← Chapters

ကောင်းကင်ခွင်းတပ်

Vol. 111 Ch. 1551

ကောင်းကင်ခွင်းတပ်

Vol. 111 Ch. 1551

မိစ္ဆာချေဖျက်တောင်ကြားထဲရှိ ရဲတိုက်တစ်လုံးထဲတွင် ရီချန်တို့က ဧည့်ခန်းမ၌ ထိုင်နေကြ၏။ သူမတို့က တည်ငြိမ်နေပုံပေါ်သော်လည်း စိတ်မသက်မသာဖြစ်နေကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင် သူမတို့ ဧည့်ခန်းမထဲတွင် ထိုင်နေမည် မဟုတ်ဘဲ သူမတို့အခန်းထဲတွင် ကျင့်ကြံနေကြမည်ဖြစ်သည်။

မိစ္ဆာချေဖျက်တောင်ကြားထဲတွင် တစ်ရက်နေပြီးနောက် ရီချန်တို့သုံးယောက်သည် ကျင့်ကြံခြင်းကို ရပ်နားကာ ဧည့်ခန်းမထဲတွင် သွားထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူမတို့သည် ချီချင်ချန် ပြန်ရောက်၊ မရောက်ကို သိချင်နေကြသည်။ ဤနေရာတွင် တစ်ရက်က တစ်နှစ်ကြာသည်ဟု သူမတို့ ခံစားနေရပေသည်။ သို့သော် ချီချင်ချန်က ယခုအထိ ပြန်မလာသေးပေ။ သို့ဖြစ်၍ သူမတို့လည်း မည်သည့်နေရာသို့မှ မသွားနိုင်သေးချေ။

“မမတို့သုံးယောက်... မိစ္ဆာချေဖျက်တောင်ကြားထဲမှာ လှတဲ့နေရာတွေ ရှိပါတယ်။ ညီမတို့ အဲ့နေရာတွေကို သွားကြည့်ကြမလား”

တစ်ရက်အတူကုန်ဆုံးပြီးနောက် တိလင်အာနှင့် ရီချန်တို့သုံးယောက်၏ ဆက်ဆံရေးက အတော်လေး တိုးတက်လာသည်။ တိလင်အာသည် လက်ခံစရာရှိသည်များကို လက်ခံလိုက်ပြီဖြစ်သည်။ ရီချန်တို့သုံးယောက်က ကျန်းရီ၏ တရားဝင်ဇနီးများဖြစ်သည်ဆိုသော အချက်ကို ပြောင်းလဲ၍ မရပါပေ။ သို့ဖြစ်ရာ သူမ ယင်းကို လက်ခံလိုက်ရုံသာ ရှိပေသည်။ တိလင်အာ၏ ရီချန်တို့သုံးယောက်အပေါ် အမြင်ကလည်း ပြောင်းလဲလာသည်။ ရီချန်တို့၏ အကျင့်စရိုက်က အလွန်ကောင်းသည်။ သူမတို့နှင့် တစ်ရက်ကြာ အချိန်အတူကုန်ဆုံးပြီးနောက်တွင် တိလင်အာသည် သူမတို့ကို သဘောကျလာပေသည်။

“ညီမ‌လေးလင်အာက အရမ်းကြင်နာတတ်တာပဲ”

ရီချန် ခေါင်းခါကာ သက်ပြင်းချ၍ ပြောလိုက်သည်။

“မမတို့ရဲ့ခင်ပွန်းက ပြန်မရောက်လာသေးတာကို မမတို့က ဘယ်လိုလုပ် ပျော်နေနိုင်မှာလဲ”

တိလင်အာ၏ မျက်လုံးများ အရောင်တောက်လာသည်။ သူမသည် အကြိမ်ပေါင်းများစွာ မေးခဲ့ပြီးဖြစ်သော်လည်း ထပ်မေးလိုက်သည်။

“မမချန်... ကျန်းရီက အသက်ရှင်နေသေးတယ်ဆိုတာ မမ တကယ်ပဲ သေချာရဲ့လား”

ရီချန် ခါးသက်သက် ပြုံးကာ ပြန်ပြောသည်။

“အင်း... မမ သေချာတယ်။ မမတို့ရဲ့ခင်ပွန်းက သေချာပေါက် အသက်ရှင်နေသေးတယ်။ သူက တစ်နေရာရာမှာ ပိတ်မိနေတာပဲ ဖြစ်ရမယ်။ မမတို့သာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်နိုင်မယ်ဆိုရင် သူ့တည်နေရာကို အာရုံခံပြီး ရှာနိုင်မှာပဲ”

“အွန်း... မမချင်ချန် ပြန်ရောက်လာတာနဲ့ ညီမတို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို ချက်ချင်းသွားကြမယ်”

တိလင်အာက တောက်ပသော မျက်ဝန်းများနှင့် ပြောလိုက်သည်။ သူမ၏ အချစ်ဦးအတွက် နောက်ထပ်အခွင့်အရေးတစ်ခု ရလာပြီ မဟုတ်ပါလော။

ရှပ်...ရှပ်...ရှပ်...

ထိုအခိုက်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ တံခါးဝတွင် အနီရောင်ဝတ်စုံနှင့် မိန်းမပျိုတစ်ယောက် ထွက်ပေါ်လာသည်။ သူမသည် ရဲတိုက်ထဲရှိ သူစိမ်းသုံးယောက်ကို တွေ့လိုက်သောအခါ အံ့ဩသွား၏။ သူမ တိလင်အာကိုကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

“ညီမလေးလင်အာ... ညီမလေးက ဒီကို ဘာလို့ ရောက်လာတာလဲ။ သူတို့ကရော ဘယ်သူတွေလဲ”

“မမဟွိုက်စန်း... မမ တာဝန်ကနေ ပြန်လာတာလား”

တိလင်အာက လျင်မြန်စွာထရပ်၍ လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

“သူတို့က ကျန်းရီရဲ့ ဇနီးတွေပါ။ မမတို့... သူက သခင်မလေးမိုဟွိုက်စန်းပါ.. တိရှအရှင်ရဲ့ မြေးမလေးပေါ့။ သူကလည်း ကျန်းရီရဲ့ မိတ်ဆွေပါပဲ”

“သခင်မလေးမိုကို နှုတ်ခွန်းဆက်ပါတယ်”

ရီချန်တို့ ထရပ်ကာ နှုတ်ဆက်လိုက်သည်။

“ဪ... ရှင်တို့က ကျန်းရီရဲ့ ဇနီးတွေကိုး...”

မိုဟွိုက်စန်းသည် ဟန်လုပ်ပြုံးလိုက်ပြီး အတန်ကြာ အာလာပသလ္လာပ ဆက်ပြောလိုက်၏။ သို့သော် သူမ စကားများထဲတွင် စိတ်မဝင်စားပေ။ သူမရင်ထဲတွင် ကျန်းရီက သေသွားပြီဖြစ်သည်။ သူနှင့်သူမက ကပ်ကမ္ဘာများ ခြားနေပြီဖြစ်ပြီး သူက သူမကမ္ဘာထဲ၌ ထပ်ပေါ်လာ‌တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူမသည် ကျန်းရီ၏ဇနီးသုံးယောက်ကို အရေးမစိုက်ပါပေ။

တိလင်အာသည် မိုဟွိုက်စန်းထံ အသံပို့လွှတ်၍ ကျန်းရီက အသက်ရှင်နေသေးဆဲဖြစ်ကြောင်း ပြောလိုက်၏။ သို့သော် မိုဟွိုက်စန်းက မယုံကြည်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ရက်နှစ်ဆယ်ကျော် ကြာခဲ့ပြီဖြစ်ရာ ကောင်းကင်ဘုရင်ယိုဆိုလျှင်ပင် သေဆုံးသွားလောက်ပြီဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီက မည်သို့ အသက်ရှင်နေနိုင်ပါမည်နည်း။

မိုဟွိုက်စန်းထံတွင် ရီချန်တို့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲသို့ ပို့ပေးနိုင်မည့်အာဏာ မရှိပေ။ သူမတွင် ထိုသို့သောအာဏာ ရှိလျှင်လည်း သူမ ကူညီမည် မဟုတ်ချေ။ ထို့ကြောင့် သူမသည် လောကွတ်စကားများ ပြောပြီးနောက် ထွက်သွားလိုက်သည်။ ယခုတွင် ထိုရဲတိုက်ထဲ၌ လူများစွာရှိနေသဖြင့် သူမသည် သူမအဖေ၏ရဲတိုက်တွင်သာ သွားနေရန် ဆုံးဖြတ်လိုက်လေသည်။

မိုဟွိုက်စန်း ထွက်သွားပြီးနောက်တွင် တိလင်အာက အားနာဟန်ဖြင့် ရှင်းပြ၏။

“သူ့ကို စိတ်ထဲမထားပါနဲ့။ သခင်မလေးဟွိုက်စန်းက ဒီရက်ပိုင်းထဲ စိတ်မကြည်ဘူး ဖြစ်နေတာ”

“ကိစ္စမရှိပါဘူး”

ရီချန်သည် လုံးဝစိတ်မရှိပေ။ ဘုံအရှင်တစ်ယောက်၏ မြေးမတစ်ယောက်က မာန်မာနကြီးသည်မှာ ပုံမှန်သာ ဖြစ်ပေသည်။ သူမတို့သုံးယောက်သည် အတော်ကြာ ဆက်ထိုင်နေပြီးနောက် သူမတို့၏အခန်းထဲ ပြန်သွားကာ ဆက်ကျင့်ကြံလိုက်ကြသည်။ ချီချင်ချန် ပြန်ရောက်မလာသေးခင်တွင် သူမတို့ အတန်ငယ် ထပ်ကျင့်ကြံလိုပေသည်။

သို့သော်...

နာရီနှစ်ဆယ် မပြည့်သေးခင်မှာပင် အခန်း၏ အကာအရံများက တောက်ပစွာ လင်းလက်လာ၏။ ထို့ကြောင့် ရီချန်တို့ နိုးလာကြပြီး အပြင်သို့ ထွက်လိုက်ကြသည်။ မိုဟွိုက်စန်း ပြန်ရောက်လာခြင်းပင်။

“မမတို့ ညီမဆီမှာ သတင်းကောင်းရှိတယ်။ အထဲမှာ ပြောကြတာပေါ့”

တိလင်အားသည် စိတ်လှုပ်တရှားဖြင့် ရီချန်တို့ကို အခန်းထဲ ဆွဲခေါ်သွား၏။ မိုဟွိုက်စန်းလည်း အခန်းထဲ လိုက်ဝင်လာပြီး အခန်း၏အကာအရံများကို နှိုးလိုက်သည်။ ထို့နောက် တိလင်အာက စိတ်လှုပ်ရှားစွာ ပြောသည်။

“မမတို့.. သခင်မ‌လေးဟွိုက်စန်းက ညီမတို့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်လို့ရအောင် ကူညီပေးမယ်တဲ့။ နောက်နာရီနှစ်ဆယ်အတွင်း ညီမတို့ ထွက်ခွာကြမယ်”

ရီချန် အတန်ငယ် သံသယဖြစ်သွားသည်။ မိုဟွိုက်စန်းက သူမတို့ကို အထင်သေးပုံပေါ်သည် မဟုတ်လော။ သို့ဖြစ်ရာ အဘယ်ကြောင့် သူမက သူမတို့ကို ကူညီမည်နည်း။ ထို့ပြင် သူမထံတွင် ထိုသို့လုပ်နိုင်သောအာဏာ ရှိပါသလော။

တိလင်အာသည် ရီချန်က သံသယဖြစ်သွားကြောင်းကို တွေ့လိုက်သောအခါ နူးညံ့စွာ ရှင်းပြလိုက်၏။

“ဖြစ်ပုံကဒီလိုပါ။ ကောင်းကင်ခွင်းတပ်က အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာရှိတဲ့ လသားရဲတွေကို ရှင်းပစ်ရမဲ့ တာဝန်ကြီးတစ်ခုကို ရခဲ့ပါတယ်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အရမ်းအန္တရာယ်များတော့ ဒီတစ်ခေါက် ကောင်းကင်ခွင်းတပ်ရဲ့ တပ်ဖွဲ့ဆယ်ဖွဲ့လုံး ထွက်ခွာကြမှာပါ။ စွမ်းအားကြီး သိုင်းသမားတွေလည်း အယောက်နှစ်သိန်း ပါပါလိမ့်မယ်...”

“မမဟွိုက်စန်းက ကောင်းကင်ခွင်းတပ်ရဲ့ တပ်ဖွဲ့ကြီးတစ်ဖွဲ့က စာရေးပါ။ အဲ့တပ်ဖွဲ့ရဲ့ တပ်မှူးက သိမ်းငှက်ဘုရင်လေးပါ။ မမဟွိုက်စန်းရဲ့ အကူအညီနဲ့ဆိုရင် ညီမတို့ တပ်ဖွဲ့ထဲကို ရောဝင်ပြီး အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို လိုက်သွားလို့ရပါတယ်။ အဲ့နယ်မြေထဲကိုရောက်မှ ညီမတို့ တပ်ဖွဲ့ထဲက တိတ်တိတ်‌လေးပြန်ထွက်ပြီး ကျန်းရီကို လိုက်ရှာနိုင်ပါတယ်။ ပြီးတော့ ကောင်းကင်ခွင်းတပ်နောက်ကနေ လိုက်သွားမယ်ဆိုရင် ညီမတို့ သေချာပေါက် ဘေးကင်းမှာပါ”

“ဒါက...”

ရီချန် အတန်ငယ် သံသယဖြစ်နေဆဲပင်။ သူမ တွေးတောကာ မေးလိုက်သည်။

“ဒီအကြောင်းကို အဆိပ်ဝိညာဉ်ကို မေးကြည့်ကြတာပေါ့။ သူ သဘောတူရင် မမလည်း ဘာမှပြောစရာမရှိပါဘူး”

အဆိပ်ဝိညာဉ်က ကျန်းရီ၏ သစ္စာအရှိဆုံး လက်အောက်ငယ်သားဖြစ်သည်။ ထို့ပြင် သူက အထက်ဘုံအကြောင်းကိုလည်း များစွာသိထားသည်။ ရီချန်သည် ဤကဲ့သို့ကိစ္စကြီးအတွက် သူမဘာသာ ဆုံးဖြတ်ချက် မချဝံ့ပါပေ။

မိုဟွိုက်စန်းသည် ရီချန်၏စကားကို ကြားသောအခါ အတန်ငယ် မကျေမနပ်ဖြစ်သွားဟန်ဖြင့် အေးစက်စက်ပြောလိုက်၏။

“ရှင်တို့ကို တပ်ထဲ ခိုးသွင်းပေးတာကကို အပြစ်ဖြစ်နေပြီ။ သိမ်းငှက်ဘုရင်လေးသာ အဲ့အကြောင်းကို သိသွားမယ်ဆိုရင် ကျွန်မ သေချာပေါက် ပြဿနာတက်မှာ။ ကျန်းရီရဲ့မျက်နှာကြောင့်သာ မဟုတ်ရင် ကျွန်မ လုံးဝကူညီနေမှာ မဟုတ်ဘူး။ အခု ရှင်တို့က တွန့်ဆုတ်နေကြတယ်ပေါ့လေ။ အဲ့လိုဆိုမှတော့... ရှင်တို့ ချီချင်ချန် ပြန်ရောက်လာမှာကိုပဲ ဆက်စောင့်နေကြပေါ့”

တိလင်အာသည် မိုဟွိုက်စန်းက ဒေါသထွက်သွားကြောင်း တွေ့လိုက်သောအခါ မိုဟွိုက်စန်း၏လက်ကို ခပ်သွက်သွက်လှမ်းဆွဲကာ တောင်းပန်လိုက်သည်။

“မမဟွိုက်စန်း.. ညီမတို့ကို အဆုံးအထိ ကူညီပေးပါ။ အဆိပ်ဝိညာဉ်ကိုလည်း ညီမတို့နဲ့အတူ လိုက်လာခွင့်ပေးပါ။ အဆိပ်ဝိညာဉ်က အရမ်းစွမ်းအားကြီးတယ်မလား... သူပါလာရင် ညီမတို့ ပိုလုံခြုံမှာပေါ့။ လူတစ်ယောက် ပိုလာရုံနဲ့ ထူးပြီးပြဿနာတက်မှာ မဟုတ်ဘူးမလား”

မိုဟွိုက်စန်းသည် တိလင်အာကို ကြည့်လိုက်ပြီး သက်ပြင်းချကာ ပြန်ပြောလိုက်သည်။

“ကောင်းပြီ... အဆိပ်ဝိညာဉ်ကို ခေါ်လိုက်ပါ”

တိလင်အာသည် အဆိပ်ဝိညာဉ်ကို လျင်မြန်စွာ သွားခေါ်၏။ ထို့နောက် အခန်းအကာအရံများကို ပြန်နှိုးလိုက်သည်။ အဆိပ်ဝိညာဉ်သည် တိလင်အာ၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ခေတ္တမျှ မျက်လုံးများ အရောင်တောက်သွား၏။ သို့သော် မကြာခင်မှာပင် သူ့မျက်ဝန်းများထဲ၌ သံသယအရိပ်အယောင်များ ထွက်ပေါ်လာသည်။

အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ သွားရမည့် တာဝန်များက အလွန်ရှားသည်။ အကယ်၍ ထိုကဲ့သို့သော တာဝန်မျိုး ရှိလာလျှင်ပင် စွမ်းအားကြီး သိုင်းသမားများသာ သွားခွင့်ရသင့်သည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲရှိ မိစ္ဆာဓာတ်က သာမန်တပ်သားများကို ရူးသွပ်သောင်းကျန်းသွားစေနိုင်သည် မဟုတ်ပါလား။ သို့သော် ဤတစ်ကြိမ်တွင် ကောင်းကင်ခွင်းတပ်၏ တပ်သားနှစ်သိန်းစလုံး အတူတကွ သွားမည်ဟု ဆိုနေပေသည်။

ယင်းမှာ သဘာဝမကျပေ။

ကောင်းကင်ခွင်းတပ်တွင် တပ်ဖွဲ့ကြီးဆယ်ဖွဲ့ရှိသည်။ တပ်ဖွဲ့တစ်ဖွဲ့တွင် တပ်သားနှစ်သောင်းရှိသည်။ သိမ်းငှက်ဘုရင်လေးက ထိုတပ်ဖွဲ့တစ်ဖွဲ့၏ တပ်မှူးဖြစ်သည်။ ယိုထျန်းနီ ဒုက္ခိတဖြစ်သွားပြီးနောက်တွင် ပိုင်တိထျန်းက ယိုထျန်းနီ၏တပ်ဖွဲ့၏ တပ်မှူးဖြစ်လာခဲ့သည်။ ကျန်သခင်လေးအားလုံးမှာလည်း ထိုတပ်ဖွဲ့ထဲတွင် ဖြစ်သည်။ သူတို့အုပ်စုက ကျန်းရီကို အလွန်မုန်းတီးသောအုပ်စု ဖြစ်ပေသည်။

အဆိပ်ဝိညာဉ်သည် တွေးတောပြီးနောက် မေးလိုက်၏။

“သခင်မလေးဟွိုက်စန်း... ဒီတစ်ခေါက် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို သွားရမဲ့တာဝန်က ဘာတာဝန်ပါလဲ”

မိုဟွိုက်စန်း စိတ်ရှုပ်ဟန်ပေါ်သွား၏။ သို့သော် အဆိပ်ဝိညာဉ်၏ တိုက်ခိုက်စွမ်းအားနှင့် ဂုဏ်သတင်းကြောင့် သူမ ရှင်းပြလိုက်သည်။

“သာမန်တာဝန်တစ်ခုပါပဲ။ အဲ့ဆန်းကြယ်နယ်မြေထဲက တည်နေရာပြောင်းရွှေ့အစီအရင် ပတ်ဝန်းကျင်မှာရှိတဲ့ လသားရဲတွေကို ရှင်းပစ်ဖို့ပါ။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲက လသားရဲအရေအတွက်ကိုလည်း လျှော့ချဖို့ပေါ့”

“အဲ့လိုကိုး...”

အဆိပ်ဝိညာဉ် စိတ်အေးသွားသည်။ ထိုကဲ့သို့သော တာဝန်တစ်ခုဖြစ်လျှင် အမှန်ပင် တပ်ဖွဲ့များစွာကို စေလွှတ်တတ်ပေသည်။ တပ်တစ်ခုလုံးက တည်နေရာပြောင်းရွှေ့အစီအရင်အနီးတွင် စုဝေးနေမည်ဖြစ်ပြီး တပ်ဖွဲ့များက အလှည့်ကျ တိုက်ခိုက်ရမည်ဖြစ်သည်။ ထိုတာဝန်တွင် တပ်သားအနည်းငယ် ဆုံးရှုံးရနိုင်သော်လည်း တည်နေရာပြောင်းရွှေ့အစီရင် တည်ရှိသော တောင်ထိပ်ပေါ်တွင် စွမ်းအားကြီး အစီအရင်များရှိရာ တပ်သားများက မိစ္ဆာဓာတ်၏ သက်ရောက်မှုကို ခံရလိမ့်မည် မဟုတ်ချေ။

သို့သော် အဆိပ်ဝိညာဉ် စိတ်မဆုံးဖြတ်နိုင်သေးပေ။ သူ ထပ်မေးလိုက်ပြန်သည်။

“ကောင်းကင်ခွင်းတပ်ကို တပ်ရဲ့စစ်သူကြီးကိုယ်တိုင် ဦးဆောင်မှာလား။ သိမ်းငှက်ဘုရင်လေးကို လိုက်လာမှာလား”

“ရှင်က ဘာလို့ ဒီလောက်ပေရှည်နေရတာလဲ”

မိုဟွိုက်စန်း အမှန်ပင် စိတ်ရှုပ်လာပေပြီ။ သူမ အေးစက်စက်လေသံဖြင့် ရှင်းပြလိုက်သည်။

“ဒီတာဝန်က ကောင်းကင်ခွင်းတပ် တစ်တပ်လုံး သွားရမဲ့တာဝန်ဆိုတော့ စစ်သူကြီးကိုယ်တိုင် ဦးဆောင်မှာပေါ့။ သိမ်းငှက်ဘုရင်လေးက ကောင်းကင်ခွင်းတပ်က တပ်ဖွဲ့တစ်ဖွဲ့ရဲ့ တပ်မှူးဆိုတော့ ဘယ်လိုလုပ် မလိုက်ဘဲ နေလို့ရမှာလဲ”

“ကောင်းပါပြီ... သခင်မလေးဟွိုက်စန်း စီစဉ်စရာရှိတာတွေ စီစဉ်လိုက်ပါ။ ကျွန်တော်တို့ ကောင်းကင်ခွင်းတပ်နဲ့အတူ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေဆီ လိုက်ခဲ့ပါမယ်”

ယခုတွင် အဆိပ်ဝိညာဉ် လုံးဝစိတ်အေးသွားပေပြီ။ ကောင်းကင်ခွင်းတပ်၏ စစ်သူကြီးက ကောင်းကင်ဘုရင်ဝူ၏ လူတစ်ယောက်ဖြစ်သည်။ ထို့ပြင် သိမ်းငှက်ဘုရင်လေးကလည်း ကျန်းရှောင်နူ၏မျက်နှာကိုထောက်၍ တစ်စုံတစ်ခု ဖြစ်လာလျှင် သူတို့ကို ကူညီလောက်သည်။ ပိုင်တိထျန်းတို့က စစ်သူကြီးနှင့် သိမ်းငှက်ဘုရင်လေးတို့ ရှိနေလျှင် ရုတ်ရုတ်ရက်ရက် လုပ်ဝံ့ကြလောက်မည် မဟုတ်ချေ။

သူတို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ရောက်သွားလျှင် ရီချန်က ကျန်းရီ၏ တည်နေရာကို အာရုံခံနိုင်မည်ဖြစ်သည်။ ထိုအခါ အဆိပ်ဝိညာဉ်သည် ကျန်းရီကို သူ့ဘာသာ သွားရှာနိုင်ပေလိမ့်မည်။ ရီချန်တို့နှင့် တိလင်အာက မိုဟွိုက်စန်းနှင့်အတူ ကောင်းကင်ခွင်းတပ်ထဲတွင် နေခဲ့မည်ဆိုလျှင် မည်သည့်ပြဿနာမှ မရှိနိုင်လောက်ပါပေ။

All Chapters