ကျွန်မတို့ ကျန်းရီစီရင်စုနယ်ကို မလိုချင်ဘူး
Vol. 111 Ch. 1548
“သခင်လေးက သေပြီလား”
အစောတွင် ရီချန်က ဒေါသထွက်နေခဲ့သဖြင့် အနက်ရောင်နတ်ဘုရား ဝင်မမေးဝံ့ခဲ့ပေ။ သူမတို့လေးယောက် ထွက်သွားပြီးမှ သူ နားမလည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။ ကျန်းရီက သူတို့နှစ်ယောက်ကြားမှ ဝိညာဉ်ချိတ်ဆက်မှုကို ဖျက်ပေးခဲ့သည်။ အနက်ရောင်နတ်ဘုရားက ကျန်းရီ၏ ဝိညာဉ်သားရဲ မဟုတ်တော့ပေ။ မဟုတ်လျှင် ကျန်းရီ သေသည်၊ ရှင်သည်ကို သူ အလွယ်တကူ အတည်ပြုနိုင်မည်ဖြစ်သည်။ သူက ကျန်းရီ၏ဝိညာဉ်သားရဲ ဖြစ်နေဦးမည်ဆိုလျှင် ကျန်းရီသေသည်နှင့် သူလည်း ရှင်သန်နိုင်မည် မဟုတ်ချေ။
“သခင်လေး... သခင်လေး ဆက်ရှင်သန်နေရမယ်။ မင်းသမီးချန်ချန်က တက်လှမ်းလာတော့မှာ မဟုတ်လား”
အနက်ရောင်နတ်ဘုရားသည် ကောင်းကင်သို့ မော့ကြည့်၍ ရေရွတ်လိုက်၏။ သူ၏မျက်ဝန်းများထဲတွင် စိုးရိမ်မှုများနှင့် ပြည့်နှက်နေပေသည်။
တိရှမြို့...
အဆိပ်ဝိညာဉ်နှင့် မိန်းမပျိုသုံးယောက်တို့က ရုတ်တရက်ကြီး အတူတကွ တည်နေရာပြောင်းရွှေ့သွားကြသဖြင့် လူများစွာက စူးစမ်းလိုက်ကြ၏။ ရီချန်နှင့် အခြားမိန်းမပျိုလေးနှစ်ယောက်က အလွန်အားနည်းနေသေးသော်လည်း သူမတို့၏ အလှအပနှင့် အငွေ့အသက်တို့က ထိပ်တန်းပင်။ အထူးသဖြင့် ရီချန်၏ အငွေ့အသက်က သူမ၏လက်ရှိအင်အားနှင့်ပင် မလိုက်ချေ။
“အရှင်မသုံးယောက် ဒီဘက်ကို ကြွပါ”
အဆိပ်ဝိညာဉ်က တရိုတသေဖြင့် လမ်းပြဦးဆောင်၏။ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေကြသော တိရှတပ်သားများက အဆိပ်ဝိညာဉ်ကို မှတ်မိကြ၏။ သူက ကျန်းရီ၏ လက်အောက်ငယ်သား မဟုတ်ပါလား။ သို့သော် ‘အရှင်မ’ဟူသော စကားကို ကြားလိုက်ရ၍ တိရှတပ်သားအချို့ နားမလည်နိုင် ဖြစ်သွားကြသည်။ ထိုမိန်းမပျိုများက ကျန်းရီ၏ဇနီးများလော။ သို့သော် သူတို့ သိရသလောက် ကျန်းရီက အထက်ဘုံတွင် မည်သူနှင့်မှ လက်မထပ်ရသေးသည် မဟုတ်လော။
“လူကြီးမင်းတို့... အဆိပ်ဝိညာဉ် လာနှုတ်ဆက်ပါတယ်လို့ လက်ထောက်စံအိမ်အရှင်ကို သွားအကြောင်းကြားလိုက်ပါ”
အဆိပ်ဝိညာဉ်သည် တိရှရဲတိုက်ထဲ ရောက်သည်နှင့် မိန်းမပျိုသုံးယောက်ကို ဒုတိယထပ်သို့ ခေါ်သွားလိုက်ပြီး မိုလင်းချိုးနှင့် တွေ့ဆုံရန် ခန်းမကျယ်ကြီးတစ်ခန်းထဲ၌ စောင့်နေလိုက်သည်။
ရှပ်...ရှပ်...ရှပ်...
မကြာခင်မှာပင် မိုလင်းချိုး ရောက်လာသည်။ သူသည် အဆိပ်ဝိညာဉ်ကို အထင်ကြီးလေးစားပေသည်။ အဆိပ်ဝိညာဉ်က နတ်ဘုရားဝိညာဉ်ထိုးချက်ကို တတ်မြောက်ထား၍ အကန့်အသတ်မဲ့သော အနာဂတ် ရှိသည်။ မိုလင်းချိုးသည် အခန်းထဲရောက်သောအခါ ရီချန်တို့သုံးယောက်ကို ကြည့်လိုက်၏။ အစတွင် သူ အံ့အားသင့်နေသော်လည်း သဲလွန်စများကို လျင်မြန်စွာ ဆက်စပ်၍ ပြောလိုက်သည်။
“အဆိပ်ဝိညာဉ်... သူတို့က ကျန်းရီရဲ့ဇနီးတွေလား”
“ဟုတ်ပါတယ်”
အဆိပ်ဝိညာဉ်က ခေါင်းညိတ်၍ ပြန်ပြော၏။ သူ ရီချန်တို့ကို ကြည့်ကာ မိတ်ဆက်ပေးလိုက်သည်။
“အရှင်မသုံးယောက်... သူက လက်ထောက်စံအိမ်အရှင်မိုပါ။ အရှင်မိုက စီရင်စုနယ်အရှင်ကို ကောင်းကောင်းဂရုစိုက်ပေးခဲ့ပါတယ်”
“အရှင်မိုကို နှုတ်ခွန်းဆက်ပါတယ်”
ရီချန်နှင့် အခြားမိန်းမပျိုနှစ်ယောက်တို့က ခပ်သွက်သွက် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။
“ဟူး... ကဲကဲ ထိုင်ကြပါ”
မိုလင်းချိုး သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး အားလုံးကို ထိုင်ခိုင်းလိုက်၏။ လက်ဖက်ရည် တည်ခင်းပြီးနောက်တွင် မိုလင်းချိုး ခပ်သဲ့သဲ့ပြုံးကာ ပြောလိုက်သည်။
“မင်းတို့သုံးယောက် တက်လှမ်းလာပြီဆိုတာ ငါသတင်းကြားပါတယ်။ ဒါပေမဲ့ ငါက အလုပ်တွေအရမ်းများနေလို့ မင်းတို့ကို လာမတွေ့နိုင်ခဲ့တာ။ မင်းတို့ သိမ်းငှက်ပြာတောင်မှာ နေရတာ အဆင်ပြေကြရဲ့လား။ အားနာမနေကြပါနဲ့... ကျန်းရီက ငါ့အသက်ကို တစ်ကြိမ် ကယ်ခဲ့ဖူးတယ်။ ငါတို့က မိသားစုတွေလိုပဲ”
စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့သည် ဤကဲ့သို့သော တွေ့ဆုံမှုမျိုးတွင် မည်သို့မှ ဝင်မပြောကြဘဲ ရီချန်ကိုသာ တာဝန်လွှဲပေးထားသည်။ ရီချန်သည် သူမတို့နှစ်ယောက်ကို ဦးဆောင်၍ ထပ်မံဦးညွှတ်ကာ ပြောလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်မို... ကျွန်မတို့ အဆင်ပြေပါတယ်။ ကျွန်မတို့ရဲ့ ခင်ပွန်းကို လွမ်းနေရုံပါပဲ”
“အာ...”
မိုလင်းချိုး၏ မျက်ဝန်းများ မှေးမှိန်သွားသည်။ သူ ခေတ္တမျှ နှုတ်ဆိတ်သွားပြီးနောက်မှ မေးလိုက်သည်။
“ဒီတစ်ခေါက် ငါ မင်းတို့အတွက် ဘာလုပ်ပေးနိုင်မလဲ။ မင်းတို့ စိတ်ထဲရှိတာကို ပြောပါ။ ငါ ကူညီနိုင်မယ်ဆိုရင် သေချာပေါက် ကူညီပေးမှာပါ”
ရီချန်သည် မည်သို့မှမပြောဘဲ အဆိပ်ဝိညာဉ်ကို လှမ်းကြည့်လိုက်၏။ အဆိပ်ဝိညာဉ် ထရပ်ကာ ပြောလိုက်သည်။
“ဒီလိုပါ လက်ထောက်စံအိမ်အရှင်... ကျွန်တော်တို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို သွားချင်လို့ပါ။ အဲ့ဒါ ကျွန်တော်တို့နဲ့အတူ စွမ်းအားကြီး သိုင်းသမားတွေ ထည့်ပေးလိုက်ဖို့ တောင်းဆိုချင်တာပါ”
“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေလား”
မိုလင်းချိုး ခေတ္တမျှ မှင်တက်သွားပြီး မျက်နှာမည်းမှောင်သွား၏။ ထို့နောက် သူ အဆိပ်ဝိညာဉ်ကို ပြန်ပြောလိုက်သည်။
“ဒါက ဘယ်လိုပေါက်ကရမျိုးလဲ။ ငါကိုယ်တိုင် လူတွေခေါ်ပြီး သွားစစ်ဆေးခဲ့တာပါ.. ကျန်းရီက အလောင်းတောင် မကျန်ခဲ့ဘူး။ မင်းတို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို သွားမယ်ဆိုရင်ရော ဘာထူးမှာလဲ။ အဲ့နေရာက အရမ်းအန္တရာယ်များတယ်။ ပြီးခဲ့တဲ့အခေါက်က ငါတို့ စွမ်းအားကြီး သိုင်းသမား နည်းနည်း ဆုံးရှုံးခဲ့ရတယ်။ ဒီကိစ္စကို ငါ သဘောမတူဘူး”
အဆိပ်ဝိညာဉ် ချီတုံချတုံဖြင့် သက်ပြင်းချလိုက်၏။ ထိုစဉ် ရီချန်က ထရပ်ကာ ပြောလိုက်သည်။
“အရှင်.. ကျွန်မရဲ့ခင်ပွန်းက မသေသေးပါဘူး။ ကျွန်မ အဲ့ဒါကို သေချာပါတယ်။ ဒီကိစ္စကို အရှင်ကူညီပေးဖို့ ကျွန်မတို့ တောင်းဆိုချင်ပါတယ်။ အရှင်သာ ကူညီပေးမယ်ဆိုရင် ကျွန်မတို့ အရှင့်ကို အမြဲကျေးဇူးတင်နေမှာပါ”
“မသေသေးဘူးတဲ့လား”
မိုလင်းချိုးက အေးစက်စက် ပြုံးကာ ပြန်ပြော၏။
“ရက်နှစ်ဆယ်တောင် ရှိခဲ့ပြီ။ ကျန်းရီ မပြောနဲ့ သာမန် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတွေတောင် အခုလောက်ဆို သေလောက်ပြီ။ ကောင်းကင်ဘုရင်ယိုတောင် ဒီလောက်ကြာအောင် ရှင်သန်နိုင်မှာ မဟုတ်ဘူး။ အဆိပ်ဝိညာဉ်... ကျန်းရီက တကယ်ပဲ အသက်ရှင်နေလိမ့်ဦးမယ်လို့ မင်း ထင်လား”
“အဲ့ဒါက...”
အဆိပ်ဝိညာဉ် ပို၍ တွန့်ဆုတ်လာ၏။ မိုလင်းချိုး၏စကားများက မှန်ပေသည်။ သူကိုယ်တိုင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်ခဲ့ဖူး၍ ထိုနယ်မြေက မည်မျှအန္တရာယ်များကြောင်း သူသိသည်။ ထို့ကြောင့် သူ ရီချန်ကို သံသယဖြင့် လှမ်းကြည့်လိုက်သည်။ သူမက ကျန်းရီ၏အလောင်းကို သွားရှာလိုခြင်းလော သို့မဟုတ် ထိုနယ်မြေထဲတွင် ကျန်းရီနှင့်အတူ မြှုပ်နှံခံလိုနေခြင်းလော။
အဆိပ်ဝိညာဉ်သည် ခေတ္တမျှ တွေးတောပြီးနောက် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
“အရှင်မ... အရှင်မိုပြောတာ အမှန်ပါပဲ။ အရှင်ငယ်က အရမ်းအန္တရာယ်များတဲ့ နယ်မြေတစ်ခုထဲ ဝင်သွားခဲ့တာပါ။ ကျွန်တော်သာ အဲ့နယ်မြေထဲကို တစ်ယောက်တည်း ဝင်သွားမယ်ဆိုရင် နေ့တစ်ဝက်တောင် ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ အရှင်ငယ် အဲ့နယ်မြေထဲကို ဝင်သွားတာ ရက်နှစ်ဆယ်ရှိခဲ့ပါပြီ”
“ဟင့်အင်း...”
ရီချန်က အလွန်ပြတ်သားစွာ ပြန်ပြောသည်။
“ကျွန်မရဲ့ခင်ပွန်းက မသေသေဘူး။ အဲ့ဒါကို သက်သေပြဖို့ ကျွန်မအသက်ကိုတောင် ရင်းရဲတယ်။ တကယ်လို့ ကျွန်မ လိမ်နေတာဆိုရင် အသေဆိုးနဲ့သေပါစေ”
ရီချန်က ကြောက်မက်ဖွယ် ကျိန်ဆိုလိုက်သော်လည်း မိုလင်းချိုးနှင့် အဆိပ်ဝိညာဉ်တို့ အတန်ငယ် သံသယဖြစ်နေကြဆဲပင်။ သူမတို့သုံးယောက်က ကျန်းရီနှင့်အတူ သေရန် ထိုသို့သွားလိုနေကြခြင်းဟု သူတို့ တွေးမိနေကြပေသည်။
မိုလင်းချိုး အတန်ကြာ တွေးတောကာ ပြောလိုက်သည်။
“ငါက မကူညီချင်တာ မဟုတ်ပါဘူး။ စွမ်းအားကြီး သိုင်းသမားတွေ အများကြီးကို ထည့်ပေးလိုက်ဖို့ဆိုရင် တိရှအရှင်ရဲ့ ခွင့်ပြုချက်လိုတယ်။ အခု တိရှအရှင်က ကျင့်ကြံနေတယ်။ ငါတောင် အမည်မဲ့ကျွန်းကို မသွားနိုင်ဘူး။ အဲ့ဒါကြောင့် ငါ ကူညီမပေးနိုင်တာပါ”
ရီချန်၏ မျက်နှာထားက ရေခဲတမျှ အေးစက်သွား၏။ စုလောရွှယ်နှင့် ယဉ်ရို့ပင်းတို့၏ မျက်ဝန်းများလည်း မှေးမှိန်သွားသည်။ ဤနေရာတွင် အနိမ့်ဘုံအချိန် နှစ်နှစ်ကျော် နေပြီးနောက်တွင် သူမတို့သည် တိရှဘုံ၏အကြောင်းများကို အနည်းငယ် နားလည်နေပြီဖြစ်သည်။ သူမတို့၏ လက်ရှိအင်အားအရ သူမတို့ဘာသာ မည်သည့်နေရာသို့မှ မသွားနိုင်ကြောင်း သူမတို့သိသည်။
ထိုစဉ် ရီချန် အကြံတစ်ခု ရလိုက်၏။ သူမ တောက်ပသော မျက်ဝန်းများဖြင့် မေးလိုက်သည်။
“အရှင်မိုက စွမ်းအားကြီး သိုင်သမားတွေ ထည့်မပေးလိုက်နိုင်ဘူးဆိုရင်တောင် ကျွန်မတို့ကို မိစ္ဆာချေဖျက်တောင်ကြားဆီတော့ ပို့ပေးလို့ရတယ်မလား။ ကျွန်မတို့ခင်ပွန်းကို ကျွန်မတို့ဘာသာ သွားရှာပါမယ်”
“မဖြစ်ဘူး...”
မိုလင်းချိုးက ရုတ်တရက် ထရပ်၍ ဆူပူလိုက်၏။
“မင်းတို့သုံးယောက် ရူးနေလား။ မင်းတို့က အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ သွားသေချင်တယ်ဆိုရင်တောင် မိစ္ဆာချေဖျက်စစ်တပ်ကလူတွေက မင်းတို့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ သွားခွင့်ပြုမှာ မဟုတ်ဘူး။ မင်းတို့တွေ သိမ်းငှက်ပြာတောင်ကို ပြန်ပြီး ဘယ်မှမသွားဘဲ အေးအေးဆေးဆေး နေနေတာပဲ ကောင်းလိမ့်မယ်။ အစက ငါ ကျန်းရီစီရင်စုနယ်ကို ပြန်သိမ်းချင်ခဲ့တာ။ အခု မင်းတို့သုံးယောက် ရောက်လာပြီဆိုတော့ ကျန်းရီစီရင်စုနယ်ကို ငါ မင်းတို့ကို ပေးလိုက်မယ်။ မင်းတို့ရဲ့ မျိုးဆက်တွေ အဲ့စီရင်စုနယ်ကို အမွေခံနိုင်တယ်။ မင်းတို့ရဲ့ မျိုးဆက်တွေ ထာဝရ ကြွယ်ဝစေရမယ်လို့ ငါ အာမခံပါတယ်။ အဲ့လိုဆို အနည်းဆုံးတော့ ငါ ကျန်းရီအပေါ် တာဝန်ကျေနိုင်သေးတာပေါ့”
“ကျွန်မတို့ ကျန်းရီစီရင်စုနယ်ကို မလိုချင်ဘူး”
ရီချန်၏ အကျင့်စရိုက်က ကျန်းရီ၏အကျင့်စရိုက်နှင့် ဆင်တူသည်။ သူမ ခေါင်းမာစွာဖြင့် အေးစက်စက် ပြန်ပြောလိုက်ပေသည်။
“အရှင်... အရှင် ကျန်းရီစီရင်စုနယ်ကို ပြန်သိမ်းနိုင်ပါတယ်။ ကျွန်မတို့ကို မိစ္ဆာချေဖျက်တောင်ကြားဆီပဲ ပို့ပေးပါ။ ပြီးရင် ကျွန်မတို့ အရှင့်ကို ထပ်ပြီးအကူအညီတောင်းတော့မှာ မဟုတ်ပါဘူး။ အရှင် ကျွန်မတို့ကို မိစ္ဆာချေဖျက်တောင်ကြားဆီ မပို့ပေးရင် ကျွန်မတို့ ရွေးချယ်စရာ မရှိတော့ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေရမှာပဲ”
“အဲ့လိုလုပ်လို့ မဖြစ်ဘူး”
အဆိပ်ဝိညာဉ် စိတ်လှုပ်ရှားလာပြီး မိန်းမပျိုသုံးယောက်၏ ဘေးသို့ လျင်မြန်စွာ သွားရပ်လိုက်သည်။ သူမတို့ ရူးမိုက်သည့်အရာတစ်ခု လုပ်လိုက်မည်ကို သူ စိုးရိမ်ပေသည်။ မိုလင်းချိုးလည်း မည်သို့မှ ဆက်မပြောဝံ့တော့ပေ။ ကျန်းရီ သေသွားသည်မှာ မကြာသေးပေ။ အကယ်၍ သူက ကျန်းရီ၏ မုဆိုးမများကို သူမတို့ကိုယ်သူမ သတ်သေအောင် ဖိအားပေးမိလျှင် အခြားလူများ၏ လှောင်ပြောင်ကျိန်ဆဲခြင်းကို ခံရပေလိမ့်မည်။
“ဟင်းဟင်း...”
ရီချန်သည် အဆိပ်ဝိညာဉ်ကိုကြည့်၍ ပြောလိုက်၏။
“ရှင်တို့ ကျွန်မတို့ သတ်မသေနိုင်အောင် တားလို့ရပါတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ နှလုံးသားက သေဆုံးနေရင် ကျွန်မတို့ ရှင်သန်နေပါတယ်လို့ ပြောလို့ရပါ့မလား။ အဆိပ်ဝိညာဉ်... ရှင်က တကယ်ပဲ ကျွန်မတို့ခင်ပွန်းရဲ့ သစ္စာအရှိဆုံး လက်အောက်ငယ်သားဆိုရင် ကျွန်မတို့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေဆီ ခေါ်သွားပေးပါ။ ကျွန်မကိုယုံပါ။ ကျွန်မတို့ခင်ပွန်းက သေချာပေါက် အသက်ရှင်နေပါသေးတယ်”
ရီချန်၏မျက်ဝန်းများထဲမှ ယုံကြည်မှုကို မြင်လိုက်သောအခါ အဆိပ်ဝိညာဉ်လည်း ယုံကြည်မိသွား၏။ ထိုစဉ် သူ ကျန်းရီ ပိုင်ဆိုင်ထားသော ထူးခြားသည့် အတတ်များနှင့် စွမ်းရည်များကို ပြန်တွေးမိရာ ရုတ်တရက် မျှော်လင့်ချက်ရှိလာသည်။ ထို့ကြောင့် သူ ဆက်မတွေးတော့ဘဲ အံကြိတ်၍ မိုလင်းချိုးအား ပြောလိုက်လေသည်။
“အရှင်မို... ကျွန်တော်တို့ကို မိစ္ဆာချေဖျက်တောင်ကြားဆီ တည်နေရာပြောင်းရွှေ့ပေးပါ။ ကျွန်တော် သခင်မလေးချင်ချန်ကို သွားရှာပြီး အရှင်မသုံးယောက်ကို ကာကွယ်ပေးခိုင်းလိုက်ပါမယ်”
“အဲ့လိုဆိုမှတော့လည်း...”
မိုလင်းချိုး သက်ပြင်းချကာ ပြောလိုက်သည်။
“မင်းတို့က အဲ့လောက်သွားချင်နေမှတော့ ငါ မင်းတို့ကို မတားတော့ပါဘူး။ ဒီလိုဆိုဘယ်လိုလဲ။ ငါ မိုရှန်းရှင်းကို မင်းတို့နဲ့အတူ လိုက်သွားခိုင်းလိုက်မယ်။ ဒါပေမဲ့ မင်းတို့ ရူးမိုက်မိုက်ကိစ္စတွေ မလုပ်ပါဘူးလို့တော့ ငါ့ကို ကတိပေးရမယ်”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်”
ယခုမှ ရီချန် သက်ပြင်းချနိုင်လိုက်ပြီး ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
ထို့နောက် မိုလင်းချိုးသည် လူတစ်ယောက်အား မိုရှန်းရှင်းနှင့် မိုမျိုးနွယ်မှ အခြားစွမ်းအားကြီး သိုင်းသမားနှစ်ယောက်ကို သွားခေါ်ရန် စေခိုင်းလိုက်၏။ သူ့တွင် စွမ်းအားကြီး သိုင်းသမားများကို ထည့်ပေးလိုက်နိုင်သော အာဏာရှိ၏။ သို့သော် သူ တမင် ထည့်မပေးခြင်းဖြစ်သည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသောနေရာတစ်ခု ဖြစ်၏။ ထို့ပြင် အဆိပ်ဝိညာဉ်က ချီချင်ချန်ကို သွားရှာမည်ဟု ပြော၍ သူ လူနည်းနည်း ထည့်ပေးလိုက်သည်ဖြစ်စေ၊ လူများများ ထည့်ပေးလိုက်သည်ဖြစ်စေ များစွာကွာခြားမှု ရှိလိမ့်မည် မဟုတ်ပေ။
“အဆိပ်ဝိညာဉ်... မင်းတို့ တည်နေရာပြောင်းရွှေ့အစီအရင်ဆီ သွားလို့ရပါပြီ။ ရှန်းရှင်း... ဒီမိန်းကလေးသုံးယောက်ကို သေချာကာကွယ်ပေးပါ”
မိုလင်းချိုးက လက်ဟန်ပြလိုက်သောအခါ မိုရှန်းရှင်းသည် အဖွဲ့ကိုဦးဆောင်၍ ထွက်သွား၏။ သူတို့သည် ဘေးခန်းမတစ်ခုထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားလိုက်ကြကာ မိစ္ဆာချေဖျက်တောင်ကြားဆီ တည်နေရာပြောင်းရွှေ့ရန် အသင့်ပြင်လိုက်ကြပေသည်။
***