အနှစ်သာရ ကနဦးအဆင့်
Vol. 111 Ch. 1546
အဆိပ်ဝိညာဉ်တစ်ယောက် မည်သို့ပြန်ပြောရမည်မသိဖြစ်သွား၏။ ကျန်းရီက အမှန်ပင် မိစ္ဆာချေဖျက်တောင်ကြား၌ ရှိနေလျှင် သူသည် ထိုမိန်းမပျိုသုံးယောက် ကျန်းရီနှင့် ပေါင်းစုံနိုင်ရေးအတွက် သေချာပေါက် နည်းလမ်းတစ်ခု စဉ်းစားပေးမည်ဖြစ်သည်။ အမှန်တွင် သူမတို့ကို ထိုသို့ လိုက်ပို့ပေးရန်မှာ အလွန်လွယ်ကူပေသည်။ သူ မိုလင်းချိုး သို့မဟုတ် တိမင်ကို သွားရှာလိုက်သည်နှင့် ယင်းက ပြဿနာမဟုတ်နိုင်တော့ပေ။ ပြဿနာမှာ ကျန်းရီက သေသွားပြီဖြစ်ခြင်းပင်။ သို့ဖြစ်ရာ သူမတို့ကို မိစ္ဆာချေဖျက်တောင်ကြားသို့ လိုက်ပို့ပေးမည်ဆိုလျှင်လည်း မည်သို့ အကျိုးရှိပါမည်နည်း။
နတ်ဘုရားသစ်ပင်ကြောင့် အားလုံးသည် ကျန်းရီ သေသွားပြီဟု ထင်နေကြသည်။ အဆိပ်ဝိညာဉ်ကိုယ်တိုင်လည်း နတ်ဘုရားသစ်ပင်ဆီ သွားရောက်အတည်ပြုခဲ့၍ ကျန်းရီက အမှန်ပင် သေသွားပြီဟု သူ ယုံကြည်နေသည်။ အဆိပ်ဝိညာဉ် ကျန်းရီစီရင်စုနယ်သို့ ပြန်လာခဲ့ခြင်းမှာ ကျန်းရီ၏ စီရင်စုနယ်နှင့် ကျန်းရီချစ်ရသူများကို ကာကွယ်ပေးရန်ဖြစ်သည်။
ကျန်းရီကြောင့်သာ မဟုတ်လျှင် အဆိပ်ဝိညာဉ်သည် ရွှမ်ယွမ်လင်းယန်၏ လက်ပါးစေတစ်ယောက်သာ ဖြစ်နေဦးမည်ဖြစ်ပြီး သူမည်သူဖြစ်ကြောင်း ပေါ်သွားသည်နှင့် လမ်းဘေးကြွက်တစ်ကောင်ကဲ့သို့ လိုက်ဖမ်းခံရဦးမည်ဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး ပေါ်ပေါ်ထင်ထင်လည်း နေရလိမ့်မည် မဟုတ်ချေ။
ကျန်းရီက ရီဖျောင်ဖျောင်၏သားဖြစ်ပြီး ရီဖျောင်ဖျောင်မှာ ဝိညာဉ်မျိုးနွယ်၏ တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် အဆိပ်ဝိညာဉ်သည် ကျန်းရီကို သူ၏ အရှင်ငယ်အဖြစ် လက်ခံထားခဲ့ပြီးဖြစ်သည်။ ယင်းအပြင် အဆိပ်ဝိညာဉ်သည် ကျန်းရီနောက်သို့ လိုက်ရခြင်းကို အလွန်သက်တောင့်သက်သာရှိ၏။ သူ နတ်ဘုရားဝိညာဉ်ထိုးချက်ကိုလည်း တိုက်တိုက်ဆိုင်ဆိုင် တတ်မြောက်ခဲ့ကာ အထက်ဘုံတစ်ခွင်လုံးတွင် အမည်ကျော်ကြားခဲ့သည်။ ရီထူသည်ပင် သူ့ကို ဝိညာဉ်မျိုးနွယ်သို့ ပြန်ခေါ်သွားလိုခဲ့ပေသည်။
ထို့ကြောင့် အဆိပ်ဝိညာဉ်သည် သူ့တစ်သက်လုံး၏ ကျန်းရီ၏ လက်အောက်ခံအဖြစ်သာနေရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သည်။ သူ အိုမင်းကာ သေဆုံးသည်အထိ ကျန်းရီ၏ ဂုဏ်သတင်းကို ကာကွယ်ပေးမည်ဖြစ်သည်။
ရီချန်တို့၏ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေသေးသည်။ အဆိပ်ဝိညာဉ်အတွက် သူမတို့က ပုရွက်ဆိတ်သုံးကောင်ကဲ့သို့ပင်။ သို့သော် အဆိပ်ဝိညာဉ်သည် သူမတို့ကို သူ၏ အရှင်မများအဖြစ် လက်ခံထားပြီးပေပြီ။ ထို့ကြောင့် သူမတို့အား သူမတို့ချစ်ရသူက သေသွားပြီဆိုသော သတင်းကို သူ မပြောလိုပေ။ အနည်းဆုံးတော့ သူမတို့ အထက်ဘုံတွင် နေရထိုင်ရ အသားကျသွားပြီး ပိုသန်မာသည်အထိ သူ စောင့်လိုသည်။ ထိုမှ သူမတို့ ထိုသတင်းကို ခံနိုင်ရည် ရှိပေလိမ့်မည်။
အဆိပ်ဝိညာဉ်တစ်ယောက် တွေးတောရင်းဖြင့် ရုတ်တရက် အကြံတစ်ခု ရလိုက်၏။ သူ လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်မ။ ကျွန်တော် အမြန်ဆုံး စီစဉ်လိုက်ပါမယ်။ ဒါပေမဲ့ အရှင်မတို့ရဲ့ စိတ်ဝိညာဉ်က အရမ်းအားနည်းလွန်းနေပါတယ်။ မိစ္ဆာချေဖျက်စစ်တပ်က တိရှဘုံထဲမှာ မဟုတ်ပါဘူး။ အရှင်မတို့ အဝေးကြီး တည်နေရာပြောင်းရွှေ့ရမှာပါ။ အရှင်မတို့ရဲ့ စိတ်ဝိညာဉ်က တည်နေရာပြောင်းရွှေ့မှုကို သေချာပေါက် ခံနိုင်မှာ မဟုတ်ပါဘူး... အခန့်မသင့်ရင် စိတ်ဝိညာဉ် ပျက်စီးသွားနိုင်ပါတယ်။ အဲ့တော့ အရှင်မတို့သုံးယောက် အရှင်ငယ်ကို သွားရှာချင်ရင် အရင်ဆုံး အရှင်မတို့ရဲ့ စိတ်ဝိညာဉ်ကို သန်မာအောင် လုပ်ရပါမယ်။ အရှင်မတို့အတွက် ကျွန်တော် ဝိညာဉ်ဆေးပင်တွေ သွားရှာပေးပါမယ်။ ဝိညာဉ်ဆေးပင်တွေကို သုံးလိုက်ရင် အရှင်မတို့ရဲ့ စိတ်ဝိညာဉ်တွေက မြန်မြန်သန်မာလာမှာပါ”
ရှောင်ဟုန်သည်လည်း ခေတ္တမျှတွေးတောကာ ဝင်ပြော၏။
“ဟုတ်ပါတယ်.. အရှင်မတို့ရဲ့ စိတ်ဝိညာဉ်တွေက အတော်လေး အားနည်းနေပါသေးတယ်။ အဲ့တော့ မိစ္ဆာချေဖျက်စစ်တပ်မပြောနဲ့ သိမ်းငှက်ပြာတောင်ကို ရောက်အောင်တောင် တော်တော်ကြာကြာ တည်နေရာပြောင်းရွှေ့ရပါလိမ့်မယ်။ စိုးတော့ မစိုးရိမ်ကြပါနဲ့... အရှင်မတို့သုံးယောက် ပိုသန်မာလာနိုင်အောင် ကျွန်တော်တို့က သေချာပေါက် ကူညီပေးမှာပါ”
ရီချန် အနက်ရောင်နတ်ဘုရားကို လှမ်းကြည့်လိုက်၏။ သူက အထက်ဘုံသို့ ရောက်နေသည်မှာ အတော်ကြာခဲ့ပြီဖြစ်၍ အထက်ဘုံမှ အကြောင်းများကို သူမတို့ထက် ပိုသိထားပေလိမ့်မည်။ အနက်ရောင်နတ်ဘုရားက ခေါင်းညိတ်ပြကာ အဆိပ်ဝိညာဉ်နှင့် ရှောင်ဟုန်တို့ကို အမှန်ကို ပြောနေခြင်းဖြစ်ကြောင်း အတည်ပြုပေးလိုက်သည်။
“ကောင်းပြီလေ... အဲ့ဒါဆိုလည်း ကျန်းအိမ်တော်ကိုပဲ အရင်သွားကြတာပေါ့။ ကျွန်မတို့ အမြန်ဆုံး ကျင့်ကြံချင်တယ်”
ရီချန် အမိန့်ပေးလိုက်သည်။ သူမတို့ နှစ်သုံးရာစောင့်မည် မဟုတ်ပေ။ ထိုအချိန်က သူမတို့အတွက် ကြာလွန်းသည်။ သူမတို့ ကျန်းရီကို နှစ်ပေါင်းသုံးရာ မတွေ့ရလျှင် သေသွားလောက်ပေသည်။
အတန်ကြာ အနားယူပြီးနောက် အဆိပ်ဝိညာဉ်နှင့် ရှောင်ဟုန်တို့သည် ရီချန်တို့သုံးယောက်ကိုခေါ်ကာ စတင် တည်နေရာပြောင်းရွှေ့လိုက်ကြသည်။ နှစ်ကြိမ်တည်နေရာပြောင်းရွှေ့ပြီးနောက် ရီချန်တို့သည် သူမတို့၏ စိတ်ဝိညာဉ်များက အတော်လေး အားနည်းလာကြောင်း ခံစားလာရ၏။ သူမတို့က နှစ်ကြိမ်သာ တည်နေရာပြောင်းရွှေ့ရသေးသော်လည်း သတိလစ်သွားလုမတတ် မူးဝေကာ ခေါင်းကိုက်လာပေသည်။
အဆိပ်ဝိညာဉ်သည် သူမတို့ကို မြို့ထဲရှိ အကောင်းဆုံး တည်းခိုခန်းသို့ ခေါ်သွားကာ အနားယူစေလိုက်၏။ သာမန်အဆင့် စိတ်ဝိညာဉ်အားဖြည့်ဆေးလုံးများကိုလည်း ထုတ်ပေးလိုက်သည်။ ထိုသို့ဖြင့် သူတို့သည် တည်နေရာပြောင်းရွှေ့လိုက်၊ အနားယူလိုက်နှင့် သိမ်းငှက်ပြာတောင်သို့ ရောက်အောင် လဝက်ကြာ သွားခဲ့ရပေသည်။
သိမ်းငှက်ပြာတောင်သို့ ရောက်သောအခါ ရီချန်တို့သုံးယောက်သည် တစ်ရက် အနားယူလိုက်၏။ ပြီးနောက် သူမတို့သည် တောင်ပေါ်ရှိ အဆတစ်သောင်း လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲသို့ ဝင်ကာ စတင်ကျင့်ကြံလိုက်ကြသည်။ အဆိပ်ဝိညာဉ်နှင့် ရှောင်ဟုန်တို့ကလည်း စိတ်ဝိညာဉ်အားဖြည့် ဝိညာဉ်ဆေးပင်များကို ရှာဖွေကာ သူမတို့သုံးယောက်ထံ မပြတ်ပို့ပေးပေသည်။
သို့သော်...
အဆိပ်ဝိညာဉ်က လှည့်ကွက်အချို့ သုံးထားပေသည်။ သူ ပို့ပေးသော ဝိညာဉ်ဆေးပင်များက အဆင့်မြင့်ဝိညာဉ်ဆေးပင်များမဟုတ်ပေ။ ထို့ပြင် သူသည် မိန်းမပျိုသုံးယောက်ကို သူမတို့ မိစ္ဆာချေဖျက်တောင်ကြားသို့ တည်နေရာပြောင်းရွှေ့လိုလျှင် သူမတို့၏ စိတ်ဝိညာဉ်က အနိမ့်ဆုံး နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်တွင် ရှိနေရမည်ဟုလည်း ပြောထားသည်။ သူမတို့ ထိုအဆင့်သို့ ရောက်ရန် အနည်းဆုံး အထက်ဘုံအချိန် ဆယ်ရက်ကြာအောင် ကျင့်ကြံရပေလိမ့်မည်။ ထိုအခါကျလျှင် အဆိပ်ဝိညာဉ်သည် သူမတို့အား အမှန်တရားကို ပြောပြနိုင်လောက်ပြီဖြစ်သည်။
***
ကျန်းရီက ကျင့်ကြံနေဆဲပင်။ ဆယ်ရက်ကျော် ကုန်သွားပြီဖြစ်ကြောင်းကို သူ လုံးဝမသိပေ။ သူ၏ အသိစိတ်က လသားရဲများ လာရောက်တိုက်ခိုက်မည်ကို စောင့်နေဆဲပင်။ လူများစွာက သူ့ကို ရှာမတွေ့သည့်အတွက် ရင်ကွဲခဲ့ရကြောင်းကိုလည်း သူ မသိပေ။ ယခုတွင် သူ၏ ချစ်ဇနီးသုံးယောက်က သိမ်းငှက်ပြာတောင်သို့ ရောက်နေပြီဖြစ်ကြောင်းကိုလည်း သူ မသိပါချေ။
နတ်ဘုရားသစ်ပင်အောက်မှ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းသဖြင့် ကျန်းရီသည် သူက ရှေးဦးဆန်းကြယ်နယ်မြေထဲ၌ ကျင့်ကြံနေရသလို ခံစားနေရ၏။ သူ၏ကောင်းကင်စွမ်းအားကလည်း များစွာတိုးတက်လာသည်။ မူလတွင် သူ၏ကောင်းကင်စွမ်းအားက နတ်ဘုရားဘုရင်အဆင့်ကို ရောက်သည်ဆိုရုံသာ ရှိခဲ့သည်။ ယခု ဆယ်သုံးရက်ကျင့်ကြံပြီးနောက်တွင်မူ သူ၏ကောင်းကင်စွမ်းအားက အဆင့်မြင့် နတ်ဘုရားဘုရင်အဆင့်သို့ ရောက်သွားပေပြီ။
ကျန်းရီသည် သူ၏ကောင်းကင်စွမ်းအား တိုးတက်လာမှုကို များစွာအရေးမစိုက်ပေ။ သူသာ အရေးစိုက်မိခဲ့လျှင် အချိန်များစွာ ကုန်သွားပြီဖြစ်ကြောင်း သိကောင်းသိပေလိမ့်မည်။ သူ ယခုကဲ့သို့ အလွန်စိတ်နစ်နေပြီး အရာအားလုံးကို မေ့နေရသည့်အကြောင်းမှာမူ အလွန်အရေးကြီးသော အရာတစ်ခုကြောင့် ဖြစ်ပေသည်။ သူက အနှစ်သာရ ကနဦးအဆင့်သို့ လှမ်းတက်နေခြင်းပင်။
လက်ထဲတွင် နတ်ဘုရားသစ်ရွက်ကို ကိုင်ထားခြင်းက ကျန်းရီ၏ သိမြင်နားလည်နိုင်စွမ်းကို တာအိုကောင်းကင်ဆန်းကြယ်နယ်မြေထဲမှာလောက် မြင့်မားစေသည်။ သူ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေရုံသာမက သူ၏အတွေးများက ရှင်းလင်းပြတ်သားနေသည်။ သူ နတ်ဘုရားသစ်ပင်အောက်တွင် လေးရက်ကျော် ငါးရက်မျှ ကျင့်ကြံပြီးကတည်းက တစ်စုံတစ်ခုကို စတင်သိမြင်လာခဲ့သည်။ သူ ထိုသိမြင်မှုနောက်သို့ ဆက်လိုက်ရာ တဖြည်းဖြည်းဖြင့် သူက အနှစ်သာရ ကနဦးအဆင့်ထဲ ဝင်လာပြီဖြစ်ကြောင်း သိခဲ့ရပေသည်။
မည်သည့် စည်းမျဉ်း၊ အနှစ်သာရ၊ ဆန်းကြယ်စွမ်းရည်၊ လျှို့ဝှက်အတတ်ဖြစ်စေ အခက်ဆုံးအပိုင်းမှာ ကနဦးအဆင့်ဖြစ်သည်။ ကနဦးအဆင့်ကို မရောက်သေးသ၍ မည်သည့်လမ်းကြောင်းကို လိုက်ရမည်ဖြစ်ကြောင်း သိလိမ့်မည် မဟုတ်ချေ။ ကနဦးအဆင့်ကို ရောက်ပြီးလျှင်မူ ရှေ့လမ်းခရီးက မည်မျှ ခက်ခဲသည်ဖြစ်စေ တိကျရှင်းလင်းသော လမ်းကြောင်းတစ်ခု ရှိနေပြီဖြစ်၍ မိမိက ကြိုးစားလျှောက်လမ်းရုံသာ ရှိတော့ပေသည်။ မိမိကသာ ကြိုးစားလျှင် တစ်ချိန်ချိန်တွင် ပန်းတိုင်ကို ရောက်သွားမည်သာ။
ကျန်းရီသည် ကနဦးအဆင့်သို့ ရောက်ပြီးနောက်တွင် ပေါ်လာသည့် လမ်းကြောင်းအတိုင်း ဆက်လိုက်ရန်သာ အပြည့်အဝ စိတ်နှစ်ထားလိုက်သည်။ သူ ထိုအနှစ်သာရကို အပြည့်အဝ သိမြင်နားလည်လိုနေသည်။ ပြီးပြည့်စုံသည့်အဆင့်သို့ ရောက်လိုနေသည်။ ထိုသို့ဖြစ်လာလျှင် သူ၏ကောင်းကင်စွမ်းအားက ထပ်မံအဆင့်တက်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် သူ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်သွားပေလိမ့်မည်။
ကျန်းရီ၏အတွေးက မမှားပေ။ ရတနာတစ်ခုကို ရလိုက်သူတိုင်း ထိုရတနာကို လက်မလွှတ်တမ်း ဆုပ်ကိုင်ထားလိုကြမည်သာ။ ၎င်းကို ချက်ချင်းသန့်စင်၍ လုံးဝ မိမိအပိုင်ဖြစ်သွားအောင် လုပ်လိုကြမည်သာ။
သို့သော် ကျန်းရီသည် အနှစ်သာရ၏ ရှုပ်ထွေးမှုကို လျှော့တွက်မိခဲ့ပေသည်။ အဆင့်နိမ့် စည်းမျဉ်းများကို ပြီးပြည့်စုံသည့်အဆင့်အထိ သိမြင်နားလည်ရန် ပေတစ်ထောင်ခရီးတစ်ခုကို လျှောက်လှမ်းရသည်ဟု ပမာနှိုင်းမည်ဆိုလျှင် အနှစ်သာရတစ်ခုကို ပြည့်ပြည့်စုံစုံ သိမြင်နားလည်နိုင်ရန် အနည်းဆုံး ပေတစ်သိန်းခရီးပေါင်းတစ်သောင်းကို လျှောက်လှမ်းရမည်ဟု ဆိုရပေမည်။ ကျန်းရီ အနှစ်သာရကို နားလည်အောင် ကြိုးစားလေလေ၊ ၎င်းက မည်မျှရှုပ်ထွေးကာ ဆန်းကြယ်ကြောင်း သိလာရလေလေပင်။
သို့သော် ကျန်းရီ မရပ်ဝံ့ပေ။ ဤအဆင့်တွင် ရပ်လိုက်လျှင် နောင်၌ ရှေ့ဆက်ရန် ပိုကြာမည်ကို သူ စိုးရိမ်ပေသည်။ ထို့ကြောင့် ကျန်းရီသည် ကျရောက်လာနိုင်သည့် အန္တရာယ်များကိုပင် အရေးမစိုက်တော့ဘဲ ထိုအနှစ်သာရဲကိုသာ အပြည့်အဝစိတ်နှစ်၍ လေ့လာသုံးသပ်ရန် ဆုံးဖြတ်ထားလေသည်။
ဆယ့်သုံးရက်၊ ဆယ့်လေးရက်၊ ဆယ့်ငါးရက်... ဆယ့်ခြောက်ရက်...
ကျန်းရီ၏ ကောင်းကင်စွမ်းအား တိုးပွားနှုန်းက အလွန်မြန်နေသဖြင့် သူ့နတ်ဘုရားအမြုတေက တစ်ဝက်ကျော်လောက် ပြည့်လာပြီဖြစ်သည်။ ထိုသို့ဖြစ်လာသောအခါ သူ၏ကောင်းကင်စွမ်းအားက ထပ်မံ၍ အရောင်ပြောင်းလဲသွား၏။ သူ စစ်နတ်ဘုရားအဆင့်သို့ တက်သွားပေပြီ။ နတ်ဘုရားအမြုတေတစ်ခုလုံး ပြည့်သွားမည်ဆိုလျှင် ကောင်းကင်စွမ်းအားက ထပ်မံအရောင်ပြောင်းမည်ဖြစ်ပြီး သူ အုပ်ချုပ်သူအဆင့်သို့ ရောက်သွားမည်ဖြစ်သည်။
နတ်ဘုရားသစ်ပင်၏ ကာကွယ်ပေးမှုဖြင့် ကျန်းရီ ဘေးကင်းလုံခြုံစွာ ကျင့်ကြံနေနိုင်၏။ အကယ်၍ နတ်ဘုရားသစ်ပင်ကသာ ကျန်းရီကို မနှိုးလျှင် သို့မဟုတ် ကျန်းရီ ကျင့်ကြံခြင်းတွင် တစ်မသွားလျှင် ယခုအတိုင်း ဆက်၍ ကျင့်ကြံနေပေလိမ့်မည်။
နတ်ဘုရားသစ်ပင်က အသက်ဝင်နေပြီဖြစ်ကြောင်းမှာ အလွန်ထင်ရှားပြီးဖြစ်သည်။ ရံဖန်ရံခါဆိုသလို သစ်ပင်ပင်စည်တွင် အမျိုးသမီးတစ်ဦး၏မျက်နှာ ထွက်ပေါ်လာသည်။ ထိုမျက်နှာက အလွန်လှပသည်။ ၎င်းသည် ထွက်ပေါ်လာတိုင်း ကျန်းရီကို ခေတ္တမျှကြည့်ကာ ပြုံး၍ ပြန်ပျောက်ကွယ်သွားတတ်ပေသည်။
***