← Chapters

ကျွန်မတို့ ခင်ပွန်းက အထက်ဘုံမှာပါ

Vol. 111 Ch. 1543

ကျွန်မတို့ ခင်ပွန်းက အထက်ဘုံမှာပါ

Vol. 111 Ch. 1543

မိုလင်းချိုးနှင့် ရီထူတို့သည် သူတို့လူများကို ဦးဆောင်၍ မိစ္ဆာချေဖျက်တောင်ကြားသို့ တည်နေရာပြောင်းရွှေ့လာကြ၏။ ဤတစ်ခေါက်တွင် သူတို့နှစ်ယောက်သည် သူတို့နှင့်အတူ လူများစွာ ခေါ်လာခဲ့သည်။ သူတို့က စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးရမည် မဟုတ်ပါလား။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် အတော်ကြာအောင် ရှာရလိမ့်မည်ဟု သူတို့ ခန့်မှန်းထားကြသည်။ သို့ဖြစ်ရာ လူလုံလုံလောက်လောက် ပါမလာပါက လသားရဲများကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

နှစ်ဘက်စလုံးသည် ဘွဲ့ထူးရစစ်နတ်ဘုရား ရာကျော် ခေါ်လာခဲ့သည်။ ထိုဘွဲ့ထူးရစစ်နတ်ဘုရားများက အဖွဲ့များခွဲ၍ လသားရဲများကို အလှည့်ကျ ခုခံကြပေသည်။ သူတို့သည် အရှေ့သို့သွားရင်း လမ်းကြောင်းကို စစ်ဆေးကြသည်။ သူတို့အုပ်စုနှစ်စုသည် ကျန်းရီချန်ခဲ့သော ခြေရာလက်ရာများကို အလွယ်တကူ ရှာတွေ့ကြ၏။ နောက်ဆုံးတွင် သူတို့ နတ်ဘုရားသစ်ပင်ကိုလည်း တွေ့သွားကြသည်။ သို့သော် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကဲ့သို့ပင် အုပ်စုနှစ်စုလုံးသည် ကျန်းရီကို ရှာမတွေ့ကြပေ။ တောင်ပုံရာပုံရှိနေသော ကျန့်ရှမျိုးနွယ်ဝင်များနှင့် လသားရဲများ၏ အလောင်းများကိုသာ တွေ့ကြသည်။

နတ်ဘုရားသစ်ပင် တစ်ဝိုက်ကို စေ့စေ့စပ်စပ် ရှာဖွေကြသော်လည်း မည်သည်ကိုမှ မတွေ့ချေ။ နတ်ဘုရားသစ်ပင်က ကျန်းရီ နောက်ဆုံးရောက်လာခဲ့သော နေရာဖြစ်ကြောင်းကိုသာ အတည်ပြုနိုင်သည်။ သို့သော် ကျန်းရီ၏အလောင်းကို ရှာမတွေ့ပေ။ မြေပြင်ပေါ်တွင်တော့ ပေါက်ကွဲပျက်စီးသွားသည့် ဗျပ်စောင်း၏ အပိုင်းအစများကို တွေ့ရသည်။ ထို့ကြောင့် မိုလင်းချိုးနှင့် ရီထူတို့သည် ကျန်းရီက သေသွားခဲ့ပြီဟု ကောက်ချက်ချလိုက်ကြလေသည်။

ကျန်းရီသာ မသေသေးလျှင် အဘယ်ကြောင့် ပြန်မလာဘဲ နေမည်နည်း။ သူ မည်သည့်နေရာသို့ သွားနိုင်သေးသနည်း။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ဆောင်းဥတုအရှင်သည်ပင် ဤနယ်မြေထဲ၌ တစ်လသာ နေနိုင်ခဲ့သည်။ ကျန်းရီက ဆောင်းဥတုအရှင်နှင့် မည်သို့မှ မယှဉ်နိုင်ပေ။ လူများစွာသည် ကျန်းရီတစ်ယောက် ဤနယ်မြေထဲ၌ သုံးရက်ပြည့်အောင်မှ ရှင်သန်နိုင်ပါမည်လောဟု သံသယဖြစ်ခဲ့ကြသည် မဟုတ်ပါလား။

အုပ်စုနှစ်စုလုံး ပြန်သွားကြ၏။ သတင်းလည်း ပျံ့နှံ့သွားပြီး မိစ္ဆာချေဖျက်တောင်ကြား တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပေသည်။

ကျန်းရီနှင့် ရန်ငြိုးမရှိသော စွမ်းအားကြီး သိုင်းသမားများစွာသည် ဝမ်းနည်းကြ၏။ သူတို့သည် ကျန်းရီကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရ၍ စိတ်မကောင်းဖြစ်ကြခြင်းဖြစ်သည်။ အထက်ဘုံ၏ သတ်မှတ်ချက်များအရဆိုလျှင် ကျန်းရီက အလွန်ငယ်သေးသည်ဟု ဆိုနိုင်သည်။ သို့သော် သူက စွမ်းရည်ပြိုင်ပွဲတွင် ပထမရခဲ့ပြီး အထက်ဘုံတွင် များစွာကစဉ့်ကလျားဖြစ်စေခဲ့သည်။ သူသည် အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့်ပင် တိုက်ခိုက်နိုင်ပြီး အဆိပ်ဝိညာဉ်နှင့် အင်အားပူးပေါင်းကာ ကောင်းကင်ဘုရင်ယိုကို ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့သည်။ ယင်းကပင် သူ့ကို ဘုံများစွာ၌ ကျော်ကြားသွားစေခဲ့ပေသည်။

အခြားလူများစွာကမူ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်နိုင်သည့် အတတ်ကို သူနှင့်အတူ သေရွာသို့ ယူသွားခဲ့၍ ပိုစိတ်မကောင်းဖြစ်နေကြ၏။ သူသည် ထိုအတတ်ကို မည်သူ့ကိုမှ လက်ဆင့်မကမ်းခဲ့ပေ။ ကျန့်ရှဆန်းကြယ်နယ်မြေထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များ သန်းရာနှင့်ချီ၍ ရှိသေးသည်။ သူတို့သာ ထိုအတတ်ကို သင်ယူနိုင်မည်ဆိုလျှင် ကျန့်ရှမျိုးနွယ်ဝင်စစ်တပ်ကြီးတစ်တပ်ကို အလွယ်တကူ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

ချီချင်ချန်သည် အခန်းအောင်းနေခဲ့ပြီး တိလင်အာက တိရှဘုံသို့ ပြန်သွားရန် ဆုံးဖြတ်ခဲ့သည်။ သူမ မိစ္ဆာချေဖျက်စစ်တပ်သို့ လာခဲ့ခြင်းမှာ ကျန်းရီကြောင့်ဖြစ်သည်။ ယခု ကျန်းရီက သေသွားပြီဖြစ်ရာ သူမ ဆက်မနေလိုတော့ပေ။

အဆိပ်ဝိညာဉ်က တိလင်အာနှင့်အတူ ပြန်လိုက်သွားခဲ့၍ လူများစွာ အံ့ဩခဲ့ကြ၏။ မိုလင်းချိုးတို့က ကျန်းရီ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပေးပြီးသောအခါ မျိုးနွယ်ကြီးများသည် အဆိပ်ဝိညာဉ်ကို သူတို့မျိုးနွယ်ထဲဝင်ရန် ကမ်းလှမ်းခဲ့ကြသည်။ အဆိပ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်ထိုးချက်ကို တတ်မြောက်ထားသည် မဟုတ်လော။ သူသာ ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်သို့ ရောက်သွားမည်ဆိုလျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများမှလွဲ၍ သူ့ကို မည်သူမှ ယှဉ်နိုင်တော့မည် မဟုတ်ချေ။ သူသာ အုပ်ချုပ်သူအဆင့်သို့ ရောက်နိုင်မည်ဆိုလျှင်မူ သေချာပေါက် အထက်ဘုံ၏ စွမ်းအားအကြီးဆုံး သိုင်သမားဆယ်ယောက်စာရင်းထဲ ဝင်ပေလိမ့်မည်။

အဆိပ်ဝိညာဉ်က ကမ်းလှမ်းမှုအားလုံးကို ငြင်းခဲ့သည်။ ရီမျိုးနွယ်က သူ့ကို ပြန်ခေါ်သည်ကိုပင် ငြင်းလိုက်ပြီး တိလင်အာနှင့်အတူ တိရှဘုံသို့ ပြန်သွားခဲ့သည်။ သူသည် ကျန်းရီစီရင်စုနယ်ကို ကျန်းရီကိုယ်စား ကာကွယ်ပေးရန် ဆုံးဖြတ်ထားပေသည်။ ထို့ပြင် သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်နှင့် ကျန်းရီချစ်ရသောသူအားလုံးကိုလည်း ကာကွယ်ပေးလိုပေသည်။

တိရှအရှင်သည်လည်း ကျန်းရီက အမှန်ပင် သေသွားပြီဖြစ်သော သတင်းကို ကြားလိုက်သောအခါ နေ့တစ်ဝက်ကျော် မှိုင်တွေသွားခဲ့သည်။ နောက်ဆုံးတွင် သူ မည်သို့မှ မပြောဘဲ မိုလင်းချိုးကို ထွက်သွားစေလိုက်သည်။ မိုလင်းချိုးသည် ကျန်းရီစီရင်စုနယ်ကို ပြန်သိမ်းမည်လောဟု တိရှအရှင်ကို မေးလိုခဲ့၏။ သို့သော် တိရှအရှင်၏ အခြေအနေကို မြင်သောအခါ ထိုအကြောင်းကို ယခု မပြောသေးရန် သူ ဆုံးဖြတ်လိုက်ပေသည်။

ကျန်းရီစီရင်စုနယ်သည် တိရှအရှင်က ကျန်းရီအား ချီးမြှင့်ထားသော စီရင်စုနယ်ဖြစ်သည်။ ၎င်းကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း၍ရသည်။ သို့သော် ပြဿနာမှာ ကျန်းရီက မျိုးဆက်မချန်ခဲ့နိုင်ဘဲ သေဆုံးသွားခြင်းပင်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများကလည်း မိုလင်းချိုးအတွက် ပုရွက်ဆိတ်များနှင့် မခြားပေ။ အဆိပ်ဝိညာဉ်က ပြန်လာပြီဖြစ်သော်လည်း အချိန်တိုအတွင်း ပြဿနာမတက်လျှင်ပင် နောက်ပိုင်း၌ လူများက သေချာပေါက် ပြဿနာရှာမည်ဖြစ်သည်။

တိရှအရှင်က မည်သို့မှ မပြောသဖြင့် မိုလင်းချိုးသည် ထိုကိစ္စကို သူ့ဘာသာ မကိုင်တွယ်ဝံ့ပေ။ ထို့ကြောင့် လက်တလောတွင် ကျန်းရီစီရင်စုနယ်ကို သူ့အတိုင်းသာ ဆက်ထားရန် ဆုံးဖြတ်လိုက်ပေသည်။ တစ်ချိန်တည်းမှာပင် သတင်းများကို ဖုံးထားရန်လည်း အမိန့်ပေးလိုက်သည်။ ကျန်းရီ သေသွားပြီဆိုသော သတင်းကို မည်သူမှ ဖြန့်ခွင့်မရှိပေ။

အဆိပ်ဝိညာဉ်သည်လည်း ပြန်ရောက်လာပြီးနောက် ကျန်းရီအကြောင်းကို လုံးဝမပြောခဲ့ပေ။ သူသည် ခေါင်းဆောင်နေရာကိုသာ အတင်းယူလိုက်ပြီး ကျန်းရီစီရင်စုနယ်၏ လက်ထောက်စီရင်စုနယ်အရှင်အသစ် ဖြစ်လာပေသည်။ ယခုတွင် သူ့လက်ထဲ၌ အာဏာကုန်ရှိနေပေပြီ။ ရှောင်ဟုန်က ထိုကိစ္စကို ကန့်ကွက်လိုသော်လည်း အဆိပ်ဝိညာဉ်က ကျန်းရီနှင့် အရင်းနှီးဆုံးသူဖြစ်နေ၍ နှုတ်ဆိတ်၍သာ နေလိုက်သည်။ ထို့ပြင် အဆိပ်ဝိညာဉ်၏ တိုက်ခိုက်စွမ်းအားက သူ၏တိုက်ခိုက်စွမ်းအားထက် များစွာပိုမြင့်ရာ သူ မကျေနပ်ကြောင်းလည်း ထုတ်မပြောဝံ့ပါပေ။

***

အချိန်က အလွန်လျင်မြန်စွာ စီးဆင်းသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆယ်ရက်ကုန်ဆုံးသွားပေသည်။

ချီချင်ချန် အခန်းအောင်းနေရာမှ ထွက်လာ၏။ သူမသည် မီးဖီးနစ်တပ်နှင့်အတူ တာဝန်များ ဆက်ထမ်းဆောင်သည်။ ဤတစ်ကြိမ်တွင် မည်သူကမှ သူမကို ပြဿနာသွားမရှာဝံ့တော့ပေ။ ထို့ပြင် မီးဖီးနစ်တပ် ရရှိသော တာဝန်များက အကောင်းတကာ့ အကောင်းဆုံးများ ဖြစ်ကြရာ မီးဖီးနစ်တပ်ထဲ ဝင်လိုသူများ တန်းစီလာပေသည်။

ကျန့်ရှဆန်းကြယ်နယ်မြေထဲမှ တိုက်ပွဲကြောင့် မီးဖီးနစ်တပ်က ကျော်ကြားလာခဲ့သည်။ စွမ်းအားကြီး သိုင်းသမားများစွာသည် ချီချင်ချန်၏ တပ်ဦးမှနေ၍ ဦးဆောင်ပုံကို ကြိတ်၍လေးစားနေကြသည်။ ထို့ပြင် ချီချင်ချန်က တိုက်ပွဲအမှတ်များကိုလည်း မယူပေ။ သို့ဖြစ်ရာ မီးဖီးနစ်တပ်သားများသည် လုံခြုံမှုရှိရုံသာမက တိုက်ပွဲအမှတ်များလည်း ပိုရကြပေသည်။ ယခုတွင် မည်သူကမှ မီးဖီးနစ်တပ်ကို သွားမရှုပ်ဝံ့ကြ‌တော့ပေ။ ထို့ကြောင့် စွမ်းအားကြီး သိုင်းသမားများစွာသည် မီးဖီးနစ်တပ်ထဲ ဝင်လိုလာကြလေသည်။

ချီချင်ချန်သည် ပူဆွေးမနေတော့သော်လည်း မျက်နှာထားက ရေခဲတမျှ အေးစက်နေပေသေးသည်။ ပြီးခဲ့သော ဆယ်ရက်အတွင်းတွင် သူမသည် ကျန်းရီကို လုံးဝမေ့ပစ်နိုင်ခဲ့သည်။ ထိုသို့မေ့ပစ်နိုင်ခြင်းမှာ သူမရင်ထဲတွင် မည်သည့်မျှော်လင့်ချက်မှ မကျန်တော့၍ ဖြစ်နိုင်သည်။ ယခု သူမသည် သန်မာသူတစ်ယောက်ကဲ့သို့ ပြုမူနေပေသည်။

ဆယ်ရက်...

ကျန်းရီသာ အသက်ရှင်နေသေးပါက ယခုလောက်ဆို ပြန်လာသင့်ပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ၌ သေချာပေါက် ဤမျှကြာကြာ ရှင်သန်နိုင်မည် မဟုတ်ပေ။ သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် ၎င်းနယ်မြေထဲ၌ ကြာရှည် မနေနိုင်ကြချေ။ ထို့ကြောင့်လည်း ချီချင်ချန်က မျှော်လင့်ချက်အားလုံးကို လက်လျှော့လိုက်ခြင်းဖြစ်သည်။ သူမအနေဖြင့် ဤဖြစ်စဉ်တစ်ခုလုံးနှင့် ကျန်းရီကို မေ့ပစ်နိုင်ရန်သာ သူမကိုယ်သူမ တွန်းအားပေးရတော့ပေမည်။

ဆယ်ရက်အတွင်း မိစ္ဆာချေဖျက်တောင်ကြားကလည်း ပြန်တည်ငြိမ်လာခဲ့သည်။ သခင်လေးများက ထပ်၍ ပြဿနာမဖန်တီးကြတော့ပေ။ ယိုထျန်းနီကဲ့သို့ ခက်ထန်ခဲ့သူတစ်ယောက်ပင် ယခု ဒုက္ခိတဖြစ်နေပြီ မဟုတ်ပါလား။ သို့ဖြစ်ရာ မည်သူက မီးဖီးနစ်တပ်ကို သွားရှုပ်ဝံ့ပါဦးမည်နည်း။

ယခုတွင် ပြဿနာဖန်တီးနိုင်စွမ်းရှိသူမှာ သိမ်းငှက်ဘုရင်လေးသာ ရှိတော့သည်။ သို့သော် သူက သိုသိုသိပ်သိပ်သာ နေပေသည်။ သူသည် သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ တာဝန်များ သွားထမ်းဆောင်လိုက်၊ သူ့ရဲတိုက်ထဲတွင် အောင်းကာ ကျင့်ကြံလိုက်နှင့်သာ ရှိနေသည်။

မိုဟွိုက်စန်းသည် သူမဖခင်၏ အကူအညီဖြင့် သိမ်းငှက်ဘုရင်လေး၏ တပ်ထဲ ဝင်နိုင်ခဲ့၏။ သို့သော် သိမ်းငှက်ဘုရင်လေးက သူမကို စိတ်မဝင်စားပေ။ မိုဟွိုက်စန်းသည် တာဝန်ထမ်းဆောင်ရန် သွားရတိုင်း သိမ်းငှက်ဘုရင်လေး၏ ခက်ထန်မှုများ၊ အခြားသခင်လေးများနှင့် ရယ်မောပြောဆိုနေပုံများကို ခိုးကြည့်ခဲ့၏။ သို့သော် သူမ သူ၏နှလုံးသားထဲရောက်အောင် မသွားနိုင်ပါပေ။

ထိုသို့ဖြင့် မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် ကျန်းရီ၏ အမည်က အမေ့လျော့ခံဖြစ်လာသည်။ မည်သူကမှ သူ့အကြောင်းကို မပြောကြတော့ပေ။ သူ့အကြောင်းကို ပြောဆိုခြင်းက တားမြစ်ချက်တစ်ခု ဖြစ်လာသလိုပင်။ လူများသည်လည်း သူ့အကြောင်းကို မပြောလိုကြပေ။ သူ့အကြောင်းကို ပြောလိုက်တိုင်း သခင်လေးများ ခေါင်းကိုက်လာရသည် မဟုတ်ပါလား။ သခင်လေးများသည် သူ့အကြောင်းကို ကြားတိုင်း ကျန့်ရှဆန်းကြယ်နယ်မြေထဲတွင် ခံခဲ့ရသော အရှက်ကွဲမှုကို ပြန်အမှတ်ရမိကြပေသည်။

***

ရွှီး...

တိရှဘုံ၊ ကျန်းရီစီရင်စုနယ်၊ တိရှပင်လယ်...

တိရှပင်လယ်ထဲရှိ စင်မြင့်တစ်ခုပေါ်မှ အစီအရင်က အဆက်မပြတ် လင်းလက်လာ၏။ ထိုအလင်း ပျောက်ကွယ်သွားချိန်တွင် စင်ပေါ်၌ လှပ‌သော အမျိုးသမီးနှစ်ယောက် ထွက်ပေါ်လာသည်။ သူမတို့နှစ်ယောက်က အလွန်ငယ်ရွယ်ပုံပေါ်ပြီး ဣန္ဒြေရှိကြသည်။ သူမတို့၏ ကြော့ရှင်းသော အငွေ့အသက်က ဘေးမှ လူများစွာကို ဆွဲဆောင်သွားသည်။ စင်ကို စောင့်ကြပ်နေကြသော တိရှစစ်တပ်မှ တပ်သားများပင် သူမတို့၏ အလှကြောင့် ယစ်မူးသွားကြပေသည်။

ထိုအမျိုးသမီးနှစ်ယောက်က အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားကြ၏။ သူမတို့ထဲမှ တစ်ယောက်သည် တောအုပ်ထဲမှ ထွက်လာသော နတ်မိမယ်လေးကဲ့သို့ ခြေဗလာနှင့်ဖြစ်သည်။ ကျန်တစ်ယောက်မှာမူ ရေခဲနတ်ဘုရားမတစ်ပါးအလား အေးစက်စက်အငွေ့အသက် ရှိပေသည်။ သူမတို့နှစ်ယောက်သည် စင်ပေါ်သို့ ရောက်သည်နှင့် ခေတ္တမျှ လှည့်ပတ်ကြည့်လိုက်ကြ၏။ ထို့နောက် သူမတို့၏ မျက်နှာများ ဖြူဖျော့သွားကြပေသည်။

“မမချန်က ဘယ်မှာလဲ။ မမလောရွှယ်... မမချန် ပျောက်နေတယ်။ သူက ညီမတို့နဲ့အတူ တက်လှမ်းလာတာ မဟုတ်ဘူးလား။ သူ ဘယ်ရောက်သွားတာလဲ”

ခြေဗလာနှင့် အမျိုးသမီးက တုန်လှုပ်သွားပုံပေါ်၏။ အခြားအမျိုးသမီး၏ အေးစက်စက် မျက်နှာထားတွင်လည်း စိုးရိမ်သည့် အရိပ်အယောင်အနည်းငယ် ပေါ်လာသည်။ သူမ ခေတ္တမျှ နှုတ်ဆိတ်နေပြီးမှ အစီအရင်ဘေးရှိ တိရှတပ်သားတစ်ယောက်ကို မေးလိုက်သည်။

“အရှင်... ကျွန်မတို့က အစ်မတစ်ယောက်နဲ့အတူ တက်လှမ်းလာခဲ့တာပါ။ ဒါပေမဲ့ အခု သူ ပျောက်နေပါတယ်။ အရှင်... သူ့ကို ရှာဖို့ ကျွန်မတို့ကို ကူညီပေးနိုင်မလား”

“ဟင်းဟင်း...”

ထိုအမျိုးသမီးနေရာတွင် အခြားတစ်ယောက်သာဖြစ်ပါက တိရှတပ်သားများသည် ပါးစပ်ပိတ်ထားရန် ချက်ချင်းပြောလိုက်မည်ဖြစ်သည်။ သို့သော် သူမက မိန်းမလှတစ်ယောက်ဖြစ်သဖြင့် တပ်ဖွဲ့ခေါင်းဆောင်သည် သူမကို မရိုးမသားကြည့်ကာ ပြောလိုက်လေသည်။

“လူကို လိုက်ရှာဖို့က လွယ်ပါတယ်။ ဒါပေမဲ့ မင်းတို့က ဘယ်လို ကျေးဇူးတုံ့ပြန်မလဲဆိုတာကို ကြည့်ရဦးမှာပေါ့”

“အာ...”

တိရှတပ်များက သူမတို့ကို တပ်မက်သော မျက်လုံးများနှင့် ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ အမျိုးသမီးနှစ်ယောက် ချက်ချင်း မျက်နှာထားတင်းမာသွားသည်။ အေးစက်စက်အမျိုးသမီးက ဒေါသဖြင့် ပြန်ကြည့်၍ ပြောလိုက်သည်။

“အရှင်တို့... အပြောအဆို၊ အပြုအမူ ဆင်ခြင်ကြပါ။ ကျွန်မတို့ရဲ့ ခင်ပွန်းက အထက်ဘုံမှာပါ”

“ခင်ပွန်းလား... ဟားဟားဟား...”

တပ်ဖွဲ့ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်၍ လှောင်ပြောင်လိုက်၏။

“မင်းတို့ရဲ့ ခင်ပွန်းက မင်းတို့နှစ်ယောက်ကို စွန့်ပစ်ပြီး သူ့ဘာသာ တက်လှမ်းလာခဲ့တာပဲ။ အဲ့လိုခင်ပွန်းမျိုးကို ဘာအရေးစိုက်နေရမှာလဲ။ အလှ‌လေးတွေ... မင်းတို့ အထက်ဘုံမှာ မှီခိုစရာလူ မရှိရင် အဆင့်တက်နိုင်ဖို့ ခက်လိမ့်မယ်။ အလွယ်လေးလည်း သေသွားနိုင်တယ်။ နတ်ဘုရားဓားပြတွေကလည်း မင်းတို့ကို ဖမ်းပြီး ဆောင်ကြာမြိုင်တွေကို ရောင်းစားလိမ့်မယ်။ အဲ့ကျရင် မင်းတို့ သေတာထက် ပိုဆိုးတဲ့ဘဝမှာ နေရလိမ့်မယ်...”

“ပြီးတော့... အထက်ဘုံမှာ လူတွေအများကြီးပဲ။ မင်းတို့ရဲ့ခင်ပွန်းကို ရှာဖို့က တော်တော်ခက်လိမ့်မယ်။ သူက အခုလောက်ဆို သေတောင်သေနေလောက်ပြီ။ အလှလေးတို့... မင်းတို့သာ ငါ့နောက်ကိုလိုက်မယ်ဆိုရင် သက်တောင့်သက်သာ နေရလိမ့်မယ်။ မဟုတ်ရင်တော့...ဟီးဟီး...”

***

All Chapters