ကျွန်မတို့ စီရင်စုနယ်အရှင်ကို သွားရှာချင်တယ်
Vol. 111 Ch. 1545
ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့သည် မေးခွန်းများစွာ ထပ်မေးလိုသေးသော်လည်း မမေးတော့ဘဲ ကျန်းရီနှင့် တွေ့သည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်ကြသည်။
ဆယ်နာရီကြာ ပျံသန်းပြီးနောက်တွင် သူမတို့နှစ်ယောက် ရီချန်နှင့် ပြန်တွေ့ဆုံ၏။ ရီချန်က သူမတို့နှစ်ယောက်ထက် ပိုတည်ငြိမ်ခဲ့ပေသည်။ သူမသည် တစ်ချက်မှ တုန်လှုပ်မသွားခဲ့ဘဲ ရောက်လျှင်ရောက်ချင်း ကျန်းရီ၏အမည်ကို ထုတ်ပြောခဲ့သည်။ ထို့ကြောင့် မည်သူကမှ သူမကို ရိသဲ့သဲ့ မပြောဝံ့ခဲ့ပေ။ နတ်ဘုရားလက်ခံအစီအရင်ကို စောင့်ကြပ်ရသည့် တပ်သားများသည် သူမကို အနီးဆုံးမြို့သို့ ချက်ချင်း လိုက်ပို့ပေးခဲ့ကြသည်။ ထို့နောက် အထက်လူကြီးများထံမှ ညွှန်ကြားချက် ရသောအခါ မြို့မှတပ်သားများသည် ရီချန်ကို နတ်ဘုရားလှေဖြင့် တင်ခေါ်၍ ထွက်လာခဲ့ကြပြီး ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့ကို ခေါ်ဆောင်လာသည့် နတ်ဘုရားလှေနှင့် လာပေါင်းစုံကြပေသည်။
အမျိုးသမီးသုံးယောက်သည် ပြန်ပေါင်းစုံရသောအခါ ပို၍စိတ်အေးသွားကြ၏။ သူမတို့သည် ကျန်းရီနေထိုင်ရာသို့ ခေါ်သွားခံရရန်နှင့် ကျန်းရီထံ သူမတို့ရောက်လာကြောင်း သတင်းပို့ပေးမည်ကို စောင့်ဆိုင်းနေကြသည်။
ဝှစ်...ဝှစ်...
နာရီအနည်းငယ် ကြာပြီးနောက် နတ်ဘုရားလှေများနှင့် သောင်းချီသော တပ်သားများ ထွက်ပေါ်လာသည်။ အနီးရှိ မြို့တစ်မြို့မှ စွမ်းအားကြီး သိုင်းသမားအားလုံး ရောက်လာခြင်းပင်။ အဆိပ်ဝိညာဉ်သည် သတင်းကို ကြားသည်နှင့် အနီးရှိ မြို့တစ်မြို့မှ စွမ်းအားကြီး သိုင်းသမားအားလုံးကို သခင်မလေးသုံးယောက်ထံ သွား၍ သူမတို့ကို လိုက်ပါပို့ဆောင်ပေးရန် အမိန့်ပေးခဲ့သည်။ တိရှပင်လယ်ထဲတွင် စွမ်းအားကြီး ဟွင့်သွမ့်သားရဲများ မရှိသော်လည်း၊ သခင်မလေးများက နတ်ဘုရားလှေထဲတွင် လုံခြုံမည် ဖြစ်သော်လည်း သူမတို့က ကျန်းရီ၏ ဇနီးများဖြစ်သဖြင့် အဆိပ်ဝိညာဉ် မည်သို့ ဂရုမစိုက်ဘဲ နေဝံ့ပါမည်နည်း။
“ဒီအသီးက အရမ်းအရသာရှိတာပဲ... မမလောရွှယ် စားချင်လား”
“ဒီနတ်ဘုရားလှေက အရမ်းဆန်းကြယ်တာပဲ။ ကျွန်မတို့ အထဲကနေပြီး အပြင်ကို ဖောက်မြင်နေရတယ်”
“ဟီးဟီး... မမချန်... အဲ့တပ်သားတွေက အရမ်းစွမ်းအားကြီးတယ်။ ဒါပေမဲ့ ကျွန်မတို့ခင်ပွန်းက အဲ့တပ်သားတွေရဲ့ အရှင်သခင်ဆိုတော့ ပိုပြီးတော့ စွမ်းအားကြီးတာပေါ့”
နတ်ဘုရားလှေ၏ အရှေ့လှေဝမ်းထဲတွင် စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် ရီချန်တို့ သက်တောင့်သက်သာ ထိုင်နေကြသည်။ နတ်ဘုရားလှေ၏ နံရံများက အပြင်ကို ဖောက်မြင်နိုင်သဖြင့် သူမတို့သည် ပတ်ပတ်လည်ရှိ မရေမတွက်နိုင်သော နတ်ဘုရားလှေများကို မြင်ရပေသည်။ လက်ထောက်တပ်မှူးနှင့် မြို့အရှင်တို့က သူမတို့သုံးယောက်ကို မနှောင့်ယှက်ဝံ့ပေ။ ထို့ကြောင့် သူတို့သည် အနောက်လှေဝမ်းတွင်သာ ထိုင်နေကြသည်။ ယဉ်ရို့ပင်းသည် စကားများကာ တက်ကြွသူတစ်ယောက် ဖြစ်သဖြင့် အတော်ကြာပြီးနောက် ဆက်ထိုင်မနေနိုင်တော့ဘဲ ထရပ်ကာ ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်၍ ရေရွတ်ပြောဆိုနေလေသည်။
စုလောရွှယ်က အေးစက်သော အကျင့်စရိုက်ရှိသူဖြစ်၍ ရံဖန်ရံခါသာ စကားပြန်ပြောသည်။ ရီချန်ကလည်း တည်ငြိမ်သူဖြစ်သည်။ ထို့ပြင် သူမက ထိုသုံးယောက်ထဲတွင် ခေါင်းဆောင်ဖြစ်ပေသည်။ သို့သော် သူမ ခပ်ရေးရေးပြုံးကာ ဂုဏ်ယူဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ ဆိုရိုးတစ်ခုရှိတယ်။ လူတစ်ယောက်က ဆန်းကြယ်ဧကရာဇ်ကို နမူနာယူပြီး နေထိုင်ရမယ်တဲ့။ အခု အဲ့ဆိုရိုးကို ကျန်းဧကရာဇ်ကို နမူနာယူပြီး နေထိုင်ရမယ်လို့ ပြောင်းသင့်ပြီထင်တယ်”
“ဟီးဟီး...”
ယဉ်ရို့ပင်းသည် ရုပ်ပြောင်လုပ်ကာ လျှာထုတ်လိုက်၏။ အချိန်များစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူမတို့သုံးယောက်၏ ရုပ်သွင်များက များစွာမပြောင်းလဲသေးပေ။ သူမတို့သည် ငယ်ရွယ်စဉ်ကတည်းက ကျင့်ကြံခြင်းအဆင့် မြင့်ခဲ့သူများဖြစ်၍ သူမတို့၏ သက်တမ်းက အလွန်ရှည်လျားပေသည်။ ယင်းကို သူမတို့ အသုံးပြုရသည့် ဝိညာဉ်ဆေးပင်အမျိုးမျိုးနှင့် ပေါင်းစပ်လိုက်သောအခါ သူမတို့၏ရုပ်သွင်က အိုမင်းနေမှ ထူးဆန်းနေမည် ဖြစ်သည်။
အနိမ့်ဘုံအချိန်နှင့် တွက်ကြည့်မည်ဆိုလျှင် ကျန်းရီ အထက်ဘုံသို့ တက်လှမ်းလာခဲ့သည်မှာ အနည်းဆုံး နှစ်ပေါင်းတစ်ဒါဇင် ကြာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကျန်းရီက အသက်လေးဆယ်ကျော်ပေပြီ။ သို့သော် အထက်ဘုံအချိန်နှင့်ဆိုလျှင် ကျန်းရီက လူငယ်တစ်ယောက် ဖြစ်ပြီး ရီချန်တို့က မိန်းမပျိုလေးများဖြစ်သည်။
မိန်းမပျိုသုံးယောက်သည် ဝိညာဉ်သစ်သီးအမျိုးမျိုးကို စားရင်း စကားပြောဆိုကာ ကျန်းရီကို ထပ်မံလွှမ်းဆွတ်နေကြသည်။ အချိန်က အတော်လေး လျင်မြန်စွာ ကုန်ဆုံးသွားပေသည်။ အနိမ့်ဘုံအချိန်ဆယ်ရက် ကြာပြီးနောက်တွင် နတ်ဘုရားလှေက အနီးမှ မြို့ငယ်တစ်မြို့တွင် ရပ်တန့်လိုက်၏။
“အာ...”
မိန်းမပျိုသုံးယောက်သည် လှေဦးပိုင်းမှနေ၍ သူမတို့အရှေ့ရှိ ကြီးကျယ်ခမ်းနားသော မြို့ကြီးကို ကြည့်လိုက်ကြသည်။ မြို့ရိုးအရှေ့တွင် စွမ်းအားကြီး သိုင်းသမားများစွာ ရပ်နေကြသည်။ သူမတို့သည် ထိုသိုင်းသမားများ၏ စွမ်းအားကြီး အရှိန်အဝါများကို ခံစားမိသောအခါ အံ့ဩသွားကြပေသည်။
ကျန်းရီက အောင်မြင်မည်ဖြစ်ကြောင်း သူမတို့ သိကြသော်လည်း စွမ်းအားကြီး သိုင်းသမားများစွာကို လက်အောက်ငယ်သားများအဖြစ် ထားနိုင်မည့် အဆင့်လောက်အထိ အောင်မြင်လာလိမ့်မည်ဟုတော့ ထင်မထားကြပေ။ ယခုတွင် ထိုမြို့အရှေ့တွင် အနည်းဆုံး စွမ်းအားကြီး သိုင်းသမား တစ်သန်းလောက် ရပ်နေကြပေသည်။
“အရှင်မသုံးယောက်ခင်ဗျာ... လက်ထောက်စီရင်စုနယ်အရှင်နှစ်ယောက်က အရှင်မတို့ကို ကြိုဆိုဖို့ လူတွေခေါ်ပြီး ရောက်လာပါပြီ”
မြို့အရှင်ငယ်လေးက အရှေ့လှေဝမ်းထဲ ဝင်လာပြီး ရိုရိုသေသေ တင်ပြလိုက်၏။ ရီချန်က ချက်ချင်း မျက်နှာပြန်တည်လိုက်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
“အဲ့ဒါဆိုလည်း သွားကြစို့”
စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့သည် ရီချန်၏ ဦးဆောင်မှုနောက်သို့ လိုက်ကာ အပြင်ထွက်သွားလိုက်ကြသည်။ သူမတို့က ယခုမှ နတ်ဘုရားအဆင့်သို့ တက်လှမ်းလာသူများဖြစ်၍ မပျံသန်းနိုင်ကြသေးပေ။ ထို့ကြောင့် လှေဝမ်းထဲမှ ထွက်သည်နှင့် အောက်ဘက်သို့ ဂရုတစိုက်ဖြင့် ဝဲဆင်းလိုက်ရသည်။
စွမ်းအားကြီး သိုင်းသမား တစ်သန်းက အမျိုးသမီးသုံးယောက်ကို အာရုံစိုက်ကာ ကြည့်နေကြ၏။ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့က အတန်ငယ် မတည်ငြိမ်ဖြင့် ဆင်းသက်လိုက်ကြပြီး ရီချန်သည်သာ သိုင်းသမားများအရှေ့တွင် တည်ငြိမ်စွာ ဆင်းသက်နိုင်လိုက်သည်။
ဒုတ်...
အသံတစ်သံ ပြိုင်တူထွက်ပေါ်လာပြီး မြေပြင်က ငြင်သာစွာ တုန်ခါသွားသည်။ အဆိပ်ဝိညာဉ်နှင့် ရှောင်ဟုန်တို့က ကျန်းရီစီရင်စုနယ်ထဲရှိ မြို့အရှင်အားလုံးနှင့် အရေးကြီးပုဂ္ဂိုလ်အားလုံးကို ခေါ်၍ ရောက်လာခဲ့သည်။ ယခု သူတို့အားလုံးသည် တစ်ပြိုင်တည်း ဒူးထောက်ကာ အော်ပြောလိုက်ကြသည်။
“အရှင်မသုံးယောက်ကို နှုတ်ခွန်းဆက်သပါတယ်”
ကျန်းရီစီရင်စုနယ်ထဲတွင် အရေးပါသော စွမ်းအားကြီး သိုင်းသမား အယောက်တစ်သန်းစလုံး ရောက်လာခဲ့ပေသည်။ ထိုသိုင်းသမားများစွာက တညီတညွတ်တည်း အော်ပြောလိုက်ရာ မိုးမြေပင် တုန်ခါသွားသည်။ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့လည်း တုန်ယင်သွားကြ၏။ သို့သော် ရီချန်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။
“အားလုံး ထကြပါ”
ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေ၏။ မည်သူကမှ မထကြချေ။ အဆိပ်ဝိညာဉ်က ယခုအထိ ထမရပ်သေးပေ။ အဆိပ်ဝိညာဉ်က မထသဖြင့် ရှောင်ဟုန်လည်း မထဝံ့ပေ။ ထို့ကြောင့် ကျန်လူအားလုံးလည်း ထမရပ်ဝံ့ကြပါပေ။
အဆိပ်ဝိညာဉ် ဦးညွှတ်ထား၏။ သူ့မျက်ဝန်းများထဲတွင် ခါးသီးမှု၊ နာကျင်မှုများနှင့် ပြည့်နှက်နေသည်။ ကျန်းရီ၏ ဇနီးသုံးယောက်က တက်လှမ်းလာပြီဖြစ်သော်လည်း ကျန်းရီက သေသွားခဲ့ပေပြီ။ အဆိပ်ဝိညာဉ်သည် ထိုအကြောင်းကို သူမတို့သုံးယောက်အား မည်သို့ ပြောလိုက်ရမည်ကို မသိပေ။ သူ သူမတို့ကို ကြည့်ပင်မကြည့်ဝံ့ချေ။
သို့သော် အဆိပ်ဝိညာဉ်သည် လျင်မြန်စွာ ဣန္ဒြေပြန်ဆည်လိုက်ပြီး မျက်နှာတည်ဖြင့် ထရပ်၍ ပြောလိုက်၏။
“အရှင်မတို့သုံးယောက် အရင်ဆုံး မြို့ထဲကို ဝင်နားလိုက်ကြပါဦး။ ကျန်းအိမ်တော်ကို ဖြည်းဖြည်းမှ သွားကြတာပေါ့”
“အနက်ရောင်နတ်ဘုရား သခင်မလေးရီ၊ သခင်မလေးယဉ်နဲ့ သခင်မလေးစုတို့ကို အရိုအသေပေးပါတယ်”
အဆိပ်ဝိညာဉ်နှင့် အခြားသူများ ထရပ်လိုက်ချိန်တွင် အနက်ရောင်အရိပ်တစ်ခုက အရှေ့သို့ ထွက်လာပြီး ဦးညွှတ်လိုက်၏။ ရီချန်နှင့် အခြားနှစ်ယောက်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ အနက်ရောင်နတ်ဘုရားက မိစ္ဆာအရှင်တစ်ပါး ဖြစ်သော်လည်း သူမတို့ထဲမှတစ်ယောက် မဟုတ်ပါလား။ ယခု သူမတို့ ကျန်းရီကို မတွေ့ရသေးသော်လည်း အနက်ရောင်နတ်ဘုရားကို တွေ့လိုက်ရ၍ ပို၍စိတ်အေးသွားကြသည်။
“အနက်ရောင်နတ်ဘုရား... မြို့ထဲမှာ ပြောကြတာပေါ့”
ဤနေရာတွင် လူများစွာ ရှိနေသဖြင့် ရီချန် စကားများစွာ မပြောလိုပေ။ ထို့ကြောင့် သူမ ကြော့ရှင်းစွာ လက်ဟန်ပြလိုက်ပြီး ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့ကို ခေါ်၍ မြို့ထဲ လျှောက်ဝင်သွားလိုက်သည်။ အဆိပ်ဝိညာဉ်နှင့် ကျန်လူများက သူမတို့ကို မြို့ထဲလိုက်ပို့ပြီး မြို့အရှင်အိမ်တော်အတွင်းရှိ ခမ်းနားသော ရဲတိုက်တစ်လုံးဆီသို့ ခေါ်သွားပေးသည်။
အဆိပ်ဝိညာဉ်သည် ထိုရဲတိုက်ကို ကိုယ်တိုင် စောင့်ကြပ်၏။ ရှောင်ဟုန်နှင့် အရေးကြီးပုဂ္ဂိုလ်အချို့မှလွဲ၍ မည်သူကမှ အရှင်မသုံးယောက်ကို နှောင့်ယှက်ခွင့်မရှိပေ။ ရဲတိုက်ထဲရှိ အရာအားလုံးကလည်း အရေအသွေးအကောင်းဆုံး ပစ္စည်းများဖြစ်သည်။ အစားအသောက်များကလည်း ထိပ်တန်းအစားအသောက်များပင်။ အနက်ရောင်နတ်ဘုရားသည် ရီချန်တို့သုံးယောက်နှင့်အတူ ရဲတိုက်ထဲ လိုက်ဝင်သွားပြီး သူနှင့် ကျန်းရီတို့ အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့် တိရှဘုံ၏ အခြေခံအကြောင်းအချို့ကို ပြောပြလိုက်သည်။
နာရီများစွာ နားထောင်ပြီးနောက် ရီချန်တို့သုံးယောက်သည် ကျန်းရီ၏ လမ်းခရီးက အလွန်ကြမ်းတမ်းခဲ့ကြောင်း နားလည်သွားကြ၏။ သူမတို့ ကျန်းရှောင်နူနှင့် ရီဖျောင်ဖျောင်တို့၏ အကြောင်းကိုလည်း သိလိုက်ရသည်။ ထို့နောက် ရီချန်သည် ခေတ္တမျှ တွေးတောကာ မေးလိုက်၏။
“အနက်ရောင်နတ်ဘုရား... ကျွန်မတို့ ရောက်လာတဲ့အကြောင်းကို ကျန်းရီဆီ သတင်းပို့ပြီးပြီလား”
“အဲ့ဒါတော့ ကျုပ်လည်း သေချာမသိပါဘူး”
အနက်ရောင်နတ်ဘုရားက ကျန်းရီနှင့်အတူ တက်လှမ်းလာခဲ့ခြင်းဖြစ်သော်လည် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်လွန်းနေသဖြင့် ကျန်းရီနောက်သို့ လိုက်ခွင့်မရခဲ့ပေ။ ယခု ရီချန်က မေးသောအခါ အနက်ရောင်နတ်ဘုရား တွေးတော၍ ပြန်ပြောလိုက်သည်။
“အဲ့ကိစ္စနဲ့ပတ်သတ်ပြီး အရှင်အဆိပ်ဝိညာဉ်နဲ့ အရှင်ရှောင်ဟုန်ကို မေးရမှာပါ”
“အဲ့လိုဆိုမှတော့ သူတို့ကို အထဲကို ခေါ်လိုက်ပါ”
ရီချန်က အလွန်ပြတ်သားကာ တည်ငြိမ်သည်။ သူမသည် သူမတို့ထက် အဆပေါင်းများစွာ ပိုစွမ်းအားကြီးသည် သိုင်းသမားများစွာနှင့် ရင်ဆိုင်နေရသော်လည်း အနည်းငယ်ပင် တုန်လှုပ်မနေဘဲ ယုံကြည်မှုအပြည့်နှင့် ရှိနေသည်။ သူမက ကျန်းရီ၏ဇနီးဖြစ်ပြီး ထိုသူများကမူ ကျန်းရီ၏ လက်အောက်ငယ်သားများသာ မဟုတ်ပါလား။
တစ်ခဏကြာပြီးနောက် အဆိပ်ဝိညာဉ်နှင့် ရှောင်ဟုန်တို့ ဝင်လာကြ၏။ ထိုအခါ ရီချန် မေးလိုက်သည်။
“အဆိပ်ဝိညာဉ်၊ ရှောင်ဟုန်... ကျွန်မတို့ ရောက်လာကြောင်းကို စီရင်စုနယ်အရှင်ဆီ သတင်းပို့ပြီးသွားပြီလား”
“အဲ့ဒါက...”
မိုလင်းချိုးသည် ကျန်းရီနှင့် ပတ်သတ်သည့် သတင်းအားလုံးကို ပိတ်ဆို့ထားသဖြင့် ရှောင်ဟုန်သည် ဖြစ်ပျက်ခဲ့သည့်ကိစ္စများကို သိမထားပေ။ ထို့ပြင် ရှောင်ဟုန်ထံတွင် အာဏာမကျန်တော့ချေ။ အဆိပ်ဝိညာဉ်သည် ပြန်ရောက်လာပြီးနောက် စီရင်စုနယ်အတွင်းရှိ အရာအားလုံးကို လက်ဝါးကြီးအုပ်ထားပေသည်။ ထို့ကြောင့် ရှောင်ဟုန်သည် ကျန်းရီထံ သတင်းပို့၍လည်း မရသလို အဆိပ်ဝိညာဉ်ကို မေးခွန်းများမေး၍လည်း မရပေ။
အဆိပ်ဝိညာဉ်က မျက်နှာသေဖြင့် ဆက်ရှိနေသည်။ သို့သော် သူ့မျက်ဝန်းများကမူ မည်းမှောင်လာပေသည်။ သတင်းပို့ပြီးပြီလောဟု မေးသလော။ သူ မည်သို့ သတင်းပို့နိုင်မည်နည်း။ ကျန်းရီက သေပေပြီ။ သေသူထံ သတင်းပို့၍ မရနိုင်ပေ။
အဆိပ်ဝိညာဉ်သည် အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ အံကြိတ်ကာ ပြန်ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့ အရှင်မတို့... အရှင်ငယ်ဆီ သတင်းပို့ဖို့ ကျွန်တော် စီစဉ်ပြီးပါပြီ။ ဒါပေမဲ့ အခု အရှင်ငယ်က မိစ္ဆာချေဖျက်စစ်တပ်ထဲမှာပါ။ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စစ်စည်းမျဉ်းတွေက အရမ်းတင်းကြပ်ပါတယ်။ အဲ့တော့ အရှင်ငယ် အချိန်တိုအတွင်း ပြန်လာနိုင်မှာ မဟုတ်ပါဘူး”
“အချိန်တိုအတွင်းတဲ့လား”
ရီချန် မျက်ခုံးပင့်ကာ အေးစက်စက် မေးလိုက်သည်။
“အချိန်တိုဆိုတာ ဘယ်လောက်တိုလဲ။ အတိအကျပြောပါ”
အဆိပ်ဝိညာဉ် တွေးတောကာ အံကြိတ်၍ ပြန်ဖြေ၏။
“အနည်းဆုံးသုံးနှစ်... အများဆုံးငါးနှစ်ပါ”
“သုံးနှစ်...”
ရီချန်တို့ မျက်နှာပျက်သွား၏။ အထက်ဘုံအချိန်သုံးနှစ်က အနိမ့်ဘုံအချိန်နှစ်သုံးရာနှင့် ညီကြောင်း အနက်ရောင်နတ်ဘုရားက သူမတို့ကို ပြောပြထားပြီးဖြစ်သည်။ သူမတို့သုံးယောက်သည် အထက်ဘုံသို့ တက်လှမ်းလာနိုင်ပြီဖြစ်သော်လည်း ကျန်းရီကို တွေ့နိုင်ရန် နောက်ထပ်နှစ်သုံးရာ စောင့်ရဦးမည်လော။
ရီချန် အေးစက်စက်မျက်ဝန်းများဖြင့် ပြတ်သားစွာ ပြန်ပြောလိုက်သည်။
“မရဘူး... အဲ့ဒါက ကြာလွန်းတယ်။ အဆိပ်ဝိညာဉ်... ရှင် ကျွန်မတို့ကို မိစ္ဆာချေဖျက်စစ်တပ်ဆီ ပို့ပေးဖို့ နည်းလမ်းတစ်ခုရှာပါ။ ကျွန်မတို့ စီရင်စုနယ်အရှင်ကို သွားရှာချင်တယ်”
***