← Chapters

လက်စားချေရန် အခွင့်အရေးတစ်ခု

Vol. 111 Ch. 1549

လက်စားချေရန် အခွင့်အရေးတစ်ခု

Vol. 111 Ch. 1549

ရှပ်...ရှပ်...ရှပ်...

မိုရှန်းရှင်းတို့ တည်နေရာပြောင်းရွှေ့အစီအရင်သို့ ရောက်‌သောအခါ အပြင်ဘက်မှ ခပ်သွက်သွက်လျှောက်လာသည့် ခြေသံများကို ကြားလိုက်ရ၏။ သေးသွယ်သော လူတစ်ယောက် ခန်းမထဲ ဝင်လာသည်။ အဆိပ်ဝိညာဉ်သည် လှမ်းကြည့်လိုက်ပြီး အံ့ဩတကြီး ရေရွတ်လိုက်၏။

“သခင်မလေးလင်အာလား”

တိလင်အာသည် ရီချန်တို့သုံးယောက်ကို အရင်ဆုံးကြည့်လိုက်ပြီး ပြုံး၍ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမ အဆိပ်ဝိညာဉ်ကိုကြည့်ကာ ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... ကျွန်မလည်း ရှင်တို့နဲ့အတူ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေဆီလိုက်ပြီး ကျန်းရီကို ရှာချင်တယ်။ သူက တကယ်ပဲ အသက်ရှင်နေသေးတာလား”

“ဟင်းဟင်း... သခင်မလေးရဲ့ သတင်းကွန်ရက်က တကယ့်ကို ကျယ်ပြန့်ပါပေတယ်”

မိုရှန်းရှင်းက ပြုံး၍ ပြောလိုက်၏။ အဆိပ်ဝိညာဉ်လည်း ခါးသက်သက် ပြုံးလိုက်သည်။ ဤကိစ္စသည် အစောကမှ ခွင့်ပြုချက်ရလောက်သာကိစ္စ ဖြစ်သည်။ သို့သော် တိလင်အာက သတင်းရပြီးသွားပေပြီ။ တိလင်အာသည် ကျန်းရီနှင့်ပတ်သတ်သော သတင်းများကို မပြတ်အနံ့ခံနေခဲ့ဖြင်းဖြစ်မည်။ တိရှရဲတိုက်ထဲ၌ တိမျိုးနွယ်မှ သူလျှိုတစ်ယောက် ရှိနေလောက်ပေသည်။

တိလင်အာသည် မိုရှန်းရှင်း၏ ခနဲ့မှုကို လျစ်လျူရှုလိုက်ပြီး အဆိပ်ဝိညာဉ်ကိုသာ ကြည့်၍ ပြောလိုက်သည်။

“ကျန်းရီ အသက်ရှင်နေသေးရင် ကျွန်မလည်း လိုက်ချင်တယ်”

“ဒါက...”

အဆိပ်ဝိညာဉ် ခေါင်းခါကာ ပြန်ပြောလိုက်သည်။

“သခင်မလေးလင်အာ... သခင်မလေး မလိုက်ခဲ့သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ စံအိမ်အရှင်တိက ဒီကိစ္စကို ခွင့်ပြုမှာ မဟုတ်ဘူး”

ရီချန်နှင့် ကျန်မိန်းမပျိုနှစ်ယောက်သည် တိလင်အာကို သတိဖြင့် ကြည့်နေကြ၏။ သူမတို့ အချင်းချင်းလည်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူမတို့ရင်ထဲတွင် အတန်ငယ် မသက်မသာ ခံစားလိုက်ရပေသည်။ ထိုသခင်မလေးလင်အာက ကျန်းရီနှင့် ရင်းနှီးပုံပေါ်သည်။ မည်သည့်မိန်းမမဆို ထိုအတွက် မနာလို ဖြစ်ကြမည်သာ။ သူမတို့သုံးယောက်သည်လည်း မိန်းမများသာဖြစ်၍ တိလင်အာအပေါ် အမြင်မကြည်ကြပါပေ။

သို့သော် တိလင်အာ ထပ်ပြောလိုက်သောစကားက ရီချန်တို့၏ မနာလိုစိတ်ကို လျှော့ချပေးလိုက်သည်။

“ကျွန်မရဲ့ဦးလေးက မိစ္ဆာချေဖျက်စစ်တပ်ထဲမှာ တပ်တွင်ရေးရာတပ်မှူးဖြစ်သွားပြီ။ ကျွန်မရဲ့ဦးလေးမရှိရင် ရှင်တို့ အပြစ်‌ဆေးကြောဆန်းကြယ်နယ်မြေထဲ ဘယ်လို တည်နေရာပြောင်းရွှေ့မှာလဲ”

“အဲ့လိုဆိုမှတော့ သွားကြတာပေါ့”

အဆိပ်ဝိညာဉ် ဆက်မငြင်းနိုင်တော့ပေ။ တိလင်အာသာ ဆုံးဖြတ်ပြီးသွားလျှင် သူမဘာသာလည်း လိုက်လာနိုင်ပေသည်။ ထို့ပြင် တိချန်းကျွင်းက မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် ရှိနေသည်။ ထို့ကြောင့် သူတို့ ထိုသို့ရောက်လျှင် တိချန်းကျွင်းက တိလင်အာကို တားလောက်ပေသည်။

တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာပြီး အားလုံး အဖြူရောင်အလင်းထဲတွင် ပျောက်ကွယ်သွားကြ၏။ ဆယ့်နှစ်နာရီကြာ တည်နေရာပြောင်းရွှေ့ပြီးနောက်တွင် သူတို့အဖွဲ့ မိစ္ဆာချေဖျက်တောင်ကြားသို့ ရောက်သွားသည်။ ရီချန်တို့၏ စိတ်ဝိညာဉ်က နတ်ဘုရားစစ်သူကြီး အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း သူမတို့ ခေါင်းကိုက်နေပေသည်။ သူမတို့ တစ်ယောက်ကိုတစ်ယောက်သာ ထိန်းမပေးထားလျှင် မြေပြင်ပေါ် လဲပြိုကျသွားလောက်ပြီဖြစ်သည်။

“အဆိပ်ဝိညာဉ်လား”

ရင်ပြင်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေသော မိစ္ဆာချေဖျက်တပ်သားအချို့က အဆိပ်ဝိညာဉ်ကို မှတ်မိကြ၏။ ထို့အတူ တိလင်အာကိုလည်း သိကြသည်။ ရင်ပြင်ထဲမှ လူများကလည်း ရီချန်တို့သုံးယောက်ကို ကြည့်နေကြ၏။ သူမတို့က အလွန်အားနည်းနေကြောင်း တွေ့လိုက်သောအခါ တပ်မှူးတစ်ယောက်က လျှောက်လာပြီး ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... ဒီမိန်းကလေးသုံးယောက်က နတ်ဘုရားဘုရင်အဆင့်ကို မရောက်သေးဘူး။ ကျုပ်တို့ရဲ့ စည်းမျဉ်းတွေအရဆို သူတို့ မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်လို့မရဘူး။ ခင်ဗျား သူတို့ကိုခေါ်ပြီး ချက်ချင်း ပြန်သွားပါ”

အဆိပ်ဝိညာဉ်သည် ထိုတပ်မှူးကို အေးစက်စက် ကြည့်၍ ပြန်ပြောလိုက်၏။

“သူတို့က ကျန်းရီရဲ့ ဇနီးတွေပဲ။ သူတို့ ဒီမှာရှိလို့မရတာ ခင်ဗျား သေချာရဲ့လား”

“ကျန်းရီလား...”

ထိုတပ်မှူး မည်သို့မှ ထပ်မပြောဝံ့တော့ပေ။ ကျန်းရီက သေသွားပြီဖြစ်သော်လည်း သူ့အဆင့်အတန်းက အလွန်ထူးခြားနေသေးသည်။ သို့ဖြစ်ရာ သာမန်တပ်မှူးလေးတစ်ယောက်က သူ့ကို မည်သို့ အပြစ်ပြုဝံ့မည်နည်း။ သို့သော် ပတ်ဝန်းကျင်တွင် ရုတ်ခြည်း ဆူဆူညံညံဖြစ်သွား၏။ လူများသည် ကျန်းရီ၏ ဇနီးများအကြောင်းကို စတင်ပြောဆိုလာကြသည်။ သူမတို့က ဤနေရာကို ဘာလာလုပ်ခြင်းနည်း။ ကျန်းရီကို အရိုအသေလာပေးခြင်းဆိုလျှင်လည်း ဤမျှကြာပြီးမှ ရောက်မလာသင့်သည် မဟုတ်လော။

အဆိပ်ဝိညာဉ်သည် ရီချန်တို့သုံးယောက် ခေါင်းကိုက်ပျောက်သည်အထိ စောင့်နေ၏။ ပြီးမှ သူ ချီချင်ချန်ကို အကူအညီတောင်းရန် မီးဖီးနစ်တပ်ဆီသို့ တုံ့ဆိုင်းမှုမရှိ သွားလိုက်ပေသည်။

သို့သော်...

မီးဖီးနစ်တပ်သို့ ရောက်သောအခါ တပ်စခန်းအလွတ်ကြီးနှင့် ကျန်ခဲ့သည့် အစောင့်တပ်သားအနည်းငယ်ကသာ စောင့်ကြိုနေသည်။ မီးဖီးနစ်တပ်က တာဝန်ထမ်းဆောင်ရန် ထွက်သွားကြောင်း ထင်ရှာ‌ေးပသည်။ အဆိပ်ဝိညာဉ်သည် အစောင့်တပ်သားတစ်ယောက်ကို လှမ်းကြည့်၍ မေးလိုက်၏။

“စစ်သူကြီး ဘယ်မှာလဲ။ သူတို့ ဘယ်ကိုသွားတာလဲ။ ဘယ်လောက်နေရင် ပြန်ရောက်မလဲ”

ထိုအစောင့်တပ်သားသည် အဆိပ်ဝိညာဉ်ကို မှတ်မိ၏။ အဆိပ်ဝိညာဉ်က မီးဖီးနစ်တပ်ထဲမှ ထွက်သွားပြီဖြစ်သော်လည်း သူ တလေးတစားဖြင့် ပြန်ဖြေလိုက်သည်။

“အရှင်... စစ်သူကြီးက လွန်ခဲ့တဲ့ နာရီနှစ်ဆယ်လောက်ကမှ မီးဖီးနစ်တပ်နဲ့အတူ မီးနက်ဆန်းကြယ်နယ်မြေဆီ ထွက်သွားတာပါ။ ဒီတစ်ခေါက်နေရာက တော်တော်ဝေးတော့ သူတို့ ခုနစ်ရက်၊ ရှစ်ရက်နေပြီးလောက်မှ ပြန်ရောက်လာပါလိမ့်မယ်”

“ခုနှစ်ရက်၊ ရှစ်ရက်လား”

ရီချန်တို့ မျက်နှာပျက်သွားကြ၏။ ခုနစ်ရက်၊ ရှစ်ရက်က အထက်ဘုံမှ ဒေသခံများအတွက် မကြာသော်လည်း ယခုမှ အထက်ဘုံသို့ တက်လှမ်းလာသူများအတွက် အလွန်ကြာပေသည်။ ထိုအချိန်က အနိမ့်ဘုံအချိန်နှင့်ဆိုလျှင် နှစ်နှစ်ကျော်ဖြစ်သည်။

“ဪ...”

အဆိပ်ဝိညာဉ် စိတ်ပျက်ဟန်ဖြင့် လှည့်ကြည့်ကာ ပြောလိုက်သည်။

“အရှင်မတို့... အရင်ဆုံး ရဲတိုက်ထဲမှာ သွားစောင့်နေကြတာပေါ့။ စစ်သူကြီးနဲ့ မီးဖီးနစ်တပ် မပါရင် ကျွန်တော် အရှင်မတို့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ခေါ်မသွားရဲဘူး။ ကျွန်တော်တို့ပဲ သွားရင် သေချာပေါက် သေလိမ့်မယ်”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ရီချန်သည် အခြေအနေကို နားလည်၍ မဆင်မခြင် မပြုမူပေ။ သူမတို့သည် အဆိပ်ဝိညာဉ်နှင့် တိလင်အာတို့နောက်လိုက်ကာ ကျန်းရီနေခဲ့သော ရဲတိုက်သို့ သွားလိုက်ကြသည်။ မိုဟွိုက်စန်းက ထိုရဲတိုက်တွင် နေနေဆဲဖြစ်သော်လည်း တိလင်အာပါလာ၍ ပြဿနာတော့ မရှိနိုင်ပေ။

“မစိုးရိမ်ပါနဲ့ မမတို့...”

တိလင်အာက ရီချန်တို့ထက် အသက်များစွာ ကြီးသော်လည်း ရီချန်တို့က ကျန်းရီ၏ဇနီးများဖြစ်၍ သူမသည် လေးစားသမှုဖြင့် ‘မမတို့’ဟု ခေါ်လိုက်ခြင်းဖြစ်သည်။ သူမ ချိုသာစွာပြုံးကာ ဆက်ပြောသည်။

“ခဏလောက် အနားယူပြီးတာနဲ့ ကျွန်မ ကျွန်မရဲ့ဦးလေးကို သွားရှာပြီး အခြားနည်းလမ်းတစ်ခု စဉ်းစားပါဦးမယ်။ ကျန်းရီသာ အသက်ရှင်နေသေးရင် ကျွန်မတို့ သူ့ကို သေချာပေါက် ရှာတွေ့မှာပါ”

အဆိပ်ဝိညာဉ်သည် တိလင်အာထံ အသံပို့လွှတ်၍ ရီချန်က ကျန်းရီမသေသေးဟု ကောက်ချက်ချခဲ့ကြောင်း ပြောလိုက်၏။ ယင်းကိုကြားသောအခါ တိလင်အာ အပြည့်အဝ စိတ်အားတက်ကြွသွားသည်။ သူမသည် ကျန်းရီ၏ဇနီးသုံးယောက်နှင့် သိပ်မရင်းနှီးသေးသော်လည်း၊ သူမတို့ကို သူမ၏ ပြိုင်ဘက်များအဖြစ် စိတ်ထဲမှ တွေးမိသော်လည်း သူမတို့က ကျန်းရီ၏ တရားဝင်ဇနီးမယားများဖြစ်၍ သူမတို့ကို လေးစားဖော်ရွေစွာ ဆက်ဆံပေသည်။

ရီချန်က ပြုံး၍ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

“ကျေးဇူးအများကြီးတင်ပါတယ် ညီမလေး...”

‘ညီမလေးတဲ့လား’

အဆိပ်ဝိညာဉ် အိုးတိုးအန်တန်းဖြင့် နှာခေါင်းကုတ်လိုက်၏။ ရီချန်၏ အငွေ့အသက်က အလွန်မြင့်မားသော်လည်း သူမက ကျန်းရီထက်ပင် ငယ်သည်။ ယခုတွင် သူမသည် တိလင်အာကို ‘ညီမလေး’ဟုပင် သဘာဝကျကျ ခေါ်လိုက်ပေသေးသည်။

ရဲတိုက်တွင် မိုဟွိုက်စန်း ရှိမနေပေ။ သို့သော် တိလင်အာ ပါလာသဖြင့် အဆိပ်ဝိညာဉ်နှင့် အခြားသူအားလုံး ရဲတိုက်ထဲသို့ ရဲရဲတင်းတင်း ဝင်လိုက်ကြသည်။ ရဲတိုက်က အလွန်သေးပြီး အခန်းသုံးခန်းသာ ပါသည်။ သို့သော် သူတို့အားလုံး ကြပ်ကြပ်သပ်သပ်နေမည်ဆိုလျှင်တော့ နေနိုင်ပေသေးသည်။ ရီချန်တို့က အခန်းတစ်ခန်းထဲတွင် အတူနေမည်ဟု ပြောသည်။ ထို့ကြောင့် အဆိပ်ဝိညာဉ်သည် သူမတို့ကို ကျန်းရီနေခဲ့သော အခန်းသို့ ခေါ်သွားပေးလိုက်သည်။ ထိုအခန်းက ကျန်းရီနေခဲ့သော အခန်းဖြစ်ကြောင်း သိလိုက်သောအခါ ရီချန်တို့သုံးယောက် မျက်ရည်ဝဲလာကြသည်။ သူမတို့ သူ့ကို အလွန်သတိရလွမ်းဆွတ်နေကြပေသည်။

တိလင်အာသည် အားလုံး နေရာတကျဖြစ်သွားသည်အထိ စောင့်ပြီး‌နောက် ချက်ချင်း တိချန်းကျွင်းကို သွားရှာလိုက်၏။ တည်နေရာပြောင်းရွှေ့အစီအရင်များကို လူတိုင်း အသုံးပြုနိုင်သည် မဟုတ်ပေ။ တိချန်းကျွင်းသည် တပ်တွင်းရေးရာတပ်မှူးဖြစ်၍ တည်နေရာပြောင်းရွှေ့အစီအရင်များကို တာဝန်ယူရသည်။ သို့သော် တိလင်အာတို့အဖွဲ့က အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ သွားလိုခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ တိချန်းကျွင်း ချက်ချင်း ငြင်းလိုက်သည်။ သူ တိလင်အာကိုပင် လျှောက်မလုပ်ရန် ဆုံးမလိုက်သေးသည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသည်။ တိချန်းကျွင်းကိုယ်တိုင်ပင် ထိုနယ်မြေထဲ၌ နာရီအနည်းငယ်ထက်ပို၍ မနေဝံ့ပေ။

ရက်နှစ်ဆယ်ပြည့်သွားပြီဖြစ်၍ ကျန်းရီမပြောနှင့် ကောင်းကင်ဘုရင်ယိုဆိုလျှင်ပင် သေသွားလောက်ပြီဖြစ်သည်။ တိချန်းကျွင်းသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်ရသော လက်ထောက်တပ်မှူးထံသို့လည်း သတင်းပို့ကာ တိလင်အာတို့ကို တည်နေရာပြောင်းရွှေ့ခွင့်မပေးရန် မှာထားလိုက်သည်။

တိလင်အာက ငိုကြွေးထားသဖြင့် နီရဲနေသော မျက်လုံးများနှင့် ပြန်လာသည်ကို တွေ့လိုက်သောအခါ မည်သို့ဖြစ်ခဲ့ကြောင်းကို အဆိပ်ဝိညာဉ် တန်းသိလိုက်သည်။ ယခုတွင် သူတို့ ချီချင်ချန် ပြန်ရောက်လာသည်ကို စောင့်နေရန်သာ ရှိတော့သည်။ ချီချန်ချန်ကလည်း ကူညီရန် ငြင်းလိုက်လျှင်မူ သူတို့အဖွဲ့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်နိုင်တော့မည် မဟုတ်ချေ။

ရီချန်တို့ အလွန်စိုးရိမ်လာကြသည်။ ကျန်းရီ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ကြာကြာဆက်ရှိနေလျှင် အန္တရာယ်ပိုတွေ့ကြုံနိုင်လေလေပင်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအကြောင်းကို သိရပြီးနောက်တွင် ကျန်းရီက ပြဿနာကြီးတစ်ခုနှင့် ကြုံနေခြင်း သို့မဟုတ် တစ်နေရာရာ၌ ပိတ်မိနေခြင်းဖြစ်ရမည်ဟု သူမတို့ တွေးလိုက်ကြသည်။ ထို့ကြောင့် ကျန်းရီ ပြန်ရောက်မလာသေးခြင်း ဖြစ်ပေမည်။

သို့သော် ရီချန်တို့၏ လက်ရှိအင်အား၊ လက်ရှိအဆင့်အတန်းနှင့်ဆိုလျှင် သူမတို့ ဆူဆူပူပူလုပ်လျှင်လည်း အသုံးဝင်မည် မဟုတ်ချေ။ အဆိပ်ဝိညာဉ်ကလည်း များများစားစား မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် အားလုံးသည် ရဲတိုက်ထဲတွင် စိုးရိမ်ပူပန်စွာ နေ၍သာ ချီချင်ချန် ပြန်ရောက်လာမည်ကို စောင့်နေကြရပေသည်။

မကြာခင်မှာပင် ကျန်းရီ၏ဇနီးချောသုံးယောက် ရောက်လာသည်ဆိုသော သတင်းက မိစ္ဆာချေဖျက်တောင်ကြားတစ်ခွင်လုံး၌ ပျံ့နှံ့သွားသည်။ ငြိမ်သက်နေခဲ့ပြီဖြစ်သော မိစ္ဆာချေဖျက်တောင်ကြားသည် ထပ်မံ၍ လှုပ်လှုပ်ရှားရှားဖြစ်သွား၏။ ကျန်းရီ၏အမည်က မိစ္ဆာချေဖျက်‌တောင်ကြားတစ်ခွင်လုံး၌ ကျော်ကြားသည်။ အဆိပ်ဝိညာဉ်သည် ချီချင်ချန်နှင့် တိချန်းကျွင်းတို့ ရှိနေလျှင် သူတို့ လုံခြုံလိမ့်မည်ဟု တွေးထားသည်။ သို့သော် သူ တစ်စုံတစ်ခုကို မေ့နေခဲ့ပေသည်။

ကျန်းရီ၏ ရန်သူများက အလွန်များပြားသည်။ ကျန်းရီက သေသွားပြီဖြစ်သော်လည်း သူ့ကို မုန်းတီးနေသူများ ရှိသေးသည်။ သူတို့သည် ကျန်းရီကို လက်စားချေရန် အခွင့်အရေး မရခဲ့ကြသော်လည်း ယခုတွင် ကျန်းရီ၏ဇနီးသုံးယောက် ရောက်လာပြီဖြစ်ရာ သူတို့အတွက် လက်စားချေရန် အကောင်းဆုံးအခွင့်အရေးတစ်ခု ထွက်ပေါ်လာပြီဖြစ်ပေသည်။

***

All Chapters