ကျော်ကြားသော
Vol. 111 Ch. 1544
“ထွီ...”
ခြေဗလာနှင့် အမျိုးသမီးက ဒေါသတကြီးဖြင့် ကြည့်၍ တံတွေးထွေးလိုက်၏။
“ကျွန်မတို့ရဲ့ခင်ပွန်းက ကျော်ကြားတဲ့ သူရဲကောင်းတစ်ယောက်ပဲ။ သူက ဘယ်လိုလုပ် လွယ်လွယ်သေနိုင်မှာလဲ။ ဟားဟား... ကျွန်မခင်ပွန်းက အထက်ဘုံက အရေးကြီးပုဂ္ဂိုလ်တွေအများကြီးနဲ့ သိတယ်။ မျိုးရိုးနာမည် ‘မို’နဲ့ အရှင်တစ်ယောက်က ကျွန်မတို့ တက်လှမ်းလာတာနဲ့ သူ့နာမည်ကို ပြောလိုက်မယ်ဆိုရင် တပ်သားတွေက ကျွန်မတို့ကို ကျွန်မတို့ခင်ပွန်းနဲ့ တွေ့ရအောင် ခေါ်သွားပေးမယ်လို့ ပြောထားတယ်”
“မိုမျိုးရိုးလား”
တိရှတပ်သားတစ်စု တောင့်တင်သွားကြ၏။ တိရှအရှင်၏ မျိုးရိုးအမည်က ‘မို’ဖြစ်သည်။ တိရှဘုံထဲရှိ ‘မို’မျိုးရိုးအမည်ရှိသော အခြားသူများကလည်း ဂုဏ်သရေရှိ ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ ထို့ကြောင့် တပ်ဖွဲ့ခေါင်းဆောင်က ချက်ချင်းမေးလိုက်သည်။
“သခင်မလေးတို့... သခင်မလေးတို့ ခင်ပွန်းရဲ့ နာမည်ကဘာပါလဲ”
“ကျန်းရီ...”
ခြေဗလာနှင့် အမျိုးသမီးက ထိုစကားလုံးနှစ်လုံးကို ပြောလိုက်သောအခါ အဖွဲ့ခေါင်းဆောင်နှင့် အခြားတိရှတပ်သားများ တုန်ယင်သွားကြသည်။ သူတို့၏ ခြေထောက်များလည်း ပျော့ခွေသွားပြီး သူတို့ လဲကျကုန်ကြသည်။
တိရှဘုံထဲမှ လူများက မိုလင်းချိုးကို မသိလျှင်သာရှိမည် ကျန်းရီကိုတော့ သေချာပေါက် သိကြပေသည်။ ကျန်းရီက တိရှဘုံထဲတွင် ကိစ္စကြီးများစွာ လုပ်ဆောင်ခဲ့ပြီး လူများစွာကို သတ်ပစ်ခဲ့သည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုတွင် ကျန်းရီသည် တိရှအရှင်နှင့် အရှင်ယဲ့ရှန်တို့၏ ဘွဲ့ထူးချီးမြှင့်မှုကိုပင် ခံခဲ့ရသေးသည်။ ကျန်းရီ၏ ဂုဏ်သတင်းက ဘုံများစွာတွင် ကျော်ကြားရာ လူတိုင်း သူ့ကို သိကြပေသည်။
အရေးအကြီးဆုံးမှာ ဤစင်ပေါ်မှ တိရှတပ်သားအုပ်စုက ကျန်းရီစီရင်စုနယ်မှ တပ်သားများ ဖြစ်နေခြင်းပင်။ ကျန်းရီက သူတို့၏ စီရင်စုနယ်အရှင် ဖြစ်ပေသည်။ သို့သော် အစောတွင် သူတို့သည် ကျန်းရီ၏ ဇနီးနှစ်ယောက်ကို ရိသဲ့သဲ့ ပြောမိခဲ့ကြ၏။ သူမတို့အပေါ် မကောင်းပင် ကြံမိခဲ့ကြသည်။ အကယ်၍ ကျန်းရီသာ ထိုအကြောင်းကို သိသွားမည်ဆိုလျှင် သူတို့ အသက်ဆက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းရီအတွက် သူတို့ကို သတ်ရခြင်းက ပုရွက်ဆိတ်များကို သတ်ရခြင်းနှင့် မကွာပေ။
တိရှတပ်သားများသည် အထက်ပါအတိုင်း တွေးမိသောအခါ ကျောစိမ့်သွားကြ၏။ သူတို့ ခပ်သွက်သွက် ထရပ်လိုက်ကြသည်။ ထို့နောက် တပ်ဖွဲ့ခေါင်းဆောင်က တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်လေသည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ သခင်မလေးတို့.. ကျွန်တော်က သခင်မလေးတို့ကို မသိလို့ အပြစ်ပြုမိခဲ့တာပါ။ ကျွန်တော် သေသင့်ပါတယ်”
ဖြန်း...ဖြန်း...ဖြန်း...
တပ်ဖွဲ့ခေါင်းဆောင်သည် ပြောပြောဆိုဆိုဖြင့် သူ့ပါးသူ ဘယ်ပြန်ညာပြန် ရိုက်လိုက်သည်။ ကျန်တိရှတပ်သားများကလည်း သူတို့၏ပါးစပ်များကို သူတို့ဘာသာ ရိုက်လိုက်ကြသည်။ တက်လှမ်းလာခါစ လူများသည် ထိုအဖြစ်အပျက်များကို မှင်တက်စွာ ငေးကြည့်နေကြ၏။ အဘယ်ကြောင့် ထိုအုပ်စုက အစောတွင် မောက်မာဝံ့ကြွားနေခဲ့ပြီး ယခု ကိုယ့်ပါးကိုယ် ရိုက်နေကြရသနည်း။
အမျိုးသမီးနှစ်ယောက်မှာ စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့ ဖြစ်ပေသည်။ သူမတို့က ရီချန်နှင့်အတူ အထက်ဘုံသို့ တက်လှမ်းလာခြင်းပင်။ ရီချန်နှင့် ယဉ်ရို့ပင်းတို့က အထက်ဘုံသို့ ပိုစော၍ တက်လှမ်းမည်ဆိုလျှင် တက်လှမ်းနိုင်ပေသည်။ သို့သော် သူမတို့သည် စုလောရွှယ်ကို စောင့်ရန် သူမတို့၏ ကျင့်ကြံခြင်းကို ဖိနှိပ်က နတ်ဘုရားဝိညာဉ် မစုစည်းသေးဘဲ နေခဲ့ကြသည်။ မကြာသေးခင်တွင် စုလောရွှယ် အဆင့်တက်သွားနိုင်ခဲ့သည်။ ထိုမှ သူမတို့သုံးယောက် အတူတကွ တက်လှမ်းလာခဲ့ခြင်းဖြစ်သည်။
သို့သော် ရီချန်က အခြားအမျိုးသမီးနှစ်ယောက်နှင့် ကွဲသွားခဲ့သည်။ ထို့ကြောင့် စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့ စိုးရိမ်သွားခဲ့ခြင်းဖြစ်သည်။
မိုလင်းချိုးသည် အနိမ့်ဘုံသို့ လူစေလွှတ်ကာ နတ်ဘုရားအမြစ်များ၊ နတ်ဘုရားအထိမ်းအမှတ်များနှင့် ဝိညာဉ်အားဖြည့် ပစ္စည်းများ ပေးခဲ့သည်။ အထက်ဘုံသို့ တက်လှမ်းနိုင်ရန် လိုအပ်ချက်သုံးခုရှိသည်။ ပထမတစ်ခုက နတ်ဘုရားအမြုတေဖြစ်သည်။ ဒုတိမှာ နတ်ဘုရားဝိညာဉ်ဖြစ်ပြီး တတိယမှာမူ မိုးမြေတာအိုပုံသဏ္ဌာန်ဖြစ်သည်။ နတ်ဘုရားအထိမ်းအမှတ်များထဲတွင် စွမ်းအားကြီးသော စည်းမျဉ်းတာအိုပုံသဏ္ဌာန်များ ပါသည်။ ပါရမီရှိသူများဆိုလျှင် ၎င်းတို့ထဲရှိ စည်းမျဉ်းများ၏ ဆန်းကြယ်မှုကို အလွယ်တကူ သိမြင်နားလည်နိုင်မည်ဖြစ်သည်။ ၎င်းတို့ထဲမှ နတ်ဘုရားအငွေ့အသက်ကလည်း နတ်ဘုရားအမြုတေ ဖြစ်တည်မှုကို ပိုလျင်မြန်စေပေလိမ့်မည်။ နတ်ဘုရားဝိညာဉ်အတွက်မူ ပို၍ပင် ရိုးရှင်းသေးသည်။ အထက်ဘုံတွင် စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သော ရတနာများနှင့် အရင်းအမြစ်များစွာ ရှိသည်။ ထိုအရာများကို သုံးလိုက်မည်ဆိုလျှင် နတ်ဘုရားဝိညာဉ်ကို အလွယ်တကူ စုစည်းနိုင်မည်ဖြစ်သည်။
ရီချန်နှင့် ယဉ်ရို့ပင်းတို့က ပါရမီထူးသူများဖြစ်ကြသည်။ စုလောရွှယ်တွင်လည်း ထူးခြားသော စိတ်ဝိညာဉ်ရှိသည်။ သို့သော် သူမ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်နေရာ အဆင့်တက်နိုင်ရန် အချိန်အနည်းငယ်ပို၍ ယူခဲ့ရခြင်းဖြစ်သည်။ သို့သော် ယင်းက ပြဿနာကြီးတော့ မဟုတ်ပါပေ။ စုလောရွှယ် အဆင့်တက်ပြီးနောက်တွင် ရီချန်နှင့် ယဉ်ရို့ပင်းတို့သည် ကျန်းရီကို အလွန်လွမ်းဆွတ်နေပြီဖြစ်၍ ချက်ချင်းပင် အထက်ဘုံသို့ တက်လှမ်းရန် ဆုံးဖြတ်ခဲ့ကြပေသည်။
ဖြန်း...ဖြန်း...ဖြန်း...
တပ်ဖွဲ့ခေါင်းဆောင်နှင့် တပ်သားများက သူတို့၏ပါးကိုသူတို့ အားကုန်ရိုက်နေကြသည်။ အားက ပြင်းလွန်းရာ သူတို့၏ မျက်နှာများပင် ရွဲ့စောင်းကုန်ကြသည်။ စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့ စိတ်အေးသွားပြီး ဂုဏ်လည်းယူမိသွား၏။ သူမတို့၏ခင်ပွန်းက အမှန်ပင် ထိပ်သီးတစ်ဦး ဖြစ်ပေသည်။ သူ အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ မကြာသေးသော်လည်း ဤမှလူများ၏ လေးစားမှုကို ခံနေရပြီဖြစ်သည်။ သူ့အမည်ကို ကြားလိုက်ရုံဖြင့်ပင် ထိုတပ်သားများက အလွန်ကြောက်ရွံ့သွားကြပေသည်။
“တော်ပြီ...”
စက္ကန့်အနည်းငယ်ကြာပြီးနောက် စုလောရွှယ်က အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ကို ကျွန်မတို့ခင်ပွန်းဆီ ချက်ချင်းလိုက်ပို့ပေးပါ။ ပြီးရင် ကျွန်မတို့ရဲ့အစ်မကို ရှာဖို့ နည်းလမ်းတစ်ခုလည်း စဉ်းစားကြပါ။ ရှင်တို့ အောင်မြင်ရင် ကျွန်မတို့ ဒီကိစ္စကို လျှော်ပေးလိုက်မယ်။ မဟုတ်လို့ကတော့... ဟွန်း...”
“ကျေးဇူးတင်ပါတယ် သခင်မလေးတို့...”
တပ်ဖွဲ့ခေါင်းဆောင် အလွန်ပျော်သွားပြီး ကျန်တိရှတပ်သားများ သက်ပြင်းချလိုက်ကြသည်။ အကယ်၍ ထိုသခင်မလေးနှစ်ယောက်ကသာ ဤကိစ္စကို ကျန်းရီအား တိုင်လိုက်မည်ဆိုလျှင် သူတို့ သေချာပေါက် သေရပေလိမ့်မည်။ သူတို့၏မိသားစုများကလည်း သူတို့နှင့် အမြှုပ်ခံရလောက်သည်။
ရွှီး...
တပ်ဖွဲ့ခေါင်းဆောင်သည် အမျိုးသမီးနှစ်ယောက်ကို ကျန်းရီဆီ လိုက်ပို့ရန် ချက်ချင်း နတ်ဘုရားလှေကို ထုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ထိုအကြောင်းကို သူ၏အထက်လူကြီးများထံ သတင်းပို့လွှတ်လိုက်ပြီး ရီချန်၏ ပုံပန်းသွင်ပြင်ကို စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့အား မေးလိုက်သည်။ ပြီးသည်နှင့် ချက်ချင်းပင် ကျန်းရီစီရင်စုနယ်၏ နတ်ဘုရားလက်ခံအစီအရင်များတွင် တာဝန်ကျသော တပ်ဖွဲ့များထံ သတင်းပို့ကာ ရီချန်အား လိုက်ရှာရန် ညွှန်ကြားလိုက်လေသည်။
စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့သည် တက်လှမ်းလာခါစသာ ရှိသေး၍ အထက်ဘုံမှ ကိစ္စများကို မသိသေးပေ။ သူမတို့သည် နတ်ဘုရားလှေကိုလည်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ တိရှပင်လယ်ထဲရှိ လှိုင်းလုံးကြီးများမှာလည်း သူမတို့အတွက် ကြောက်ရွံ့ဖွယ်ဖြစ်နေပေသည်။ တိရှဘုံထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းသည်။ သူမတို့နှစ်ယောက်အတွက် အရာအားလုံးက ထူးခြားဆန်းသစ်နေသည်။ သို့သော် သူမတို့က ကျန်းရီ၏ ဇနီးများဖြစ်ကြပေသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင်ဆိုလျှင် သူမတို့သည် ဧကရီအရှင်မများ ဖြစ်ကြသည်။ သို့ဖြစ်ရာ သူမတို့သည် အပြင်လောကအကြောင်းကို အတော်လေး သိကျွမ်းပေသည်။ ထို့ပြင် သူမတို့၏အဆင့်အတန်းနှင့်ဆိုလျှင် ပတ်ဝန်းကျင်အကြောင်းကို မေးခွန်းများစွာမေးရန် ရှက်လောက်၏။ ထို့ကြောင့် သူမတို့သည် နတ်ဘုရားလှေ၏ အရှေ့လှေဝမ်းထဲတွင်သာ တိတ်တဆိတ်ထိုင်နေကြပေသည်။ တပ်ခွဲ့ခေါင်းဆောင်ကလည်း သူမတို့နှင့်အတူ အရှေ့လှေဝမ်းထဲတွင်နေ၍ နတ်ဘုရားလှေကို မောင်းနှင်နေပေသည်။
ရွှီး...
မိနစ်အနည်းငယ်ကြာပြီးနောက် တပ်ဖွဲ့ခေါင်းဆောင်၏ ဆက်သွယ်ရေး ကျောက်စိမ်းအဆောင်က လင်းလက်လာ၏။ သူ ၎င်းကို ကြည့်လိုက်ပြီးနောက် တံတွေးမျိုချကာ တင်ပြလိုက်သည်။
“သခင်မလေးတို့... လက်ထောက်စီရင်စုနယ်အရှင်ရှောင်နဲ့ လက်ထောက်စီရင်စုနယ်အရှင်အဆိပ်ဝိညာဉ်တို့က သခင်မလေးတို့ကို ကိုယ်တိုင်ကြိုဆိုဖို့ လာနေကြပါပြီ။ သူတို့ တခြားသခင်မလေးကိုလည်း ရှာတွေ့ပါပြီ။ သူကလည်း တိရှပင်လယ်ထဲက နတ်ဘုရားလက်ခံအစီအရင်တစ်ခုဆီပဲ ရောက်သွားခဲ့တာပါ။ လက်ထောက်စီရင်စုနယ်အရှင်နှစ်ယောက်နဲ့ သွားမတွေ့ခင် သူ့ကို အရင်သွားခေါ်လို့ရပါတယ်”
“အဲ့ဒါဆိုလည်း မမချန်ကို အရင်သွားခေါ်ကြတာပေါ့”
ယဉ်ရို့ပင်းက တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။ တပ်ဖွဲ့ခေါင်းဆောင်သည် ချက်ချင်း နတ်ဘုရားလှေကို ပြန်လှည့်လိုက်ပြီး ရီချန်ကို ခေါ်လာသည့် နတ်ဘုရားလှေကို သူတို့ဘက်သို့ မောင်းလာရန် သတင်းပို့လိုက်ပေသည်။ ယဉ်ရို့ပင်းသည် ခေတ္တမျှ တွေးတောပြီးနောက် သံသယဖြင့် မေးလိုက်၏။
“လက်ထောက်စီရင်စုနယ်အရှင်နှစ်ယောက်က ကျွန်မတို့ကို လာကြိုမှာလား။ ကျွန်မတို့ရဲ့ခင်ပွန်းကရော ဘယ်မှာလဲ။ ဘာလို့ သူက မလာရတာလဲ”
တပ်ဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။
“သခင်မလေးတို့... နားလည်မှုမလွဲပါနဲ့။ စီရင်စုနယ်အရှင်ကျန်းက မိစ္ဆာချေဖျက်စစ်တပ်ထဲမှာပါ။ အခု သူက တိရှဘုံထဲမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကျန်းရီမြို့ကို အရင်သွားကြတာပေါ့။ စီရင်စုနယ်အရှင်ကျန်းလည်း မကြာခင် သခင်မလေးတို့ ရောက်လာတယ်ဆိုတဲ့ သတင်းကို ရမှာပါ။ အဲ့ကျရင် သူ မိစ္ဆာချေဖျက်စစ်တပ်ကနေ ပြန်လာပါလိမ့်မယ်”
“ဪ...”
နောက်ဆုံးတွင် ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့ နားလည်သွားကြ၏။ သူမတို့၏ မျက်နှာလေးများလည်း အတန်ငယ် ညှိုးသွားကြသည်။ သူမတို့က ကျန်းရီနှင့် ခွဲနေခဲ့ရသည်မှာ ကြာခဲ့ပြီ မဟုတ်ပါလား။ ယခု သူမတို့ အထက်ဘုံသို့ ရောက်လာပြီးနောက်တွင်ပင် သူ့ကို တန်း၍မတွေ့ရသေးချေ။
‘ကျန်းရီမြို့တဲ့လား... ပြီးတော့ စီရင်စုနယ်အရှင်ကျန်းတဲ့လား’
ယဉ်ရို့ပင်းသည် တပ်ဖွဲ့ခေါင်းဆောင်ပြောသော စကားကို တွေးတောရင်း မအောင့်ထားနိုင်တော့ဘဲ မေးလိုက်၏။
“ကျွန်မတို့ရဲ့ခင်ပွန်းက စီရင်စုနယ်အရှင်လား။ အထက်ဘုံမှာ အဲ့ဒါက အရေးပါတဲ့ရာထူးလား”
စုလောရွှယ်လည်း သိလိုနေပေသည်။ သူမတို့နှစ်ယောက်က ယခုမှ အထက်ဘုံသို့ တက်လှမ်းလာခြင်းဖြစ်ရာ အထက်ဘုံမှအကြောင်းများကို မသိသေးပေ။ ထို့ကြောင့် အထက်ဘုံက တိရှဘုံဟုသာ ထင်နေပေသည်။ စီရင်စုနယ်အရှင်ရာထူးကလည်း မည်သို့သော ရာထူးမျိုးဖြစ်ကြောင်းကိုလည်း မသိကြချေ။ တပ်ဖွဲ့ခေါင်းဆောင်သည် သူမတို့ကို ကြည့်လိုက်၏။ သူ ခေတ္တမျှ တွေးတောပြီးနောက် ရှင်းပြလိုက်သည်။
“စီရင်စုနယ်အရှင်ကျန်းကို တိရှအရှင်ကိုယ်တိုင် ရာထူးချီးမြှင့်ထားတာပါ။ အဲ့ရာထူးက... တော်တော်လေး အရေးပါပါတယ်...”
“ဒါပေမဲ့ အရှင်ကျန်းရီရဲ့ ဂုဏ်သတင်းက ပိုပြီးတော့တောင် ကြီးကျယ်ပါတယ်။ အရှင်က ဘုံတစ်သောင်းပြိုင်ပွဲရဲ့ စွမ်းရည်ပြိုင်ပွဲမှာ ပထမရခဲ့တာပါ။ သူက တိရှအရှင်နဲ့လည်း ရင်းနှီးပါတယ်။ အဲ့ကိစ္စတွေကိုတော့ ကျွန်တော် အသေးစိတ်မသိပါဘူး။ ဒါပေမဲ့ ဒီအထက်ဘုံတစ်ခွင်လုံးမှာ စီရင်စုနယ်အရှင်ကျန်းက ကျော်ကြားတဲ့သူတစ်ယောက်ဆိုတာတော့ သေချာပါတယ်”
“အာ...”
ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့၏ လှပသော မျက်လုံးလေးများ တောက်ပသွား၏။ ကျန်းရီက အထက်ဘုံတွင် ဤမျှအဆင်ပြေနေလိမ့်မည်ဟု သူမတို့ မထင်ထားပေ။ သူက အထက်ဘုံတွင်ပင် ကျော်ကြားသူတစ်ယောက် ဖြစ်နေပေသည်။
ယဉ်ရို့ပင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၏။ ဆန်းကြယ်ဧကရာဇ်က သူတော်စင်တစ်သောင်းဘုံ၏ တောင်ဘက်အကျဆုံးဒေသရှိ ကောင်းကင်ကြယ်တာရာမြို့တွင် မြို့အရှင်တစ်ယောက် ဖြစ်နေကြောင်း ကျန်းရီ ပြောခဲ့ဖူးသည်။ မြို့အရှင်ရာထူးက စီရင်စုနယ်အရှင်ရာထူးလောက် မမြင့်နိုင်ပေ။ ကျန်းရီက ဆန်းကြယ်ဧကရာဇ်ကိုပင် ကျော်တက်နိုင်သွားပြီလော။
ထို့ပြင် ရီဖျောင်ဖျောင်လည်း ရှိပေသေးသည်။ ကျန်းရီက ဤမျှကျော်ကြားနေပြီဖြစ်ရာ သူ့အမေကို သူတော်စင်ဝိညာဉ်တောင်အောက်မှ ကယ်တင်သွားပေပြီလော။
***