← Chapters

သူ မသေသေးဘူးဆိုတာ ကျွန်မသေချာတယ်

Vol. 111 Ch. 1547

သူ မသေသေးဘူးဆိုတာ ကျွန်မသေချာတယ်

Vol. 111 Ch. 1547

လောကကြီးသည် လူတစ်ယောက် မရှိတော့ရုံနှင့် လည်ပတ်မှုရပ်တန့်သွားမည် မဟုတ်ချေ။

ကျန်းရီ မရှိတော့သော်လည်း တိရှဘုံက ယခင်ကကဲ့သို့ပင် သက်ဝင်လှုပ်ရှားနေပြီး မိစ္ဆာချေဖျက်တောင်ကြားမှာလည်း စည်ကားနေပေသည်။ လူများသည် စားလိုက်သောက်လိုက်၊ ဆောင်ကြာမြိုင်များသို့သွားလိုက်၊ တာဝန်များထမ်း‌ဆောင်လိုက်၊ ပုံမှန်အတိုင်း တိုက်ပွဲအမှတ်များယူလိုက်နှင့် ရှိနေကြသည်။

ချီချင်ချန်သည် မီးဖီးနစ်တပ်ကို ဦးဆောင်၍ အဆက်မပြတ် တာဝန်များ ထမ်းဆောင်နေခဲ့သည်။ မီးဖီးနစ်တပ်ကလည်း တဖြည်းဖြည်း အင်အားကြီးလာနေသည်။ ယခုတွင် တပ်ထဲ၌ တပ်သားအင်အား ငါးရာရှိနေပြီဖြစ်သည်။ သူမ၏ တပ်သားသစ်စုဆောင်းသည့် စံနှုန်းများကတော့ မပြောင်းလဲသေးပေ။ စစ်နတ်ဘုရားအဆင့်သို့ ရောက်မနေလျှင် သခင်လေးများပင်ဖြစ်စေ တပ်ထဲဝင်ခွင့်မရချေ။

မီးဖီးနပ်တပ်သည် အင်အားပိုကြီးလာရာ တာဝန်များပြီးမြောက်အောင် ပို၍လွယ်ကူစွာ ထမ်းဆောင်လာနိုင်သည်။ ထို့ပြင် ယခုတွင် မီးဖီးနစ်တပ်က တာဝန်များကို အစောဆုံး ရွေးချယ်ခွင့်လည်းရနေပေပြီ။ ကောင်းကင်ဘုရင်ဝူက ထိုသို့အမိန့်ပေးထားခြင်းဖြစ်သည်။ မီးဖီးနစ်တပ်သည် အကြိမ်ပေါင်းများစွာ တိုက်ပွဲဆင်နွှဲပြီးနောက် ပို၍စည်းလုံးလာသည်။ တပ်သားများသည် တိုက်ခိုက်ရာတွင် ပို၍ အပေးအယူမျှလာကြသည်။ သို့သော် တပ်သားဟောင်းများသည် ကျန်းရီရှိခဲ့သောအချိန်ကို တမ်းတနေကြဆဲပင်။ ကျန်းရီရှိနေခဲ့စဉ်က သူတို့ ပို၍လွယ်ကူစွာ တိုက်ခိုက်နိုင်ခဲ့ကြသည်။ တာဝန်များကို အလွယ်တကူ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ သူတို့သည် တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရမည်ကို စိုးရိမ်စရာ မလိုခဲ့ကြပေ။

ယခုတွင် မီးဖီးနစ်တပ်ထဲ၌ ကျန်းရီ၏အမည်က ထုတ်ပြော၍မရသောအမည်တစ်ခု ဖြစ်နေသည်။ မည်သူကမှ သူ၏အမည်ကို မပြောရန် ချီရွယ်နှင့် ချီရှားတို့က အကြိမ်ကြိမ် သတိပေးထားသည်။ ထို့ပြင် မီးဖီးနစ်တပ်သည် နေရာအနှံ့မှ တာဝန်များကို လက်ခံသော်လည်း ကျန့်ရှဆန်းကြယ်နယ်မြေနှင့် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေတွင် ထမ်းဆောင်ရမည့် တာဝန်များကိုတော့ လက်မခံပေ။ ချီချင်ချန်က မည်သို့မှ မပြောဘဲ အရာအားလုံး ပုံမှန်ကဲ့သို့ ပြုမူနေသော်လည်း ချီရွယ်နှင့် ချီရှားတို့သည် ချီချင်ချန်၏ နှလုံးသားထဲတွင် မပြေသေးသော အထုံးတစ်ထုံး ရှိနေကြောင်း သိကြပေသည်။

ယိုထျန်းနီက ချီချင်ချန်ကို ဆေးခတ်၍ အဓမ္မကျင့်ရန် ကြိုးစားခဲ့သည်။ ထို့ကြောင့်လည်း ကျန်းရီက အလွန်ဒေါသထွက်သွားပြီး လူများစွာကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ချီချင်ချန်က အလွန်သန်မာသည်။ သူမသည် အခြားလူများ၏အရှေ့တွင် သူမ၏အားနည်းချက်ကို တစ်ခါမှ မပြသခဲ့ဖူးပေ။ သို့သော် သူမက မိန်းမတစ်ယောက်သာ ဖြစ်သေးသည်။ ယင်းမှာ ပြောင်းလဲ၍မရနိုင်သော အရာတစ်ခုပင်။

ကျန်းရီ အပြစ်‌ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်သွားခဲ့သည်မှာ ရက်နှစ်ဆယ်ရှိခဲ့ပြီဖြစ်သည်။ မိစ္ဆာချေဖျက်တောင်ကြားထဲမှ လူများစွာသည် သူ့အကြောင်းကို ‌မေ့လာကြပေပြီ။ မည်သူကမှလည်း သူ့အမည်ကို ထုတ်ပြောလိုပုံ မပေါ်ပေ။ မိုဟွိုက်စန်းသည်ပင် သူ့အကြောင်းကို မေ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူမ ရဲတိုက်သို့ ပြန်သည့်အခါမှ ကျန်းရီ၏ပုံရိပ်များကို ရုတ်တရက် ပြန်အမှတ်ရကာ လွမ်းဆွတ်မိတတ်ပေသည်။

***

တိရှဘုံ၊ ကျန်းရီစီရင်စုနယ်၊ သိမ်းငှက်ပြာတောင်ပေါ်ရှိ ရဲတိုက်တစ်ခုထဲတွင် ရီချန်က ထိပ်ဆုံးမှ ထိုင်ခုံတွင် ထိုင်နေပြီး ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့က သူမအနောက်တွင် ရပ်နေကြသည်။ သူမတို့ တိရှဘုံသို့ ရောက်နေသည်မှာ ခုနစ်ရက်ရှိခဲ့ပေပြီ။ ယင်းမှာ အနိမ့်ဘုံအချိန် နှစ်နှစ်နီးပါးနှင့် ညီပေသည်။ သူမတို့သုံးယောက်စလုံး နတ်ဘုရားစစ်သူကြီးအဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူမတို့၏ စိတ်ဝိညာဉ်များကလည်း နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

“အနက်ရောင်နတ်ဘုရား... ရှောင်ဟုန်နဲ့ အဆိပ်ဝိညာဉ်တို့ကို နှစ်နာရီအတွင်း ကျွန်မနဲ့လာတွေ့ဖို့ သွားပြောလိုက်ပါ။ နှစ်နာရီအတွင်း ရောက်အောင် မလာနိုင်ရင် ကျွန်မတို့ကို ဘယ်တော့မှ လာတွေ့စရာ မလိုတော့ဘူးလို့လည်း ပြောလိုက်ပါ”

ရီချန် ဒေါသထွက်နေသည်။ သူမတို့က အသည်းအသန် ကြိုးစားကျင့်ကြံကာ သူမတို့၏ စိတ်ဝိညာဉ်များကို နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်သို့ရောက်အောင် လုပ်ခဲ့ကြသော်လည်း ဆယ့်လေးနာရီကျော်အောင် စောင့်ပြီးနောက်တွင်ပင် အဆိပ်ဝိညာဉ် ပေါ်မလာခဲ့ပေ။ သူက ကိစ္စအချို့ကို စီမံနေရ၍ ခဏနေမှ ပြန်လာနိုင်မည်ဟု ဆိုသည်။

ရီချန်မှာ မည်သူနည်း။ သူမသည် အစောကတည်းက တစ်စုံတစ်ခု မူမမှန်ကြောင်း ခံစားမိခဲ့ပေသည်။ ကျန်းရီအကြောင်းကို သူမ ကောင်းစွာသိသည်။ အကယ်၍ ကျန်းရီသာ သူမတို့ ရောက်လာကြောင်းကို သိသွားမည်ဆိုလျှင် သေချာပေါက် မရရအောင် ပြန်လာကာ သူမတို့နှင့် တွေ့ပေလိမ့်မည်။ သို့သော် အနိမ့်ဘုံအချိန် နှစ်နှစ်နီးပါး ကြာပြီးနောက်တွင်ပင် ကျန်းရီ ပေါ်မလာသေးပေ။ သေချာပေါက် တစ်စုံတစ်ခု မှားနေပေပြီ။

ရီချန်က ဒေါသထွက်နေပြီဖြစ်၍ အဆိပ်ဝိညာဉ်တစ်ယောက် သတ်မှတ်အချိန်အတွင်း ရောက်အောင်လာတွေ့လိုက်သည်။ သူက အမှန်ပင် ကိစ္စအချို့ကို စီမံနေရခြင်းဖြစ်သည်။ သို့သော် ရီချန်တို့ကို ရှောင်ရန် တမင် ချက်ချင်း ပြန်မလာခဲ့ခြင်းလည်းဖြစ်သည်။ သူသည် တတ်နိုင်သမျှ အချိန်ဆွဲလိုသည်။ ယခုတွင်မူ ရီချန်က ဒေါသထွက်လာရာ ဆက်အချိန်ဆွဲ၍ မရတော့ကြောင်း သူ သိပေသည်။

“အဆိပ်ဝိညာဉ် အရှင်မသုံးယောက်ကို အရိုအသေပေးပါတယ်”

အဆိပ်ဝိညာဉ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လွင့်မြောကာ ဝင်လာပြီး ရိုရိုသေသေ နှုတ်ဆက်လိုက်၏။ သူ ရီချန်တို့ သုံးယောက်ကို ကြည့်လိုက်ပြီး ထပ်မံဦးညွှတ်၍ ပြောလိုက်သည်။

“စိတ်ဝိညာဉ်ကို မြန်မြန် အဆင့်မြှင့်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်”

“အပိုတွေ ပြောမနေနဲ့တော့...”

ရီချန်၏ မျက်ဝန်းများက အေးစက်စက် လင်းလက်သွား၏။ သူမက နတ်ဘုရားစစ်သူကြီးအဆင့်မှာပင် ရှိသေးသော်လည်း ရှောင်ဟုန်လောက် ဟိတ်ဟန်အရှိန်အဝါကောင်းပေသည်။ သူမ အေးစက်စက် ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်တွေက နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီ။ အခု ရှင် ကျွန်မတို့ကို မိစ္ဆာချေဖျက်တောင်ကြားဆီ ခေါ်သွားလို့ရပြီလား”

“အာ...”

အဆိပ်ဝိညာဉ်သည် မျက်လုံးကလယ်လယ်ဖြင့် တုံ့ဆိုင်းသွားပြီးမှ ချီတုံ့ချတုံဖြင့် ပြောလိုက်၏။

“အရှင်မသုံးယောက်ခင်ဗျာ... မိစ္ဆာချေဖျက်တောင်ကြားကို အလောသုံးဆယ်သွားစရာ မလိုပါဘူး။ မကြာသေးခင်က ကျွန်တော် အရှင်ငယ်ဆီက သတင်းရခဲ့ပါတယ်။ သူ ဒီကို ဆယ်ရက်အတွင်း ရောက်လာတော့မှာပါ။ ပြီးတော့ မိစ္ဆာချေဖျက်တောင်ကြားကို တည်နေရာပြောင်းရွှေ့ဖို့က မလွယ်ပါဘူး။ ကျွန်တော် အရှင်မိုလင်းချိုးဆီက ခွင့်ပြုချက်ကို လိုပါတယ်။ အရှင်မိုလင်းချိုးက တိရှဘုံရဲ့ ဒုတိယစွမ်းအားအကြီးဆုံးသူပါ...”

“ပါးစပ်ပိတ်ထား...”

ရီချန်သည် ရုတ်တရက် သူမ၏ဘေးမှ စားပွဲကို ရိုက်လိုက်၏။ စားပွဲက အမှုန့်ဖြစ်သွားသည်။ သူမ၏မျက်ဝန်းများက ခြင်္သေ့မတစ်ကောင်၏ မျက်ဝန်းများကဲ့သို့ အေးစက်နေ၏။ သူမ ထရပ်ကာ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ် ရှင်က ဒီအချိန်မှာတောင် လိမ်ရဲသေးတယ်ပေါ့လေ။ ကျွန်မတို့က အနိုင်ကျင့်လို့ရတဲ့ အားနွဲ့တဲ့ မိန်းမငယ်လေးတွေလို့ ထင်လို့လား။ ရှင်က ကျွန်မတို့ခင်ပွန်းရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သားလို့ အနက်ရောင်နတ်ဘုရားက ကျွန်မတို့ကိုပြောတယ်။ ဒါပေမဲ့ ရှင်က ရှင့်ရဲ့သစ္စာရှိမှုကို ဒီလိုပြသတာပေါ့လေ။ ကဲပြော... မိစ္ဆာချေဖျက်တောင်ကြားကို ကျွန်မတို့ဘာသာ သွားလိုက်ရမှာလား”

ရီချန်က အမှန်ပင် ဩဇာအရှိန်အဝါအပြည့်နှင့်ပင်။ သူ၏အရှိန်အဝါက ကျန်းရီ၏အရှိန်အဝါနှင့် ဆင်တူသည်။ သို့သော် အတန်ငယ်တော့ ပိုအားနည်းပေသည်။ သူမနေရာတွင် အခြားသူတစ်ယောက်သာ ဖြစ်ပါက အဆိပ်ဝိညာဉ်သည် ထိုသူကို ဓားဖြင့် အကြိမ်အနည်းငယ်လောက် ထိုးပြီးလောက်ပေပြီ။ သို့သော် သူမက သူ့အရှင်သခင်၏ ဇနီးတစ်ယောက် ဖြစ်နေရာ သူ မည်သို့မှ ပြန်မလုပ်နိုင်သည့်အပြင် သူမအပေါ် အပြစ်ရှိသလိုပင် ခံစားနေရသည်။ တစ်ချိန်တည်းမှာပင် သူ ဇောချွေးများလည်း ပြန်လာပေသည်။

“အရှင်မ... ကျွန်တော်...”

အဆိပ်ဝိညာဉ်သည် သူ့အတွက်သူ ခုခံလို၏။ သို့သော် ရီချန်၏ မျက်ဝန်းများကို တွေ့လိုက်သောအခါ သူ မည်သို့မှ မပြောဝံ့‌တော့ပေ။ ခေတ္တနေမှ သူ အသက်ပြင်းပြင်းနှစ်ချက် ရှူသွင်းလိုက်ပြီး ရုတ်တရက် ဒူးထောက်ကာ ဦးညွှတ်လိုက်ပြီး အံကြိတ်၍ ပြောလိုက်လေသည်။

“အရှင်မသုံးယောက်ခင်ဗျာ... ကျွန်တော် အပြစ်ရှိပါတယ်။ အရှင်ငယ်က... သူက ကွယ်လွန်သွားပါပြီ”

ဂျိန်း...

နွေခေါင်ခေါင်တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။ ရီချန်နှင့် အခြားမိန်းမပျိုလေးနှစ်ယောက်တို့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာများ ရုတ်ခြည်း ဖြူဖျော့သွားကြသည်။ ယဉ်ရို့ပင်းဆိုလျှင် မျက်ဖြူလန်ကာ ထိုနေရာမှာပင် သတိမေ့သွားမလို ဖြစ်သွား၍ စုလောရွှယ်က သူမကို လျင်မြန်စွာ ထိန်းပွေ့ထားလိုက်ရသည်။

စုလောရွှယ်၏မှတ်ဉာဏ်များက ချိပ်ပိတ်ခံထားရဆဲဖြစ်သော်လည်း သူမစိတ်ဝိညာဉ်၏ နက်ရှိုင်းသောနေရာတွင် ကျန်းရီက သူမအတွက် အရေးအပါဆုံးသူတစ်ယောက်ဖြစ်ကြောင်း မှတ်မိပေသည်။ ထို့ပြင် သူမသည် ကျန်းရီနှင့် လက်ထပ်ပြီးကတည်းက တစ်သက်လုံး ကျန်းရီနောက်သို့သာလိုက်ရန် ဆုံးဖြတ်ထားသည်။ သူမတို့သုံးယောက်သည် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ပြီးမှ အထက်ဘုံသို့ တက်လှမ်းလာနိုင်ခဲ့ခြင်းဖြစ်သည်။ အထက်ဘုံသို့ ရောက်သွားနောက်တွင်လည်း သူမတို့ အနိမ့်ဘုံအချိန်နှစ်နှစ်နီးပါး စောင့်ခဲ့ရသည်။ သို့သော် သူမတို့ကို စောင့်ကြိုနေသည့်သတင်းက ထိုကဲ့သို့သောသတင်း ဖြစ်နေသည်လော။

“ရှင် လိမ်နေတာ”

ရီချန်၏မျက်နှာက အလွန်ဖြူဖျော့နေ၏။ သို့သော် သူမသည် တုန်လှုပ်ဟန်မပြဘဲ ပြောလိုက်သည်။

“ကျွန်မရဲ့ခင်ပွန်းက မသေသေးဘူး။ အဲ့လိုပေါက်ကရတွေ မပြောနဲ့”

“ကျွန်တော် သေသင့်ပါတယ်”

အဆိပ်ဝိညာဉ်သည် နဖူးနှင့်ကြမ်းပြင်ထိသည်အထိ ဦးညွှတ်လိုက်ပြီး မည်သို့မှ ဆက်ရှင်းမပြတော့ပေ။ ရီချန်၏ ကြမ်းတမ်းသော စကားများကို သူ စိတ်မရှိသည့်အပြင် ခွင့်လွှတ်ပေးရန် ဆက်၍ ဦးညွှတ်နေပေသည်။

“ရို့ပင်း၊ လောရွှယ်... စိတ်တည်တည်ငြိမ်ငြိမ်ထားကြ”

ရီချန်၏အသံကြောင့် ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့ တုန်သွားကြ၏။ ထို့နောက် ရီချန်သည် အဆိပ်ဝိညာဉ်ကို အေးစက်စက် စိုက်ကြည့်ကာ ဒေါသဖြင့် ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... ထရပ်လိုက်။ ကျွန်မပြောတာကို နားထောင်... ကျွန်မရဲ့ခင်ပွန်းက မသေသေးဘူး။ သူ သေသွားရင် ကျွန်မတစ်ခုခု ခံစားမိမှာပဲ။ သူ မသေသေးဘူးဆိုတာ ကျွန်မသေချာတယ်။ ရှင် နားလည်လား”

“အာ...”

အဆိပ်ဝိညာဉ်၊ စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့သည် ရီချန်ကို အံ့ဩတကြီးနှင့် ကြည့်လိုက်ကြ၏။ စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး မျက်လုံးများ လင်းလက်သွား၏။ ယဉ်ရို့ပင်းသည် တုန်ယင်သောအသံဖြင့် မေးလိုက်သည်။

“မမချန်... မမက တကယ်ပဲ ခံစားနိုင်တာလား။ မမရဲ့ ဝိညာဉ်ခန္ဓာက...”

“ဟုတ်တယ်...”

ရီချန်က အလွန်ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

“ငါ့ရဲ့ ကောင်းကင်မိုးကြိုးခန္ဓာက အရမ်းထူးခြားတယ်။ ငါ့ခန္ဓာကိုယ်ပေါ်မှာ ငါတို့ရဲ့ခင်ပွန်း ချန်ထားခဲ့တဲ့ အမှတ်အသားရှိတယ်။ သူသာ တကယ်သေသွားရင် အဲ့အမှတ်အသားက ပျောက်ကွယ်သွားမှာပဲ”

“အာ...”

အဆိပ်ဝိညာဉ် ထပ်မံ၍ အံ့အားသင့်သွား၏။ သူ၏ နှုတ်ခမ်းကလည်း တဆတ်ဆတ် တုန်ယင်နေသည်။ ထို့နောက် သူ တံတွေးမျိုချကာ မေးလိုက်သည်။

“အရှင်မ... အရှင်မ နောက်နေတာတော့ မဟုတ်ပါဘူးနော်”

ရီချန်က ပြတ်သားစွာ ခေါင်းညိတ်၍ ပြန်ဖြေသည်။

“မဟုတ်ပါဘူး”

ဝှစ်...

အဆိပ်ဝိညာဉ် မျက်လုံးများ တောက်ပသွားပြီး အပြင်ဘက်သို့ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“အရှင်မသုံးယောက်က ဒီမှာပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေကြပါ။ ကျွန်တော် အရှင်ငယ်ကို သေချာပေါက် အိမ်ပြန်ခေါ်ခဲ့ပါမယ်”

“ရပ်လိုက်... အထဲကို ပြန်ဝင်လာခဲ့”

ရီချန်က သူမ၏အသံကို ကောင်းကင်စွမ်းအားဖြင့် မြှင့်တင်၍ အော်ပြောလိုက်၏။ ထို့ကြောင့် အဆိပ်ဝိညာဉ် ပြန်ဝင်လာရသည်။ ရီချန် အဆိပ်ဝိညာဉ်ကို အေးစက်စက် ဆက်ပြောလိုက်သည်။

“ကျွန်မကိုပါ ခေါ်သွားပါ။ ကျွန်မခန္ဓာကိုယ်ပေါ်က အမှတ်အသားက ကျွန်မခင်ပွန်းရဲ့ နေရာအတိအကျကို အာရုံခံနိုင်ပါတယ်”

“ညီမတို့လည်း လိုက်မယ်”

ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့က တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ကောင်းပါပြီ... သွားကြတာပေါ့”

အဆိပ်ဝိညာဉ်သည် ခေတ္တမျှ တွေးတောပြီးနောက် မိန်းမပျိုသုံးယောက်ကို မိစ္ဆာချေဖျက်တောင်ကြားသို့ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ တိရှအရှင်ကို အရင်ဆုံးသွားတွေ့ရန် တွေးထားသည်။ သူတို့နှင့်အတူ စွမ်းအားကြီး သိုင်းသမားများ ထည့်ပေးလိုက်ဖို့ တိရှအရှင်ကို တောင်းဆိုရပေမည်။ ထို့ပြင် မိစ္ဆာချေဖျက်တောင်ကြားသို့ ရောက်လျှင်လည်း ချီချင်ချန်ကိုသွားရှာကာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ အတူတကွ သွားရပေမည်။ စွမ်းအားကြီး သိုင်းသမားများစွာ အတူပါလာလျှင် အရှင်မသုံးယောက်၏ လုံခြုံရေးအတွက် စိတ်ချရပေလိမ့်မည်။ အကယ်၍ သူ ကျန်းရီစီရင်စုနယ်၌ ရှိမနေချိန်တွင် သူမတို့ တစ်ခုခု ဖြစ်သွားလျှင် သူ ထိုအတွက် အဖြေပေးနိုင်မည် မဟုတ်ပေ။

ဝှစ်...

အဆိပ်ဝိညာဉ်တို့ လေးယောက်သည် အပြင်သို့ လျင်မြန်စွာ ပျံထွက်လိုက်ကြ၏။ အပြင်သို့ ရောက်သောအခါ အဆိပ်ဝိညာဉ်သည် ရှောင်ဟုန်ထံသို့ အသံလှမ်းပို့လွှတ်ကာ စီရင်စုနယ်ထဲမှ ကိစ္စများကို တာဝန်ယူစီမံထားရန် ပြောလိုက်သည်။ ထို့နောက် သူသည် အရှင်မသုံးယောက်ကိုခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီသို့ ဦးတည်သွားလိုက်လေသည်။

***

All Chapters