ နှစ်ပေါင်းများစွာ ကျင့်ကြံထားသော စွမ်းအားများနှင့် သူမတို့၏ စိတ်ဝိညာဉ်အား အတင်းစုပ်ယူသည်ကိုလည်း ခံရမည်ဖြစ်သည်။ ထိုကဲ့သို့သော လူမဆန်သည့်ကိစ္စတစ်ခုသာ လူသိရှင်ကြား ဖြစ်သွားပါက ကောင်းကင်ယန်မျိုးနွယ်သည် ဤတစ်ခေါက်တွင် အမြစ်ပြတ်ရှင်းပစ်ခံရပေလိမ့်မည်။
ပြဿနာမှာ...
အကယ်၍ ယိုထျန်းနီသာ ရူးသွပ်၊ သေဆုံးသွားလျှင် ယိုမျိုးနွယ်ကလည်း မျိုးဆက်ပြတ်သွားမည်ဖြစ်သည်။ ယိုထျန်းနီက ကောင်းကင်ယန်မျိုးနွယ်၏ တစ်ဦးတည်းသော တတိယမျိုးဆက်ဖြစ်သည်။
ထို့ကြောင့် ယိုဟုန်သည် အဘယ်ကြောင့် ကောင်းကင်ဘုရင်ယိုက ဤကဲ့သို့ စီစဉ်ရခြင်းကို နားလည်ပေးနိုင်ပေသည်။ ယိုထျန်းနီသာ မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်ကို စတင်ကျင့်ကြံမည်ဆိုလျှင် အင်အားတိုးလာပေလိမ့်မည်။ သူ အမျိုးသမီးများစွာနှင့် လိင်ဆက်ဆံခြင်းပြုမည်ဆိုလျှင်လည်း မျိုးဆက်သစ်တစ်ယောက် ကျန်ခဲ့မည့် အခွင့်အရေးက ပိုများမည်ဖြစ်သည်။ ထိုကိစ္စကို လျှို့ဝှက်စွာ ကိုင်တွယ်နိုင်မည်ဆိုလျှင် မည်သူမှ သိမည် မဟုတ်ပေ။ ယိုမျိုးနွယ်၏ လက်ရှိ ဩဇာလွှမ်းမိုးနိုင်မှုက အားကောင်းနေသည် မဟုတ်ပါလား။
“စိတ်မပူပါနဲ့ မျိုးနွယ်ခေါင်းဆောင်”
ယိုဟုန် အံကြိတ်ကာ ဦးညွှတ်၍ ပြောလိုက်၏။
“ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ပါမယ်။ ဘာပြဿနာမှ မတက်စေရပါဘူး”
“တကယ်လို့ ပြဿနာတွေ တက်လာရင် အဲ့ဒါတွေက မင်းပြဿနာတွေပဲ ဖြစ်လိမ့်မယ်။ ငါက ဒီကိစ္စမှာ ဝင်ပါမှာ မဟုတ်ဘူး”
ကောင်းကင်ဘုရင်ယို အေးစက်စက် ပြောလိုက်သည်။
“အဲ့တော့.. မင်း မသေချင်ရင် ဒီအစီအစဉ်ကို အပြင်လူတွေမသိအောင် အကောင်အထည်ဖော်ပါ”
ယိုဟုန် ထွက်သွားပြီးနောက်တွင် ကောင်းကင်ဘုရင်ယိုသည် မည်းမှောင်သော မျက်နှာထားဖြင့် ပြတင်းပေါက်အပြင်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
“ကျန်းရီ... ထျန်းနီက မင်းကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့တယ်။ မင်း သေရင်သေပေါ့ကွာ.. မဟုတ်လို့ကတော့ ငါ မင်းကို သတ်ပေးဖို့ တောင်းဆိုလာရအောင် လုပ်ပစ်မယ်”
***
“လာပါ... ဟီးဟီးဟီး...”
ကောင်းကင်ဘုရင်ယိုက မိစ္ဆာချေဖျက်တောင်ကြား၏ တစ်ဘက်တွင် အမုန်းတရားများနှင့် ပြည့်နှက်နေစဉ် သခင်လေးများစွာက ရဲတိုက်ကြီးတစ်တိုက်ထဲ၌ စားသောက်ပွဲ ကျင်းပနေပေသည်။ ချိုးရန်၊ ပိုင်တိထျန်နှင့် အဖော်များက ကျန်းရီ သေသွားပြီဆိုသော သတင်းကို ရသည်နှင့် ချက်ချင်း ဝမ်းသာအားရ လက်ခုပ်လက်ဝါး တီးခဲ့ကြသည်။ သူတို့သည် အလွန်ဝမ်းပမ်းတသာဖြင့် သခင်လေးများကို စုဝေးကာ အောင်ပွဲခံကြသည်။
အချို့က ပျော်ရွှင်နေစဉ်တွင် အချို့က ပူဆွေးနေကြသည်။ တိလင်အာသည် မနက်ဖြန် မရှိတော့သလို ငိုကြွေးနေ၏။ သူမတွင် ကျန်းရီအပေါ် နက်ရှိုင်းသော ခံစားချက်များ မရှိသော်လည်း သူက သူမ အတန်ငယ် စိတ်ဝင်စားမိသော ပထမဆုံးယောက်ျားတစ်ယောက် ဖြစ်ပေသည်။ သို့သော် သူမ၏ ပထမဆုံး အချစ်ရေးက စပင် မစရသေးခင် အဆုံးသတ်သွားပေပြီ။
ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့သည် မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရောက်လာသည်နှင့် တန်း၍ အခန်းအောင်းလိုက်ကြသည်။ သူတို့က ကျင့်ကြံရန် အခန်းအောင်းနေခြင်းလော သို့မဟုတ် လူများကို ရှောင်လို၍ အခန်းအောင်းနေခြင်းလောကို မည်သူမှ မသိပေ။ မိုလင်းချိုးက တိရှဘုံသို့ ပြန်သွားပြီး ရီပုဟွေနှင့် ရီထူတို့ကလည်း သူတော်စင်ဝိညာဉ်ဘုံသို့ ပြန်သွားခဲ့သည်။
“သေပြီလား...”
မိုလင်းချိုးသည် တိရှဘုံသို့ ပြန်ရောက်သည်နှင့် အမည်မဲ့ကျွန်းသို့ တန်းသွားလိုက်၏။ တိရှအရှင်သည် ကျန်းရီ၏သတင်းကို ကြားသောအခါ အလွန်အံ့ဩသွားသည်။ သူ မိုလင်းချိုးကို စိုက်ကြည့်၍ မေးလိုက်သည်။
“မင်း သွားပြီး အတည်ပြုခဲ့လား။ ကျန်းရီရဲ့ အလောင်းကို တွေ့ခဲ့လား။ သူ့ရဲ့ဓားက ဘယ်မှာလဲ”
မိုလင်းချိုး အိုးတိုးအန်းတန်းဖြင့် နှာခေါင်းကုတ်ကာ ပြန်ဖြေလိုက်သည်။
“အရှင်... ကျွန်တော်တို့ အကြာကြီး စောင့်နေခဲ့တာပါ။ ကျန်းရီသာ အသက်ရှင်နေသေးရင် သူ တည်နေရာပြောင်းရွှေ့အစီအရင်ဆီ ပြန်လာရမှာပေါ့။ ပြီးတော့ ဟွိုက်စန်းနဲ့ တိလင်အာတို့လည်း ရှိနေတော့ ကျွန်တော် သွားပြီး အတည်မပြုခဲ့ရပါဘူး”
“အရူး...”
တိရှအရှင်က ဒေါသဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“မင်း ချက်ချင်း နောက်တစ်ခေါက် ထပ်သွားတာ ကောင်းလိမ့်မယ်။ သူ သေပြီဆိုရင်လည်း ငါ သူ့အလောင်းကို မြင်ချင်တယ်။ သူသာ တကယ်သေသွားပြီဆိုရင် မင်း သူ့ရဲ့သိုလှောင်လက်စွပ်ကို တွေ့အောင်ရှာရမယ်။ သူ့မှာ နဂါးပုံစံတွေပါတဲ့ အနီရောင်ဓားတစ်ချောင်း ရှိတယ်။ အဲ့ဓားက အရမ်းအရေးကြီးတယ်။ မြန်မြန်သွား...”
“ဟုတ်ကဲ့ပါ”
မိုလင်းချိုးသည် တိရှအရှင် ဤမျှဒေါသထွက်သည်ကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ အမည်မဲ့ကျွန်းမှ ခပ်သွက်သွက် ထွက်သွားလိုက်ပြီး မိစ္ဆာချေဖျက်တောင်ကြားဆီသို့ ထပ်မံ၍ တည်နေရာပြောင်းရွှေ့လိုက်ပေသည်။
“အဲ့ဒါက အဓိပ္ပာယ်မရှိဘူး”
မိုလင်းချိုး ထွက်သွားပြီးနောက် တိရှအရှင်သည် အံ့အားသင့်နေသော မျက်နှာထားဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ရေရွတ်လိုက်သည်။
“အရှင်... အရှင်က ကျန်းရီကို ရွေးချယ်ခဲ့တာဆိုတော့ ကျန်းရီမှာ ကျွန်တော်တို့နဲ့ ကွဲပြားတဲ့အရာတစ်ခု သေချာပေါက် ရှိရမှာပဲ။ ပြီးတော့ အရှင့်ရဲ့ဓားက အရမ်းစွမ်းအားကြီးတာကို... အပြစ်ဆေးကြောဆန်းကြယ်နယ်မြေလေးက အရှင့်ရဲ့ ဆက်ခံသူကို သတ်နိုင်ပါ့မလား။ အရှင့်ရဲ့ လူကဲခတ်မှုက တစ်ခုခု မှားခဲ့တာလား ဒါမှမဟုတ် လူသားမျိုးနွယ်ကိုက ပျက်သုဉ်းဖို့ ကံကြမ္မာပါလာတာလား။ လူသားမျိုးနွယ်က တမလွန်ဘုံရဲ့ ဖိနှိပ်မှုကို ခံကိုခံရမှာလား”
***
“ဘာ...”
သူတော်စင်ဝိညာဉ်တောင်ထိပ်ရှိ ကြီးကျယ်ခမ်းနားသော နန်းဆောင်ကြီးတစ်ဆောင်ထဲတွင် ဝိညာဉ်ဘုရင်သည် ရီထူ၏ တင်ပြမှုကို နားထောင်နေ၏။ ကျန်းရီ၏သတင်းကို ကြားလိုက်သောအခါ သူ့မျက်ဝန်းများ အေးစက်သွားပြီး သူ့ခန္ဓာကိုယ်မှနေ၍ ဒေါသအရှိန်အဝါ ထွက်လာ၏။ အတော်ကြာမှ ဝိညာဉ်ဘုရင်သည် တိရှအရှင်မေးခဲ့သော တူညီသည့်မေးခွန်းကိုပင် မေးလိုက်သည်။
“မင်း သွားပြီး အတည်ပြုခဲ့လား။ အဲ့ကောင်လေးရဲ့ အလောင်းကိုရော ရှာတွေ့ပြီလား”
“မတွေ့သေးပါဘူး”
ရီထူက ရိုးသားစွာ ပြန်ဖြေ၏။
“ပုဟွေက သားတော်နဲ့အတူ အဲ့ကို လိုက်လာခဲ့တော့ သားတော် သွားပြီးအတည်မပြုနိုင်ခဲ့ပါဘူး။ ပြီးတော့ ကျန်းရီက တော်တော်ကြာတာတောင် ပြန်ရောက်မလာတော့ သူ သေလောက်ပြီလို့ သားတော် ယူဆခဲ့မိပါတယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အဲ့မှာ သုံးရက်ပြည့်အောင် ဘယ်လိုမှ မရှင်သန်နိုင်ဘူးမလား”
“ဟွန်း...”
ဝိညာဉ်ဘုရင်က အလွန်ဒေါသထွက်နေသဖြင့် သူ၏မုတ်ဆိတ်မွေးပင် အထက်သို့ လိပ်တက်နေသည်။ သူသည် အနီးတွင် ရီပုဟွေ ရှိနေသည်ကိုပင် အရေးမစိုက်တော့ဘဲ ရီထူကို ဆူလိုက်လေသည်။
“မင်း သောက်ရူး... ငါက မင်းကို သွားကြည့်ခိုင်းတာဆိုတော့ မင်းက သွားကြည့်ပြီးပဲ ပြန်လာတယ်ပေါ့လေ။ ကျန်းရီ သေသွားပြီဆိုရင် ငါ သူ့အလောင်းကို မြင်ချင်တယ်။ အဲ့ဒါကြောင့် ငါက မင်းကို သွားခိုင်းခဲ့တာပဲ။ မဟုတ်ရင် ဘာလို့ သွားခိုင်းနေမှာလဲ”
ရီထူ နှုတ်ခမ်းတွန့်လိုက်ပြီး အတန်ငယ် ဒေါသထွက်သွားဟန်ဖြင့် ခွန်းတုံ့ပြန်လိုက်၏။
“အရင်တစ်ခေါက် ပုဟွေ သတင်းပို့လိုက်ကတည်းက အဲ့ကောင်လေးကို ကယ်ဖို့ နည်းလမ်းရှာပါလို့ သားတော် ခမည်းတော်ကို ပြောခဲ့သားပဲ။ ခမည်းတော်ပဲ သူ့ကို အရေးမစိုက်နဲ့လို့ ပြောခဲ့တာ မဟုတ်လား။ ဘာလို့ အခုမှာလာပြီး သူ့ကို အရေးစိုက်နေရတာလဲ။ အဲ့ဒါက အရမ်းနောက်ကျသွားပြီ မဟုတ်ဘူးလား”
“ခွေးကောင်...”
ဝိညာဉ်ဘုရင် အလွန်ဒေါသထွက်သွားပြီး ရီထူကို ရိုက်ရန် လက်ရွယ်လိုက်၏။ သို့သော် အနားတွင် ရီပုဟွေ ရှိနေသဖြင့် သူ ရီထူကို အနည်းငယ် မျက်နှာသာပေးရပေမည်။ ထို့ကြောင့် သူ ခြေဆောင့်၍ လက်ထဲမှ လက်ဖက်ရည်ခွက်ကိုသာ ခွဲပစ်လိုက်ပြီး အော်ပြောလိုက်သည်။
“ဖျောင်ဖျောင်ကြောင့်သာ မဟုတ်ရင် အဲ့မျိုးမစစ်ကောင်လေး သေသေရှင်ရှင် ငါ အရေးစိုက်နေမှာ မဟုတ်ဘူး။ ရီထူ... မင်း အဲ့ကိုထပ်သွားလိုက်။ တကယ်လို့ ကျန်းရီသေပြီဆိုရင်လည်း သူ့အလောင်းကို တွေ့အောင်ရှာရမယ်။ ပြီးတော့ ဒီကိစ္စ ပေါက်ကြားသွားလို့ မဖြစ်ဘူး။ ဖျောင်ဖျောင်သာ ဒီအကြောင်းကို သိသွားရင် ငါ မင်းတို့ မျိုးမစစ်နှစ်ကောင်လုံးကို သတ်ပစ်မယ်”
‘မျိုးမစစ်တဲ့လား’
ရီပုဟွေ မျက်လုံးပင့်လိုက်၏။ ဝိညာဉ်ဘုရင်က ထိုစကားဖြင့် ရီမျိုးနွယ်၏ မျိုးဆက်သုံးဆက်လုံးကို ဆဲဆိုလိုက်ခြင်း မဟုတ်ပါလား။
***